" အနှစ်သာရကိုးမျိုးဝိုင်ဆိုတာက ဝိုင်နယ်မြေမှာ အနှစ် ( 100 ) မှ တစ်အိုး ထုတ်လုပ်နိုင်တာမလား၊ လက်ရှိ ဧည့်ခံထားတဲ့ အရေအတွက်နဲ့ဆိုရင် အိုးရာနဲ့ ချီရှိမှာပဲ၊ ဝိုင်နယ်မြေက ယွမ်ဟန်ဂိုဏ်းအတွက် တော်တော်လေးကို ရင်းနှီးထားတယ်လို့ဆိုရမယ် "
" ဟမ့် .. ယွမ်ဟန်ဂိုဏ်းက ဝိုင်နယ်မြေနဲ့ ထိစပ်နေတာလေ ယွမ်ဟန်ဂိုဏ်းသာ တောင်းဆိုမယ်ဆိုရင် ဝိုင်နယ်မြေက ငြင်းရဲမယ်ထင်လား၊ သူတို့သာ ငြင်းလိုက်တာနဲ့ အကုန်လုံး တစ်ခါတည်း မျိုးဖြုတ်ခြင်းခံရလိမ့်မယ် "
" အနှစ်သာရကိုးမျိုးဝိုင် "
" နှစ်ပေါင်းများစွာအတွင်း ငါဒီဝိုင်ကို တစ်ခွက်ပဲသောက်ဖူးခဲ့တာ .. အခုတော့ အလကား အများကြီးသောက်ရပြီ "
" အနှစ်သာရကိုးမျိုးဝိုင်ဆိုတာက မတူညီတဲ့ အင်မော်တယ်သစ်သီး ( 9 ) မျိုးနဲ့ ပြုလုပ်ထားပြီး နှစ်ပေါင်း ( 100 ) တိတိ ထားရတဲ့ဝိုင်ပဲ၊ အင်မော်တယ်သစ်သီး ( 9 ) မျိုးလုံးမှာ ထူးကဲတဲ့ဂုဏ်သတ္တိရှိတာဆိုတော့ သူတို့ရဲ့ပေါင်းစပ်မှုက အရမ်းကိုမွှေးတဲ့ရနံ့နဲ့ ကောင်းမွန်တဲ့အရသာကို ဖန်တီးပေးတယ်လေ "
" ပိုပြီးအရေးကြီးတာ အနှစ်သာရကိုးမျိုးဝိုင်က လူတစ်ယောက်ရဲ့ ကျင့်ကြံအဆင့်ကို တိုးတက်စေနိုင်စွမ်းရှိတာပဲ၊ မြေအမတအဆင့် ကျင့်ကြံသူတွေက အဆင့် ( 3 ) ဆင့်လောက်ကို ဆက်တိုက်တိုးတက်နိုင်ပြီး .. ကောင်းကင်အမတအဆင့် ကျင့်ကြံသူတွေကတော့ အဆင့် ( 2 ) ဆင့်လောက်ကို မြှင့်တင်နိုင်တယ်၊ ကျောက်စိမ်းအင်မော်တယ်အဆင့်တွေတောင်မှ အဆင့်တစ်ခုကို မြှင့်တင်နိုင်စွမ်းရှိတယ်တဲ့ "
" မင်းက လက်ထဲမှာကိုင်ထားတဲ့ ဝိုင်ကိုပဲ ဂရုစိုက်မနေနဲ့ .. မင်းအရှေ့မှာရှိနေတဲ့ အင်မော်တယ်သစ်သီးတွေကိုကော သတိမထားမိဘူးလား "
" သောက်ချီး .. ဒါတွေက ဝိညာဥ် အင်မော်တယ် သစ်သီးတွေမလား "
" ဝိညာဥ် အင်မော်တယ် သစ်သီးဆိုတာက စိတ်ဝိညာဥ်ကို မြှင့်တင်ပေးနိုင်တဲ့ ရှားပါးအင်မော်တယ်သစ်သီးတွေပဲ၊ ဘာလို့ဆို ကျင့်ကြံအဆင့်တစ်ခု မြှင့်တင်နိုင်တာထက် စိတ်ဝိညာဥ်ကို နည်းနည်းတိုးတက်သွားစေတာက ပိုပြီးတော့ လူတိုင်းအတွက် အကျိုးရှိတယ်လေ "
" ခုနက ရဲ့ဟိုင်ကို ပေးခဲ့တဲ့လက်ဆောင်တွေ အရမ်းကိုရက်ရောလွန်းတယ်လို့ ငါထင်ခဲ့ပေမဲ့ .. အခုတော့ ရဲ့ဟိုင်က ပိုပြီးဘယ်လောက်ရက်ရောလဲဆိုတာကို ကောင်းကောင်းနားလည်သွားပြီ၊ ဒီလိုမျိုး ခမ်းနားကြီးကြယ်တဲ့ပွဲမျိုးကို ငါနောက်တစ်ခါထပ်ပြီးတော့ တက်ဖူးမှာမဟုတ်တော့ဘူး "
" ဟုတ်တယ် မင်းပြောတာအမှန်ပဲ "
ထိုအချိန်တွင် ဓာတ်ကြီးငါးပါးဓားဂိုဏ်း၏ ဓားဘုရင်က သူတို့စားပွဲဝိုင်းရှိရာသို့ ချဥ်းကပ်လာသော ရဲ့ဟိုင်ကိုကြည့်ပြီး မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာ၏။
" ဓားဘုရင် "
ရဲ့ဟိုင် ဓာတ်ကြီးငါးပါးဂိုဏ်း၏ စားပွဲသို့ရောက်သောအခါ ပြုံး၍နှုတ်ဆက်လိုက်သည်။
" ရဲ့ဂိုဏ်းချုပ် "
ဓားဘုရင်ကလဲ မတ်တပ်ရပ်ကာ တလေးတစားဖြင့် ပြန်နှုတ်ဆက်လိုက်၏။
ရှုကျန်းယီ ရဲ့ဟိုင်အခြေအနေကို ပြောပြသည့်အချိန်တည်းက ဓားဘုရင်မှာ ရဲ့ဟိုင်အား သေချာစုံစမ်း စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ အောက်ကမ္ဘာတွင် သူတွေ့ခဲ့ပြီး အမွေအနှစ်ပေးခဲ့သောရဲ့ဟိုင်က အချိန်တိုအတွင်း ဤကဲ့သို့အဆင့်ထိ ရောက်ရှိလာမည်ဟု လုံးဝမထင်ထားခဲ့ပေ။
ရှုကျန်းယီက ရဲ့ဟိုင်ကို ဓာတ်ကြီးငါးပါးဓားဂိုဏ်းသို့ ဝင်ရောက်စေရန်အတွက် ပြောဆိုလာသည့်အချိန်တွင် သူကလဲ ရဲ့ဟိုင်အား အခွင့်အရေး ကြီးကြီးမားမားပေးရန် ရည်ရွယ်ထားခဲ့၏။
ထိုအခွင့်အရေးက ရှုကျန်းယီကဲ့သို့ လူငယ်ဂိုဏ်းသခင်များအတွက်သာ ရနိုင်သည့် အခွင့်အရေးများဖြစ်သည်။
သို့သော် လက်ရှိအခြေအနေအရ ဆိုလျှင် ရဲ့ဟိုင်က ဓာတ်ကြီးငါးပါးဓားဂိုဏ်း၏ အခွင့်အရေးများကို လုံးဝစဥ်းစားတော့မည် မဟုတ်ချေ။
" ညီအစ်ကိုရှု "
ရဲ့ဟိုင် ဓားဘုရင်၏ဘေးနားတွင်ထိုင်နေသော ရှုကျန်းယီအားကြည့်ကာ ပြုံး၍နှုတ်ဆက်လိုက်၏။
" ညီအစ်ကိုရဲ့ "
ရှုကျန်းယီကလဲ တလေးတစားပင် ပြန်နှုတ်ဆက်လိုက်သည်။
သို့သော် ရှူကျန်းယီ၏မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုအချို့က ရှိနေဆဲပင်။ အချိန်ကြာလာသည်နှင့်အမျှ ရဲ့ဟိုင်နှင့်သူ့အကြားကွာဟချက်က ပိုပို၍ကြီးလာပြီး ရဲ့ဟိုင်မှာ သူလုံးဝလိုက်မမီနိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီဆိုတာကို နားလည်၏။
ဓားဘုရင်သည် ရဲ့ဟိုင်အား ဂုဏ်ပြုစကားအချို့ပြောပြီးနောက် ...
" ဒါနဲ့ ရဲ့ဂိုဏ်းချုပ် ဘယ်အချိန်လောက်အားမလဲဆိုတာ သိလို့ရမလား "
" ဘာလဲ ဓာတ်ကြီးငါးပါးဂိုဏ်းကို ဖိတ်မလို့လား "
" ဟုတ်ပါတယ် "
" ကျွန်တော် အင်မော်တယ်တရားရုံးကိုမသွားခင် ဓာတ်ကြီးငါးပါးဂိုဏ်းဆီလာခဲ့မယ် "
ရဲ့ဟိုင် တစ်ခဏစဥ်းစားပြီးနောက် ဓားဘုရင်အား ကတိပေးလိုက်သည်။
သူသည် အောက်ကမ္ဘာတွင် ဓာတ်ကြီးငါးပါးဓားသိုင်းကို သင်ယူခဲ့ပြီး ကျင့်ကြံရေးလမ်းကြောင်းတွင်လည်း တော်တော်လေးကို အထောက်အကူဖြစ်စေခဲ့၏။ ထို့ကြောင့် ဓာတ်ကြီးငါးပါးဓားဂိုဏ်းသို့ သူသွားရောက်လည်ပတ်သည်က လုပ်ကိုလုပ်ရမည့်အရာတစ်ခုပင်။
ဤသို့ဖြင့် ယွမ်ဟန်ဂိုဏ်းတည်ထောင်ပွဲက သုံးရက်သုံးညတိတိ ကြာမြင့်ခဲ့လေသည်။
ဤသုံးရက်အတွင်း ယွမ်ဟန်ဂိုဏ်းသည် အခမ်းအနားကို တက်ရောက်လာသော လူများအကုန်လုံးကို အင်မော်တယ်အစားအစာများ အလုံအလောက် ထောက်ပံ့ပေးခဲ့၏။
ဤသို့ဖြင့် ကျင့်ကြံသူများ ပြန်ပြီးတော့ ထွက်ခွာသွားပြီးနောက်တွင် ရဲ့ဟိုင်က ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
၎င်းကြေညာချက်မှာ ယွမ်ဟန်ဂိုဏ်းတွင် ကျား နှင့် ဝံပုလွေ ဌာနခွဲတစ်ခုကို တည်ထောင်ပြီး တပည့်တစ်သိန်းတိတိကို သူကိုယ်တိုင်လေ့ကျင့်ပေးမည်ဆိုသော ကြေညာချက်ဖြစ်၏။
ထိုသတင်းပျံ့နှံ့သွားသည်နှင့် အရပ်လေးမျက်နှာမှ ကျင့်ကြံသူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ရဲ့ဟိုင်ဆိုသည်မှာ မည်သူဖြစ်သနည်း။
သူက အနာဂါတ်တွင် အင်မော်တယ်ဘုရင်ဘွဲ့ကို ရယူရန် အလားအလာ အရှိဆုံးသူပင်။ သူ၏ကိုယ်တိုင်သင်ကြားမှုကို လက်ခံရသောသူများ အကုန်လုံးက အနာဂါတ်တွင် ရဲ့ဟိုင် အင်မော်တယ်ဘုရင်ဖြစ်သွားသည်နှင့် သူတို့အကုန်လုံးကလဲ ဘုရင်တစ်ပါး၏ တပည့်များဖြစ်လာပေမည်။
ချက်ချင်းပင် သန်းနှင့်ချီသော ကျင့်ကြံသူများက ယွမ်ဟန်ဂိုဏ်းသို့ စုပြုံရောက်ရှိလာပြီး အရေအတွက်ကလဲ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခဲ့သည်။
ယွမ်ဟန်ဂိုဏ်း၏ ထောက်လှမ်းရေးခန်းမသည် ထိုတပည့်များ၏ အထောက်အထားများကို စစ်ဆေးရန် တာဝန်ယူထားလေ၏။
ရဲ့ဟိုင်သည် တပည့်တစ်သိန်းကိုလက်ခံရာတွင် အရှေ့ပိုင်းကုန်းမြေတိုက်ကြီး၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် နယ်မြေလေးခုမှ တပည့်များကိုသာ လက်ခံမည်ဟု အလေးပေးကာ ပြောကြားခဲ့သည်။ အခြားနယ်မြေမှလူများ ရောက်ရှိလာလျှင် သူကလက်ခံမည်မဟုတ်ချေ။
သို့သော်လည်း သူသင်ကြားပေးမည့် တပည့်တစ်သိန်းကြားထဲတွင် အခြားနယ်မြေတွေနှင့် ဂိုဏ်းများ၏ သူလျှိုများ ရှိနေမည်ဆိုတာကိုတော့ ရဲ့ဟိုင်ကောင်းကောင်းသိ၏။
သို့သော် သူစိတ်ဝင်စားခြင်းမရှိပေ။
ဤအရာက မည်သည့်ဂိုဏ်းအတွက်ဆို ရှောင်လွှဲ၍မရသော အရာပင်ဖြစ်သည်။
ထို့နောက် ရဲ့ဟိုင်သည် တပည့်တစ်သိန်းကို သေချာရွေးချယ်ပြီးနောက် သူတို့ကိုကျင့်ကြံပေးရန်အတွက် အင်မော်တယ်နန်းတော်ဆီသို့ တိုက်ရိုက်ပင် ခေါ်ဆောင်သွားခဲ့၏။
အင်မော်တယ်နန်းတော်၏ ပထမအဆင့်က ကျင့်ကြံနှုန်းကို ပြင်ပကမ္ဘာထက် ( 5 ) ဆပို၍မြန်စေပြီး ဒုတိယအဆင့်ကတော့ ( 4 ) ဆမြန်ဆန်စေကာ တတိယအဆင့်က ( 3 ) ဆမြန်ပြီး စတုတ္ထအဆင့်ကတော့ ( 2 ) ဆဖြစ်သည်။ ( 5 ) လွှာကတော့ တစ်ဆခွဲတိတိ ပြင်ပကမ္ဘာထက် ကျင့်ကြံအဆင့် အမြန်နှုန်းကို တိုးမြှင့်ပေးနိုင်စွမ်းရှိ၏။
ရဲ့ဟိုင် ထိုတပည့်တစ်သိန်းထဲတွင် လူတိုင်း၏ ကျင့်ကြံအဆင့်အလိုက် မိုးကောင်းကင်အင်မော်တယ်နန်းတော်၏ အလွှာများကို ခွဲခြားကာ သတ်မှတ်ပေးခဲ့သည်။
မိုးကောင်းကင် အင်မော်တယ်နန်းတော်သည် တစ်ပြိုင်နက်တည်း ကျင့်ကြံသူတစ်သိန်းကို လေ့ကျင့်ပေးရန်အတွက် နေရာမရှိသော်လည်း ရဲ့ဟိုင်နှင့် ဝမ်ညီအစ်ကိုတို့၏ ကြိုးစားမှုအောက်တွင် မိုးကောင်းကင် အင်မော်တယ်နန်းတော်၏ အတွင်းလေဟာနယ်က တော်တော်လေးကို ကြီးမားအောင် ချဲ့ထွင်ထားနိုင်ပြီဖြစ်၏။ ယခုအချိန်တွင် ၎င်းက တစ်သိန်းသာမက တစ်သန်းအထိပါ ကျင့်ကြံသူများကို ထည့်သွင်း၍ လေ့ကျင့်ပေးနိုင်စွမ်းရှိသည်။
ထိုကျင့်ကြံသူ တစ်သိန်းကို မိုးကောင်းကင်အင်မော်တယ်နန်းတော်ထဲတွင် လေ့ကျင့်ပေးနေသည့်အချိန်၌ ခွန်ယင်းအာကလဲ မိုးကောင်းကင်အင်မော်တယ် နန်းတော်ထဲတွင် ကျင့်ကြံရန် ယွမ်ဟန်ဂိုဏ်းမှ ထူးချွန်သော ပါရမီရှင်တပည့်များကို ပို့ပေးခဲ့၏။
ထိုလုပ်ရပ်က ရဲ့ဟိုင်သည် မိုးကောင်းကင်အင်မော်တယ်နန်းတော်ကို လူတိုင်းသိအောင်လို့ ထုတ်ပြလာခြင်းနှင့် တူညီနေသည်။ ရဲ့ဟိုင်ကလဲ အစောကြီးကတည်းက မိုးကောင်းကင်အင်မော်တယ်နန်းတော်ကို ဆက်လက်၍ ဖုံးကွယ်ထားရန် အစီအစဥ် မရှိတော့ချေ။
" မိုးကောင်းကင် အင်မော်တယ်နန်းတော် "
" ရဲ့ဟိုင်မှာ ကျင့်ကြံအဆင့် မြှင့်တင်ပေးနိုင်တဲ့ အဲ့လိုအင်မော်တယ်နန်းတော်တစ်ခု တကယ်ရှိနေတာလား "
" ဒီလိုအင်မော်တယ်နန်းတော်နဲ့ဆိုရင် ယွမ်ဟန်ဂိုဏ်းက အင်အားမကြီးလာမှပဲ ထူးဆန်းနေလိမ့်မယ် "
" အကုန်လုံးပဲ စောင့်ကြည့်နေကြ .. ယွမ်ဟန်ဂိုဏ်း ထပ်ပြီးတော့ နယ်မြေချဲ့ထွင်ဖို့က သိပ်ကြာတော့မှာမဟုတ်ဘူး "
ကျင့်ကြံသူများ စိုးရိမ်နေကြသည့်အတိုင်းပင် ခွန်ယင်းအာ၏ ဦးဆောင်မှုအောက်တွင် ယွမ်ဟန်ဂိုဏ်း၏ စစ်တပ်က အရှေ့၊ အနောက်၊ တောင်၊ မြောက်ရှိ နယ်မြေပေါင်း မြောက်များစွာကို ဆက်လက်၍ ပေါင်းစည်းကာ သိမ်းပိုက်ခဲ့၏။
ရဲ့ဟိုင်ကတော့ ပြင်ပကမ္ဘာမှ အရာအားလုံးကို လျစ်လျူရှုထားပြီး မိုးကောင်းကင်အင်မော်တယ်နန်းတော်ထဲ၌ တပည့်များကိုသာ လေ့ကျင့်သင်ကြားပေးနေလေသည်။
တစ်နှစ်ကြာသွား၏။
နှစ်နှစ်ကြာသွားသည်။
သုံးနှစ်ကြာသွား၏။
သုံးနှစ်ကြာပြီးနောက်တွင် ရဲ့ဟိုင်သည် ယွမ်ဟန်ဂိုဏ်း၏ ခေါင်းဆောင်နှင့် အကြီးအကဲများအားလုံးကို အစည်းအဝေးခန်းမသို့ ခေါ်ဆောင်လိုက်လေ၏။
***