ခွန်ယင်းအာနှင့် ကျန်သူများအားလုံး ရောက်ရှိလာပြီးနောက် ရဲ့ဟိုင်၏ အနားတွင်ရပ်နေသော အလွန်လှပသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရ၏။
ထိုမိန်းကလေးမှာ စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တည်ငြိမ်ကာ အေးစက်သည့် အမူအရာကို ပိုင်ဆိုင်ထားသည်။ သို့သော် ရဲ့ဟိုင်ကို သူမ ကြည့်သည့်အကြည့်များထဲတွင်တော့ တွယ်တာမှုနှင့် ချစ်ခင်မြတ်နိုးမှု စသည့်နူးညံ့သည့် အရိပ်အယောင်များ တည်ရှိနေ၏။
ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲများအားလုံး ဆုံသွားသည်ကိုမြင်လျှင် ရဲ့ဟိုင်မှ...
" ဒီနေ့အားလုံးကို ခေါ်လိုက်ရတာက အဓိကကြေညာစရာသုံးခုရှိလို့လဲ "
ခဏနားပြီးနောက် ရဲ့ဟိုင်ဆက်ပြီး...
" ပထမအချက်ကတော့ ဝူမင်က ယွမ်ဟန်ဂိုဏ်းထဲကို တရားဝင်ဝင်ရောက်တော့မှာဖြစ်တယ် ဒါပေမဲ့ ဝူမင်က ယွမ်ဟန်ဂိုဏ်းထဲမှာ အမြဲရှိနေနိုင်မှာ မဟုတ်ဘူးဆိုတော့ သူ့ကိုလောလောဆယ် လက်ထောက်အကြီးအကဲ ရာထူးကိုပဲ ပေးအပ်သွားဦးမယ် "
ထိုစကားက ယွမ်ဟန်ဂိုဏ်းထဲတွင်ရှိနေသော ခေါင်းဆောင်များနှင့် အကြီးအကဲများအားလုံးကို ဝမ်းသာသွားစေသည်။
ဝူမင်ဆိုသည်မှာ မည်သူဖြစ်သနည်း။
ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) ကို ရောက်ရှိခဲ့သည့်သူဖြစ်၏။
ဝူမင်လဲတစ်နေ့တွင် အင်မော်တယ်ဘုရင်အဆင့်ကို ရောက်ရှိမှာကျိန်းသေပင်။ ဝူမင် ယွမ်ဟန်ဂိုဏ်းထဲသို့ ဝင်ရောက်လာခြင်းက အနာဂါတ်တွင် ယွမ်ဟန်ဂိုဏ်း၌ အင်မော်တယ်ဘုရင်အဆင့်နှစ်ပါး ရှိနေမည်ဟု ဆိုလိုနေသည် မဟုတ်လား။
" ဒုတိယအချက်အနေနဲ့ ဂိုဏ်းရဲ့အာဏာရှင် အကြီးအကဲရာထူးကို ငါ့ရဲ့အစေခံ ချင်ချင်ကို ပေးအပ်သွားမယ် "
ရဲ့ဟိုင် သူ၏ဘေးနားတွင်ရှိသော ချင်ချင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
ထိုစကားက အကြီးအကဲများနှင့် ခေါင်းဆောင်များအားလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။
ခွန်ယင်းအာကို သူတို့အသိအမှတ်ပြုရသည့် အကြောင်းအရင်းမှာ သူမကိုယ်တိုင်က အရည်အချင်းရှိသည့်အပြင် ခွန်မိသားစုနောက်ခံလည်းရှိသည်။ ထို့ကြောင့် သူမ ယွမ်ဟန်ဂိုဏ်း၏ ဒုဂိုဏ်းချုပ်အနေအထား ရရှိလာခြင်းကို မည်သူကမှ ကန့်ကွက်ကြမည်မဟုတ်ချေ။
သို့သော် ချင်ချင်ဆိုသည်မှာ အတွေ့အကြုံလဲမရှိသလို ခွန်အားကလဲ မလုံလောက်ပေ။ ယွမ်ဟန်ဂိုဏ်း၏ အာဏာရှင်အကြီးအကဲဖြစ်ရန် သူမကမည်ကဲ့သို့ အရည်အချင်း ပြည့်မီနိုင်မည်နည်း။
ဂိုဏ်း၏အာဏာရှင် အကြီးအကဲရာထူး အခွင့်အာဏာဆိုသည်မှာ ဂိုဏ်းချုပ်နှင့် ယှဥ်နိုင်လှနီးပါးရှိသော အာဏာရှင်တစ်ပါးပင်။
" ဂိုဏ်းချုပ် ဒါကတော့ နည်းနည်းမသင့်တော်ဘူးမလား "
ဝမ်ညီအစ်ကိုသုံးယောက်ထဲမှ ဝမ်ရန်ထျန်း တစ်ခဏတုံ့ဆိုင်းပြီးနောက် ပထမဆုံးစ၍ ပြောလိုက်၏။
ဝမ်ယန်ထျန်းကဲ့သို့ အင်မော်တယ်သခင်အဆင့် ( 9 ) တွင် ရှိနေသောလူများက လက်ရှိအချိန်တွင် ယွမ်ဟန်ဂိုဏ်း၏ ထိပ်သီးအကြီးအကဲများ ဖြစ်လာခဲ့သည်။
ဟုတ်၏။ ဤအရာက ယာယီမျှသာဖြစ်သည်။ နောက်ပိုင်းသူတို့၏ လုပ်ရပ်များကို ကြည့်ရှုဦးမည်ဖြစ်၏။
" ဟုတ်ပါတယ် ဂိုဏ်းချုပ် .. ဒီကိစ္စနဲ့ပတ်သက်ပြီး အနာဂါတ်ကို ထည့်တွေးသင့်တယ်ထင်ပါတယ် "
တစ်ဖက်လက်အဘွားဒူကလဲ တီးတိုးဝင်ပြောသည်။
" လီဂျင် မင်းကကော ဘယ်လိုထင်လဲ "
ရဲ့ဟိုင် လီဂျင်ကိုကြည့်ကာ ပြောလိုက်၏။
တစ်ခဏစဥ်းစားပြီးနောက် လီဂျင်မှ...
" ကျွန်တော်လဲ ဒီကိစ္စကို စဥ်းစားဖို့လိုအပ်မယ်လို့ ထင်ပါတယ် "
လီမိသားစုခေါင်းဆောင်လီဂျင်သည် လက်ရှိအချိန်တွင် ရွှေအင်မော်တယ်အဆင့်သာ ရှိသေးသော်လည်း သူကအတွေ့အကြုံနှင့် လုပ်ရည်ကိုင်ရည် များစွာရှိသည်။ ထို့ကြောင့် ဤကဲ့သို့ ထိပ်သီးအကြီးအကဲရာထူးကို ရရှိထားခြင်းပင်။
ရဲ့ဟိုင်ကိုယ်တိုင်ကလဲ လက်ရှိအချိန်ထိ ဘူရီမြို့နှင့် ကျိယန်မြို့မှ လူများအကုန်လုံးကို အလေးထားနေဆဲဖြစ်၏။ သူသည် အရေးကြီးကိစ္စအချို့ကိုပင် ထိုလူများအား ရှာဖွေကာ သီးသန့်ဆွေးနွေးမှုများ ပြုလုပ်လေ့ရှိသည်။
သူ့အနေဖြင့် ထိုလူများကို တစ်ခုသာ တောင်းဆိုထား၏။
စည်းစိမ်ဥစ္စာ၊ ဂုဏ်ပုဒ်နှင့် အာဏာကို သူပေးနိုင်စွမ်းရှိသည်။ သို့သော် မည်သူကမှ ဂိုဏ်းကိုလုံးဝ သစ္စာဖောက်လို့မရချေ။
" တကယ်တော့ အာဏာရှင်အကြီးအကဲရာထူးအတွက် အများကြီး ဆွေးနွေးစရာမလိုဘူး၊ ကျွန်မရဲ့ အရည်အချင်းကို သက်သေပြလိုက်ရင် အကုန်လုံးအဆင်ပြေသွားလိမ့်မယ် "
ချင်ချင် လူတိုင်းကို အေးဆေးတည်ငြိမ်စွာဖြင့် ကြည့်လိုက်ပြီး...
" အာဏာရှင်အကြီးအကဲ တစ်ယောက်အတွက် ပထမဆုံးလိုအပ်တဲ့အရာက ခွန်အားပဲ၊ ခွန်အားသာမရှိဘူးဆိုရင် အကုန်လုံးကိုဘယ်လိုလုပ် အုပ်ချုပ်နိုင်စွမ်းရှိမှာလဲ "
စကားဆုံးသည်နှင့် ချင်ချင်၏ ဦးခေါင်းထက်၌ ကြီးကြယ်ခမ်းနားသော အရှိန်အဝါများ ထွက်ပေါ်နေသည့် ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာ၏။ ထိုပုံရိပ်ထွက်ပေါ်လာသည်နှင့် အခန်းထဲတွင်ရှိသော ကျင့်ကြံသူများအားလုံး၏ မျက်နှာက သိသိသာသာ ပျက်ယွင်းသွားသည်။
ဝမ်ယန်ထျန်းတို့ကဲ့သို့ အင်မော်တယ်သခင်အဆင့် ( 9 ) ကျင့်ကြံသူများလည်း အတူတူပင်ဖြစ်၏။
" ရှေးဦးဝိညာဥ် "
" အင်မော်တယ်အရှင်အဆင့် "
ဂိုဏ်းချုပ်၏အစေခံက တကယ်ကို အင်မော်တယ်အရှင်အဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည်လား။
" အဲ့ဒီချင်ချင်ရဲ့ ကျင့်ကြံအဆင့်က လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကဆို မြေအမတအဆင့်မှာပဲ ရှိနေသေးတာမလား "
" ဟုတ်တယ် .. အမှန်ပဲ၊ ချင်ချင်ဝင်ရောက်ခဲ့တဲ့ ဂိုဏ်းက ဒုတိယတန်းစား ဂိုဏ်းလေးတစ်ခုလေ၊ ဒုတိယတန်းစားဂိုဏ်းလေးတစ်ခုက သူမလို ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်မှာမဟုတ်ဘူး "
" သေချာပေါက် ရဲ့ဟိုင်ဆီကို ချင်ချင်ရောက်ရှိလာတုန်းက သူမရဲ့ကျင့်ကြံအဆင့်က အရမ်းကိုနိမ့်နေတာ၊ ဒါပေမဲ့ သူမက အချိန်တိုအတွင်း ဒီလောက်တိုးတက်မှုကို ဘယ်လိုလုပ်ရရှိခဲ့တာလဲ "
" ဂိုဏ်းချုပ် .. ချင်ချင်ကို ဂိုဏ်းချုပ်ကိုယ်တိုင် လေ့ကျင့်ပေးထားတာပဲ ဖြစ်ရမယ် "
အကြီးအကဲနှင့် ခေါင်းဆောင်များအားလုံး၏ မျက်နှာအမူအရာ အမျိုးမျိုးကိုကြည့်လိုက်ပြီး ရဲ့ဟိုင်ပြုံးလိုက်သည်။
" ဟုတ်တယ် .. ချင်ချင်ဆီမှာ အဖိုးတန်အရင်းအမြစ်တချို့ကို ငါအသုံးပြုထားတာ၊ မင်းတို့အားလုံးလဲ ငါနဲ့လက်တွဲလုပ်ပြီးတော့ သေချာအလုပ်ကြိုးစားရင် အနာဂါတ်မှာ အင်မော်တယ်အရှင်အဆင့်ကို ရောက်ဖို့ဆိုတာက မဖြစ်နိုင်တာတော့မဟုတ်ဘူး "
ရဲ့ဟိုင်၏ထိုစကားက အင်မော်တယ်သခင်အဆင့် ( 9 ) သို့ ရောက်ရှိနေသော ဝမ်ယန်ထျန်းနှင့် ကျန်သူများအားလုံး၏မျက်လုံးကို အရောင်တလက်လက် တောက်ပလာစေလေ၏။
ထိုအချိန်တွင် ချင်ချင်မှ...
" အခုဆိုရင် အာဏာရှင်အကြီးအကဲရာထူးကို ရရှိဖို့အတွက် ကျွန်မက အရည်အချင်းရှိပြီလား "
အကုန်လုံး ခေါင်းညိတ်လိုက်ကြသည်။
ချင်ချင် အင်မော်တယ်အရှင်အဆင့်ခွန်အားကို ထုတ်ပြလာကတည်းက မည်သူမှသူမကို ဆန့်ကျင်ရဲခြင်း မပြုလုပ်ကြတော့ချေ။
" ကောင်းပြီ တတိယမြောက်ကြေညာမယ့်အချက်ကတော့ ငါအင်မော်တယ်နန်းတော်ကို သွားတော့မယ်ဆိုတာပဲ "
" ဂိုဏ်းချုပ် ထွက်သွားတော့မလို့လား "
ခွန်ယင်းအာ ကမန်းကတန်းပင် မေးလိုက်၏။
ထို့နောက် တွန့်ဆုတ်သော အမူအရာများက သူမ၏မျက်လုံးထဲတွင် ဖြစ်ပေါ်လာသည်။
" အင်းဟုတ်တယ် အခုချိန်က ငါအင်မော်တယ်တရားရုံးကို သွားဖို့အချိန်တန်နေပြီ "
ရဲ့ဟိုင် ခေါင်းညိတ်လိုက်၏။
ထို့နောက် ရဲ့ဟိုင် ဂိုဏ်းတွင်းရှိ ကိစ္စအမျိုးမျိုးကို အားလုံးနှင့် သေချာဆွေးနွေးလိုက်သည်။ အစည်းအဝေးပွဲက ပြီးဆုံးသွားသည့်အချိန်တွင် နေ့တစ်ဝက်တောင်မှ ကြာမြင့်သွားခဲ့လေ၏။
***