" ရဲ့ဟိုင် အဲ့တာက တော်တော်လေး ဒဏ်ရာရပျက်စီးနေတဲ့ ဘုရင်အဆင့်ဓားတစ်ချောင်းပဲ "
ထိုအချိန်တွင် ဆေးဘုရင်အိုး၏ ဝိညာဥ်အသံက ရဲ့ဟိုင်၏ နားထဲတွင် ထွက်ပေါ်လာသည်။
" ဘာ .. သူက တကယ်ကို ဘုရင်အဆင့် ဓားတစ်ချောင်းပေါ့ "
ရဲ့ဟိုင်မှာ ၎င်းက ဘုရင်အဆင့်လက်နက် ဖြစ်နိုင်သည်ဟု တွေးလိုက်မိသော်လည်း တကယ်ဖြစ်နေမည်ဟု မမျှော်လင့်ထားချေ။
" ဟုတ်တယ် .. သူက ဘုရင်အဆင့်ဓားတစ်ချောင်းပဲ၊ လက်နက်ဝိညာဥ်တွေက လက်နက်ရဲ့ကိုယ်ထည်နဲ့ အနီးကပ်ဆုံး ချိတ်ဆက်နေတဲ့သူတွေ၊ အဲ့ဒီဓားကိုယ်ထည်က တော်တော်လေးပျက်စီးနေလို့ လက်နက်ဝိညာဥ်ကလဲ ထိခိုက်သွားပြီး စွမ်းအားက ဒီလောက်ပဲရှိတော့တာ "
ဆေးဘုရင်အိုး၏ ဝိညာဥ်က ရဲ့ဟိုင်အား ချက်ချင်းပင် သွေးနတ်ဆိုးဓားအခြေအနေအား ရှင်းပြလိုက်၏။
" ဒါပေမဲ့ မင်းထပ်ပြီးတော့ သူ့ကိုဖိအားပေးမယ်ဆိုရင် သူကတော်တော်လေးကို ကြောက်စရာကောင်းတဲ့ စွမ်းအားပမာဏကို ထုတ်လွှတ်လာလိမ့်မယ်၊ အဲ့ဒီစွမ်းအားကိုသာ ထုတ်လွှတ်လာရင် မင်းက အင်မော်တယ်အရှင်အဆင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရင်တောင်မှ တော်တော်လေးကို ပြင်းထန်တဲ့ဒဏ်ရာ ရရှိသွားဦးမှာပဲ "
" အဲ့ဒီဓားကို အကြီးအကဲ ကိုင်တွယ်နိုင်လား "
ရဲ့ဟိုင် ဆေးဘုရင်အိုးကို အလေးအနက် အမူအရာဖြင့် ပြန်မေးလိုက်သည်။
" ငါဒီကောင့်ကို ချိတ်ပိတ်နိုင်စွမ်းတော့ရှိတယ် .. ဒါပေမဲ့ သတ်တော့ သတ်နိုင်မှာမဟုတ်ဘူး "
" ဘာလို့လဲ "
ရဲ့ဟိုင် တအံ့တဩဖြင့် ပြန်မေးလိုက်၏။ ဆေးဘုရင်အိုးကလဲ အကောင်းအတိုင်း ရှိနေသေးသလို ဆေးဘုရင်အိုး၏ ဝိညာဥ်ကလဲ အကောင်းအတိုင်းရှိနေသေးသည်။ ပြောရလျှင် သွေးနတ်ဆိုးဓားထက် ဆေးဘုရင်အိုး၏ ဝိညာဥ်က အများကြီးသန်မာပြီး သာလွန်လေ၏။
" ဘာလို့လဲဆိုတော့ အဲ့ဒီသွေးနတ်ဆိုးဓားရဲ့ ကိုယ်ထည်ကိုသာ ငါတို့မဖျက်ဆီးနိုင်ဘူးဆိုရင် သူ့ရဲ့လက်နက်ဝိညာဥ်ကိုလည်း သတ်နိုင်မှာမဟုတ်လို့ပဲ၊ ဘုရင်အဆင့် လက်နက်တစ်ချောင်းရဲ့ ကိုယ်ထည်က ပျက်စီးနေရင်တောင် ဖျက်ဆီးဖို့က လွယ်ကူတယ်လို့ မင်းထင်နေလား "
ထိုစကားကြားလျှင် ရဲ့ဟိုင်မှာ တိတ်ဆိတ်သွားသည်။ ပြောတာလဲ မှန်၏။ သူ၏ လက်ရှိဝှက်ဖဲနှင့် စွမ်းအားနည်းစနစ်အကုန်လုံး အသုံးပြုလျှင်တောင်မှ ဘုရင်အဆင့် လက်နက်တစ်ခု၏ ကိုယ်ထည်ကို ဖျက်ဆီးရန်ဆိုသည်က လုံးဝမဖြစ်နိုင်ပေ။
" အဲ့တာဆိုလဲ သူ့ကိုချိတ်ပိတ်ရုံပဲ တတ်နိုင်တာပေါ့ "
" ကောင်းပြီ ငါနဲ့လွှဲထားလိုက် "
ဆေးဘုရင်အိုး၏ စကားဆုံးသည်နှင့် သွေးနတ်ဆိုးဓား၏ ပတ်ပတ်လည်လေဟာနယ်က ရုတ်တရက် အက်ကွဲသွား၏။ ထို့နောက် သက်ရှိများအားလုံး၏ အထက်တွင် တည်ရှိနေသည့် အရှိန်အဝါနှင့် မြင့်မြတ်သော စွမ်းအင်အလင်းတန်းများက ၎င်းအက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာသည်။
အလွန်ကြီးမားသော ဖိအားကြီးတစ်ခုကလဲ ယွမ်ဟန်ဂိုဏ်းတစ်ခုလုံးကို ပြည့်နှက်သွား၏။
ထိုဖိအားအောက်တွင် ရဲ့ဟိုင်မှလွဲ၍ ကျင့်ကြံသူများအားလုံး ဒူးထောက်သွားကြသည်။ ထို့နောက် သူတို့အားလုံး၏စိတ်ထဲတွင် ရှိခိုးဦးညွှတ်လိုစိတ်များ ဖြစ်ပေါ်လာ၏။
လက်ရှိအချိန်တွင် အကုန်လုံး၌ အတွေးတစ်ခုသာ ကျန်ရှိတော့သည်။
ဤအရာက အရှုံးပေးဆိုသည့် အတွေးပင်။
ဝူမင်က ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေလေသည်။
" ရဲ့ဟိုင် ဆရာက ယွမ်ဟန်ဂိုဏ်းထဲမှာ ရှိနေတာလား "
တစ်ဖက်တွင် ရဲ့ဟိုင်ကတော့ သွေးနတ်ဆိုးဓားကို ထိုလေဟာနယ်အက်ကွဲကြောင်းထဲမှ ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုက ဆွဲသွင်းနေသည်အား တည်ငြိမ်စွာကြည့်နေ၏။
ထို့နောက်ဓားက ပျောက်ကွယ်သွားပြီးနောက် ရဲ့ဟိုင်ကလဲ သူ၏ရပ်နေသောနေရာမှ ဖျတ်ခနဲပျောက်ကွယ်သွားသည်။
ချက်ချင်းပင် ရဲ့ဟိုင် မိုးကောင်းကင်အင်မော်တယ်နန်းတော်၏ ( 5 ) လွှာသို့ ရောက်ရှိလာ၏။
ထိုနေရာတွင် ဆေးဘုရင်အိုး၏ ဝိညာဥ်က သွေးနတ်ဆိုးဓားအား နည်းစနစ်မျိုးစုံကို အသုံးပြု၍ ချိတ်ပိတ်နေလေသည်။
သွေးနတ်ဆိုးဓားသည်လဲ ဆေးဘုရင်အိုးဝိညာဥ်၏ ပိတ်ဆို့ခြင်းကို အသည်းအသန် ရုန်းကန်နေပြီး အထပ်ထပ်အခါခါ ထိုးဖောက်ထွက်ရန်အတွက် ကြိုးစားနေ၏။
သို့သော် သွေးနတ်ဆိုးဓား မည်မျှပင် အစွမ်းကုန်ကြိုးစားပါစေ သူ၏ကြိုးစားမှုအားလုံးက အချည်းနှီးဖြစ်နေခဲ့သည်။
" မဟုတ်ဘူး .. ငါတို့နှစ်ယောက်လုံးက ဘုရင်အဆင့် မှော်လက်နက်ရဲ့ ဝိညာဥ်တွေပဲ၊ မင်းကဘာလို့ လူသားကိုကူညီပြီး ကိုယ့်အချင်းချင်းကို ရက်စက်နေရတာလဲ "
သွေးနတ်ဆိုးဓား၏ ဝိညာဥ်သည် အကြိမ် ( 100 ) ကျော်ခန့် ကြိုးစားပြီးနောက် အလုပ်မဖြစ်တော့လျှင် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
" ဟမ့် .. ငါက နတ်တစ်ပါးဆိုရင် .. မင်းကနတ်ဆိုးကောင်ပဲ၊ မင်းနဲ့ ငါက တူညီမှုမရှိဘူး "
ဆေးဘုရင်အိုး၏ ဝိညာဥ် အေးစက်စက်ဖြင့် ပြန်ပြောလိုက်သည်။
" မဟုတ်ဘူး … ငါတို့လို ဘုရင်အဆင့်မှော်လက်နက်တွေက ကိုယ်ပိုင်အသိဉာဏ်နဲ့ ဝိညာဥ်ကို ပိုင်ဆိုင်ထားတယ်၊ ဘာလို့ ငါတို့က ကိုယ့်ကံကြမ္မာကိုယ် မထိန်းချုပ်နိုင်ရမှာလဲ၊ လူသားတွေရဲ့ ထိန်းချုပ်မှုကို လက်မခံဘဲနဲ့ ငါတို့ဘာသာငါတို့ ရှင်သန်ရပ်တည်နိုင်စွမ်းရှိတယ် "
သွေးနတ်ဆိုးဓား ဆေးဘုရင်အိုးဝိညာဥ်ကို စွဲဆောင်ဖြားယောင်းလိုက်၏။
" ဟမ့် .. ငါ့အရှေ့မှာ အဲ့လိုလှည့်ကွက်တွေနဲ့ လာမကစားနဲ့ "
သို့သော် ဆေးဘုရင်အိုးဝိညာဥ်မှာ သွေးနတ်ဆိုးဓား၏ ပြောစကားများအားလုံးကို လျစ်လျူရှုထားလေသည်။
" မင်း … ငါ့ကို ဒီ့ထက်ထပ်ပြီး တွန်းအားမပေးဖို့ ငါပြောချင်တယ် .. အခုက အချိန်မှီနေတုန်းပဲ "
ထိုအချိန်တွင် သွေးနတ်ဆိုးဓား၏ အံကြိတ်ကာပြောလိုက်သောစကားသံက ထွက်ပေါ်လာ၏။ ထို့အတူ ဓားကလဲ တဝှီဝှီဖြင့် တုန်ခါလာခဲ့ပြီး သွေးနီရောင်အလင်းတန်းများက လင်းလက်တောက်ပလာသည်။ ထိုသွေးနီရောင်အလင်းတန်းက မည်မျှတောက်ပသည်ဆိုလျှင် မိုးကောင်းကင်အင်မော်တယ်နန်းတော်၏ ( 5 ) လွှာတစ်ခုလုံးကိုတောင် သွေးရောင်အဖြစ် ပြောင်းလဲသွားစေ၏။
" ဘာလဲ မင်းရဲ့ဝိညာဥ်အနှစ်သာရကို လောင်ကျွမ်းဖို့ စီစဥ်နေတာလား "
ဆေးဘုရင်အိုးဝိညာဥ် လှောင်ပြုံးပြုံးလိုက်ပြီး...
" မင်းတောင် အဲ့လိုလုပ်ရဲရင် .. ငါကလဲ ဘာလို့ ကြောက်နေရမှာတုန်း "
လက်ရှိအချိန်တွင် ဆေးဘုရင်အိုးမှာ သူ၏အဓိကလက်နက်ကိုယ်ထည်ကလဲ ဤနေရာတွင်ရှိနေပြီး မိမိကိုယ်တိုင်ကလဲ စွမ်းအားအပြည့် အထွတ်အထိပ်အခြေအနေတွင်ရှိသည်။
အင်မော်တယ်သခင်အဆင့်နီးပါးသို့ ကျဆင်းနေသော သွေးနတ်ဆိုးဓား၏ဝိညာဥ်ကို မည်ကဲ့သို့ ကြောက်ရမည်နည်း။
" ကောင်းတယ် .. ကောင်းတယ် .. မင်းကမကြောက်မှတော့ ငါကလဲ တကယ့်ပျက်စီးမှုဆိုတာ ဘာလဲ ပြရသေးတာပေါ့၊ ငါသေရင်တောင်မှ မင်းလဲ အကောင်းတိုင်း ကျန်ခဲ့မယ် မထင်နဲ့ "
ချက်ချင်းပင် သွေးနတ်ဆိုးဓားသည် သူ၏ဝိညာဥ်အနှစ်သာရစွမ်းအားကို ပြတ်ပြတ်သားသားပင် လောင်ကျွမ်းပလိုက်လေ၏။
အုန်းခနဲ သွေးစွမ်းအားများက အလုံးလိုက်အရင်းလိုက် ပေါက်ကွဲထွက်လာပြီး ဓားမှထွက်ပေါ်နေသည့် သွေးနီရောင်အလင်းတန်းက ပို၍ပင် နီရဲတောက်လာသည်။
ထိုသွေးနီရောင်အလင်းတန်းသည် အရပ်မျက်နှာအနှံ့ကိုဖျက်ဆီးပြီး ( 5 ) လွှာတွင်ရှိနေသော တောင်များကို အမှုန့်ကြိတ်ပစ်ကာ ရေများကို အငွေ့ပျံသွားစေ၏။
ဆေးဘုရင်အိုး၏ ဝိညာဥ်သည် မှော်ဆေးအလင်းတန်းများကို ထုတ်လွှတ်ကာ ၎င်းသွေးစွမ်းအင်များကို တည်ငြိမ်စွာဖြင့် တုံ့ပြန်သည်။
" မဟုတ်သေးဘူး .. ဒီကောင်က တကယ်ကြီး သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားနေတာလား .. အဲ့လိုဆိုရင် ငါလဲ တကယ်မလွယ်တော့ဘူး "
ဆေးဘုရင်အိုး၏ ဝိညာဥ်သည် အချိန်အတော်ကြာသည်အထိ သွေးနတ်ဆိုးဓားက သူ၏ဝိညာဥ်အနှစ်သာရ စွမ်းအားများကို ဆက်တိုက်လောင်ကျွမ်းနေသည်အား တွေ့သောအခါ မျက်မှောင်ကုပ်၍ ရေရွတ်လိုက်၏။
" စိတ်မပူနဲ့ .. သူ့တိုက်ခိုက်မှုကိုသာ ထိန်းထား၊ ဒီကောင် အားနည်းသွားအောင်လို့ ငါကူညီပေးမယ် "
ရဲ့ဟိုင် ဝင်ပြောလိုက်ခြင်းပင်။
" မင်းကလား … "
ဆေးဘုရင်အိုး၏ဝိညာဥ် တအံ့တဩဖြစ်သွားပြီး ရဲ့ဟိုင်ကို သံသယများနှင့်အတူ ကြည့်လိုက်၏။
သူသံသယဖြစ်သည်ကလဲ ပုံမှန်ပင်။ လက်ရှိအချိန်တွင် သွေးနတ်ဆိုးဓားက ၎င်း၏ဝိညာဥ်အနှစ်သာရကို လောင်ကျွမ်းပြီးနောက် အင်မော်တယ်ဘုရင်တစ်ပါး၏ စွမ်းအားကို ခဏတာပိုင်ဆိုင်နေပြီဖြစ်သည်။
ရဲ့ဟိုင်၏ ခန္ဓာကိုယ်က သန်မာသည်ဆိုသော်လည်း အင်မော်တယ်ဘုရင်အဆင့် ခန္ဓာကိုယ်တော့ မရှိသေးပေ။ သူကမည်ကဲ့သို့ ကူညီပေးနိုင်မည်နည်း။
သို့သော်လည်း ထိုအချိန်တွင် ဆေးဘုရင်အိုး၏ ဝိညာဥ်သည် ရဲ့ဟိုင်၏ ခန္ဓာကိုယ်မှ အဆုံးမဲ့သော အလင်းတန်းများ ဖြာထွက်လာသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရ၏။
၎င်းအလင်းတန်းက ကမ္ဘာပေါ်တွင် အမြင့်မြတ်ဆုံး အလင်းတန်းဖြစ်ပြီး တုနှိုင်းမဲ့သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။
နတ်အလင်းက ရဲ့ဟိုင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်နှင့် ချက်ချင်းပင် သွေးနတ်ဆိုး ဓားကိုယ်ထည်ထဲမှ နာကျင်စွာ အော်ဟစ်သံများက ထွက်ပေါ်လာလေ၏။
" မဟုတ်ဘူး … အဲ့တာဘာကြီးလဲ နာတယ် .. ဝေးဝေးကိုသွားစမ်း "
သွေးနတ်ဆိုးဓား၏ ဝိညာဥ် ကြောက်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။
တစ်ဖက်တွင် ဆေးဘုရင်အိုး၏ ဝိညာဥ်ကတော့ ၎င်းမြင်ကွင်းကိုကြည့်ပြီး ဟက်ဟက်ပက်ပက် ရယ်မောတော့၏။
" ဟား .. ဟား .. ကောင်းတယ်၊ ရဲ့ဟိုင် ကြည့်ရတာ နတ်အလင်းတန်းက ဒီကောင့်အပေါ်မှာ တော်တော်လေးသက်ရောက်မှုရှိပုံပဲ "
ရဲ့ဟိုင်ပြုံးလိုက်ပြီး သူ၏နတ်အလင်းတန်းကို စွမ်းအားအကုန် ထုတ်သုံးလိုက်လျှင် တစ်ဖက်၌ သွေးနတ်ဆိုးဓားကလဲ နတ်အလင်းတန်းကြောင့် အလွန်နာကျင်လာသဖြင့် ဒေါသတကြီး သူ၏အနှစ်သာရကို ပိုမိုလောင်ကျွမ်းကာ တိုက်ခိုက်လေသည်။
" ရဲ့ဟိုင် .. သတိထား .. ဒီကောင်စွမ်းအားအကုန် ထုတ်သုံးတော့မယ် "
ထိုကဲ့သို့ သွေးနတ်ဆိုးဓားမှ ပြောင်းလဲမှုကို တွေ့သောအခါ ဆေးဘုရင်အိုး၏ဝိညာဥ် လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။
သွေးနတ်ဆိုးဓားသာ လုံးဝရူးသွပ်သွားမည်ဆိုလျှင် သူတောင်မှ တော်တော်လေးကို ပေးဆပ်ရမည်ဆိုတာကို ဆေးဘုရင်အိုး၏ ဝိညာဥ် နားလည်လေသည်။
ရဲ့ဟိုင်သည် ဆေးဘုရင်အိုး၏ဝိညာဥ်မှာ သွေးနတ်ဆိုးဓား၏ စွမ်းအားအကုန်ထုတ်သုံးမှုကို ကောင်းကောင်းထိန်းသိမ်းနိုင်သည်ဟု ယုံကြည်၏။ သို့သော် ပြဿနာက ဆေးဘုရင်အိုး၏ ဝိညာဥ်ကလဲ ၎င်းအနှစ်သာရစွမ်းအား တော်တော်ကုန်ဆုံးသွားနိုင်ဖွယ်ရှိသည်။
ရဲ့ဟိုင် တုန့်ဆိုင်းမနေတော့ပဲ အတွေးတစ်ချက်တည်းဖြင့် အချိန်စွမ်းအားကို တိုက်ရိုက်ပင် ထုတ်သုံးလိုက်၏။
လက်ရှိအချိန်တွင် သူ၏ကျင့်ကြံအဆင့်က ရွှေအင်မော်တယ်အဆင့် ( 24 ) သို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ရဲ့ဟိုင် သူ၏ကျင့်ကြံအဆင့်ကို ရွှေအင်မော်တယ်အဆင့် ( 27 ) အထိ ဆက်တိုက်မြှင့်တင်ရန်အတွက် ပြင်ဆင်လိုက်၏။
အကြောင်းအရင်းကတော့ သူ၏ကျင့်ကြံအဆင့် တိုးလာသည်နှင့်အမျှ ခန္ဓာကိုယ်က ထုတ်လွှတ်နိုင်သော နတ်အလင်း၏ စွမ်းအားကလဲ ပိုမို၍တိုးလာမည်ဖြစ်သောကြောင့်ပင်။
ဤသို့ဖြင့် ရဲ့ဟိုင်၏ခန္ဓာကိုယ်မှ အရှိန်အဝါက ဆက်တိုက်တိုးတက်လာပြီး အဆင့်တက်လာသည်နှင့်အမျှ ခန္ဓာကိုယ်မှ ထုတ်ဖော်နေသော နတ်အလင်းတန်းကလဲ ယခင်ကထက် သိသိသာသာ ပို၍အားကောင်းလာလေသည်။
ထိုအခြေအနေက ဆေးဘုရင်အိုး ဝိညာဥ်၏ မျက်လုံးကို အရောင်များ လင်းလက်တောက်ပလာစေ၏။
" ဟား .. ဟား ကောင်းတယ်၊ ကောင်လေး မင်းသူ့ကို အဲ့လိုသာ အဆက်မပြတ်ဖိအားပေးနေ .. ကျန်တာငါ့တာဝန်ထားလိုက် "
ဆေးဘုရင်အိုး၏ ဝိညာဥ် ဝမ်းသာအားရဖြင့် သွေးနတ်ဆိုးဓား၏ ပိုပြင်းထန်လာသော တန်ပြန်တိုက်ခိုက်မှုများကို စွမ်းအားကုန်ထုတ်ကာ အကြိမ်ကြိမ် အခါခါ ရပ်တန့်ပြီး ပိတ်ဆို့လိုက်လေ၏။
***