" ချီးပဲ ဒီနေ့ ငါ ဒီနေရာမှာ သေတော့မှာလား "
ဝမ်ဘင် တွေးလေတွေးလေ ငိုချင်လာလေပင်။
တစ်ဖက်တွင် လင်းဟောင်က ရဲ့ဟိုင်ဆီသို့ ရောက်ရှိသွားသောအခါ ရဲ့ဟိုင်မှာ ဝူမင်နှင့် စကားပြောနေခြင်းဖြစ်သည်။
" ရဲ့ဟိုင် မင်းက ဘယ်လိုလုပ်ပြီး အင်မော်တယ်အရှင်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားနိုင်ရတာလဲ "
ဝူမင် ရဲ့ဟိုင်ကိုစိုက်ကြည့်ကာ အလေးအနက်ပင် မေးလိုက်၏။
" ဟား .. ဟား ငါကံကောင်းသွားတာပါ "
ရဲ့ဟိုင်ပြုံးကာ ပြန်ပြောလိုက်သည်။
" ကျိန်စာတွေအများကြီး စုပ်ယူပြီးတာတောင်မှ ဒီလိုကံကောင်းမှုမျိုးကို ရနိုင်သေးတယ်ပေါ့ "
ဝူမင် တအံ့တဩဖြင့် ထပ်ပြောလိုက်၏။
" ဒါက ကံတရားရဲ့ ဆန်းကြယ်မှုပဲလေ "
ထိုသို့ပြောပြီးသည်နှင့် ရဲ့ဟိုင် ဝူမင်ကိုကြည့်လိုက်ပြီး...
" ငါကတော့ အဆင့်မတက်နိုင် သေးပေမဲ့ .. မင်းကတော့ ရွှေအင်မော်တယ်အဆင့် ( 27 ) တောင် ရောက်နေပြီလို့ထင်တယ် "
" ဟမ့် အဆင့်မတက်နိုင်သေးဘူးဆိုတာ ဘာစကားလဲ .. မင်းက အဆင့်မတက်လဲ စိုးရိမ်စရာလိုလို့လား "
ဝူမင် မဲ့ရွဲ့လိုက်ပြီး...
" ငါအခု ရွှေအင်မော်တယ် ( 27 ) ဆိုပေမဲ့ မင်းရဲ့အရှေ့မှာ အရမ်းကိုသေးနုပ်နေတယ်လို့ ခံစားနေရတယ် "
ရဲ့ဟိုင်မှာ ဝူမင်၏ ထိုကူကယ်ရာမဲ့နေသော အမူအရာကိုကြည့်ပြီး ပြုံးလိုက်သည်။
" ကောင်းပြီ ဒါနဲ့ မင်းငါ့ရဲ့ ဂိုဏ်းတည်ထောင်ခြင်းအခမ်းအနားကို တက်ရောက်ဖို့ လာခဲ့တာတော့ မဟုတ်ဘူးမလား .. အခြားအကြောင်းအရင်း ရှိမယ်ထင်တယ် "
ထိုစကားကြားလျှင် ဝူမင်ခေါင်းညိတ်လိုက်ပြီး...
" ဟုတ်တယ် ငါမင်းကို အင်မော်တယ်နန်းတော်ဆီ သွားဖို့အတွက် လာခေါ်တာ "
" အင်မော်တယ်နန်းတော်ဆီ ဟုတ်လား ဘာအတွက်လဲ "
ရဲ့ဟိုင် တအံ့တဩဖြင့် ပြန်မေးလိုက်၏။
" မင်းမသိဘူး ဒီနှစ်ပိုင်းအတွင်း ငါအင်မော်တယ်နန်းတော်မှာ တော်တော်လေး အနိုင်ကျင့်ခံနေရတာ .. မင်းအနေနဲ့ ငါ့ကိုပြန်ကူညီမှရမယ် "
ထိုစကားက ရဲ့ဟိုင်ကို ပို၍ပင် အံ့အားသင့်သွားစေသည်။
" မင်းက အဲ့လောက် သန်မာနေတာတောင်မှ အနိုင်ကျင့်ခံရသေးတယ်ပေါ့ "
" မင်းဘာသိလို့လဲ အင်မော်တယ်နန်းတော်မှာ နတ်ဆိုးဆန်တဲ့ကောင်တွေက အများကြီးရှိတယ် "
ထိုသို့ပြောပြီးသည်နှင့် ဝူမင်၏မျက်နှာတွင် ဝမ်းနည်းမှုများ ထွက်ပေါ်လာ၏။
" ငါ့ရဲ့ အတန်းထဲမှာတောင်မှ ငါ့နဲ့အဆင့်တူ အယောက် ( 40 ) ကျော်လားပဲ "
" မင်းနဲ့ အဆင့်တူသူ အယောက် ( 40 ) ကျော်ဟုတ်လား "
ရဲ့ဟိုင်မျက်လုံးပြူးကျယ်သွားသည်။
" ဘာလို့အဲ့လောက်တောင် များနေတာလဲ "
" အများစုက အလယ်ပိုင်းကုန်းမြေတိုက်ကြီးက ပါရမီရှင်တွေပဲ၊ ပြီးတော့ ပြိုင်ပွဲမှာဝင်ပါဖို့ စိတ်မဝင်စားတဲ့ လူနည်းစုလဲ ပါသေးတယ် "
ဝူမင် ထိုသို့ပြောပြီးသည်နှင့် ရဲ့ဟိုင်ကိုကြည့်လိုက်ပြီး...
" အထူးသဖြင့် ငါတို့အတန်းထဲမှာ အရမ်းချောမောလှပတဲ့ ကြောက်စရာပါရမီရှင် မိန်းကလေးတွေလဲ ရှိသေးတယ် "
ထိုစကားကြားလျှင် ရဲ့ဟိုင် ဝူမင်ကို အထူးအဆန်း အမူအရာဖြင့် ကြည့်လိုက်၏။
" ငါမင်းကို အစပိုင်းတုန်းကတော့ ဒီလိုလူလို့ မထင်ထားဘူး၊ အခုမှပဲ မင်းဘယ်လိုကောင်လဲဆိုတာကို ငါနားလည်လိုက်ပြီ "
" သောက်ချီး .. မင်းကများ ငါ့ကိုပြောရတယ်ရှိသေး .. မင်းကမှ ဘေးနားမှာ မိန်းမလှလေးတွေ တရုန်းရုန်းနဲ့ နေတဲ့ကောင်လေ "
" ကောင်းပြီ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါတို့မငြင်းခုန်တော့ဘူး၊ ဒါပေမဲ့ မင်း အင်မော်တယ်နန်းတော်ကို ဘယ်တော့သွားမလဲဆိုတာတော့ ငါမေးချင်တယ် "
" မကြာခင်ပေါ့ "
ရဲ့ဟိုင် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
" ဒါဆိုရင် အတူတူသွားကြရအောင် "
" မဟုတ်ဘူး ငါအဲ့ဒီကိုမရောက်ခင် ( 10 ) နှစ်ဒါမှမဟုတ် ( 8 ) နှစ်လောက် အချိန်ယူရဦးမှာ "
" ကောင်းပြီ .. ဒါဆိုလဲ အဲ့ဒီ ( 10 ) နှစ် ( 8 ) နှစ်လောက်အထိ ငါမင်းဘေးနားမှာပဲ စောင့်မယ် "
ထိုစကားကြားလျှင် ရဲ့ဟိုင် ဝူမင်ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်လေ၏။
" မင်း ငါ့ကို အတင်းခေါ်ချင်နေတာ တစ်ခြား ထူးခြားတဲ့အကြောင်းပြချက် ရှိရမယ်မှလား "
ထိုစကားကြားလျှင် ဝူမင် ခေါင်းကိုကုတ်လိုက်ကာ...
" တကယ်တော့ငါ မိန်းကလေးတစ်ယောက်ကို ချစ်မိသွားလို့ "
ရဲ့ဟိုင် မျက်လုံးပြူးသွားသည်။
" အဲ့တာက ငါနဲ့ဘာဆိုင်လို့လဲ "
" ဆိုင်တာပေါ့ ငါသူမကို လိုက်တဲ့အချိန်မှာ သူမရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရတယ်လေ .. သူ့ကို ငါမနိုင်ဘူး "
ဝူမင် ကူကယ်ရာမဲ့သော အမူအရာဖြင့် ပြောလိုက်၏။
" တော်တော်လေးကို ရက်စက်တဲ့ မိန်းမပဲ "
ရဲ့ဟိုင် ပါးစပ်ကသာ ထိုသို့ပြောလိုက်သော်လည်း စိတ်ထဲတွင် မိန်းကလေးတစ်ယောက်၏ ရက်ရက်စက်စက် ရိုက်နှက်ခြင်းကို ခံနေရသော ဝူမင် ပုံစံအားမြင်ယောင်ပြီး ကြိတ်၍ ဝမ်းသာနေသည်။
" အဲ့တာကြောင့် ငါမင်းကို ကူတိုက်ဖို့အတွက် လာခေါ်တာပဲ "
" သူက မင်းကြိုက်တဲ့ မိန်းမလေ၊ ငါကဘာကိစ္စ မင်းကိုကူတိုက်ပေးရမှာလဲ "
" မသိဘူး .. ငါအရိုက်ခံရတာဆိုတော့ မင်းအနေနဲ့ ကူတိုက်ပေးရမှာ သဘာဝပဲ "
ဝူမင်၏ ထိုစကားက ရဲ့ဟိုင်ကို ဆွံ့အသွားစေ၏။ ထိုကောင်က မိမိကို အငှားလူရိုက်ပေးသည့် ကောင်ဟု ထင်နေသည်လား။
ထိုအချိန်တွင် ရဲ့ဟိုင်၏ အသိစိတ်အာရုံက အပြင်ဘက်တွင်ရှိသည့် တစ်စုံတစ်ယောက်ကို သတိထားမိသွားလေသည်။
" လင်းဟောင် ဝင်လာခဲ့ "
ချက်ချင်းပင် လင်းဟောင် တရိုတသေဖြင့် အခန်းထဲဝင်ရောက်လာ၏။
" ဂိုဏ်းချုပ် ရှောင်မင်ကို သိပါသလား "
" ရှောင်မင် .. ဟုတ်လား "
ထိုစကားကြားလျှင် ရဲ့ဟိုင် အလန့်တကြားဖြင့် မတ်တပ်ရပ်လိုက်လေသည်။
***