" ဒါ .. ဒါ .. သခင့်မှာ ဘယ်လိုလုပ် အင်မော်တယ်ဘုရင်အဆင့် ဝိညာဥ်အနှစ်သာရသလင်းကျောက် ရှိနေတာလဲ "
" ဒါလေးက အကြီးအကဲ အင်မော်တယ်ဘုရင်တစ်ယောက် ငါ့ကို လက်ဆောင်ပေးခဲ့တာပဲ "
ရဲ့ဟိုင် ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းဖြစ်သော်လဲ ထိုစကားကြောင့် ခွန်ယင်းအာ မျက်လုံးပြူးကာ ခန္ဓာကိုယ်က ကျောက်ရုပ်လို တောင့်တင်းသွား၏။
အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်က ရဲ့ဟိုင်ကို ဤဝိညာဥ်သလင်းကျောက်အား လက်ဆောင်ပေးခဲ့သည်လား။ သူမ၏ သခင်ရဲ့ဟိုင် ရရှိနေသော အခွင့်အလမ်းများက တကယ်ကို မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။
ထိုအချိန်တွင် ရဲ့ဟိုင်က ချင်ချင် ကျင့်ကြံနေသော ခြံဝန်းရှိရာသို့ ရောက်ရှိလာ၏။ ချင်ချင်က လက်ရှိအချိန်အထိ သူပေးထားသော နတ်ဆိုးဝတ်ရည်ဖြင့် ခန္ဓာကိုယ် အသွင်ပြောင်းလဲနေဆဲဖြစ်ကြောင်း သတိပြုမိလိုက်သည်။
ချင်ချင်၏ ပါရမီအရည်အချင်းဖြင့်ဆိုလျှင် သူမအနာဂါတ်က များစွာကျင့်ကြံအဆင့် မြင့်မားနိုင်မည်မဟုတ်ချေ။ သို့သော် ရဲ့ဟိုင်သည် သူမအား နတ်ဆိုးဝတ်ရည်တစ်စက်ကို ပေးပြီးနောက် အင်မော်တယ်အရှင်အဆင့်သို့ ရောက်ရှိနိုင်သွားပြီဖြစ်၏။
ယခုတောင်မှ ရဲ့ဟိုင်တစ်ချက်ကြည့်ရုံဖြင့် ချင်ချင်၏ကျင့်ကြံအဆင့်မှာ ကောင်းကင်အမတနှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိလိုက်သည်။
" ချင်ချင် ဒီ ( 10 ) နှစ်အတွင်း အင်မော်တယ်အရှင်အဆင့်ကို ရောက်နိုင်မလားမသိဘူး "
ရဲ့ဟိုင် ထိုသို့ပြောပြီးနောက် ဖီးနစ်နတ်သမီးရှိရာခြံဝန်းသို့ ထွက်လာ၏။
ဖီးနစ်နတ်သမီးကလဲ တိတ်တဆိတ်ပင် ကျင့်ကြံနေဆဲပင်။
ရဲ့ဟိုင် တစ်ချက်သာကြည့်ပြီး ထွက်ခွာသွားခဲ့သည်။
ဖီးနစ်နတ်သမီးသည် လက်ရှိအချိန်တွင် ရွှေအင်မော်တယ်အဆင့် ( 28 ) သို့ ရောက်ရှိနေပြီဖြစ်ပြီး ထပ်မံ၍ အဆင့်တက်နိုင်ရန် ကြိုးပမ်းနေသည်ဆိုတာကို သူမြင်နေရ၏။
ဤသို့ဖြင့် မိုးကောင်းကင်အင်မော်တယ်နန်းတော်ထဲ၌ ( 3 ) နှစ်တိတိ ရဲ့ဟိုင်သည် တပည့်ပေါင်း ( 3 ) သောင်းကို သူကိုယ်တိုင် လေ့ကျင့်ပေးပြီး သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းနယ်ပယ်ကိုလည်း အခြေခိုင်မာအောင်လို့ စုစည်းနေခဲ့သည်။
အချိန်များက တဖြည်းဖြည်းဖြင့် ကုန်ဆုံးသွားပြီး...
" တစ်နှစ် "
" နှစ်နှစ် "
" သုံးနှစ် "
မိုးကောင်းကင်အင်မော်တယ်နန်းတော်ထဲတွင် ( 3 ) နှစ်တိတိ နေထိုင်ပြီးနောက် ရဲ့ဟိုင်သည် သူ၏ကျင့်ကြံခြင်းနယ်ပယ်ကို အခြေခိုင်အောင်လို့ ပြုလုပ်နိုင်သွားပြီဖြစ်၏။ ထို့နောက် ရဲ့ဟိုင် ခွန်ယင်းအာနှင့်အတူ ပြင်ပလောကရှိရာသို့ ပြန်လည်ကာ ရောက်ရှိလာသည်။
ပြင်ပတွင်ရှိနေသောလူများက ရဲ့ဟိုင်နှင့်ခွန်ယင်းအာတို့၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ခါသွားသည်ဆိုတာကိုသာ မြင်ခဲ့ရပြီး ဘာမှပြောင်းလဲခြင်းမရှိပေ။
ဤစက္ကန့်ပိုင်းလေးအတွင်း ရဲ့ဟိုင်က မိုးကောင်းကင်အင်မော်တယ်နန်းတော်ထဲတွင် ( 3 ) နှစ်တိတိ ကျင့်ကြံခဲ့သည်ဆိုတာကို သူတို့ဘယ်သောအခါမှ မှန်းဆနိုင်မည် မဟုတ်ဘူးဖြစ်၏။
ထိုအချိန်တွင် ကျင့်ကြံသူများသည် ရဲ့ဟိုင်က နောက်ထပ်ဝိညာဥ်အရည် ( 3 ) ပုလင်းကို ထုတ်ယူကာ သောက်သုံးလိုက်သည်အား အံ့အားသင့်စွာဖြင့် တွေ့လိုက်ရသည်။
" ရဲ့ဟိုင် အဆင့်ထပ်တက်ဦးမှာလား "
" သူအဆင့် ( 18 ) ခုတောင်မှ ဆက်တိုက်ချိုးဖျက်ခဲ့တာလေ၊ ဒါကိုတောင်မှ အဆင့်ဆက်တက်မယ်ဆိုတော့ သူ့ရဲ့အခြေခံ မခိုင်မာဖြစ်မှာကို မစိုးရိမ်ဘူးလား "
" ပါးစပ်ပိတ်ထားစမ်း .. ရဲ့ဟိုင်ဆိုတာ မင်းတို့ဦးနှောက်လေးနဲ့ နားမလည်နိုင်သူပဲ၊ ငြိမ်ငြိမ်ကြည့်ကြ "
" သောက်ချီး .. ဒီလိုသာဆိုရင် ရဲ့ဟိုင်နဲ့မျိုးဆက်တူ ပါရမီရှင်တွေက သူ့ကိုအမီလိုက်ဖို့အခွင့်အလမ်း ဘယ်တော့မှရနိုင်တော့မယ် မထင်ဘူး၊ ကြည့်ရတာ ကျင့်ကြံခြင်းကမ္ဘာနဲ့ ပတ်သက်ပြီး ငါတို့နားလည်နိုင်တဲ့ အသိပညာ ဗဟုသုတတွေက ရဲ့ဟိုင်နဲ့ လုံးဝမသက်ဆိုင်ဘူးထင်တယ် "
" သူ့ရဲ့ လက်ရှိ အနေအထားနဲ့ဆိုရင် ရွှေအင်မော်တယ်အဆင့် ( 20 ) ကို အလွယ်တကူရောက်နိုင်မှာပဲ၊ အဲ့ဒီအဆင့်ကို ရောက်သွားပြီဆိုရင် ( 10 ) နှစ်လောက်နောက်ကျသွားတောင်မှ ရဲ့ဟိုင်ကလက်ရှိ လူငယ်ပါရမီရှင်တွေနဲ့ ဘယ်လောက်မှ မကွာဝေးတော့ဘူး၊ ပြီးတော့ ရဲ့ဟိုင်ရဲ့ ပါရမီအရည်အချင်းနဲ့ဆိုရင် သူတို့ကိုအမီလိုက်မို့ ဘယ်လောက်ကြာမှာလဲ "
တစ်ဖက်တွင် ဝူမင်ကလဲ ကျင့်ကြံသူများ ဆွေးနွေးနေသည်ကိုနားထောင်ပြီး ရဲ့ဟိုင်ကို တောက်ပသောမျက်လုံးများဖြင့် ကြည့်နေ၏။
ဝူမင်သည် ရဲ့ဟိုင်ကို ဘယ်တုန်းကမှ လျှော့တွက်ခဲ့ခြင်းမရှိပေ။
အရှေ့ပိုင်းကုန်းမြေတိုက်ကြီး တစ်ခုလုံး ရဲ့ဟိုင်ကို ဆက်လက်၍ မကျင့်ကြံနိုင်တော့ကြောင်း ယုံကြည်နေကြသည့်အချိန်၌ ဝူမင်သည် ၎င်းမှာ ယာယီသာဖြစ်ကြောင်း ကျိန်းသေသိခဲ့သည်။
ယခုတော့ ရဲ့ဟိုင်က လုပ်ဆောင်ချက်များဖြင့် လူတိုင်း၏ရှေ့တွင် သူ့ပါရမီအား ရှင်းရှင်းလင်းလင်း သက်သေပြနေချေပြီ။
ယခင် အရှေ့ပိုင်းကုန်းမြေတိုက်ကြီး၏ ပြိုင်ဘက်ကင်း နံပါတ်တစ်ပါရမီရှင်က လူတိုင်း၏ရှေ့သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်၏။
" ရွှေအင်မော်တယ်အဆင့် ( 19 ) " " ရွှေအင်မော်တယ်အဆင့် ( 20 ) "
" ရွှေအင်မော်တယ်အဆင့် ( 21 ) "
ရွှေအင်မော်တယ်အဆင့် ( 21 ) သို့ ရောက်ရှိသွားသောအခါ ရဲ့ဟိုင်က ဝိညာဥ်အရည် ( 3 ) ပုလင်းကို ထပ်မံ၍ သောက်လိုက်သည်ကို လူတိုင်းတွေ့လိုက်ရပြန်သည်။
" ရွှေအင်မော်တယ်အဆင့် ( 22 ) "
" ရွှေအင်မော်တယ်အဆင့် ( 23 ) "
" ရွှေအင်မော်တယ်အဆင့် ( 24 ) "
ရဲ့ဟိုင်သည် ထိုကျင့်ကြံအဆင့် ရောက်သောအခါ ခွန်ယင်းအာ၏ လက်ကိုကိုင်ဆွဲပြီး ထပ်မံ၍ မိုးကောင်းကင် အင်မော်တယ်နန်းတော် ထဲသို့ ဝင်ရောက်သွားပြန်၏။
သို့သော်လည်း ရဲ့ဟိုင်သည် ဒီတစ်ခေါက် အချိန်စွမ်းအားဖြင့် ကျင့်ကြံခြင်းကို အခြေခိုင်မာအောင် ပြုလုပ်ပြီးနောက် ဆက်၍ရူးရူးမိုက်မိုက် အဆင့်မတက်သင့်တော့ကြောင်း နားလည်သည်။
ထို့နောက် သူသည် မိုးကောင်းကင် အင်မော်တယ် နန်းတော်ထဲရှိ ပါရမီရှင် ( 3 ) သောင်းကို ဆက်လက်၍ လမ်းညွှန်သင်ကြားပေးရင်း ကျင့်ကြံခြင်းကို အခြေခိုင်အောင်လို့ ( 3 ) နှစ်တိတိ စုစည်းနေခဲ့၏။
ယခုတစ်ခေါက်တွင်တော့ ရဲ့ဟိုင်သည် ပြင်ပကမ္ဘာကို ပြန်လည်ရောက်ရှိလာသည့်အချိန်တွင် ခွန်ယင်းအာ၏ နူးညံ့သောလက်လေးကို လွှတ်ပေးလိုက်ပြီး လူတိုင်း၏အကြည့်အောက်၌ တန်ဝမ်ဝမ်ရှိရာသို့ ရောက်လာသည်။
" ငါမင်းကို ကုပေးတော့မယ် "
ရဲ့ဟိုင်ထိုသို့ပြောလိုက်လျှင် ပတ်ပတ်လည်၌ စောင့်ကြည့်နေသော လူများအားလုံးက သက်ပြင်းချလိုက်ကြ၏။ နောက်ဆုံးတော့ ထိုနတ်ဆိုးက ကျင့်ကြံအဆင့်ကို အဆင့်တက်နေခြင်းအား ရပ်တန့်သွားပြီဖြစ်သည်။ သူအဆင့်တက်ရန် ရပ်တန့်လိုက်ခြင်းက အကုန်လုံး၏ နှလုံးသားအပေါ်တွင်ရှိနေသော လေးလံသည့်ကျောက်တုံးကြီးကို ဖယ်ရှားလိုက်သလိုပင်။ စိတ်သက်သာရာ ရသွားစေ၏။
ရဲ့ဟိုင်က မည်မျှကြောက်စရာကောင်းသည်ဆိုတာကို လက်ရှိအချိန်၌ လူတိုင်းက နားလည်သွားပြီဖြစ်သည်။
အသက်ရှူကြိမ်အနည်းငယ်အတွင်း လူတစ်ယောက်အဆင့် ( 24 ) ခုကို ဆက်တိုက်အဆင့်တက်ခဲ့သည်ဆိုသောဖြစ်ရပ်က သမိုင်းစံချိန်တင်ခဲ့ပြီး ဤစံချိန်ကို မည်သည့်ခေတ်တွင် ထွက်ပေါ်လာသည့် ပါရမီရှင်ကမှ ချိုးဖျက်နိုင်တော့မည်မဟုတ်ချေ။
" ဟုတ် .. ဟုတ် .. ဟုတ်ကဲ့ "
တန်ဝမ်ဝမ်မှာ ယောင်ယောင်အအဖြင့် ခေါင်းကိုညိတ်လိုက်၏။
ထိုအချိန်တွင် ရဲ့ဟိုင် လက်ဟန်နည်းစနစ်တစ်မျိုးကို ပြုလုပ်လိုက်သည်နှင့် တန်ဝမ်ဝမ်၏ဦးခေါင်းထိပ်၌ မှော်ဆေးစည်းတံဆိပ်တစ်ခုက ဖြစ်ပေါ်လာပြီး ၎င်းမှော်ဆေးစည်းတံဆိပ်မှ ပိုးချည်မျှင်လို မျဥ်းကြောင်းများ ဖြာထွက်လာကာ တန်ဝမ်ဝမ်၏ အဓိကသွေးကြောအမှတ်များဆီသို့ ချိတ်ဆက်သွားသည်။
ထိုသို့ချိတ်ဆက်သွားသည်နှင့် တန်ဝမ်ဝမ်၏ ခန္ဓာကိုယ်တစ်ခုလုံး၏ အဓိကသွေးကြောအမှတ်များ၌ ဆန်းကြယ်သော ရှေးဟောင်းဆေးစည်းတံဆိပ်ရုဏ်းများက ဖြစ်ပေါ်လာ၏။
ထိုဆေးစည်းတံဆိပ်ရုဏ်းများက အလွန်လေးနက်သော နက်ရှိုင်းသည့်နည်းစနစ်များ ကိန်းအောင်းနေပုံရပြီး ပတ်ပတ်လည်ရှိ မှော်ဆေးပညာရှင်များအားလုံးကို အံ့အားသင့်ကာ မျက်လုံးများ အရောင်တောက်ပလာစေလေသည်။
" ဒါက .. ဘယ်လိုမှော်ဆေးစည်းတံဆိပ်လဲ "
" အရင်က ငါတစ်ခါမှ ဒီလိုစည်းတံဆိပ်မျိုးကို မမြင်ဖူးဘူး၊ အဲ့ဒီဆေးစည်းတံဆိပ်က လျှို့ဝှက်ဆန်းကြယ်ပြီး နားမလည်နိုင်တဲ့စွမ်းအားတွေ ပါဝင်နေတယ်ဆိုတာကို ငါကောင်းကောင်းခံစားနိုင်တယ် "
" ရဲ့ဟိုင် ဘယ်တုန်းက ဒီလောက်အဆင့်မြင့်မားတဲ့ မှော်ဆေးပညာကို သင်ယူခဲ့တာလဲ "
" ဒီနည်းစနစ်ကိုကြည့်ရုံနဲ့ ရဲ့ဟိုင်မှော်ဆေးပညာရပ်ကို ဘယ်လောက်တောင်မှ နက်နက်ရှိုင်းရှိုင်း နားလည်ထားလဲဆိုတာကို သိနိုင်တယ် "
***