" သူဘယ်မှာလဲ "
" ဂိုဏ်းချုပ် သူ့ကို တကယ်သိတာလား "
လင်းဟောင် မျှော်လင့်ထားသော်လည်း တအံ့တဩဖြင့် မေးလိုက်ဆဲပင်။
" ဟုတ်တယ် "
" ဒါပေမဲ့ အဲ့ဒီလူက ဂိုဏ်းချုပ်ကို သူ့ရဲ့ညီအစ်ကိုလို့ ပြောနေပါတယ် "
" အဲ့တာအမှန်ပဲ "
ရဲ့ဟိုင် ချက်ချင်းပင် အရှေ့ကိုခြေတစ်လှမ်းတိုးလိုက်ပြီး...
" သူဘယ်မှာလဲ ငါ့ကို သူ့ဆီခေါ်သွား "
" ဂိုဏ်းချုပ် ကျေးဇူးပြုပြီး အနောက်က လိုက်ခဲ့ပါ "
လင်းဟောင် ကမန်းကတန်းပင်ပြောပြီး အရှေ့ကနေ ဦးဆောင်လိုက်သည်။ ကြည့်ရသည်မှာ ဤရှောင်မင်ဆိုသောလူက သူတို့ဂိုဏ်းချုပ်အတွက် တော်တော်လေး အရေးပါပုံရလေ၏။
တစ်ဖက်တွင် ဝူမင်ကလဲ ထိုစကားကြားသောအခါ မတ်တပ်ထရပ်လိုက်သည်။
" ရဲ့ဟိုင် နဲ့ ညီအစ်ကို "
ထိုစကားက ဝူမင်ကို တော်တော်လေး အလေးနက်သွားစေ၏။
ထိုလူက ရဲ့ဟိုင်နှင့်ပင် ညီအစ်ကိုအဖြစ် ပြုလုပ်နိုင်ခြင်းရှိသဖြင့် ရဲ့ဟိုင်လိုမျိုး ကြောက်စရာကောင်းသည့် ပါရမီရှင်တစ်ယောက် ဖြစ်ရပေမည်။ ထို့ကြောင့် ထိုလူနှင့် မိတ်ဆွေဖွဲ့ရန်အတွက် သူကြိုးစားရမည်ဖြစ်သည်။
ထိုအချိန်တွင် ဝမ်ဘင်က ရှောင်မင်ကို ဒေါသတကြီး ကြိမ်းမောင်းနေသည့်အချိန်၌ လူတိုင်း၏ တအံတဩရေရွတ်သံကို ကြားလိုက်ရလေ၏။
" ရဲ့ဟိုင် "
" ရဲ့ဟိုင်က တကယ် ဒီကိုရောက်လာတာလား "
ရွှမ်အဆင့်နေရာတွင်ရှိနေသော မျိုးဆက်သစ်လူငယ်များသာမက မျိုးဆက်ဟောင်းပုဂ္ဂိုလ်များ အားလုံးကလည်း အံ့အားသင့်သွားသည်။
ထိုအချိန်တွင် ရဲ့ဟိုင်က ရှောင်မင်ရှိရာသို့ တည့်တည့်လျှောက်သွားသည်အား သူတို့အကုန်လုံး တွေ့လိုက်ရလေ၏။
ရှောင်မင် ရဲ့ဟိုင်ကိုတွေ့သောအခါ ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်သည်။
တစ်ဖက်တွင် ဝမ်ဘင်၏ နှုတ်ခမ်းထောင့်က တဆတ်ဆတ်တုန်ယင်သွားလေ၏။
" ချီးပဲ "
" ကျေးဇူးပြုပြီး ဘိုးဘေးလေး မင်းသူ့နာမည်ကို တိုက်ရိုက်သွားခေါ်လို့မရဘူးလေ "
သို့သော်လည်း ဝမ်ဘင်သည် ရဲ့ဟိုင်၏ မျက်နှာတွင် အပြုံးတစ်ခုကို မြင်လိုက်သောအခါ အံ့အားသင့်သွားသည်။
" ဟား .. ဟား ရှောင်မင် ကတုံးကောင် .. ငါမင်းကိုမတွေ့တာကြာပြီ "
" ရဲ့ဟိုင် ငါဒီနှစ်ပိုင်းအတွင်း မင်းကိုရှာဖို့အတွက် ဘယ်လောက်တောင်မှ ခက်ခဲခဲ့လဲ ဆိုတာကိုသိလား "
ရှောင်မင် ငိုသံပါကြီးနှင့် ပြောလိုက်လေ၏။ နောက်ဆုံးတော့ အခက်များစွာကြားထဲမှ သူအမြဲ ကုန်းဆင်းနေခဲ့သည် ပေါင်ကြီးကိုပြန်တွေ့ရချေပြီ။
" သောက်ကတုံး မသိရင် ငါကမင်းကို တမင်တကာ ဒုက္ခပေးနေတဲ့သူ ကျနေတာပဲ "
ရဲ့ဟိုင်ပြုံးကာ ပြန်ပြောလိုက်လေသည်။ ထိုကောင်က ခုထိ ယခင်လို ဘာမှ မပြောင်းလဲသေးပေ။
" မင်းကို တွေ့ဖို့ ဘယ်လောက်ခက်ခဲတယ်ထင်လဲ၊ ငါအခုတောင်မှ မင်းကိုတွေ့ဖို့အတွက် ရှိသမျှပစ္စည်းအကုန်လုံးကို ရောင်းချခဲ့ရတယ်၊ အဲ့ဒါမင်းသိလား ... "
ရှောင်မင် ကူကယ်ရာမဲ့သော အမူအရာဖြင့် ပြောလိုက်၏။
သို့သော်လည်း ရှောင်မင်သည် ဘေးနားတွင်ရှိသော ဝမ်ဘင်ကို သတိရသွားကာ ချက်ချင်းပင် ဂိုဏ်းချုပ်ဖြစ်သူအား အနားသို့ဆွဲလိုက်သည်။
" ရဲ့ဟိုင် ဒါက ငါ့ရဲ့ ဇူဖန်းဂိုဏ်းခေါင်းဆောင် ဝမ်ဘင်ပဲ "
" ဝမ်ဘင်က ဂိုဏ်းခေါင်းဆောင်ရဲ့ ကို ဂါရဝပြုပါတယ် "
ဝမ်ဘင် ချက်ချင်းပင် ရဲ့ဟိုင်အား ကမန်းကတန်း ဦးညွှတ်လိုက်၏။
စိတ်ထဲတွင်လည်း စိတ်အားတက်ကြွမှုများ ထွက်ပေါ်လာသည်။
ဤရှောင်မင်ဆိုသော ကောင်က ရဲ့ဟိုင်နှင့်တကယ် ညီအစ်ကိုဖြစ်နေသည်လား။
ဤအရာက သူ့အတွက် ကြီးမားသော ကုသိုလ်ကောင်းမှုပင်ဖြစ်၏။ ယခုနက သူ ရှောင်မင်ကို အစိတ်စိတ်အမြွှာမြွှာ ခုတ်ပိုင်းသတ်ချင်နေသော်လည်း ယခုတော့ ရှောင်မင်အား ဘိုးဘေးတစ်ပါးလို စင်ပေါ်တင်ပြီး ပူဇော်လိုစိတ်များ ဖြစ်ပေါ်လာသည်။
" မင်းတို့ ဇူဖန်းဂိုဏ်းက ငါတို့ယွမ်ဟန်ဂိုဏ်း လက်အောက်ကို ကူးပြောင်းလာတယ်ဆိုတာ ငါမှတ်မိသေးတယ် .. ဟုတ်လား "
ရဲ့ဟိုင် ဝမ်ဘင်ကိုကြည့်ကာ ပြောလိုက်၏။
" ဟုတ်ပါတယ် ဂိုဏ်းခေါင်းဆောင် .. အခုဆိုရင် ကျွန်တော်တို့ ဇူဖန်းဂိုဏ်းက ယွမ်ဟန်ဂိုဏ်းရဲ့ လက်အောက်ခံဂိုဏ်းတစ်ခု ဖြစ်နေပါပြီ "
ဝမ်ဘင် ကမန်းကတန်းပင် ပြောလိုက်သည်။
" လင်းဟောင် ဝမ်ဘင်ကို ရာထူးတိုးမြှင့်ပေးလိုက် "
ရဲ့ဟိုင် သူ၏ဘေးနားတွင်ရှိသော လင်းဟောင်ကိုကြည့်ကာ ပြောလိုက်၏။
" ဟုတ်ကဲ့ပါ .. ဂိုဏ်းချုပ် "
လင်းဟောင် ကမန်းကတန်းပင် ပြန်ပြောလိုက်သည်။
" ကျေး .. ကျေး .. ကျေးဇူးတင်ပါတယ်၊ ဂိုဏ်းခေါင်းဆောင် "
တစ်ဖက်တွင် ဝမ်ဘင်မှာ သူကံကောင်းလာပြီဆိုတာကိုသိသော်လည်း ဤကဲ့သို့ တိုက်ရိုက်ကြီး ရာထူးတိုးမြင့်သွားသည်ဟု ခံစားလိုက်ရသောအခါ အံ့ဩဆွံ့အစွာဖြင့် ပြန်ပြောလိုက်၏။ ဒါ အိမ်မက်တော့ မဟုတ်လောက်ဘူးမှလား။ အိမ်မက်ဆိုရင်တောင်မှ သူမနိုးထင်ချင်တော့ပေ။
ရဲ့ဟိုင်ခေါင်းကို ညိတ်ပြလိုက်ပြီး...
" ရှောင်မင်၊ ရှန်ဟွာ မင်းတို့နှစ်ယောက် ငါနဲ့လိုက်ခဲ့ "
ဤသို့ဖြင့် ရှောင်မင်နှင့်ရှန်ဟွာတို့နှစ်ယောက်သည် ရဲ့ဟိုင်နှင့်အတူ ထွက်ခွာခါနီးတွင် ရှောင်မင် တစ်စုံတစ်ခုကို သတိရသွားပြီး သူ၏ပြောင်နေသောဦးခေါင်းကို ဖတ်ခနဲရိုက်လိုက်သည်။
" ဟုတ်သားပဲ ... မေ့တော့မလို့ .. ရဲ့ဟိုင် မင်းငါ့ကို တစ်ခုကျေးဇူးအကြွေးဝိုင်းဆပ်ပေးနိုင်မလား "
" ဘာကျေးဇူးအကြွေးလဲ "
" မိန်းကလေး တန်ဝမ်ဝမ်ရဲ့ အကူအညီကြောင့်သာမဟုတ်ရင် ငါမင်းရဲ့ယွမ်ဟန်ဂိုဏ်းထဲကိုတောင် ဝင်လာနိုင်မှာမဟုတ်ဘူး "
ရှောင်မင် ထိုသို့ပြောပြီး သူနှင့်မဝေးလှသော နေရာတွင်ရှိသော တန်ဝမ်ဝမ်ကို လက်ညှိုးထိုးပြကာ...
" လက်ရှိ မိန်းကလေးတန်ဝမ်ဝမ်က ရောဂါပြင်းတစ်ခုကို ခံစားနေရတယ်လေ၊ သူ့ကိုကုသဖို့အတွက် ကျွမ်းကျင်မှော်ဆေးပညာရှင်တစ်ယောက်ကို မင်းစီစဥ်ပေးနိုင်မလား "
" ဒါကလွယ်လွယ်လေးပါ "
ရဲ့ဟိုင် ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်လိုက်ကာ...
" မိန်းကလေး တန်ဝမ်ဝမ် ဟုတ်လား .. ငါနဲ့လိုက်ခဲ့ "
တစ်ဖက်တွင် တန်ဝမ်ဝမ်၏ နှလုံးခုန်သံက တဒုတ်ဒုတ်ဖြင့် မြန်ဆန်လာနေ၏။
တန်ဘိုဟိုင်က သူ့သမီး ကြောင်အနေသည်ကို မြင်သောအခါ အလျင်အမြန်ပင်...
" ဝမ်ဝမ် .. ဝမ်ဝမ် မြန်မြန်သွားလိုက်လေ "
ထိုအချိန်ကျမှ တန်ဝမ်ဝမ် သတိဝင်လာပြီး ရဲ့ဟိုင်ဘေးနားသို့ အလျင်အမြန် ကပ်သွားလိုက်သည်။
သို့သော်လည်း တန်ဝမ်ဝမ်မှာ အလွန် စိတ်လှုပ်ရှားနေသဖြင့် သူမ၏ကိုယ်တွင်းအင်္ဂါများက လှုပ်ခါလာပြီး ပြင်းထန်စွာ ချောင်းဆိုးလိုက်ကာ ရဲ့ဟိုင်၏ အဝတ်များပေါ်သို့ သွေးများဖူးခနဲ အန်ထွက်သွားလေ၏။
ရဲ့ဟိုင်ဝတ်ဆင်ထားသော ပိုးသားဖြူရောင်ဝတ်စုံက ချက်ချင်းပင် သွေးနီရောင်အဖြစ် ပြောင်းလဲသွားသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး တန်ဘိုဟိုင် မူးမေ့လဲမလို ဖြစ်သွား၏။
အဘယ့်ကြောင့်ဆိုသော် တန်ဝမ်ဝမ်၏ အန်ထွက်လာသောသွေးများက ရဲ့ဟိုင်၏ အဝတ်ကိုသာမက မျက်နှာကိုပါ ပေကျံသွားစေသောကြောင့်ဖြစ်သည်။
တန်ဝမ်ဝမ်၏ ဖြူဖျော့နေသော မျက်နှာကလဲ ပို၍ပင် ဖြူဖျော့သွားပြီး ကြောက်ရွံ့စိတ်ကြောင့် ခြေဖျားလက်ဖျားများ အေးစက်သွားလေ၏။
လင်းဟောင် ဒေါသတကြီးဖြင့်...
" နင်... "
ရဲ့ဟိုင် လင်းဟောင်ကို တစ်ချက်စိုက်ကြည့်လိုက်ကာ...
" သူမက တမင်တကာ လုပ်တာမှ မဟုတ်တာ၊ ဘာကိုဒေါသထွက်နေတာလဲ "
ရဲ့ဟိုင်ချက်ချင်းပင် သူ၏မျက်နှာမှသွေးများကို လက်ဖြင့်သုတ်လိုက်ပြီး...
" လင်းဟောင် မဟာအကြီးအကဲချင်က ဒီကိုရောက်နေတယ်မလား .. သူ့ဆီကို တန်ဝမ်ဝမ် ခေါ်သွားပေးလိုက် "
" ငါအဝတ်အစား သွားလဲလိုက်ဦးမယ် "
ရဲ့ဟိုင်သည် သူ၏ပုံသဏ္ဌာန်ကို အထူးတလည် ဂရုစိုက်ခြင်းမရှိပေ။ သို့သော် ယနေ့အချိန်အခါသမယက ထူးခြားလွန်းသဖြင့် သူ့အနေဖြင့် ဤအတိုင်းနေလို့တော့ မရဘူးဖြစ်သည်။
" ဒါဆိုရင် ငါလဲ မိန်းကလေးတန်ဝမ်ဝမ်နဲ့ လိုက်သွားမယ် "
ရှောင်မင် ထို့သို့ပြောလာလျှင် ရဲ့ဟိုင်ခေါင်းညိတ်လိုက်ပြီး အဝတ်လဲရန် ထွက်ခွာသွားလေ၏။
***