ထိုအချိန်တွင် ချက်ချင်းပင် တန်ဘိုဟိုင်၏ အနားသို့ ကောင်းကင်အဆင့်နေရာရှိ ဂိုဏ်းခေါင်းဆောင် တော်တော်များများက ချဥ်းကပ်လာကြလေသည်။ ၎င်းတို့ထဲမှ အချို့ဆိုလျှင် တန်ဝမ်ဝမ်နှင့် သူတို့မိသားစု လက်ထပ်ထိမ်းမြားနိုင်ရန်ပင် ကမ်းလှမ်းလာကြ၏။
သို့သော် တန်ဘိုဟိုင်မှာ အကုန်လုံးကို ပြတ်ပြတ်သားသားပင် ငြင်းပယ်ခဲ့သည်။
တန်ဝမ်ဝမ်ကို ရဲ့ဟိုင်က စိတ်မဝင်စားလျှင်တောင်မှ သူက မိမိသမီးကို အခြားလူများနှင့် လက်ထပ်ထိမ်းမြားပေးမည် မဟုတ်ချေ။
ဤအရာက မည်ကဲ့သို့သော ဟာသဖြစ်သနည်း။
သူ၏ သမီးမှာ အနာဂါတ်တွင် အင်မော်တယ်အရှင်အဆင့်ကိုပင် ရောက်ရှိနိုင်သောသူဖြစ်၏။
" ယွမ်ဟန်ဂိုဏ်းတည်ထောင်ခြင်းအခမ်းအနားကို တက်ရောက်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါပဲ "
ရဲ့ဟိုင် အကုန်လုံးကို လှည့်ပတ်ကြည့်လိုက်ပြီးနောက်...
" ဒီနေ့ဒီအချိန်ကစပြီး ယွမ်ဟန်ဂိုဏ်းကို တရားဝင်တည်ထောင်လိုက်ပြီလို့ ငါအားလုံးကိုကြေညာတယ် "
ရဲ့ဟိုင်၏စကားဆုံးသည်နှင့် အမြောက်သံက လေဟာနယ်ကို အုန်းခနဲမြည်ဟီးသွားပြီး ပဲ့တင်ထပ်သွားစေသည်။
အသံများကျယ်လာသည်နှင့်အမျှ အခန်းထဲရှိ ကျင့်ကြံသူများအားလုံးသည် လေဟာနယ်က အက်ကွဲပြီး တွင်းပေါက်ကြီးများ ဖြစ်သွားသည်ကို တွေ့လိုက်ရ၏။
" လေဟာနယ်အက်ကွဲသွားတယ် "
" ဘာတွေဖြစ်နေတာလဲ "
" နေဦး အဲ့တာ ရှေးဉီးစွမ်းအင်အမြောက်မလား "
" ရှေးဉီးစွမ်းအင်အမြောက် .. အဲ့တာက အင်မော်တယ်သခင်အဆင့်တွေကိုတောင် သတ်နိုင်တယ်ဆိုတဲ့ ဒဏ္ဍာရီလာအမြောက်လား "
" ယွမ်ဟန်ဂိုဏ်းမှာ အဲ့လိုအမြောက်တောင် ရှိနေတယ်ပေါ့ "
" မမေ့နဲ့လေ ယွမ်ဟန်ဂိုဏ်းက အင်မော်တယ်သခင်အဆင့် စစ်သင်္ဘောတွေကိုတောင် ပိုင်ဆိုင်ထားတာ ရှေးဉီးအမြောက်ရှိတာ ဘာမှမထူးဆန်းဘူး "
" ကြည့်ရတာ ယွမ်ဟန်ဂိုဏ်းရဲ့လက်ရှိအင်အားက အရှေ့နတ်နန်းတော်ထက်တောင် အများကြီးသာလွန်နေပြီထင်တယ် "
အခန်းထဲရှိလူတိုင်းက ထိုကိစ္စကို ဆွေးနွေးနေကြသည့်အချိန်တွင် ဟောင်ဖုဂျန်နှင့် အရှေ့နတ်နန်းတော်မှ လူများအားလုံးကတော့ မျက်နှာတွင် ခါးသီးမှုများ ပြည့်နှက်နေကြသည်။
အကယ်၍ အရှေ့နတ်နန်းတော်သာ ရွှီမိသားစုကို တိုက်ခိုက်ရန်အတွက် တပ်ဖွဲ့များ စေလွှတ်ခဲ့မည်ဆိုလျှင် ယနေ့ရဲ့ဟိုင်ပိုင်ဆိုင်သော အရာများအားလုံးက သူတို့နှင့်သက်ဆိုင်နေမည်ဖြစ်၏။
သို့သော် ယခုတော့ သူတို့တွင် ဤကဲ့သို့အခွင့်အရေး လုံးဝမရှိတော့ချေ။ နောင်တဆိုတာ ပြန်မပြင်နိုင်တော့သည့် အချိန်ကျမှ ထွက်ပေါ်လာသည့်အရာဖြစ်သည်။
ထိုအချိန်တွင် ရှေးဉီးစွမ်းအင်အမြောက်သံက ရုတ်တရက် ပြတ်တောက်သွားပြီး နာကျင်စွာ အော်ဟစ်သံများနှင့်အတူ သွေးမိုးက အောက်သို့ရွာကျလာလေ၏။
ထိုမြင်ကွင်းက အခန်းထဲတွင်ရှိသော ကျင့်ကြံသူများအားလုံးကို တုန်လှုပ်ခြောက်ခြားသွားစေသည်။
" ရဲ့ဟိုင် .. ငါ့ရဲ့ ဒီလက်ဆောင်က ဘယ်လိုလဲ "
ထိုအချိန်တွင် သွေးနီရောင်ရဲရဲတောက်နေသည့် ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသော လူငယ်တစ်ယောက်က လေထုထဲတွင် ထွက်ပေါ်လာပြီး ရဲ့ဟိုင်ကို လှောင်ပြုံးနှင့်အတူကြည့်ကာ ပြောလိုက်၏။
ထိုလူငယ်၏ လက်ထဲတွင်ရှိနေသော သွေးနီရောင်ဓားသည် သန်မာလွန်းလှသော သွေးဆာသည့်အရှိန်အဝါနှင့် နတ်ဆိုးဆန်သည့် အရှိန်အဝါများကို ထုတ်လွှတ်နေသောကြောင့် အဝေးကပင် ကြည့်နေသောလူများအားလုံး စိတ်များထိန်းမနိုင်သိမ်းမရ ဖြစ်လာစေသည်။
ရဲ့ဟိုင် ထိုလူငယ်ကို မျက်မှောင်ကုပ်ကာ ကြည့်လိုက်၏။
" နောက်ဆုံးတော့ မင်းပေါ်လာပြီပေါ့ .. ကြွက်ကလေး "
" မင်းဘာပြောလိုက်တယ် "
တစ်ဖက်တွင် လူငယ်မှာ ရဲ့ဟိုင်က သူ့ကို ကြွက်ကလေးဟု ခေါ်လိုက်သဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
" အစကတော့ မင်းကိုငါ ခဏလွှတ်ပေးထားမလို့ပဲ .. ဒါပေမဲ့ ငါ့ရဲ့ယွမ်ဟန်ဂိုဏ်းက တပည့်တွေကို ထိရဲတယ်ဆိုတော့ မင်းဒီနေ့ ကျိန်းသေသေကို သေရမယ် "
စကားဆုံးသည်နှင့် ရဲ့ဟိုင်၏ ခန္ဓာကိုယ်က ရိပ်ခနဲပျောက်ကွယ်သွားပြီး ထိုလူငယ်၏ရှေ့တွင် ထွက်ပေါ်လာ၏။
ထိုလူငယ် မတုံ့ပြန်နိုင်ခင်မှာပင် သွေးနီရောင်ဓားက အလိုအလျောက် လှုပ်ရှားလာသည်။
တုန်လှုပ်ခြောက်ခြားဖွယ် စိတ်ကိုကယောင်ခြောက်ခြားဖြစ်စေသည့် ဆိုးယုတ်သောအသံကို ဓားက ထုတ်လွှတ်လာပြီး ရဲ့ဟိုင်၏နှလုံးသားတည့်တည့်နေရာကို တိုက်ရိုက်တိုးဝင်လာ၏။
ဓား၏လှုပ်ရှားမှုက အလွန်ပင်မြန်လှသည်။
သို့သော် ရဲ့ဟိုင်က ပို၍မြန်နေလေ၏။
ရဲ့ဟိုင် ထိုဓားကို လက်ဖြင့်ပုတ်လိုက်လျှင် ကြောက်စရာကောင်းသောစွမ်းအားက ဓားကိုတုန်ခါသွားစေပြီး လူငယ်မှာ ဓားအားဆက်လက်ကိုင်ထားနိုင်ခြင်း မရှိတော့ပေ။ သွေးနီရောင်ဓားက သူ၏ လက်မှလွတ်ပြီး အဝေးသို့ လွင့်ထွက်သွားသည်။
ထိုအဖြစ်အပျက်က လူငယ်၏မျက်လုံးကို ပြူးကျယ်သွားစေကာ မယုံကြည်နိုင်မှုများ ပြည့်နှက်လာစေ၏။
လူငယ်သည် ဤရက်ပိုင်းအတွင်း တိတ်တဆိတ် ကျင့်ကြံနေခြင်းဖြစ်သဖြင့် ရဲ့ဟိုင်မည်မျှသန်မာသည်ဆိုတာကို မသိချေ။ မဟုတ်လျှင် သူ ဤနေရာကို လာတောင်လာရဲမည် မဟုတ်ဘူးဖြစ်သည်။
ထိုအချိန်တွင် အုန်းခနဲပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ရဲ့ဟိုင် လက်သီးမြှောက်ကာ ထိုလူငယ်၏ ရင်ဘတ်ကို တိုက်ရိုက်ပင် ထိုးချလိုက်၏။
လူငယ်မှာ ကာကွယ်နိုင်ခြင်းပင်မရှိဘဲ မီတာရာနှင့်ချီကို ဖုန်းခနဲလွင့်ထွက်သွားသည်။
သူ၏ခန္ဓာကိုယ်ကို ပြန်လည်ရပ်တန့်လိုက်သည့်အချိန်တွင် ပါးစပ်မှသွေးများက အတောင့်လိုက်အန်ထွက်လာလေ၏။
" နတ်ဆိုးဓား .. ငါ့အတွက် သူ့ကိုသတ်စမ်း "
လူငယ်သည် အဝေးသို့လွင့်ထွက်သွားသော နတ်ဆိုးဓားကို စိတ်ဖြင့်ထိန်းချုပ်ပြီး အမိန့်ပေးလိုက်သည်။
ထိုမြင်ကွင်းကို ကြည့်ပြီး ရဲ့ဟိုင်၏ မျက်ခုံးက အပေါ်သို့ပင့်တက်သွား၏။
သူ၏ယခုနက လက်သီးချက်ထဲတွင် ခွန်အား ( 10 ) ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့သော်လည်း ထိုခွန်အား ( 10 ) ရာခိုင်နှုန်းအောက်တွင် ဤလူငယ် ယခုလိုမျိုး အကောင်းအတိုင်း ရှိမနေသင့်ပေ။
ထိုလူငယ်မှာ လက်ရှိအချိန်တွင် ရွှေအင်မော်တယ်အဆင့်သာ ရှိသေးသည်။ သူက အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်သည့်စွမ်းအား ပိုင်ဆိုင်ထားသည့် အကြောင်းအရင်းမှာ သွေးနတ်ဆိုးဓား၏ အကူအညီကြောင့်ပင်။
ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများ၏ ရုပ်ခန္ဓာသည် ကျောက်စိမ်းအင်မော်တယ်အဆင့်တွင် မိမိရောက်ရှိနိုင်ခဲ့သော အဆင့်ပေါ်မူတည်ပြီး သန်မာခြင်းဖြစ်၏။ ထိုကောင်၏ ပင်ကိုယ်ပါရမီအရည်အချင်းအရဆိုလျှင် ကျောက်စိမ်းအင်မော်တယ်အဆင့် ( 27 ) ကိုတောင်မှ မရောက်ရှိနိုင်လောက်ပေ။
သို့သော် အဘယ့်ကြောင့် ထိုကောင်၏ ခန္ဓာကိုယ်က သူ၏လက်သီးချက်ကို တောင့်ခံနိုင်နေရသနည်း။
" ထွီ .. ရဲ့ဟိုင် ဒါက မင်း ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) ရုပ်ခန္ဓာရဲ့ စွမ်းအားအကုန်ပဲလား "
လူငယ်မှာ ပါးစပ်မှသွေးများကို ထွေးထုတ်လိုက်ပြီး ရဲ့ဟိုင်ကို လှောင်ပြုံးနှင့်ကြည့်လိုက်ကာ
" လူတွေက မင်းကရဲ့ စွမ်းအားကို ကြောက်စရာလို့ ထင်မှတ်နေကြပေမဲ့ ငါ့အတွက်တော့ သာမန်ထက် မပိုပါဘူး "
ရဲ့ဟိုင် ထိုလူငယ်ကို မျက်လုံးမှေးစဥ်းကာကြည့်လိုက်ပြီး...
" သာမန်ပဲတဲ့လား "
စကားဆုံးသည်နှင့် ရဲ့ဟိုင် လူငယ်၏ရှေ့တွင်ပေါ်လာပြီး ရင်ဘတ်ကိုလက်သီးဖြင့် ထပ်မံထိုးချလိုက်၏။
ကျယ်လောင်သော အုန်းခနဲပေါက်ကွဲသံနှင့်အတူ လက်သီးချက်ကြောင့် ပတ်ပတ်လည်လေဟာနယ်က တိုက်ရိုက်အက်ကွဲပြီးပျက်စီးသွားလေသည်။
***