ရှောင်မင် ပါးစပ်ကိုဖွင့်လိုက်သော်လည်း ချက်ချင်းပင် အေးစက်သော လူသတ်ငွေ့က သူ့ကိုဖုံးလွှမ်းလာသည်ဟု ခံစားလိုက်ရသောအခါ နောက်ဆုံးပါးစပ်ကို ပြန်၍ပိတ်လိုက်ရလေသည်။
တစ်ခဏအကြာတွင် လင်းဟောင်နှင့် အတူ ရဲ့ဟိုင်က ရောက်ရှိလာလေ၏။
" ရဲ့ဟိုင် "
ရှောင်မင် စစ်ကူရောက်လာသည်ကို မြင်သောအခါ ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်သည်။
ရှောင်မင်၏ မျက်နှာပေါ်တွင်ရှိနေသော နီရဲနေသည့် လက်ဝါးရာကို မြင်သောအခါ ရဲ့ဟိုင် မျက်မှောင်ကုပ်သွားလေ၏။
" သူ့ကို ဘယ်သူ ရိုက်လိုက်တာလဲ "
" ငါလုပ်လိုက်တာ "
ဝူမင် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
" ရဲ့ဟိုင် မင်းငါ့အတွက် တရားမျှတမှုကို ရှာဖွေပေးရမယ် "
ရှောင်မင် မျက်လုံးက နီရဲတောက်လာပြီး ဝူမင်ကို ဒေါသတကြီးကြည့်ကာ ပြောလိုက်၏။
" ဂိုဏ်းချုပ်က ဘာကိစ္စ နင့်ဘက်ကနေ ရပ်တည်ပေးရမှာလဲ .. နင်ကလွန်နေတာလေ "
ထိုအချိန်တွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ခွန်ရှောင်ချီက အေးစက်စက် ဝင်ပြောလိုက်သည်။
" နင် ဘာစကားပြောလိုက်တာလဲ "
ရှောင်မင် ခွန်ရှောင်ချီကို ထပ်မံ၍ လက်ညှိုးထိုးလိုက်၏။
" ရှောင်ချီ ငါ့ကိုဘာဖြစ်တယ်ဆိုတာပြော "
ရဲ့ဟိုင် ထိုအနက်ရောင်ဝတ်ကောင်မလေးကို အလေးအနက် အမူအရာဖြင့် မေးလိုက်သည်။
ခွန်ရှောင်ချီလဲ ချက်ချင်းပင် ဖြစ်ပျက်သမျှ အရာအားလုံး အသေးစိတ်ကို ပြန်လည်ပြောပြလိုက်၏။
" သူပြောသွားတဲ့အထဲမှာ အမှားတစ်ခုပါလား "
ရဲ့ဟိုင် ရှောင်မင်ကိုကြည့်ကာ မေးလိုက်သည်။
" မပါဘူး "
ရှောင်မင် ခေါင်းခါယမ်းလိုက်၏။
" ဒါဆိုဒီကိစ္စ ဒီမှာပဲထားလိုက်တော့ "
" ဒီမှာပဲ အဆုံးသတ်လိုက်ရမှာလား "
ရှောင်မင် ရဲ့ဟိုင်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
" မင်းငါ့အတွက် မရပ်တည်ပေးဘူးလား "
" ဘာကြောင့်လဲ "
ထိုအချိန်တွင် အလွန်လှပကာ တည်ငြိမ်သော အမူအရာရှိသည့် ခွန်ယင်းအာက အနားသို့ ရောက်ရှိလာလေ၏။
" ရဲ့ဟိုင်က ငါ့ရဲ့ညီအစ်ကိုပဲ သူငါ့အတွက် မရပ်တည်ပေးသင့်ဘူးလား "
ရှောင်မင် ဒေါသ စိတ်များနှင့်အတူ ပြောလိုက်သည်။
" ရဲ့ဟိုင်က နင့်ညီအစ်ကိုလို့ ပြောနေပေမဲ့ နင်ရဲ့ဟိုင်အတွက်ကော တကယ်စဥ်းစားပေးဘူးလား "
ခွန်ယင်းအာ ရှောင်မင်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး...
" ဒီနေ့ကဘာနေ့လဲဆိုတာ နင်မမေ့နဲ့၊ ဒီနေ့က ယွမ်ဟန်ဂိုဏ်း တည်ထောင်ခြင်းအခမ်းအနားကို ပြုလုပ်နေတဲ့အချိန်၊ နင့်ရဲ့စွမ်းအားကိုပြသပြီး ဒီနေရာမှာ နင်ဘယ်လောက်မြင့်မြတ်ကြောင်း ပြသရမယ့်အချိန်မဟုတ်ဘူး၊ နင့်အတွက်သာ ရပ်တည်ပေးလိုက်မယ်ဆိုရင် ဂိုဏ်းချုပ်ကို အပြင်လူတွေက ဘယ်လိုမျိုးမြင်သွားမလဲ "
" ပြီးတော့ ဝူမင်ရဲ့ အဆင့်အတန်းဆိုတာက ဘာလဲ၊ သူကကျောက်စိမ်းအင်မော်တယ် အဆင့် ( 33 ) ကိုရောက်နေတဲ့ မြင့်မြတ်တဲ့ပါရမီရှင်တစ်ယောက်ပဲ၊ တစ်နေ့မှာ အင်မော်တယ်ဘုရင်အဆင့် ဖြစ်လာမယ့်သူ၊ နင်တင်မကဘူး အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူတွေတောင်မှ သူ့ကိုသွားပြီး စော်ကားလို့မရဘူး "
" ဒါကို နင့်လိုမျိုး မြေအမတအဆင့် ပုရွက်ဆိတ်လေးတစ်ကောင်က အနာဂါတ် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူကို သွားပြီးစော်ကားခဲ့တယ်၊ ဒီလုပ်ရပ်က နင့်ကိုယ်နင် မှန်တယ်လို့ ထင်နေတာလား၊ အဲ့တာတွေအကုန်လုံးက နင့်ရဲ့ ညီအစ်ကို ရဲ့ဟိုင်ကို ဒုက္ခပေးမယ့်လမ်းစဥ်ဆီ ဦးတည်နေတဲ့ အရာတွေချည်းပဲ "
" ဂိုဏ်းချုပ်က ယွမ်ဟန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်ဆိုတာကို နင်မမေ့နဲ့၊ နင့်ရဲ့မကောင်းတဲ့ အပြုအမူတွေက ဂိုဏ်းချုပ်အပေါ်ကို ကြီးမားတဲ့သက်ရောက်မှုတွေ ရှိလာစေနိုင်တယ် "
" တော်တော့ လုံလောက်ပြီ "
ရဲ့ဟိုင် တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်၏။
" မဟုတ်ဘူး ဂိုဏ်းချုပ် သူ့ကိုယွမ်ဟန်ဂိုဏ်းအားကိုးနဲ့ နေရာတိုင်းမှာ မောက်မာလို့မရဘူးဆိုတာကို တစ်ခါတည်း ရှင်းရှင်းလင်းလင်း ပြောထားမှရမှာ၊ နို့မို့ဆို သူ့ကြောင့် ဂိုဏ်းချုပ်မှာ ရန်သူများလာနိုင်တယ် "
ခွန်ယင်းအာ အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။
" တော်တော့လို့ ငါပြောနေတာ မကြားဘူးလား "
ရဲ့ဟိုင်ထိုသို့ပြောလိုက်သည်နှင့် ပတ်ပတ်လည်လေဟာနယ်က တုန်ခါသွားခဲ့ပြီး အေးစက်သောလေများက အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွား၏။
ထိုအချိန်ကျမှ ခွန်ယင်းအာ ဆက်ပြောချင်သော်လည်း သူမ၏ပါးစပ်ကို ပိတ်လိုက်ပြီး ခေါင်းကိုငုံ့လိုက်သည်။
" ဝူမင် ရှောင်မင်ကိုယ်စား ငါတောင်းပန်ပါတယ် "
ရဲ့ဟိုင် မဝေးလှသော နေရာတွင်ရှိသော ဝူမင်ကို လှမ်းကြည့်ကာ ပြောလိုက်၏။
" မင်းနဲ့ ငါကြားမှာ ဒီလိုစကားတွေပြောရတာ အဆင်မပြေဘူး "
ဝူမင် ခေါင်းကိုခါယမ်းလိုက်ပြီး...
" မင်းပဲ ဒီကိစ္စကို ဆက်ပြီးကိုင်တွယ်လိုက်တော့ .. ငါပိုင်ဟွေနဲ့ အခြားလူတွေဆီ သွားပြီးသောက်လိုက်ဦးမယ် "
ပြောပြီးသည်နှင့် ဝူမင် လှည့်ကာထွက်သွားသည်။
ရဲ့ဟိုင် တန်ဝမ်ဝမ်ဘက်သို့ ကြည့်လိုက်ပြီး...
" ကောင်းပြီ မဟာအကြီးအကဲချင်ဆီကို ငါမင်းကို ကိုယ်တိုင်ခေါ်သွားပေးမယ် "
တန်ဝမ်ဝမ် ဖြူဖျော့သောမျက်နှာနှင့်အတူ ရဲ့ဟိုင်၏ အနောက်ကနေ ကုပ်ကုပ် ကုပ်ကုပ်ဖြင့် လိုက်သွားလေ၏။
ရဲ့ဟိုင်ထွက်ခွာသွားလျှင် ရှန်ဟွာ ဒေါသထွက်နေသော ရှောင်မင်ကို ကြည့်လိုက်ပြီး...
" ဒီတစ်ခေါက်က နင်အရမ်းလွန်သွားပြီဆိုတာသိလား "
" ဘာကိုဆိုလိုချင်တာလဲ "
ရှောင်မင် မျက်မှောင်ကုပ်ကာ ပြန်ပြောလိုက်သည်။
" ရဲ့ဟိုင်ရဲ့ စိတ်ဓာတ်ကို နင်လဲ နားမလည်တာမဟုတ်ဘူး၊ သူအမုန်းဆုံးအရာက အနိုင်ကျင့်တာပဲ အခုတော့ နင်လုပ်လိုက်တာက သူမုန်းတဲ့အရာဖြစ်နေပြီ "
ရှန်ဟွာ ထိုသို့ပြောပြီးသည်နှင့် သက်ပြင်းချလိုက်ပြီး...
" အထူးသဖြင့် ဒီနေ့က ယွမ်ဟန်ဂိုဏ်းကို တည်ထောင်တဲ့နေ့ပဲ ဒါတောင်မှ သူထုတ်ထားတဲ့ စည်းမျဥ်းဥပဒေတွေက လွယ်လွယ်နဲ့ စိန်ခေါ်ခံနေရတယ်၊ ယွမ်ဟန်ဂိုဏ်းရဲ့ အဲ့ဒီအခွင့်အာဏာကို သွားပြီးစိန်ခေါ်တဲ့ လူကလဲ အခြားလူမဟုတ်ဘူး သူ့ရဲ့ညီအစ်ကို၊ သူဒီနေရာမှာတင် အဆုံးသတ်လိုက်တာက အများရှေ့မှာ တော်တော် မျက်နှာပျက်နေရပြီ၊ ဒါကို ရဲ့ဟိုင်က ဘာတွေဆက်လုပ်ပေးဖို့အတွက် နင်မျှော်လင့်နေသေးတာလဲ "
" ငါ... "
ရှောင်မင်သည် ထိုအချိန်ကျမှ သူအတွေးများ လွဲမှားနေပြီဖြစ်ကြောင်း နားလည်သဘောပေါက်သွား၏။
တကယ်လဲ ဤကိစ္စက ရှောင်မင်ကို အပြစ်တင်လို့မရချေ။
ရုတ်တရက် ဆင်းရဲရာမှ ချမ်းသာသွားသောလူများသည် ပုံမှန်အားဖြင့် ဟန်ချက်မညီသော စိတ်သဘောထားများကို ပိုင်ဆိုင်လာကြသည်။
ဆင်းရဲချိန်တုန်းက မည်မျှပင် စိတ်သဘောထားကောင်းပြီး မြင့်မြတ်ပါစေ ချမ်းသာသွားသည့်အချိန်၌ လူများကို အမိန့်ပေးအုပ်ချုပ်နိုင်သည့်အာဏာနှင့် ခွန်အားကို ပိုင်ဆိုင်လာသောအခါ ၎င်း၏ သက်ရောက်မှုအောက်တွင် ထိုသူ၏ စိတ်သဘာဝကလဲ ပြောင်းလဲသွားတတ်၏။
မြန်မာလို အယူအဆရဆိုလျှင် ထိုကဲ့သို့လူများကို ' အောက်ခြေလွတ်သွား ' သူဟု ခေါ်လေသည်။
" အခုချိန်ကစပြီး ယွမ်ဟန်ဂိုဏ်းထဲမှာ ငါတို့နှစ်ယောက်လုံး အရမ်းကိုမြင့်မြတ်တဲ့လူအဖြစ် ဟန်ဆောင်တာကို ရပ်တန့်မှဖြစ်မယ်၊ သိုသိုသိပ်သိပ်နေမှလဲ ရဲ့ဟိုင်ကို ဒုက္ခမပေးသလိုဖြစ်မှာ "
ရှန်ဟွာ တီးတိုးထပ်မံ၍ ပြောလိုက်သည်။
" ကောင်းပြီ "
နောက်ဆုံးတွင် ရှောင်မင် စိတ်ပျက်အားငယ်စွာဖြင့် ခေါင်းညိတ်လက်ခံလိုက်လေ၏။
***