သူတို့၏ စိတ်ထဲတွင် မိစ္ဆာမင်းသားသည် တစ်ခါမျှ အရှုံးမပေးခဲ့ဖူးချေ။ ဒဏ်ရာရရှိခဲ့ခြင်းမျိုးပင် မရှိခဲ့ပါ။
တော်ဝင်မျိုးနွယ်တစ်ဦးက ဘယ်လိုလုပ် သွေးထွက်သံယို ဖြစ်နိုင်ပါမည်နည်း၊
“ပြီးပြီ ... အားလုံး ပြီးသွားပြီ”
ဝူမုဖန်သိုက်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားတော့သည်။ သူမ၏ရှေ့တွင် မြင်တွေ့နေရသော မြင်ကွင်းမှာ သူမကို လုံးဝ စိတ်ပျက်အားငယ်သွားစေသည်။
မိစ္ဆာမင်းသားပင်လျှင် ဤလူ၏ ပြိုင်ဘက်မဟုတ်ပါက ကျိုးပျက်တိမ်တိုက် ကောင်းကင်မြစ် ဖြစ်သော သူတို့ အနေဖြင့် မည်သို့လျှင် ရင်ဆိုင်နိုင်ပါတော့မည်နည်း။
ဝူမုထျန်းလျိုမှာလည်း တုန်ယင်နေပြီး သူ၏မျက်နှာတွင် လုံးဝ မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
“ဒါ မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး”
မိစ္ဆာမင်းသားဆိုသည်မှာ မိစ္ဆာမျိုးနွယ်စု၏ အမြင့်မြတ်ဆုံးသော ပါရမီရှင် မဟုတ်ပါလား။
မိစ္ဆာမျိုးနွယ်စု၏ အနာဂတ် မျှော်လင့်ချက် မဟုတ်ပါလား။
သူက ဘယ်လိုလုပ် သာမန်လူသားတစ်ယောက်၏ လက်ချက်ဖြင့် အရေးနိမ့်သွားနိုင်ပါမည်နည်း။
“ခွေးသူတောင်းစား၊ မင်းကို ငါ အပိုင်းပိုင်း အစစဖြစ်အောင် ဆွဲဖြဲပစ်မယ်”
မိစ္ဆာမင်းသား၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးကျယ်လာပြီး အော်ဟစ်လိုက်သည်။ သူ၏ အမူအရာမှာ ရူးသွပ်မှု များကြောင့် ရှုံ့မဲ့နေပြီး သတ်ဖြတ်လိုသော အဟုန်မှာ ပေါက်ကွဲထွက်လာတော့သည်။
သူ၏ ဓားအလင်းတန်း ဖျတ်ခနဲ ပေါ်လာပြီး ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ထောင်ပေါင်းများစွာသော ဓားချီများမှာ ယဲ့ဖန်ကို ခဏချင်းမှာပင် ဝါးမြိုသွားတော့သည်။
သူသည် ဒေါင်းမင်း၏ မျိုးဆက် ဖြစ်သည်။ သူသည် မိစ္ဆာမျိုးနွယ်စု၏ အနာဂတ် စစ်နတ်ဘုရား ဖြစ်သည်။
သူ ရှုံးနိမ့်မည် မဟုတ်။
သူ လုံးဝ ရှုံးနိမ့်၍ မဖြစ်။
“မင်းလို အကောင်က မိစ္ဆာမင်းသားကို တကယ်ပဲ အကြီးအကျယ် ဒေါသထွက်အောင် လုပ်လိုက်တာပဲ။ နောက်ကျရင် မင်း ငရဲကို မြင်ရတော့မယ်”
ဝူမုထျန်းလျိုသည် ရက်စက်ကြမ်းကြုတ်စွာ အော်ဟစ်ရင်း ရူးသွပ်သလို တဟားဟား ရယ်မောနေတော့သည်။
၎င်းကို မြင်လိုက်ရသောအခါ ရှိနေသော မိစ္ဆာများ၏ နှုတ်ခမ်းထောင့်တွင်လည်း လှောင်ပြုံးများ ပေါ်လာကြသည်။ ယဲ့ဖန် အနေဖြင့် မိစ္ဆာမင်းသားကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်မှာ သူတို့အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပါသည်။
သို့သော် ယင်းက ထိုမျှသာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ နှလုံးသားထဲတွင် ဒေါင်းမင်း မျိုးနွယ်စု၏ ဂုဏ်သတင်းမှာ အလွန်ပင် ကြီးမားလှပြီး နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း သူတို့အပေါ် ထားရှိသည့် ယုံကြည်ကိုးစားမှုမှာ လုံးဝ ပြောင်းလဲခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။
“ငရဲနဲ့ ကြုံရမယ် ဟုတ်လား”
ယဲ့ဖန်က ရယ်မောလိုက်ပြီးနောက် မိစ္ဆာမင်းသားကို ရင်ဆိုင်လိုက်သည်။
“ဒါပေမဲ့... ငါကိုယ်တိုင်က ငရဲပဲ”
ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းထားသည့် ပြင်းထန်လှသော ဓားအလင်းတန်းများကို လျစ်လျူရှုကာ သူသည် လက်ဝါးတစ်ချက်ကို ရုတ်တရက် ရိုက်ထုတ်လိုက်တော့သည်။
“ဘုန်း၊ ဘုန်း၊ ဘုန်း”
နားစည်ကွဲမတတ် ပြင်းထန်လှသော မြေကမ္ဘာကို တုန်ဟည်းသွားစေသည့် ဟိန်းဟောက်သံများမှာ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
ထို့နောက် သူသည် လက်ဝါးတစ်ချက်တည်းဖြင့် ထောင်ပေါင်းသောင်းချီသော ဓားချီများကို ချေမှုန်း ဖျက်ဆီးပစ် လိုက်ချေပြီ။
သူသည် လက်ဗလာဖြင့်ပင် လက်နက်ကို ဆက်လက်ရင်ဆိုင်နေဆဲဖြစ်ကာ သူ၏ သာမန်ကိုယ်ခန္ဓာဖြင့်ပင် မှော်ဝင် စွမ်းအားများကို ရိုက်ခွဲပစ်လိုက်ခြင်းပင်။
*ဘာ*
မိစ္ဆာအားလုံး၏ မျက်သူငယ်အိမ်များမှာ အတိုင်းအဆမရှိ ပြူးကျယ်သွားကြရသည်။
ဤအခိုက်အတန့်တွင် သူတို့သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုကြောင့် တစ်ကိုယ်လုံး တက်ကြွသလိုပင် ဖြစ်သွားကြရသည်။
*သူ နောက်တစ်ကြိမ် ထပ်ပြီး တားဆီးနိုင်ခဲ့ပြန်ပြီ*
*မိစ္ဆာမင်းသားရဲ့ သေစေနိုင်တဲ့ တိုက်ကွက်က ဒီလူ့မျက်လုံးထဲမှာ ဘာလို့ ဒီလောက်တောင် အားနည်းနေရတာလဲ*
*ဘာတွေ ဖြစ်ကုန်တာလဲ*
မိစ္ဆာမင်းသား ကိုယ်တိုင်လည်း အလွန်အမင်း တုန်လှုပ်သွားရသည်။ သူကိုယ်တိုင်ပင် သူ၏ အစစ်အမှန် ကိုယ်ထည်ဖြင့် ဤသေစေနိုင်သော တိုက်ကွက်ကို မခုခံနိုင်ပါချေ။ သို့သော် ဤမိစ္ဆာဆန်သော လူသားကမူ အရာအားလုံးကို တားဆီးနိုင်ခဲ့သည်။
လက်ဝါးတစ်ချက်တည်းဖြင့် ဓားအရှိန်အဝါ အားလုံးကို ချေမှုန်းပစ်လိုက်ခြင်းပင်။
သို့သော် ယဲ့ဖန်က သူ၏ မေးခွန်းကို ပြန်မဖြေခဲ့ပါ။ သူ၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာ ပြီးနောက် မည်သည့်နေရာမှ ရောက်လာသည်မသိဘဲ ရုတ်တရက် ပေါ်လာတော့သည်။
ကောင်းကင်ယံကို ဖြတ်စီးသွားသော လျှပ်စီးကြောင်းတစ်ခုကဲ့သို့ပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မိစ္ဆာမင်းသား၏ ဘေးနားသို့ ရောက်ရှိသွားပြီး သူ၏ လက်ဝါးကို ရုတ်တရက် ရိုက်ချလိုက်တော့သည်။
*မြန်လိုက်တာ*
*အရမ်း မြန်လွန်းတယ်*
မိစ္ဆာမင်းသားအနေဖြင့် တုံ့ပြန်ရန် အချိန်မရလိုက်ပါ။ ယဲ့ဖန် ရောက်ရှိလာသည်နှင့် အရာအားလုံးက နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။
သာမန်ဟု ထင်ရသော လက်ဝါးရိုက်ချက်တစ်ခုမှာ ရုတ်တရက် ကျဆင်းလာတော့သည်။
ထိုအခိုက်အတန့်တွင် မိစ္ဆာမင်းသား၏ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များမှာ ထောင်ထသွားတော့သည်။
သူ့ထံသို့ တိုးဝင်လာသော ပြင်းထန်လှသည့် သတ်ဖြတ်လိုသော အရှိန်အဝါကို သူ ခံစားလိုက်ရပြီး ထိုအရှိန်အဝါက သူ့ကို ခဏချင်းမှာပင် ဝါးမြိုသွားတော့သည်။
ချက်ချင်းပင် သူသည် အံကို တင်းတင်းကြိတ်ကာ သူ၏ ဓားဖြင့် ယဲ့ဖန်ကို ခုတ်ပိုင်းရန် ကြိုးစားလိုက်သည်။
သို့သော်။
“ဂျွတ်”
မိစ္ဆာနတ်ဘုရားဓားဆီမှ အက်ကွဲသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။
ဓားသွားပေါ်တွင် အက်ကြောင်းတစ်ခုမှာ ချက်ချင်းဆိုသလို ပျံ့နှံ့သွားသည်။
ထို့နောက် လုံးဝ အပိုင်းပိုင်းအစစ ကြေမွသွားတော့သည်။
“ဝုန်း”
မိစ္ဆာနတ်ဘုရားဓားကို ရိုက်ခွဲပစ်လိုက်ပြီးနောက် ထိုလက်ဝါးရိုက်ချက်သည် ကြည့်ရှုနေသော လူအုပ်ကြီး၏ ထိတ်လန့် တုန်လှုပ်နေသည့် မျက်ဝန်းများရှေ့တွင်ပင် မိစ္ဆာမင်းသား၏ ရင်ဘတ်တည့်တည့်သို့ ပြင်းထန်စွာ ကျရောက် သွားတော့သည်။
မိစ္ဆာမင်းသားသည် ကောင်းကင်ယံထက်မှ ရုတ်တရက် ရိုက်ချခံလိုက်ရကာ သူ၏ ခန္ဓာကိုယ်မှာ တောင်တန်း အသွယ်သွယ်ကို ရိုက်ခွဲဖြတ်သန်းသွားပြီးနောက်မှသာ အရှိန်သတ်နိုင်တော့သည်။
“ဝေါ့”
သူသည် သွေးများကို ထပ်မံ အန်ထုတ်လိုက်ရပြန်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားရပြီး ရင်ဘတ်တစ်ခုလုံးမှာလည်း ချိုင့်ဝင်သွားချေပြီ။
တိတ်ဆိတ်ခြင်း။
မိစ္ဆာအားလုံးမှာ ဆွံ့အသွားကြပြီး စကားတစ်လုံးပင် မဟနိုင်ကြတော့ပေ။
*ထပ်ပြီး ဒဏ်ရာရပြန်ပြီလား*
*ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်ရတာလဲ*
*မိစ္ဆာ မင်းသားက သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်းလောက်အောင် ထူးချွန်တဲ့သူလေ*
*သူ... ဘယ်လိုလုပ် အရေးနိမ့်သွားရတာလဲ*
*ဒေါင်းမင်းရဲ့ မျိုးဆက်က ဘယ်လိုလုပ် ရှုံးနိမ့်သွားရတာလဲ*
ဤမြင်ကွင်းသည် သူတို့အတွက် အလွန်ပင် ကြီးမားလှသော တုန်လှုပ်မှုတစ်ခုပင် ဖြစ်သည်။ သူတို့၏ ယုံကြည်မှုများ အားလုံးမှာလည်း ပြိုလဲလုနီးပါး ဖြစ်သွားရသည်။
မိစ္ဆာမျိုးနွယ်စု၏ ဂုဏ်ယူစရာ အားအကိုးရဆုံးသော ထွက်ပြူစ နေမင်းကြီးမှာ လူသားတစ်ယောက်၏ လက်ချက်ဖြင့် ခဏချင်းမှာပင် ငြိမ်းသတ်ခြင်း ခံလိုက်ရချေပြီ။
ကွင်းတစ်ခုလုံးမှာ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်သွားတော့သည်။ လူတိုင်းမှာ လုံးဝကို မှင်တက်နေကြရသည်။
“မိစ္ဆာမင်းသား ... ရှုံးတော့မယ် ထင်တယ်...”
“ပါးစပ်ပိတ်စမ်း၊ မင်း နောက်တစ်ခွန်း ထပ်ပြောရဲရင် မင်းရဲ့ ပါးစပ်ကို ငါ ဆွဲဖြဲပစ်မယ်၊ မိစ္ဆာမင်းသားရဲ့ အောင်မြင်မှု တွေက ပြိုင်ဘက်ကင်းတယ်၊ သူက ငါတို့ မိစ္ဆာမျိုးနွယ်စုရဲ့ အမြင့်ဆုံး အာဏာပိုင်ပဲ၊ ပြန်လည် နိုးထလာဖို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပဲ၊ သူ ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ၊ သူ လုံးဝ ရှုံးလို့မဖြစ်ဘူး”
သက်ကြီးပိုင်း မိစ္ဆာအချို့မှာမူ မထိန်းချုပ်နိုင်ဘဲ မျက်ရည်ကျ နေကြပြီ ဖြစ်သည်။ သူတို့ မြင်တွေ့နေရသည်ကို သူတို့ လုံးဝ လက်မခံနိုင်ကြပေ။
သူတို့၏ မိစ္ဆာမျိုးနွယ်စုသည် ကာလရှည်ကြာစွာ အရှက်ရမှုများကို ခံစားခဲ့ကြရသည်။ နတ်ဘုရားများက သူတို့ကို လှည့်စားခဲ့ကြသည်။ ယခု လူသားတွေကပါ သူတို့ကို ထပ်ပြီး နှိမ်ချနေကြပြန်သည်။
သူတို့သည် ကောင်းကင်ဘုံ ကိုးလွှာအထိ တက်လှမ်းပြီး လက်စားချေနိုင်မည့် နေ့ရက်များကိုသာ အိပ်မက်မက် နေကြခြင်း ဖြစ်သည်။
ထိုကောင်းကင်ဘုံ ကိုးလွှာသည် သူတို့၏ နယ်မြေ ဖြစ်ခဲ့သင့်သည်။
မိစ္ဆာမင်းသားသည် သူတို့မျိုးနွယ်စု ပြန်လည် နိုးထလာရန်အတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ခဲ့သည်။ သို့သော် ယခုမူ သူသည် သာမန်လူသားတစ်ယောက်၏ လက်ချက်ဖြင့် အရေးနိမ့်သွားခဲ့ရချေပြီ။
လူသားမျိုးနွယ်စုသည် မည်မျှအထိ ကြောက်စရာ ကောင်းလာခဲ့ပြီနည်း။ မိစ္ဆာမျိုးနွယ်စု တစ်ခုလုံးက ကြည်ညို လေးစားရပါသော မိစ္ဆာမင်းသားပင်လျှင် ကျူးကျော်လာသည့် ရန်သူကို မတွန်းလှန်နိုင်ပါလား။
လူသားများသည် ယဲ့ဖန်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လူများ ရှိနေလိမ့်မည်ဟု သူတို့ ထင်မှတ် သွားကြသည်။ သို့သော် ထိုသို့သောသူမှာ တစ်ယောက်တည်းသာ ရှိသည်ဆိုသည်ကိုမူ သူတို့ မသိရှိကြပါချေ။
ကျိုးပဲ့သွားသော မိစ္ဆာနတ်ဘုရားဓားကို ကြည့်ရင်း မိစ္ဆာမင်းသား၏ မျက်နှာတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက် နေသည်။
သူ အရေးနိမ့်သွားခဲ့ပြီ။ သူသည် လုံးဝဥဿုံ အလဲအကွဲ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
ဤလူသား၏ ရှေ့မှောက်တွင် သူသည် ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး လုံးဝ မရှိခဲ့ပါချေ။
သူသည် မိစ္ဆာမျိုးနွယ်စု၏ ပါရမီရှင်။ မိစ္ဆာအားလုံး၏ ကိုးကွယ်ရာ၊ မိစ္ဆာမျိုးနွယ်စု၏ အနာဂတ်ဟု သတ်မှတ်ခြင်း ခံထားရသူ။
အချိန်ကြာလာသည်နှင့်အမျှ သူကိုယ်တိုင်လည်း မိမိကိုယ်ကို မိစ္ဆာမျိုးနွယ်စု၏ အနာဂတ်ဟု မှတ်ယူလာခဲ့ပြီး အခြားမိစ္ဆာအားလုံးကို အထင်သေးကြည့်ကာ မိမိကိုယ်ကို ပြိုင်ဘက်ကင်းသူဟု ယူဆခဲ့သည်။
သို့သော် ယနေ့တွင်မူ ဤလူသားနှင့် တွေ့ဆုံလိုက်ရသည့်အခါ သူသည် အပြည့်အဝ အရေးနိမ့်သွားကြောင်း ခံစား လိုက်ရသည်။ ခေါင်းကို တုတ်နှင့် အချက်ပေါင်းများစွာ အုပ်လိုက်သကဲ့သို့ပင် သူသည် လုံးဝကို မှင်တက် သွားရချေပြီ။
တော်ဝင်သွေးသား စီးဆင်းနေသည့် ဒေါင်းမင်း၏ မျိုးဆက်ဖြစ်သော သူသည် သာမန်လူသားတစ်ယောက်၏ လက်ချက်ဖြင့် မည်သို့လျှင် ရှုံးနိမ့်သွားရသည်ကို သူ လုံးဝ နားမလည်နိုင် ဖြစ်နေတော့သည်။
“မိစ္ဆာမင်းသားဆိုတာလဲ ဘာမှ ထူးခြားတာ မဟုတ်ပါဘူး”
ယဲ့ဖန်သည် သူ၏လက်နှစ်ဖက်ကို ပုတ်လိုက်ရင်း အေးစက်စက် လေသံဖြင့် ပြောလိုက်တော့သည်။
သို့သော် ယဲ့ဖန်သည် ထိုစကားကို ပြောဆိုနေစဉ်အတွင်း မိစ္ဆာမင်းသားကို တစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။ သူ၏ အထင်အမြင်သေးမှုမှာ လုံးဝကို သိသာထင်ရှားလှသည်။
သူ့အတွက်မူ မိစ္ဆာမင်းသားမှာ အရေးတယူ လုပ်စရာပင် မလိုသောသူ တစ်ယောက်အလားပင်။
၎င်းကို မြင်တွေ့လိုက်ရသောအခါ ဝူမုထျန်းလျို နှင့် ဝူမုဖန်သိုက် မောင်နှမနှစ်ယောက်စလုံး၏ မျက်နှာများမှာ ပြာနှမ်းသွားကြတော့သည်။
ဤအခိုက်အတန့်တွင် သူတို့သည် အလွန်တရာ ကြီးမားလှသော ဘေးဒုက္ခကြီးတစ်ခုကို ဖန်တီးမိလိုက်ပြီ ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ မိစ္ဆာမျိုးနွယ်စု၏ မျှော်လင့်ချက်မှာ အစပျိုးရုံရှိသေးခင်မှာပင် လုံးဝဥဿုံ ငြိမ်းသတ်ခြင်း ခံလိုက်ရပြီ မဟုတ်ပါလား။
ဤလူကို သူတို့ မည်သည့်အရာနှင့် ပြန်လည် တိုက်ခိုက်နိုင်ပါမည်နည်း။
“ကောင်းပြီ... မင်း ငါ့ကို ဒီလိုဖြစ်အောင် အကျပ်ကိုင်ခဲ့တာပဲ၊ မင်း ငါ့ကို အတင်းအကျပ် ဖိအားပေးခဲ့တာ”
မိစ္ဆာမင်းသားသည် ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏ မျက်လုံးများမှာ ထိတ်လန့်ဖွယ်ရာ သွေးဆူလျက် နီမြန်းနေပြီး အလွန်ပင် ကြောက်စရာကောင်းလှသည်။
ထို့နောက်!
သူသည် ငါးရောင်ခြည် ဖြာထွက်နေသော အလွန်ပင် တောက်ပလှသည့် မိစ္ဆာအမြုတေတစ်ခုကို ထုတ်ယူ လိုက်သည်။
“ဒါ အနန္တ ဝိညာဉ် ဆေးလုံးပဲ”
“မိစ္ဆာမင်းသား... မလုပ်ပါနဲ့”
အနန္တ ဝိညာဉ် ဆေးလုံး။
၎င်းမှာ မိစ္ဆာမျိုးနွယ်စုမှ အထူးတလည် သန့်စင်ဖော်စပ်ထားသော မိစ္ဆာအမြုတေ ဆေးလုံးတစ်မျိုး ဖြစ်သည်။ ဤဆေးလုံးကို သုံးစွဲလိုက်ပါက တစ်ဦးတစ်ယောက်၏ ခွန်အားကို ချက်ချင်းဆိုသလို အဆပေါင်းများစွာ တိုးမြင့် လာစေနိုင်သည်။
သို့သော်လည်း ၎င်းသည် လူတစ်ယောက်၏ သက်တမ်းနှင့် ကျင့်စဉ် အဆင့်အတန်းကို တိုတောင်းသွားစေနိုင်သည့် အန္တရာယ် ရှိသည်။
အကယ်၍ တစ်ခုခု မှားယွင်းသွားပါက ကျင့်စဉ်ဖောက်ပြန်ကာ ရူးသွပ်သွားခြင်း သို့မဟုတ် အသိဉာဏ်မဲ့သော ဒုက္ခိတ တစ်ဦး ဖြစ်သွားနိုင်သည်။ မိစ္ဆာမင်းသား၏ အနာဂတ်ကို သူတို့ ဘယ်လိုလုပ် ဤကဲ့သို့ ပျက်စီးခွင့်ပြုနိုင်မည်နည်း။
သို့သော် မိစ္ဆာမင်းသားသည် သူတို့၏ တားဆီးမှုများကို ဂရုမစိုက်ဘဲ ထိုဆေးလုံးကို တစ်ကျိုက်တည်းနှင့် မျိုချ လိုက်လေသည်။
“ဂလု”
သူသည် ချက်ချင်းပင် မျိုချလိုက်ခြင်း ဖြစ်သည်။
ကြည့်ရှုနေသော လူတိုင်း အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။
“ဒါ... ဒါကို ငါတို့ ဘယ်လိုလုပ်ကြမလဲ”
သူတို့သည် အိုးပူပေါ်မှ ပုရွက်ဆိတ်များကဲ့သို့ အလွန်ပင် ပျာယာခတ်နေကြသည်။
“မြန်မြန်! အမြင့်မြတ်ဆုံး မိစ္ဆာဘိုးဘေးကြီးတွေကို အမြန်သွားပင့်ကြစမ်း”
မိစ္ဆာ ဧကရာဇ်အချို့က အော်ဟစ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် မိစ္ဆာမင်းသားကို ကယ်တင်နိုင်စွမ်းရှိသူမှာ ထိုအမြင့်မြတ်ဆုံး မိစ္ဆာဘိုးဘေးကြီးများသာ ရှိတော့သောကြောင့် ဖြစ်သည်။
မိစ္ဆာမင်းသား၏ နှုတ်ခမ်းထောင့်တွင် ယုတ်မာရက်စက်သော အပြုံးတစ်ခု ပေါ်လာတော့သည်။
ထို့နောက် သူသည် ပါးစပ်မှ သွေးများကို ရုတ်တရက် သုတ်လိုက်ပြီး မတ်တပ်ရပ်ကာ ယဲ့ဖန်၏ အကြည့်ကို တည်ငြိမ်စွာပင် ပြန်လည် ရင်ဆိုင်လိုက်လေသည်။
သို့သော် ယဲ့ဖန်၏ စကားတစ်ခွန်းက မိစ္ဆာမင်းသားကို ချက်ချင်းပင် စိတ်ဓာတ်ပြိုကွဲသွားစေသည်။
“ထောင့်ပိတ်မိနေတဲ့ ခွေးက တံတိုင်းကို ကျော်တက်ဖို့ ကြိုးစားနေတာလား”
*ခွေး*
မိစ္ဆာမင်းသားသည် ချက်ချင်းပင် အံကို တင်းတင်းကြိတ်လိုက်ပြီး မျက်လုံးများမှာ ပြူးထွက်လာတော့သည်။ သူသည် မိစ္ဆာမျိုးနွယ်စု၏ တော်ဝင်သွေးသား ဖြစ်ပါလျက်နှင့် ခွေးတစ်ကောင်နှင့် နှိုင်းယှဉ်ခံလိုက်ရသည်လား။
“မင်း ... သေကိုသေရမယ်”
တစ်ခဏ အတွင်းမှာပင် သတ်ဖြတ်လိုသော အရှိန်အဝါများ ပေါက်ကွဲထွက်လာတော့သည်။ ထို့နောက် အဆုံး မရှိသော တောက်ပမှုများက ကောင်းကင်ယံကို လင်းထိန်သွားစေကာ လှိုင်းဂယက်များ ထွက်ပေါ်လာသည်။
အရောင်အသွေး ဆယ်မျိုးဖြင့် စိုပြည်တောက်ပနေသော ထူးခြားသည့် ထန်းရွက်ပုံစံ ယပ်တောင် တစ်ခုမှာ မိစ္ဆာမင်းသား၏ လက်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာတော့သည်!
“ဒေါင်းမွေး ယပ်တောင်ပါလား”
လူတိုင်းမှာ ချက်ချင်းပင် အံ့အားသင့်သွားကြသည်။
*သူ နောက်ဆုံးတော့ ဒါကို ထုတ်သုံးတော့မှာလား*
ဤအရာသည် ယခင် ဒေါင်းမင်း၏ မှော်လက်နက်ဖြစ်ကြောင်း လူတိုင်း သိကြသည်။ ၎င်းကို ဒေါင်းမင်း၏ ကိုယ်ပိုင် အမွှေးအမျှင်များဖြင့် ပြုလုပ်ထားပြီး သူတော်စင်၏ တာအိုကို ထွင်းထုထားခြင်း ဖြစ်သည်။ ၎င်းမှာ အစစ်အမှန် အမြင့်မြတ်ဆုံး သူတော်စင်လက်နက်ပင် ဖြစ်တော့သည်။
မူလက မိစ္ဆာမင်းသားသည် မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ဖြင့် ဤလက်နက်ကို အသုံးမပြုဘဲ ယဲ့ဖန်ကို သတ်နိုင်မည်ဟု ထင်မှတ်ခဲ့သော်လည်း၊နောက်ဆုံးတွင်မူ ဤအကျပ်အတည်းသို့ အတင်းအကျပ် တွန်းပို့ခြင်း ခံလိုက်ရချေပြီ။
“အမြင့်မြတ်ဆုံး သူတော်စင်လက်နက်၊ ပြီးတော့ အနန္တ ဝိညာဉ် ဆေးလုံးပါ ပေါင်းလိုက်ရင်... မိစ္ဆာမင်းသားက ဒီခွေးသူတောင်းစားကို သေချာပေါက် သတ်နိုင်မှာပဲ”
ဝူမုထျန်းလျိုသည် သူ၏မျက်လုံးထဲတွင် အကြောက်တရားအရိပ်အယောင်များ ရှိနေသော်လည်း အံကိုကြိတ်ကာ ပြောလိုက်သည်။
သို့သော်လည်း ဝူမုဖန်သိုက်မှာမူ တိတ်ဆိတ်နေပြီး သူမအနေဖြင့် အလွယ်တကူ မခန့်မှန်းရဲတော့ပါချေ။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမရှေ့ရှိ ဤလူသားကို လုံးဝ ထိုးဖောက်မမြင်နိုင်သောကြောင့် ဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ ဤလူသားသည် ယခုအချိန်အထိ အမြင့်မြတ်ဆုံး သူတော်စင်လက်နက် တစ်ခုကိုမျှ ထုတ်မသုံးရသေးသည်ကို သူမ သတိပြုမိသွားခြင်းပင်။
“ဂျွတ်၊ ဂျွတ်၊ ဂျွတ်”
ထိုအခိုက်အတန့်တွင် ပဲစေ့များ ပေါက်ကွဲသံကဲ့သို့ အဆက်မပြတ်သော အသံများမှာ မိစ္ဆာမင်းသား၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာတော့သည်။
သူ၏ ခန္ဓာကိုယ်ကြီးမှာလည်း အရှိန်အဟုန်ပြင်းစွာဖြင့် စတင် ကြီးထွားလာတော့သည်။
နှစ်မီတာ၊ သုံးမီတာ၊ လေးမီတာ။
သူ၏လက်ထဲရှိ ဒေါင်းမွေး ယပ်တောင်မှာလည်း လျင်မြန်စွာပင် ကြီးထွားလာတော့သည်။
ဤအခိုက်အတန့်တွင် မိစ္ဆာမင်းသားသည် တောင်ကုန်းငယ်တစ်ခုအလား သူ၏ မိစ္ဆာခန္ဓာကိုယ်ကြီးမှာ မြင့်မား ထွားကြိုင်းလာပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ဖုံးလွှမ်းနေသည်။ သူ၏ အရေပြားလက်မတိုင်းမှလည်း ဖော်ပြ၍မရနိုင်သော မိစ္ဆာဆန်သည့် သဘာဝများ ဖြာထွက်နေတော့သည်။
ရှိနေသော မိစ္ဆာအားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း တံတွေးပင် မမြိုနိုင်အောင် ဖြစ်နေကြရသည်။ သူတို့၏ မျက်နှာများမှာလည်း သေလူကဲ့သို့ ဖြူဖျော့နေကြ၏။
ဒါက... တကယ့်ကို ကြောက်စရာကောင်းလှသည်။
သူသည် ကောင်းကင်ဘုံကို ဆန့်ကျင်မည့် မိစ္ဆာနတ်ဘုရားတစ်ပါးနှင့်ပင် တူနေတော့သည်။ ထိုအရှိန်အဝါ တစ်ခုတည်းနှင့်တင် သူတို့အတွက် အသက်ရှူရန်ပင် ခက်ခဲစေသည်။
“ဒီတစ်ခါတော့ မိစ္ဆာမင်းသားက ဒီလူသားကို သေချာပေါက် သတ်နိုင်မှာပဲ”
“သောက်ကျိုးနည်း၊ မိစ္ဆာမင်းသားကို ဒီအဆင့်အထိ ရောက်အောင် တွန်းပို့ခဲ့တဲ့အတွက် ဒီကောင် သေကို သေရမယ်”
မိစ္ဆာတိုင်းသည် နာကျည်းမှုများဖြင့် ပြည့်နှက်နေကြပြီး သူတို့၏ နှလုံးသားထဲတွင် သတ်ဖြတ်လိုသော စိတ်များ ပြင်းထန်နေကြသည်။
“အခုပဲ သေလိုက်စမ်း”
မိစ္ဆာမင်းသားက ဟစ်ကြွေးလိုက်ပြီး ဒေါင်းမွေး ယပ်တောင်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်တော့သည်။
အရောင်ငါးမျိုး ဖြာထွက်နေသော စွမ်းအင်အဟုန်ကြီးမှာ ရုတ်တရက် လွင့်စင်ထွက်ပေါ်လာပြီး အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။
ချက်ချင်းဆိုသလိုပင် ၎င်းသည် ယဲ့ဖန်ကို လုံးဝ ဝါးမြိုသွားတော့သည်။
အမြင့်မြတ်ဆုံး လက်နက်ကို အသုံးပြုလိုက်သည်နှင့် ဟင်းလင်းပြင်ကြီးမှာ ပြိုကွဲသွားပြီး ကောင်းကင်ယံ၏ နယ်နိမိတ် များမှာလည်း အပိုင်းပိုင်း ပြတ်တောက်ကုန်တော့သည်။
ယခု အခိုက်အတန့်တွင် ဤမြေပြင်မှာ ကမ္ဘာပျက်ကိန်းနှင့် ဆင်တူနေပြီး အရာအားလုံးမှာ ဖုန်မှုန့်များအဖြစ် ကြေမွကုန်ကြသည်။ အမြင့်မြတ်ဆုံး သူတော်စင်လက်နက်မှ ထွက်ပေါ်လာသော ဖိအားအနည်းငယ်မျှသည်ပင် အရာခပ်သိမ်းကို အမှုန့်ဖြစ်သွားစေရန် လုံလောက်လှပေသည်။
“သူ သေပြီ၊ ဟားဟားဟား ဒီကောင် သေပြီ၊ ဒါက အမြင့်မြတ်ဆုံး သူတော်စင်လက်နက်ကွ၊ သူတော်စင်တစ်ပါးပဲ ဒါကို ခုခံနိုင်တာ! သူ့မှာ ထွက်ပြေးစရာ လမ်းမရှိတော့ဘူး”
ဝူမုထျန်းလျိုမှာ အလွန်အမင်း ဝမ်းသာအားရ ဖြစ်နေတော့သည်။
ဝူမုဖန်သိုက်မှာမူ လုံးဝကို ဆွံ့အမှင်တက်နေမိသည်။
*ဘာတွေဖြစ်နေတာလဲ*
*အဲ့လူက အခုထိ သူရဲ့ အမြင့်မြတ်ဆုံး သူတော်စင် လက်နက်ကို ထုတ်မသုံးသေးဘဲ သစ်သားရုပ်လို အဲ့နေရာမှာ ရပြီး ဒီအတိုင်း ငြိမ်နေတာလား*
ယဲ့ဖန်သည် အရောင်ငါးမျိုး ဖြာထွက်နေသော စွမ်းအင်အဟုန်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရသောအခါ ဝူမုဖန်သိုက်မှာ လုံးဝကို ဝေခွဲမရ ဖြစ်သွားတော့သည်။
*ဒါပဲလား*
*ဒီလူက သူ့ရဲ့ မောက်မာမှုကြောင့်ပဲ ကိုယ့်ကိုယ်ကိုယ် သတ်လိုက်မိတာလား*
သို့သော် ထိုအခိုက်၌ ရုတ်တရက်ဆိုသလိုပင်။
“ရှဲ”
ထူးဆန်းသော အသံတစ်သံ ထွက်ပေါ်လာပြီး အရောင်ငါးမျိုး စွမ်းအင်လှိုင်းကြီးထဲမှ ရွှေရောင်မီးလျှံတစ်ခု ရုတ်တရက် တောက်လောင်လာတော့သည်။
ထို့နောက်။
ထိုမီးလျှံလေးတစ်ခုမှာ တောမီးကဲ့သို့ တဟုန်ထိုး ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ချက်ချင်းပင် ဝါးမြို သွားတော့သည်။
၎င်းသည် အရောင်ငါးမျိုး စွမ်းအင်အဟုန်ကြီးကို အင်အားသုံးကာ အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်လေသည်။
“ဒါပဲလား”