၎င်းလက်သီးချက် စွမ်းအားအောက်တွင် လူငယ်မှာ အန္တရာယ်ကို ခံစားမိလိုက်ပြီး လန့်ဖျပ်သွား၏။
ထိုအချိန်တွင် သွေးဓားမှာ လူငယ်ဒုက္ခရောက်နေသည်ကို သိရှိလိုက်သဖြင့် ကြောက်စရာကောင်းသော သွေးနီရောင်ဓားအလင်းတန်းကိုထုတ်ဖော်ကာ ရဲ့ဟိုင်ကို ခုတ်ပိုင်းချလာသည်။
သို့သော် လူတိုင်းကို အံ့အားသင့်စေသည့်အရာမှာ ရဲ့ဟိုင်က ထိုသွေးရောင်ဓားအလင်းတန်းကို လှည့်ကြည့်ခြင်းပင်မရှိဘဲ ခန္ဓာကိုယ်ကို ခုတ်ပိုင်းခွင့်ပြုထားခြင်းဖြစ်၏။
သို့သော် သွေးရောင်ဓားအလင်းတန်းမှာ ရဲ့ဟိုင်နှင့် ( 10 ) မီတာအကွာသို့ ရောက်ရှိသည့်အချိန်တွင် အုန်းခနဲတုန်ခါသွားပြီး ရပ်တန့်သွားသည်။ တစ်ချိန်တည်းမှာပင် ရဲ့ဟိုင်၏ လက်သီးချက်ကလဲ ၎င်းလူငယ်၏ ရင်ဘတ်ကို တိုက်ရိုက်ထိမှန်သွား၏။
ရဲ့ဟိုင်ကို အံ့အားသင့်သွားစေသည်မှာ သူ၏လက်သီးချက်က အစ ( 100 ) ခန့် သန့်စင်ထားသော သံမဏိတုံးကြီးကို ထိမှန်သကဲ့သို့ ခံစားလိုက်ရခြင်းပင်။
ထျန်းခနဲ မြည်သံကြီး ဟိန်းကာ ထွက်ပေါ်လာပြီး ၎င်းအသံက တော်တော်လေးကို စူးရှလွန်းလှသဖြင့် ကျင့်ကြံသူများအားလုံး နားကိုပင် ဖုံးအုပ်လိုက်ရလေ၏။
" ဘာတွေဖြစ်နေတာလဲ "
ရာနှင့်ချီသော အခမ်းအနားကို တက်ရောက်လာသည့် အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူများအားလုံး လေဟာနယ်ထဲရှိ ထိုလူငယ်ကို မျက်လုံးပြူးကာ ကြည့်နေမိသည်။
သူတို့အားလုံးသည် ယခုနက ရဲ့ဟိုင်၏ လက်သီးချက်မှာ အင်မော်တယ်သခင်အဆင့် ( 5 ) ကျင့်ကြံသူတစ်ယောက်ကိုပင် တစ်ခါတည်း သွေးမှုန်များအဖြစ် ပြောင်းလဲသွားစေနိုင်သည်ဟု ခံစားရ၏။
သို့သော် အဘယ့်ကြောင့် ထိုနတ်ဆိုးလူငယ်လေး အပေါ်တွင်တော့ သက်ရောက်မှုမရှိသနည်း။
ပထမတစ်ခေါက်ထိုးလိုက်သော လက်သီးချက်သည် ယခုလောက်မသန်မာသော်လည်း ထိုလူငယ်ကို လွင့်ထွက်ကာ သွေးအန်သွားစေဆဲဖြစ်သည်။ သို့သော် ဒုတိယလက်သီးချက်ကတော့ ၎င်းလူငယ်ကို သွေးလဲမအန်ထွက်စေသလို နောက်လဲခြေတစ်လှမ်း မဆုတ်သွားရစေချေ။
ထိုအချိန်တွင် လူငယ်မှာ ရဲ့ဟိုင်ကို နီရဲတောက်နေသော သွေးနီရောင်မျက်လုံးများဖြင့် စိုက်ကြည့်ပြီး သတ်ဖြတ်လိုစိတ်များ မျက်လုံးထဲတွင် သိပ်သည်းလာ၏။
" ဟမ့် .. ရဲ့ဟိုင် ငါကမပြင်ဆင်ဘဲနဲ့ ဒီနေရာကို ရောက်လာမယ်လို့ထင်လား၊ ဒီနေ့မင်းကိုသတ်ပြီး ယွမ်ဟန်ဂိုဏ်းနဲ့ မင်းရဲ့တပည့်တွေအကုန်လုံးလဲ သေဆုံးရမယ် "
" ဂုဏ်ယူပါတယ် .. မင်းက ငါ့ရဲ့အစစ်အမှန်စွမ်းအားအောက်မှာ သေဆုံးရမယ့် ပထမဆုံးလူပဲ "
စကားဆုံးသည်နှင့် ရဲ့ဟိုင်၏ခန္ဓာကိုယ်ထဲတွင်ရှိသော ဘီလီယံနှင့်ချီသည့် အပ်စိုက်မှတ်များက ကြောက်စရာကောင်းသော စွမ်းအင်များကို ဖောက်ခွဲထုတ်လာသည်။ ထို့နောက် ၎င်းစွမ်းအားများအကုန်လုံးက ရဲ့ဟိုင်၏ လက်သီးတွင် စုစည်းသွားလျှင် .. လက်သီး၏ ပတ်ပတ်လည်လေဟာနယ်က တွန့်လိမ်ကာ ထိုနေရာကြီးတစ်ခုလုံး တွင်းပေါက်ကြီးအဖြစ် ပြောင်းလဲသွား၏။
ထို့နောက် ရဲ့ဟိုင် လက်သီးမြှောက်ကာ လူငယ်ရှိရာသို့ တိုက်ရိုက်ပင် ထိုးချလိုက်သည်။
လက်သီးချက်က အသံမထွက်သော်လည်း ၎င်း၏ဖြစ်တည်မှုအောက်တွင် တောင်နှင့်မြစ်များက အရောင်ဖြူဖျော့သွား၏။
လက်သီး သွားရာ လမ်းတစ်လျှောက်တွင်လည်း နေနှင့်လကို အရောင်မှိန်သွားစေသည်။
မသိလျှင် ထိုလက်သီးချက်အောက်၌ စကြဝဠာကြီးက ဇောက်ထိုးမိုးမျှော် ပြောင်းပြန်လှန်သွားသလို လူတိုင်းခံစားလိုက်ရ၏။
၎င်းလက်သီးချက်ကိုကြည့်ပြီး လူငယ်၏ မျက်နှာအမူအရာကလဲ အကြီးအကျယ် ပျက်ယွင်းသွားသည်။
သူ၏ ဝှက်ဖဲကို ယုံကြည်သော်လည်း တစ်ဖက်မှ အသုံးပြုလာသော အဖျက်စွမ်းအားကတော့ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းနေလေ၏။
" အုန်း "
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ နတ်ဆိုးလူငယ်၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစဖြစ်သွားပြီး စွမ်းအင်လှိုင်း၏ ရိုက်ခတ်မှုအောက်တွင် အမှုန့်အဖြစ် ပြောင်းလဲသွားသည်။
ထိုမြင်ကွင်းကြောင့် ကြည့်နေသော လူများအားလုံး ပင့်သက်ရှိုက်လိုက်ကြလေ၏။
ရဲ့ဟိုင်က အင်မော်တယ်အရှင်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားကြောင်း အကုန်လုံး သိထားကြသည်။ သို့သော် ကျင့်ကြံသူတော်တော်များများက ၎င်းကိုသံသယဝင်ခဲ့ကြ၏။ ယခုတော့ မည်သူမှ သံသယမဝင်ရဲကြတော့ချေ။ အဘယ့်ကြောင့်ဆိုသော် မျက်စိဖြင့် ကိုယ်တိုင် တွေ့လိုက်ရသောကြောင့်ပင်။
ထိုအချိန်တွင် သွေးနီရောင်နတ်ဆိုးဓားကလဲ ရဲ့ဟိုင်၏ ထိုကြောက်စရာကောင်းသောစွမ်းအားကြောင့် လေဟာနယ်ကိုဆုတ်ဖြဲကာ အလျင်အမြန်ပင် ထွက်ပြေးလေ၏။
သို့သော် ၎င်းနတ်ဆိုးဓားကို ရဲ့ဟိုင်မှာ ဒုတိယတစ်ခေါက် လွတ်မြောက်ခွင့် မည်သို့ ခွင့်ပြုနိုင်မည်နည်း။
ချက်ချင်းပင် ရဲ့ဟိုင်၏ ခန္ဓာကိုယ်က ရိပ်ခနဲပျောက်ကွယ်သွားပြီး ထွက်ပြေးနေသော သွေးနတ်ဆိုးဓားကို ဖမ်းဆီးကာ ဓားကိုယ်ထည်ကို လက်သီးဖြင့် အုန်းခနဲထိုးချလိုက်၏။
ဘီလီယံနှင့်ချီသော အပ်စိုက်မှတ်များမှ ထုတ်ဖော်ထားသည့် စွမ်းအင်ဖိအားအောက်တွင် သွေးနတ်ဆိုးဓားမှာ အရှိန်ဖြင့် မြေပြင်သို့ တဟုန်ထိုး ပစ်ကျသွားသည်။
အုန်းခနဲ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး မြေပြင်တွင် တွင်းပေါက်ကြီးဖြစ်ပေါ်လာကာ ဓားက မြေအောက်ထဲသို့ ဝင်ရောက်၍ ပျောက်ကွယ်သွား၏။
ချက်ချင်းပင် ရဲ့ဟိုင်ကလဲ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး မြေကြီးထဲသို့ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။
မြေငလျင်လှိုင်းများက ဖြစ်ပေါ်လာခဲ့ပြီး မြေအောက်တွင် ဓားနှင့်လူ ပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်မှာ သိသာထင်ရှားလှလေ၏။
နတ်ဆိုးဓား မြေကြီးထဲကနေ အပြင်သို့ ပြန်လည်ထိုးဖောက်ထွက်လာသည့်အချိန်တွင် လူတိုင်းတွေ့လိုက်ရသည်က နဂိုကတောက်ပနေသော သွေးနီရောင်များ ဓားတွင်မရှိတော့ပေ။
ပြောရလျှင် လက်ရှိအချိန်၌ သွေးနတ်ဆိုးဓားက သွေးရောင်မှိန်ဖျော့ဖျော့သာ ကျန်ရှိတော့ပြီး ဟောင်းနွမ်းနေသည့် ဓားတစ်ချောင်းလို ဖြစ်သွားသည်။
" ရှေးဟောင်းမှတ်တမ်းတွေထဲမှာ ရေးထားတာက သွေးနတ်ဆိုးဓား ထွက်ပေါ်လာတာနဲ့ သက်ရှိပေါင်း သန်းနဲ့ချီသေရပြီး အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံး ကပ်ဘေးသင့်မယ်လို့ ဆိုထားတယ် "
" အထူးသဖြင့် သွေးနတ်ဆိုးဓားက သွေးအလုံအလောက် စုပ်ယူနိုင်ရင် အင်မော်တယ်အရှင်အဆင့်ကို ရောက်သွားနိုင်တယ်တဲ့၊ လွန်ခဲ့တဲ့ အနှစ်တစ်ထောင်ကဆို သူက အင်မော်တယ်အရှင်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင်မှ သတ်ဖြတ်ခဲ့တာ၊ ဒါပေမဲ့နောက်ပိုင်း အင်မော်တယ်သခင်အဆင့် ထောင်နဲ့ချီပူးပေါင်းပြီး တိုက်ခိုက်ချိန် ဓားရဲ့အနှစ်သာရကို ဖျက်ဆီးနိုင်ခဲ့ပေမဲ့ လွတ်မြောက်သွားသေးတယ်တဲ့ "
" တကယ်ကို အတိတ်မှတ်တမ်းထဲမှာ ရေးထားတာက မမှားဘူး ဒီဓားက အရမ်းကို အစွမ်းထက်လွန်းတယ်၊ အခုလို အသက်မဲ့နေတဲ့ အချိန်မှာတောင်မှ ငါတို့အနေနဲ့ သူ့ကိုနိုင်အောင်တိုက်ခိုက်နိုင်ဖို့ဆိုတာ မသေချာဘူး "
" ကံကောင်းတာတစ်ခုက ငါတို့အရှေ့ပိုင်းကုန်းမြေတိုက်ကြီးမှာ ရဲ့ဟိုင် ရှိနေတာပဲ "
" ရဲ့ဟိုင် စွမ်းအားနဲ့ဆိုရင် ဒီသွေးနတ်ဆိုးဓားက အရှေ့ပိုင်းကုန်းမြေတိုက်ကြီးကို ကပ်ဘေးမဖြစ်စေနိုင်လောက်တော့ဘူးမှလား "
အရှေ့ပိုင်းကုန်းမြေတိုက်ကြီး ရှေ့မီနောက်မီ အကြီးအကဲတချို့က ၎င်းသွေးနတ်ဆိုးဓား၏ သမိုင်းကြောင်းကို သိရှိသဖြင့် တစ်ယောက်နှင့် တစ်ယောက်ပြောဆိုကာ ဆွေးနွေးလိုက်ကြသည်။
ထိုအချိန်တွင် ရဲ့ဟိုင်ကလဲ မြေကြီးထဲမှ ပြန်ထွက်လာပြီး သွေးနတ်ဆိုးရှေ့တွင် လက်နှစ်ဖက်နောက်ပစ်ကာ တည်ငြိမ်စွာဖြင့် ရပ်နေ၏။
" ကောင်လေး .. မင်းရဲ့လက်ချက်ကြောင့် ငါ့ရဲ့အနှစ်သာရအကုန်လုံး ပျက်စီးသွားပြီ၊ အခု ငါနောက်ထပ် အနှစ်တစ်ထောင်အတွင်း ထပ်ပြီးတော့ နိုးထလာနိုင်မှာ မဟုတ်တော့ဘူး၊ အဲ့တော့ တိုက်ပွဲကို ရပ်ပြီး ငါ့ကိုလွှတ်ပေး .. မင်းသိထားဖို့က ငါသာ အစွမ်းကုန်တိုက်ရင် မင်းလဲ မသက်သာဘူးနော် "
ဓားမှ လူသား ဘာသာစကားဖြင့် သူ့ကိုဆက်သွယ်လာလျှင် ရဲ့ဟိုင် အံ့အားသင့်သွားသည်။
" လက်နက်ဝိညာဥ် "
ချက်ချင်းပင် ရဲ့ဟိုင်၏ မျက်နှာအမူအရာက တည်ကြည်လေးနက်သွား၏။ ဘုရင်အဆင့် မှော်လက်နက်များသာ လက်နက်ဝိညာဥ်ကို ပိုင်ဆိုင်နိုင်ကြလေသည်။
ထို့အပြင် ၎င်းလက်နက်ဝိညာဥ်များကလည်း သူတို့၏ အထွတ်အထိပ်ခွန်အားတွင် ရှိနေလျှင် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများကိုတောင်မှ ယှဥ်ပြိုင်တိုက်ခိုက်နိုင်သော စွမ်းအားရှိကြ၏။
ဤသွေးနတ်ဆိုးဓားက တကယ်ကို လက်နက်ဝိညာဥ်ပိုင်ဆိုင်ထားသည့် ဘုရင်အဆင့်ဓားတော့ မဟုတ်လောက်ဘူးမှလား။
***