ရဲ့ဟိုင်ထွက်ခွာသွားသောအခါ ပတ်ပတ်လည်မှ လူများအားလုံး တအံ့တဩဖြင့် ရေရွတ်လိုက်ကြလေသည်။
" အဲ့ရှောင်မင်က တကယ်ပဲ ရဲ့ဟိုင် နဲ့ ညီအစ်ကိုလား "
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
" အရင်က သူ့ကို လှောင်ခဲ့တဲ့သူတွေတော့သေပြီ "
ထိုအချိန်တွင် ချိုင်ယဲ့လုံနှင့် ရှောင်မင်အားလှောင်ခဲ့သည့် ကျန်သူများက ပတ်ပတ်လည်မှ ပြောဆိုသံများကို ကြားသောအခါ ခေါင်းငုံ့သွားကြလေ၏။
ရှောင်မင်က ထိုမြင်ကွင်းကိုမြင်သောအခါ ချိုင်ယဲ့လုံဆီသို့ လျှောက်လာပြီး...
" မင်းခုနက ဘယ်သူ့ကို လူလိမ်လို့ခေါ်လိုက်တာလဲ "
" ငါ .. ငါ .. ငါ ကိုယ့်အကြောင်းကိုယ်ပြောနေတာပါ "
ချိုင်ယဲ့လုံ မျက်နှာဖြူဖျော့သွားပြီး ကြောက်ရွံ့စွာဖြင့် ပြန်ပြောလိုက်သည်။
" ဟမ့် မင်းခုနက မောက်မာနေတာ မဟုတ်ဘူးလား .. အခုသတ္တိရှိရင် ငါ့ကိုထပ်ပြီးလှောင်လေ "
ရှောင်မင် ချိုင်ယဲ့လုံ၏ ဦးခေါင်းကို လက်ညှိုးထိုးကာ ပြောလိုက်၏။
တစ်ဖက်တွင် ချိုင်ယဲ့လုံ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းအချို့က ဖြစ်ပေါ်လာသော်လည်း ရှောင်မင်၏ အနေအထားကို ပြန်ပြီးစဥ်းစားလိုက်လျှင် ချိုင်ယဲ့လုံ ဒေါသများကို မြိုချလိုက်ရသည်။
" ဘာလို့စကားမပြောတာလဲ .. မင်း ' အ ' သွားတာလား "
ရှောင်မင်သည် ချိုင်ယဲ့လုံ တိတ်ဆိတ်နေသည်ကိုမြင်လျှင် ထပ်မံ၍ လက်ညှိုးထိုးကာ ပြောလိုက်၏။
" ဒီမှာဘာတွေဖြစ်နေတာလဲ "
ထိုအချိန်တွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က အနားသို့ချဥ်းကပ်လာလေသည်။
လင်းဟောင် ချက်ချင်းပင် ဖြစ်ပျက်ခဲ့သော အရာများကို အလျင်အမြန် ထိုအနက်ရောင်ဝတ် အမျိုးသမီးအား ပြောပြလိုက်၏။
" ချိုင်ယဲ့လုံက သူ့ကိုကြိမ်ဖန်များစွာ လှောင်ရယ်ခဲ့တာက တကယ်ကိုအပြစ်ရှိတယ်၊ ဒါပေမဲ့ သူခေါင်းငုံ့နေတဲ့အချိန်မှာတော့ ထပ်ပြီးအဆင့်အတန်းနဲ့ ဖိအားပေးတာက နည်းနည်းမလွန်လွန်းဘူးလား "
အနက်ရောင်ဝတ်အမျိုးသမီးက ရှောင်မင်ကိုကြည့်ကာ တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။
" ဟမ့် .. ငါဘယ်သူလဲဆိုတာကို မင်းသိလား "
ရှောင်မင် ထိုအမျိုးသမီးကို ဒေါသတကြီးဖြင့် လက်ညှိုးထိုးကာ မေးလိုက်၏။
" နင်ဘယ်သူပဲဖြစ်ပါစေ ကိုယ့်ရဲ့အဆင့်အတန်းနဲ့ အာဏာကို အခွင့်ကောင်းယူပြီးတော့ အခြားလူကို အနိုင်တော့ မကျင့်သင့်ဘူးမှလား "
အနက်ရောင်ဝတ်အမျိုးသမီးက သူမကိုလက်ညှိုးထိုးလာလျှင် အေးစက်စက်ဖြင့် ပြောလိုက်သည်။
" မင်းယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ငါ့ညီအစ်ကိုကိုပြောပြီးတော့ မင်းကိုဒီရာထူးကနေ ဖယ်ရှားခိုင်းမယ် "
ရှောင်မင် ဒေါသများနှင့်အတူ ပြောလိုက်၏။
" နင်လုပ်ချင်ရာလုပ်နိုင်တယ် "
ထိုအနက်ရောင်ဝတ်အမျိုးသမီး၏စကားက ရှောင်မင်ကို အဆုတ်များပေါက်ကွဲထွက်လုမတတ် ဒေါသများဖြစ်ပေါ်လာစေလေသည်။
" နင့်နာမည်နဲ့ ရာထူး .. ခုပြောစမ်း "
" တရားဥပဒေခန်းမရဲ့ လက်ရှိခန်းမသခင် ခွန်ရှောင်ချီ "
" နင်ခဏလောက် စောင့်ဦး .. ငါနဲ့တွေ့မယ် "
ရှောင်မင် အနက်ရောင်ဝတ် အမျိုးသမီးကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောလိုက်၏။
တကယ်တော့ ထိုအနက်ရောင်ဝတ်အမျိုးသမီး ခွန်ရှောင်ချီဆိုသည်မှာ ခွန်ယင်းအာ၏ ကိုယ်ပိုင်အစေခံတစ်ယောက်ဖြစ်သည်။
တစ်ဖက်တွင် ခွန်ရှောင်ချီသည် ရှောင်မင်၏ ခြိမ်းခြောက်မှုကို လုံးဝဂရုစိုက်ခြင်းမရှိပေ။
ခွန်ယင်းအာသည် သူမအား တရားဥပဒေခန်းမ၏ အကြီးအကဲအဖြစ် ခန့်ခဲ့သည့်အချိန်တွင် တစ်ဖက်လူ၏ အဆင့်အတန်းက မည်မျှပင် မြင့်မားနေပါစေ စည်းမျဥ်းစည်းကမ်းအတိုင်း ပြဌာန်းထားသည့် ဥပဒေများကို ချိုးဖောက်ပါက မည်သည့်စိုးရိမ်စရာမှမရှိဘဲ အရေးယူနိုင်သည်ဟု ပြောကြားထားခဲ့၏။
ဤသို့ဖြင့် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားပြီး ရှောင်မင်မှာ ရဲ့ဟိုင်ပြန်လာမည့်အချိန်ကို ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေလေသည်။
ထိုအခြေအနေကိုကြည့်ပြီး လင်းဟောင် တစ်ခဏစဉ်းစားပြီးနောက် ရဲ့ဟိုင်အား အမြန်လာဖို့ခေါ်ရန် ပြေးသွားလိုက်လေ၏။
တစ်ဖက်တွင် ဝူမင်က ရှောင်မင်ကိုကြည့်ပြီး ခေါင်းကိုခါယမ်းလိုက်သည်။
" ရဲ့ဟိုင် နဲ့ ညီအစ်ကိုတော်နိုင်တော့ ကြောက်စရာကောင်းတဲ့ ပါရမီရှင်တစ်ယောက်လို့ ထင်နေခဲ့တာ .. ဒါပေမဲ့ ကြည့်ရတာ သူက အာဏာနဲ့အနိုင်ကျင့်တတ်တဲ့ သူတစ်ယောက်သက်သက်ပဲ "
ထိုစကားက ဒေါသထွက်နေသောရှောင်မင်ကို ပို၍ပင် ဒေါသများ ပေါက်ကွဲထွက်လာစေ၏။
" ဟိုကောင် မင်းဘာပြောလိုက်တာလဲ "
" သခင်လေးရှောင်မင် စကားကိုသတိထားပြီး ပြောစေချင်ပါတယ် "
ရှောင်မင်က ဝူမင် ဘယ်သူလဲဆိုတာ မသိသော်လည်း တန်ဘိုဟိုင်ကတော့ မသိဘူးဟု မဆိုလိုချေ။ ထို့ကြောင့်သူက ရှောင်မင်အားဝင်ရောက်ကာ ထိန်း၍ ပြောလိုက်သည်။
" သူက ဘယ်သူမို့လို့လဲ "
ရှောင်မင် မျက်မှောင်ကုပ်ကာ ပြန်မေးလိုက်၏။
" သခင်လေးရှောင်မင် သူက ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) ကိုရောက်နေတဲ့ ဝူမင်ပဲ၊ အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးရဲ့ လူငယ်မျိုးဆက်သစ်ချန်ပီယံ ဒုတိယအဆင့်မှာ ရှိနေတဲ့သူ၊ ပိုအရေးကြီးတာ ဝူမင်ရဲ့ ဆရာက အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေတယ်ဆိုတာပဲ "
တန်ဘိုဟိုင် တီးတိုးပင် ကမန်းကတန်းဖြင့် ရှင်းပြလိုက်သည်။
" ဟမ့် သူက လူငယ်မျိုးဆက်သစ်ချန်ပီယံ ဒုတိယနေရာကဆိုရင်တောင်မှ ငါ့အစ်ကိုကို ရှုံးနိမ့်ထားတဲ့ အရှုံးသမားတစ်ယောက် ဖြစ်နေတုန်းပဲ "
ရှောင်မင် အေးစက်စက်ဖြင့် ပြောလိုက်ပြီး ဝူမင်ကို အထင်သေးစွာဖြင့် ကြည့်လိုက်ကာ...
" မင်းလိူ အရှုံးသမားက ငါ့အရှေ့မှာ ဘာတွေလာပြီးတော့ အာဏာပါဝါတွေ ပြနေတာလဲ "
" ဖောင်း "
ရှောင်မင် သူ၏ပါးကို အုပ်ကိုင်လိုက်ပြီး ဝူမင်အား ဒေါသတကြီးဖြင့် ကြည့်လိုက်၏။
" မင်းငါ့ကို ရိုက်တယ်ဟုတ်လား "
" မင်းက ရဲ့ဟိုင်နဲ့ သိကျွမ်းနေတဲ့ သူသာမဟုတ်ရင် အခုလောက်ဆို လူသေတစ်ယောက်ဖြစ်သွားပြီ "
ဝူမင် သူ၏လက်နှစ်ဖက်ကို နောက်ကျောပစ်ကာ တည်ငြိမ်သော အမူအရာဖြင့်...
" ငါ့အရှေ့မှာ နောက်တစ်ခါလာပြီးတော့ ဒီပုံစံ .. ဒီလေသံနဲ့ စကားမပြောနဲ့ မင်းမှာ အဲ့လိုလုပ်ဖို့ အရည်အချင်းမရှိဘူး "
***