မဟာအကြီးအကဲချင်ကလဲ ရဲ့ဟိုင်အသုံးပြုနေသော မှော်ဆေးစည်းတံဆိပ်ကိုကြည့်ပြီး စိတ်ထဲတွင် ကြောက်ရွံ့မှုလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာ၏။
အဘယ့်ကြောင့်ဆိုသော် မဟာအကြီးအကဲချင်သည် ရဲ့ဟိုင်ဖန်တီးထားသော မှော်ဆေးစည်းတံဆိပ်ထဲမှ ရှေးဟောင်းမှော်ဆေးပညာနည်းစနစ်များ၏ အရိပ်အမြွက်ကို မြင်လိုက်ရသောကြောင့်ပင်။
" ရဲ့ဟိုင် ရှေးဟောင်းမှော်ဆေးပညာရပ်လမ်းစဥ်ကို အမွေဆက်ခံခဲ့တာလား "
မဟာအကြီးအကဲချင် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။
တကယ်တော့ မဟာအကြီးအကဲချင်သည် ရဲ့ဟိုင်က မှော်ဆေးဘုရင်၏ အမွေအနှစ်ကို ဆက်ခံခဲ့သည်အား လုံးဝမသိရှိပေ။
မှော်ဆေးဘုရင်၏ အမွေအနှစ်ဆိုသည်မှာ ရှေးဟောင်းမှော်ဆေးပညာရပ်လမ်းစဥ်၏ အထွတ်အထိပ် တည်ရှိမှုဟု ယူဆနိုင်လေသည်။
ဆေးစည်းတံဆိပ်မှ ထွက်ပေါ်လာသည့် ဆေးရုဏ်းများက တန်ဝမ်ဝမ်၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသောအခါ ရဲ့ဟိုင် သူမ၏ခန္ဓာကိုယ်ထဲတွင် ပိတ်ဆို့ခံထားရသော ရှေးဉီးဝိညာဥ်ချီများကို ပေါက်ကွဲစေလိုက်၏။
ထို့နောက် ကြောက်စရာကောင်းသော ရှေးဉီးဝိညာဥ်စွမ်းအင်များကို ချက်ချင်းပင် တန်ဝမ်ဝမ်၏ ခြေလက်များနှင့် အရိုးများဆီသို့ တွန်းပို့ပေးလိုက်သည်။
ထိုကဲ့သို့ စွမ်းအင်များ တဟုန်ထိုး တိုးဝင်လာသောအခါ တန်ဝမ်ဝမ်၏ ခန္ဓာကိုယ်ထဲတွင်ရှိသော ခြောက်သွေ့နေသည့် သွေးကြောများက ချက်ချင်းပင် တောက်ပစိုပြည်လာပြီး ရှေးဉီးဝိညာဥ်ချီများကို အရူးအမူးပင် ဝါးမြိုတော့၏။
" အဲ့ဒီစွမ်းအားတွေအကုန်လုံးကို ကျင့်ကြံအဆင့်တက်ဖို့အတွက် အတားအဆီးကို တိုက်ခိုက်လိုက် "
ရဲ့ဟိုင် အသံက တန်ဝမ်ဝမ်၏ နားထဲတွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။
တန်ဝမ်ဝမ် ချက်ချင်းပင် ရဲ့ဟိုင်၏ညွှန်ပြချက်ကို လိုက်နာပြီး ထိုစွမ်းအင်များကို အဆင့်တက်ရန်အတွက် အတားအဆီးဆီသို့ လမ်းညွှန်ပေးလိုက်၏။
အသက်ရှူကြိမ် နှစ်ခါစာအတွင်း တန်ဝမ်ဝမ်၏ ကျင့်ကြံအဆင့်က ကောင်းကင်အမတ အလယ်အလတ်အဆင့်ကို ဖြတ်ကျော်သွားသည်။
" မရပ်နဲ့ .. အဆင့်ဆက်တက် "
တန်ဝမ်ဝမ် သူမကျင့်ကြံအဆင့်တက်သွားလို့ ပျော်ရွှင်မှုကို အပြည့်အဝ မခံစားရသေးခင် ရဲ့ဟိုင်၏ အသံက ထပ်မံ၍ ထွက်ပေါ်လာပြန်၏။
ထို့နောက် ကောင်းကင်အမတနှောင်းပိုင်းအဆင့်...
" ကောင်းကင်အမတ အထွတ်အထိပ်အဆင့် "
" ကျောက်စိမ်းအင်မော်တယ်အဆင့် "
တန်ဝမ်ဝမ်သည် သူမ၏ကျင့်ကြံအဆင့်က ကျောက်စိမ်းအင်မော်တယ်အဆင့်ကို ရောက်ရှိသွားသောအခါ အရေးကြီးသည့် တစ်စုံတစ်ခုကို ရုတ်တရက် သတိရမိသွားသည်။
" ဂိုဏ်းချုပ်ရဲ့ .. ကျွန်မဒီလိုမျိုး အဆင့်တွေဆက်တိုက်တက်လိုက်တာက အခြေခံအုတ်မြစ်ကို မတည်မငြိမ် ဖြစ်မသွားစေနိုင်ဘူးလား "
" မင်းအခုချိန်အထိ အဆင့်ဆက်တိုက် တက်ခဲ့တဲ့အချိန်မှာ ကျင့်ကြံရတာ ဘာအနှောင့်အယှက်အခက်အခဲရှိတာကို ခံစားရလို့လဲ "
ရဲ့ဟိုင်ပြုံးပြီးပြောလိုက်လျှင် တန်ဝမ်ဝမ်၏ မျက်နှာ၌ အံ့အားသင့်မှုများ ထွက်ပေါ်လာ၏။
တကယ်လဲ သူမ ကျင့်ကြံအဆင့် ဆက်တိုက်တက်လာသော်လည်း ဘာအနှောင့်အယှက် အဟန့်အတားကိုမှ မခံစားရပေ။ အရာအားလုံးက ချောချောမွေ့မွေ့ဖြင့် အဆင့်တက်နေခြင်းဖြစ်သည်။
" ဘာလို့လဲ "
သူမတအံ့တဩဖြင့် ပြန်မေးလိုက်၏။
" ငါ့အထင်တော့ မင်းရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ရှေးဉီးဝိညာဥ်က မင်းရဲ့အတိတ်ဘဝဝိညာဥ် ဖြစ်နေတဲ့ပုံပဲ၊ ဒါမှမဟုတ် မင်းရဲ့ခန္ဓာကိုယ်ထဲမှာ မွေးကတည်းက တည်ရှိနေတဲ့ ဝိညာဥ်အကြွင်းအကျန်လဲ ဖြစ်နိုင်တယ် "
" ဒါပေမဲ့ အဲ့တာတွေက မင်းအတွက်ဘာမှ အရေးမကြီးဘူး၊ အရေးကြီးတာက ဒီရှေးဉီးဝိညာဥ်ဆိုတာ မင်းရဲ့စိတ်ဝိညာဥ်နဲ့ ခန္ဓာကိုယ်ကို လုံးဝလိုက်ဖက်ညီနေတယ်ဆိုတာပဲ "
" မင်းရဲ့ခန္ဓာကိုယ် ဒီလိုမျိုး သေမလိုဖြစ်သွားရတဲ့ အကြောင်းအရင်းကတော့ အဲ့ဒီရှေးဉီးဝိညာဥ်ရဲ့စွမ်းအားတွေကို ခန္ဓာကိုယ်ဆီ မဖြန့်ကျက်နိုင်လို့ ဖြစ်နေတာ"
ရဲ့ဟိုင်၏ ရှင်းပြချက်များအားလုံးက တန်ဝမ်ဝမ်ကို အလွန်ပင် အံ့အားသင့်စေသည်။
" တကယ်တော့ နောက်ထပ်အခြေအနေတစ်ခုရှိသေးတယ်၊ အဲ့တာကတော့ မင်းရဲ့လက်ရှိမိသားစုက မင်းကိုဒီလိုအနေအထား ဖြစ်စေခဲ့တာပဲ၊ ဒီအသက်အရွယ်ထိ မင်းရဲ့ မင်းမိသားစုကမင်းကို ကောင်းကင်အမတ အစောပိုင်းအဆင့်ကိုပဲရောက်အောင်လို့ ထောက်ပံ့ပေးနိုင်စွမ်းပဲ ရှိခဲ့တယ်၊ မင်းသာ ဒီအသက်အရွယ်နဲ့ ကျောက်စိမ်းအင်မော်တယ်အဆင့်ကို ရောက်နေမယ်ဆိုရင် အခုလိုအခြေအနေမျိုး လုံးဝဖြစ်လာမှာမဟုတ်ဘူး၊ အဲ့တာကြောင့် ငါမင်းကိုကူညီပြီးတော့ အဲ့ဒီဝိညာဥ်စွမ်းအင်တွေကို ခန္ဓာကိုယ်ထဲ ဖြန့်ကျက်နိုင်အောင်လို့ လုပ်ပေးလိုက်တာ "
ရဲ့ဟိုင် ထိုသို့ပြောပြီးသည့်အချိန်တွင် တန်ဝမ်ဝမ်၏ ကျင့်ကြံအဆင့်မှာ ကျောက်စိမ်းအင်မော်တယ် တတိယအဆင့်သို့ပင် ရောက်ရှိနေပြီ၏။
ထိုအချိန်တွင် ရဲ့ဟိုင်၏ လှုပ်ရှားနေသော လက်ဟန်နည်းစနစ်များအကုန်လုံးက ရပ်တန့်သွားသည်။
" မင်းအခု ဘယ်လိုခံစားရလဲ "
ရဲ့ဟိုင် တန်ဝမ်ဝမ်အားကြည့်ကာ ပြုံးပြီးမေးလိုက်၏။
" အရင်ကလို အဆင်မပြေဖြစ်ပြီး အားနည်းတဲ့ခံစားချက် လုံးဝမခံစားရတော့ဘူး .. ပြီးတော့ အရင်က ထက်လဲ အများကြီးပိုသန်မာလာတယ် "
တန်ဝမ်ဝမ် သူမ၏ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
" ငါခုနက လုပ်သလိုပဲ မင်းရှေးဉီးဝိညာဥ်စွမ်းအားတွေကို အမြဲတမ်း ခန္ဓာကိုယ်ကို အဲ့လိုဖြန့်ကျက်ပေး၊ ရှေးဉီးဝိညာဥ်စွမ်းအားအကုန်လုံးကိုသာ ခန္ဓာကိုယ်နဲ့ တစ်သားတည်းပေါင်းစပ်နိုင်သွားပြီဆိုရင် နောက်ဆုံးမှာ မင်း အင်မော်တယ် အရှင်အဆင့်တောင် ရောက်သွားနိုင်မယ်ထင်တယ် "
ထိုသို့ပြောပြီးသည်နှင့် ရဲ့ဟိုင် တစ်ခဏတာ စဥ်းစားပြီးနောက်...
" ပြီးရင် ယွမ်ဟန်ဂိုဏ်းက တာဝန်ရှိတဲ့လူကို နာမည်စာရင်းသွားပေးလိုက် .. မင်းကိုသူက ရာထူးတစ်ခု စီစဥ်ပေးလိမ့်မယ် "
" အမ် .. "
ငြိမ်၍ နားထောင်နေသော တန်ဝမ်ဝမ်မှာ ရဲ့ဟိုင်၏ နောက်ဆုံးစကားကြောင့် အံ့အားသင့်ပြီး ဆွံ့အသွား၏။
ရဲ့ဟိုင်သည် သူမ၏ရောဂါကို ကုသပေးရုံသာမက ယွမ်ဟန်ဂိုဏ်းတွင်လည်း ရာထူးတစ်ခု စီစဥ်ပေးမည်ဟု လုံးဝ မမျှော်လင့်ထားပေ။
" သမီး ဂိုဏ်းချုပ်ကို မြန်မြန်ကျေးဇူးတင်လိုက်လေ "
တန်ဘိုဟိုင် သူ၏သမီး ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာကို သတိပြုမိသောအခါ ကမန်းကတန်းပင် သတိပေးလိုက်သည်။
ဤအရာက ကြီးမားသော မဟာအခွင့်အရေးကြီးဖြစ်လေ၏။
ရဲ့ဟိုင် ဆိုသည်မှာ မည်သူဖြစ်သနည်း။
အနာဂါတ်တွင် အင်မော်တယ်ဘုရင်အဆင့် ဖြစ်လာနိုင်သူပင်။
ယခုတောင်မှ အရှေ့ပိုင်း ကုန်းမြေတိုက်ကြီး တစ်ခုလုံး၏ သခင်ဟု ဆိုလို့ရသည်။
တန်ဝမ်ဝမ်သည် အင်မော်တယ်အရှင်အဆင့်သို့ရောက်ရှိရန် အလားအလာရှိသော်လည်း သူမမည်မျှပင် သန်မာပါစေ အင်မော်တယ်ဘုရင်အဆင့်နှင့်တော့ သွားပြီးယှဥ်နိုင်မည်မဟုတ်ချေ။
အထူးသဖြင့် ပိုပြီးအရေးကြီးသော အရာတစ်ခု ရှိသေး၏။
တန်ဝမ်ဝမ်က လက်ရှိအချိန်တွင် လူအများ၏ ရှေ့၌ ရှေးဉီးဝိညာဥ်ကို ဖော်ထုတ်ပြခဲ့ခြင်းဖြစ်သည်။ ယွမ်ဟန်ဂိုဏ်း၏ အကာအကွယ် မပါဘဲဖြင့် သူမဆက်လက်၍ ရှင်သန်ဖို့ဆိုတာက မေးခွန်းထုတ်စရာပင်။
တန်ဝမ်ဝမ်က ထိုအကြောင်းများကို မတွေးမိသော်လည်း တန်ဘိုဟိုင်က မတွေးမိဘူးဟု မဆိုလိုဘူးဖြစ်၏။
သူမအဖေ၏ အကြည့်ကို မြင်သောအခါ တန်ဝမ်ဝမ် အလျင်အမြန်ပင် ဒူးထောက်လိုက်သည်။
" ဒီလက်အောက်ငယ်သားက ဂိုဏ်းချုပ်ရဲ့ ချီးမြှင့်မှုကို ကျေးဇူးအထူးတင်ရှိပါတယ်၊ ယနေ့အချိန်ကစပြီး ကျွန်မတန်ဝမ်ဝမ်က ယွမ်ဟန်ဂိုဏ်းကို သေတဲ့အထိ သစ္စာရှိသွားမှာပါ "
တန်ဝမ်ဝမ်၏ ထိုအမူအရာကိုကြည့်ပြီး ရဲ့ဟိုင် ခေါင်းကိုသာညိတ်ပြလိုက်၏။ တကယ်ဆို တန်ဝမ်ဝမ်လို ပါရမီရှင်တစ်ယောက်ကို သူကယွမ်ဟန်ဂိုဏ်း၏ လက်ရှိအဓိက ပြုစုပျိုးထောင်နေသော အဖွဲ့အစည်းထဲသို့ ထည့်လိုက်လို့ရသည်။
သို့သော် လူတိုင်းက ယွမ်ဟန်ဂိုဏ်း၏ အဓိကပြုစုပျိုးထောင်ခြင်းကို ခံရရန်အတွက် အရည်အချင်း မပြည့်မီချေ။
" ကောင်းပြီ မင်းတို့နှစ်ယောက် ဒီနေရာမှာပဲ ထိုင်ခုံတစ်ခုရှာပြီး ထိုင်လိုက်ကြ "
တန်ဘိုဟိုင်နှင့် တန်ဝမ်ဝမ်တို့ နှစ်ယောက်လုံး ချက်ချင်းပင် မဟာအကြီးအကဲချင်၏ ဘေးနားရှိ လွတ်နေသော ထိုင်ခုံနှစ်လုံးကိုယူကာ ထိုင်လိုက်ကြလေ၏။
***