ဂိုဏ်းချုပ်ထွက်သွားမှ ရှောင်မင် စိတ်သက်သာရာရသွားပြီး တန်ဝမ်ဝမ်နှင့် အတူ ကျန်လူငယ်မျိုးဆက်သစ်များ နေထိုင်သည့်နေရာကို လိုက်သွားလေ၏။
ထိုထိုင်ခုံတွင်ရှိနေသော လူငယ်မျိုးဆက်သစ်များ အကုန်လုံးက အဆင့်တူသော အင်အားစုများ၏ ကျောထောက်နောက်ခံကြောင့် အလျင်အမြန်ပင် ရင်းနှီးလာကြသည်။
" မိန်းကလေးတန် ဒီနှစ်ယောက်က ဘယ်သူလဲဆိုတာကို သိလို့ရမလား "
ထိုအချိန်တွင် လူငယ်တစ်ယောက်က တန်ဝမ်ဝမ်၏ ဘေးနားတွင်ထိုင်နေသော ရှောင်မင်နှင့် ရှန်ဟွာတို့နှစ်ယောက်ကိုကြည့်ကာ မေးလိုက်၏။
ထိုလူငယ်သည် အစကမေးရန် စိတ်ကူးမရှိသော်လည်း ထိုနှစ်ယောက်မှာ အလွန်အမင်းကို အားနည်းလွန်းလှသဖြင့် ဤကဲ့သို့ထုတ်ကာ မေးလိုက်ခြင်းပင်။
" ဒီနှစ်ယောက်က ငါ့ရဲ့သူငယ်ချင်းတွေပါ "
တန်ဝမ်ဝမ် တစ်ခဏတုံ့ဆိုင်းပြီးနောက် ပြောလိုက်သည်။
ယခုအချိန်တွင် သူတို့နှစ်ယောက်ကို မတော်တဆတွေ့ခဲ့သည်ဟု ပြောပါက ပြဿနာများ အရစ်ရှည်သွားပေမည်။
" ဝမ်ဝမ် မင်းက သူစိမ်းအပေါ်ကို အရမ်းသနားညှင်သာနေတာပဲ၊ ဒါပေမဲ့ ဒီနှစ်ယောက်က လုံးဝလူလိမ်တွေနော် "
ထိုအချိန်တွင် ချိုင်ယဲ့လုံ မျက်မှောင်ကုပ်ကာ ဝင်ပြောလေ၏။
" စီနီယာအစ်ကိုချိုင် ... "
ထိုစကားကြောင့် တန်ဝမ်ဝမ် မျက်မှောင်ကုပ်ကာ အမူယာလဲ အေးစက်သွားသည်။
တန်ဝမ်ဝမ်၏ အမူအရာကိုတွေ့လျှင် ချိုင်ယဲ့လုံ ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်၏။ သို့သော် အနီးအနားတွင်ရှိနေသော လူများကတော့ ချိုင်ယဲ့လုံကို ဤကဲ့သို့ လုပ်ခွင့်ပြုမည် မဟုတ်ချေ။
" ချိုင်ယဲ့လုံ ဘာဖြစ်လို့လဲ "
" ဟုတ်တယ် ဒီကိစ္စမှာ လျှို့ဝှက်ချက်တစ်ခုရှိနေလား "
" ငါတို့လဲသိအောင် ပြောထားသင့်တယ်လေ "
" တော်ကြာ ပြဿနာတစ်စုံတစ်ခု ရှိတယ်ဆိုရင် ငါတို့မသိတော့ ပြဿနာထဲပါသွားရင် ဒုက္ခမရောက်ဘူးလား "
ထိုစကားများကြားလျှင် ချိုင်ယဲ့လုံက တန်ဝမ်ဝမ်ကို ကူကယ်ရာမဲ့သော အမူအရာဖြင့် ကြည့်လိုက်လေသည်။
" ဝမ်ဝမ် .. ကြည့် .. ဒါငါ့အမှားမဟုတ်ဘူးနော် "
ထို့နောက် ချိုင်ယဲ့လုံသည် ရှောင်မင်ကို လက်ညှိုးထိုးပြလိုက်ပြီး...
" ဒီကောင်က သူ့ကိုယ်သူ ရဲ့ဟိုင်နဲ့ ညီအစ်ကိုလို့ ပြောနေတာလေ "
" ချီး သေစမ်း "
" သူကအဲ့လို တကယ်ပြောရဲတာလား "
" အရှေ့ပိုင်းကုန်းမြေတိုက်ကြီးရဲ့ ထိပ်သီးပါရမီရှင်ဝူမင်တောင်မှ ရဲ့ဟိုင်ကို ညီအစ်ကိုလို့မခေါ်ရဲဘူး၊ ရဲ့ဟိုင်ဆိုတာ ဘယ်လိုဖြစ်တည်မှုလဲ သူက ကျောက်စိမ်းအင်မော်တယ် အဆင့် ( 33 ) လေးနဲ့ မျိုးဆက်သစ် .. မျိုးဆက်ဟောင်း နှစ်ခုစလုံးမှာ ပြိုင်ဘက်မရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်လေ "
" မင်းကြွားချင်တယ်ဆိုရင်လဲ အကန့်အသတ်တော့ ရှိသင့်တယ်မဟုတ်လား "
" အေးလေ .. ကိုယ့်အဆင့်လဲ ကိုယ်ပြန်ကြည့်ဦး "
ပတ်ပတ်လည်မှလူများအကုန်လုံး ချက်ချင်းပင် ရှောင်မင်ကိုကြည့်ကာ လှောင်ရယ်ကြတော့၏။
သူတို့ ဤကဲ့သို့ လှောင်ရယ်ရသည့် အကြောင်းအရင်းမှာ ရှောင်မင်က ရဲ့ဟိုင်နှင့် ညီအစ်ကိုဆိုတာကို လုံးဝအရှင်း မယုံကြည်သောကြောင့်ဖြစ်သည်။
သို့သော် သူတို့အကုန်လုံး မသိသည်မှာ ရှောင်မင်ကို ထိုသို့လှောင်ရယ်နေသည့်အချိန်တွင် အနီရောင်ဝတ်အမျိုးသမီးတစ်ယောက်က သူတို့ရှိရာသို့ လှမ်းလာခြင်းဖြစ်၏။
" နင်ခုနက ဘာပြောလိုက်တာ "
အနီရောင်ဝတ်အမျိုးသမီးက ကတုံးပြောင်နှင့် ရှောင်မင်ကိုကြည့်ကာ မေးလိုက်သည်။
" ငါ... "
ရှောင်မင် အနီရောင်ဝတ်အမျိုးသမီးကိုကြည့်ပြီး သူမက မည်သူလဲဆိုတာကို မသေချာသဖြင့် ပြောရန်ပြင်နေသော စကားများကို ရပ်တန့်လိုက်၏။
ထို့နောက် ထိုမိန်းကလေးကို အလေးအနက်ကြည့်လိုက်ပြီး...
" မင်းကကော ဘယ်သူလဲ "
" ငါက လင်းဟောင်ပဲ "
အနီရောင်ဝတ်အမျိုးသမီး သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။
" မင်း ရဲ့ဟိုင်ကို သိလား "
ရှောင်မင် ထိုအနီရောင်ဝတ်အမျိုးသမီးမှာ သူ့ကိုအခြားလူများ ရဲ့ဟိုင်ကိစ္စနှင့် လှောင်ပြောင်နေသည့်အချိန်တွင် လာမေးသဖြင့် ရဲ့ဟိုင်နှင့်သက်ဆိုင်နေမည်ဟု ထင်မှတ်သောကြောင့် ဤကဲ့သို့မေးလိုက်ခြင်းဖြစ်၏။
" အင်းသိတယ် "
အနီရောင်ဝတ်အမျိုးသမီး ခေါင်းညိတ်လိုက်လျှင် ရှောင်မင်၏ မျက်လုံးက တလက်လက် တောက်ပလာလေသည်။
" မင်း ငါ့ကို ရဲ့ဟိုင်နဲ့ မိတ်ဆက်ပေးလို့ရလား "
" ဂိုဏ်းချုပ်ကို တွေ့ဖို့က လူတိုင်းမှာ အရည်အချင်းရှိတယ်လို့ထင်တာလား "
လင်းဟောင် အေးစက်စက်ဖြင့် ပြန်ပြောလိုက်၏။
" မဟုတ်ဘူး ရှောင်မင်က သူ့ကိုတွေ့ဖို့အတွက် ရောက်နေတယ်လို့ ရဲ့ဟိုင်ကိုပြောလိုက်ပါ အဲ့တာဆို သူသိပြီ "
ရှောင်မင်၏ ထိုစကားက လင်းဟောင်ကို မျက်လုံးကျဥ်းမြောင်းသွားစေသည်။
" နင် ချင်ချင်ကိုသိလား "
လင်းဟောင် တစ်ခဏတုံ့ဆိုင်းသွားပြီးနောက် ရှောင်မင်အားကြည့်ကာ အလေးအနက်မေးလိုက်၏။
" ချင်ချင် ဟုတ်လား .. သူက ရဲ့ဟိုင် အစေခံလေ၊ ချင်ချင်က ရဲ့ဟိုင်ကို ရှာတွေ့သွားပြီလား "
ရှောင်မင် တအံ့တဩ အမူအရာဖြင့် ပြောလိုက်သည်။
ရှောင်မင်၏ ထိုအမူအရာကိုကြည့်ပြီး လင်းဟောင်၏ အမူအရာကလဲ ပြောင်းလဲသွား၏။
" နင် ဘယ်ဂိုဏ်းကလဲ "
" ငါက ဇူဖန်းဂိုဏ်းကပါ "
ရှောင်မင် အလျင်အမြန် ပြန်ဖြေလိုက်သည်။
" ဇူဖန်းဂိုဏ်းချုပ်က ဘယ်သူလဲ .. ထွက်လာခဲ့ "
လင်းဟောင် ချက်ချင်းပင် ပတ်ပတ်လည်ကို လှည့်ကြည့်ပြီး ဇူဖန်းဂိုဏ်းချုပ်က ဘယ်သူလဲဆိုတာကို မေးလိုက်၏။
လင်းဟောင်၏ ထိုကဲ့သို့ ကျယ်လောင်စွာ မေးလိုက်သောအသံက အနီးအနားတွင်ရှိနေသော လူများအားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားလေသည်။
" ငါပြောတာ မကြားဘူးလား "
တုံ့ပြန်မှုလုံးဝမရှိလာလျှင် လင်းဟောင် အေးစက်စက်ဖြင့် ထပ်မေးလိုက်၏။
" ဟမ့် .. အစ်မ လင်းဟောင် ဆိုတာက ငါတို့ယွမ်ဟန်ဂိုဏ်းရဲ့ အဆင့်မြင့်အကြီးကဲ တစ်ယောက်နော် .. သူ့စကားကို နင်တို့က လျစ်လျူရှုရဲတယ်ပေါ့ "
ထိုအချိန်တွင် လင်းဟောင်၏ ဘေးနားတွင်ရပ်နေသော အမျိုးသမီးငယ်လေးက ဒေါသတကြီးဖြင့် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ကာ အော်ဟစ်လိုက်သည်။
ထိုစကားကြားသောအခါ ဝမ်ဘင် ငြိမ်နေနိုင်ခြင်းမရှိတော့ဘဲ အလျင်အမြန်ပင် အရှေ့သို့ထွက်လာလေ၏။
သူ၏တစ်ကိုယ်လုံးတွင်လည်း ချွေးစေးများက ထွက်နေပြီး ထိတ်လန့်ကြောက်ရွံ့နေသည်။ သတိပေးထားတာတောင် ရှောင်မင်က ယွမ်ဟန်ဂိုဏ်းတွင် သူထင်ထားသလို တကယ်ပြဿနာရှာလာမည်ဟု မမျှော်လင့်ထားချေ။
" အကြီးအကဲလင်း ငါကဇူဖန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဝမ်ဘင်ပါ "
ဝမ်ဘင်တလေးတစားပင် လင်းဟောင်ကို ဦးညွှတ်ကာ ပြောလိုက်၏။
သူ၏ခန္ဓာကိုယ်ကလည်း ( 90 ) ဒီဂရီနီးပါးလောက်အထိ ကွေးညွှတ်နေခဲ့ခြင်းပင်။
ရှောင်မင်မှာ သူ၏ ဂိုဏ်းချုပ် တစ်ကိုယ်လုံးချွေးများရွှဲနစ်၍ တုန်နေသည်ကို ကြည့်ပြီး ထိုရဲ့ဟိုင်က သူသိသည့် ရဲ့ဟိုင် မဟုတ်လျှင်ဆိုသော အတွေးကြောင့် စတင်၍ ထိတ်လန့်မှုများ ဖြစ်ပေါ်လာ၏။
" ဒီမှာ .. ခဏစောင့်နေ "
လင်းဟောင်ဆိုသောအမျိုးသမီးမှာ ဝမ်ဘင်ကိုထိုသို့ပြောပြီး ချာခနဲလှည့်ထွက်သွားတော့သည်။
တစ်ဖက်တွင် ဝမ်ဘင်မှာ ထွက်ခွာသွားသော လင်းဟောင်ကို ကြည့်ပြီး ရှောင်မင်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်၏။
" သောက်ရူးကောင် မင်းငါ့ကိုသတ်ဖို့လုပ်နေတာလား "
" ဂိုဏ်းချုပ် စိတ်မပူပါနဲ့ "
ရှောင်မင် တီးတိုးပြန်ပြောလိုက်သော်လည်း သူ၏စိတ်ထဲတွင် သိပ်ပြီးတော့ ယုံကြည်ချက်မရှိတော့ပေ။ ဤနေရာတွင်ရှိနေသည့် ရဲ့ဟိုင်က သူသိသည့်ရဲ့ဟိုင် မဟုတ်လို့ကတော့ အကုန်လုံး မသာပေါ်ပြီဖြစ်သည်။
" ပါးစပ်ပိတ်ထားစမ်း "
ဝမ်ဘင် ရှောင်မင်အား ဤနေရာတွင်ပင် သေအောင်ရိုက်သတ်ချင်စိတ်များ တစ်ဖွားဖွား စိတ်ထဲဖြစ်ပေါ်လာလေ၏။
***