ခွန်ယင်းအာသည် ကောင်းကင်အဆင့်နယ်မြေရှိရာသို့ ဦးတည်သွားနေရင်း ရဲ့ဟိုင်ကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။
ရဲ့ဟိုင်က သူမကို စိတ်ဆိုးပုံမရသည်ကို သတိပြုမိလိုက်သောအခါ ခွန်ယင်းအာ ရဲ့ဟိုင်၏ လက်ကို ရဲရင့်စွာဖြင့် ချိတ်လိုက်၏။ ရဲ့ဟိုင်က မငြင်းသည်ကို မြင်လျှင် ခွန်ယင်းအာ သူမ၏ခန္ဓာကိုယ်လေးဖြင့် ရဲ့ဟိုင်၏ လက်မောင်းအား မှီတွယ်လိုက်သည်။
" သခင် ကျွန်မကို စိတ်မဆိုးဘူးလား "
ခွန်ယင်းအာ ရဲ့ဟိုင် နားဆီကပ်ကာ တီးတိုးပြောလိုက်၏။
" စိတ်မဆိုးဘူး "
ရဲ့ဟိုင် ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်လျှင် ခွန်ယင်းအာ၏ မျက်လုံးများ တလက်လက် တောက်ပလာသည်။
" တကယ်လား "
" ဟုတ်တယ်လေ .. မင်းက ဘာအမှားမှမလုပ်ထားတာ ငါကဘာကို စိတ်ဆိုးရမှာလဲ "
" ဒါဆိုရင် သခင်ဘာလို့ ကျွန်မကိုအော်ခဲ့တာလဲ "
ခွန်ယင်းအာ ဝမ်းနည်းသော အမူအရာဖြင့် ပြောလိုက်၏။
" ယင်းအာ မင်းလဲ ငါ့အခက်အခဲကို နားလည်သင့်တယ် "
ရဲ့ဟိုင် ထိုသို့ပြောပြီးသည်နှင့် သွားနေသော ခြေလှမ်းများကို ရပ်တန့်လိုက်ကာ...
" ဒီနေ့မင်းလုပ်ခဲ့တာ အရမ်းကိုကောင်းမွန်တဲ့လုပ်ရပ်ပဲ၊ အခုချိန်ကစပြီး တရားဥပဒေခန်းမတစ်ခုလုံးကို မင်းစိတ်ကြိုက် စီမံခန့်ခွဲနိုင်တယ်၊ ဒါပေမဲ့ ငါ့လူတွေက ကိစ္စထဲ ပါလာရင်တော့ ငါ့ကိုအရင်ပြောပါ "
" ဒါဆိုသခင် ငါကကော မင်းရဲ့လူလား "
ခွန်ယင်းအာ ရဲ့ဟိုင်၏အနား ပို၍ကပ်သွားကာ တီးတိုးမေးလိုက်သည်။
" မင်းဘယ်လိုထင်လဲ "
ရဲ့ဟိုင် ခွန်ယင်းအာကို မျက်လုံးမှေးစဥ်းကာကြည့်ပြီး မေးလိုက်၏။
...........
ကောင်းကင်အဆင့်၊ မြေအဆင့်၊ ရွှမ်အဆင့်နှင့် ဟောင်အဆင့် နယ်မြေနေရာလေးခုလုံးက ဆက်စပ်နေသောကြောင့် ရွှမ်အဆင့်တွင် ဖြစ်ပျက်ခဲ့သော အရာများကို ကောင်းကင်အဆင့်မှ လူများကလည်း သိရှိနေကြလေသည်။
ရဲ့ဟိုင် တန်ဝမ်ဝမ်ကို မဟာအကြီးအကဲချင်ထံသို့ ခေါ်ဆောင်လာပြီး...
" ဆရာကြီး မှော်ဆေးသခင်ချင် မိန်းကလေးတန်ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးပေးပါလို့ တစ်ချက်လောက် အကူအညီတောင်းပါရစေ "
ရဲ့ဟိုင် တလေးတစားပင် မဟာအကြီးအကဲချင်အား ဦးညွှတ်ကာ ပြောလိုက်၏။
ရဲ့ဟိုင်၏ ထိုအပြုအမူက မဟာအကြီးအကဲချင်၏ မျက်လုံးကို မှိန်ဖျော့သွားစေသည်။
သို့သော် ချက်ချင်းပင် သူ၏အမူအရာကို ပြင်လိုက်ပြီး တန်ဝမ်ဝမ်ကိုကြည့်ကာ...
" ကောင်းပြီ ငါစစ်ဆေးပေးပါမယ် "
ချက်ချင်းပင် သူ တန်ဝမ်ဝမ်၏လက်ကို ဆွဲယူလိုက်ပြီး သွေးကြောပေါ်သို့ လက်နှစ်ချောင်းတင်ကာ စစ်ဆေးလိုက်၏။
မိနစ်ဝက်ကြာသောအခါ မဟာအကြီးအကဲချင်၏ မျက်လုံးထဲတွင် အံ့ဩမှုနှင့် ရှုပ်ထွေးမှုများ ထွက်ပေါ်လာသည်။
" မိန်းကလေးတန် မင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးက အရမ်းအားနည်းနေတာကို ငါတွေ့တယ်၊ ဒါပေမဲ့ ရောဂါလက္ခဏာပြစ်ချက်ကို ငါလုံးဝရှာမရဘူး "
မဟာအကြီးအကဲချင်၏ စကားက ရှိနေသူများအားလုံးကို အံ့အားသင့်သွားစေ၏။
မဟာအကြီးအကဲချင်ဆိုသည်မှာ မည်သူဖြစ်သနည်း။ အရှေ့တိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် အဆင့်မြင့် အင်မော်တယ်သခင်အဆင့် မှော်ဆေးပညာရှင်သုံးယောက်ထဲမှ တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသောသူဖြစ်သည်။
သို့သော် မဟာအကြီးအကဲချင် တန်ဝမ်ဝမ်၏ ရောဂါအခြေအနေကို မစစ်ဆေးနိုင်ဘူးဟု ဆိုလိုနေ၏။
တစ်ဖက်တွင် တန်ဝမ်ဝမ်၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး မျက်နှာက ပို၍ပင် ဖြူဖျော့သွားသည်။
ဤအရာက သူမ၏ အခြေအနေမှာ ကုသလို့မရတော့သည့် အနေအထား ဖြစ်နေသည်ဟု ဆိုလိုနေခဲ့သည်မလား။
" ငါ့ကိုကြည့်ခွင့်ပေးပါ "
နောက်ထပ် အသက်ကြီးသော မှော်ဆေးပညာရှင်တစ်ယောက်ကလည်း အနားသို့ချဥ်းကပ်လာပြီး ပြောလိုက်လေ၏။
" အဲ့တာက ဘယ်သူလဲ "
" မင်း သူ့ကိုတောင် မသိဘူးလား .. ဒါက အရှေ့တိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးရဲ့ နာမည်ကြီးမှော်ဆေးပညာရှင် ဂျန်ယွမ်ထျန်းပဲ "
သို့သော် လူတိုင်းကိုအံ့အားသင့်စေသည်မှာ ဂျန်ယွမ်ထျန်းကိုယ်တိုင်ကလဲ တန်ဝမ်ဝမ်ကို တစ်နာရီ၏ လေးပုံတစ်ပုံနီးပါး စစ်ဆေးပြီးနောက် ရောဂါ ရှာတွေ့ခဲ့ခြင်းမရှိပေ။
" ဒီလောက်ထူးဆန်းတဲ့ အခြေအနေမျိုး တစ်ခါမှမတွေ့ဖူးဘူး "
ဂျန်ယွမ်ထျန်း အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။
" ဒီကလေးမလေးရဲ့ အခြေအနေက အရမ်းကိုစိုးရိမ်ရတယ်၊ သူမက နောက်ဆုံးအသက်မီးတောက်နဲ့ ရှေ့ဆက်နေတယ်လို့ ပြောရင်တောင်မှ ချဲ့ကားပြောသလို ဖြစ်နေမှာမဟုတ်ဘူး .. ငါလဲ မတတ်နိုင်ဘူးဆိုတော့ တစ်ခြား မှော်ဆေးပညာရှင်အားလုံး သူမ အသက်ကိုကယ်နိုင်မလားဆိုတာ တစ်ချက်စမ်းကြည့်ကြပါ "
ဂျန်ယွမ်ထျန်း၏ စကားကိုကြားလျှင် အခြားအင်မော်တယ်သခင်အဆင့် မှော်ဆေးပညာရှင်များကလည်း သူတို့၏ လျှို့ဝှက်နည်းစနစ်များကို အသုံးပြုကာ တန်ဝမ်ဝမ်ကို စတင်၍စစ်ဆေးကြလေ၏။
သို့သော်လည်း အချိန်အတော်ကြာသောအခါ မည်သည့်အင်မော်တယ်သခင်အဆင့် မှော်ဆေးပညာရှင်ကမှ အရှေ့သို့တိုးကာ စစ်ဆေးခြင်းမရှိတော့ချေ။
အဘယ့်ကြောင့်ဆိုသော် တန်ဝမ်ဝမ်၏ ခန္ဓာကိုယ်တွင် မည်သည့်အရာ မှားယွင်းနေသည်ဆိုတာကို သူနားမလည်သောကြောင့်ဖြစ်သည်။
တစ်ဖက်တွင် တန်ဝမ်ဝမ်သည် တုန်လှုပ်ခြောက်ခြားမှုများဖြင့် ပြည့်နှက်နေသော သူမအဖေတန်ဘိုဟိုင်၏ မျက်နှာကို ကြည့်လိုက်ကာ...
" အဖေ ကြည့်ရတာ ဒါကျွန်မရဲ့ ကံကြမ္မာပဲထင်တယ် "
သူမ၏ မျက်နှာတွင် မချိပြုံးတစ်ခုက ရှိနေလေ၏။
တန်ဘိုဟိုင် လက်သီးကို တင်းကြပ်စွာဆုပ်ထားပြီး...
" မဟုတ်ဘူး ငါဒါကို လုံးဝလက်မခံနိုင်ဘူး "
ချက်ချင်းပင် တန်ဘိုဟိုင် ရဲ့ဟိုင်အရှေ့တွင် ဒူးထောက်လိုက်ပြီး...
" ဂိုဏ်းချုပ်ရဲ့ ကျေးဇူးပြုပြီးတော့ ကျွန်တော့်သမီးရဲ့အသက်ကို ကယ်တင်ပေးပါ "
ချက်ချင်းပင် တဒုန်းဒုန်းအသံများ ထွက်ပေါ်လာကာ တန်ဘိုဟိုင် ကြမ်းပြင်နှင့်နဖူးကို ပြင်းထန်စွာပင်ဆောင့်ပြီး ရဲ့ဟိုင်အား တောင်းပန်လိုက်သည်။
ထိုသို့ပြုလုပ်ချိန်တွင်လည်း စွမ်းအားကို ရုတ်သိမ်းထားသဖြင့် နဖူးက ကွဲထွက်သွားပြီး သွေးများက ရဲခနဲ ဖြာထွက်လာ၏။ ဖခင်တစ်ယောက်အနေဖြင့် မျှော်လင့်ချက်မရှိတော့ဘူး ဆိုလျှင်တောင်မှ မိမိ၏ သမီးကို ကယ်တင်ရန် လုံးဝလက်မလျှော့လိုဘူးဖြစ်သည်။
" အဖေ ဂိုဏ်းချုပ်ရဲ့က သူတတ်နိုင်သမျှ အရာအားလုံးကို လုပ်ပေးခဲ့ပြီးပါပြီ "
တန်ဝမ်ဝမ် အသက်မဲ့နေသော အမူအရာဖြင့် သူမ၏အဖေအား ပြောလိုက်၏။
သို့သော် တန်ဘိုဟိုင် ရဲ့ဟိုင်ကို မျက်ရည်များဖြင့်ကြည့်ကာ...
" ဂိုဏ်းချုပ်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် အလယ်ပိုင်းကုန်းမြေတိုက်ကြီးက အင်မော်တယ်သခင် အထွတ်အထိပ်အဆင့် မှော်ဆေးပညာရှင်တွေကို ဖိတ်ခေါ်နိုင်မယ်ဆိုတာကို ကျွန်တော်သိပါတယ် .. ကျေးဇူးပြုပြီး ကူညီပေးပါ ဂိုဏ်းချုပ် "
တန်ဘိုဟိုင် ထိုသို့ပြောလိုက်လျှင် ရှိနေသောလူများအားလုံး သူ့အား ကွဲပြားခြားနားသော အမူအရာဖြင့် ကြည့်လာလေသည်။
ဤတန်ဘိုဟိုင်က သူ့အဆင့်ကို သူ မသိဘူးလား။
ရဲ့ဟိုင်အနေဖြင့် ထိပ်တန်းအဆင့် မှော်ဆေးပညာရှင်တစ်ယောက်ကို ဖိတ်ခေါ်နိုင်သည်ဆိုတာ မှန်ကန်၏။
သို့သော် ဤကဲ့သို့ပြုလုပ်ရန် ရဲ့ဟိုင်သည် အရင်ဦးစွာ အင်မော်တယ်နန်းတော်သို့ သွားရမည်ဖြစ်သည်။ ဒုတိယအနေဖြင့် ရဲ့ဟိုင်က ထိုမှော်ဆေးပညာရှင်ကို ကျေးဇူးကြွေးတင်သွားပြီး ၎င်းအားပြန်ဆပ်ရပေမည်။
ဤအခြေအနေများ အောက်တွင် အဘယ့်ကြောင့် တန်ဘိုဟိုင်ကို ဘာအကျိုးအမြတ်မှမရှိဘဲ ကူညီပေးရမည်နည်း။
ဒီတောင်းဆိုမှုကြီးက တော်တော်လေး လွန်သွားချေပြီ။
***