ရဲ့ဟိုင် အစည်းအဝေးပြီးသည်နှင့် ချက်ချင်းပင် ဂိုဏ်းမှထွက်ခွာရန်လုပ်သည်။ သူတိမ်သင်္ဘောကိုထုတ်ယူလိုက်ပြီး ဝူမင်အားလှမ်းခေါ်ကာ ဓာတ်ကြီးငါးပါးဂိုဏ်းသို့ တိုက်ရိုက်ပင် ဦးတည်လိုက်၏။
ရဲ့ဟိုင်သည် အင်မော်တယ်နန်းတော်သို့မသွားခင် ဓာတ်ကြီးငါးပါးဓားဂိုဏ်းကို လာခဲ့မည်ဟု ဓားဘုရင်အား ကတိပေးခဲ့သည်ကို လုံးဝမမေ့သေးပေ။
" ရဲ့ဟိုင် ငါမေးဦးမယ်၊ မင်း ဓာတ်ကြီးငါးပါးဓားဂိုဏ်းမှာ သုံး၊ လေးနှစ်လောက်တော့ ကြာကြာနေမှာ မဟုတ်ဘူးမလား "
ဝူမင် တိမ်တိုက်လှေပေါ်တွင် ရဲ့ဟိုင်နှင့်အတူ ဘေးချင်းကပ်ရပ်ရပ်နေရင်း မေးလိုက်သည်။
" မဟုတ်ဘူး .. အများဆုံး သုံးလပဲ "
" သုံးလဆိုရင်တော့ အဆင်ပြေပါတယ် "
ထိုသို့ပြောပြီးသည်နှင့်ဝူမင် ရဲ့ဟိုင်ကို သေချာစိုက်ကြည့်လိုက်ကာ...
" ဒါနဲ့ မင်းအခု ဘယ်အဆင့်ကိုရောက်နေပြီလဲ "
" မင်းကကော "
ရဲ့ဟိုင် ထိုမေးခွန်းကို ဖြေမည့်အစား ပြန်၍မေးလိုက်၏။
" ရွှေအင်မော်တယ်အဆင့် ( 30 ) "
" ငါလဲမင်းနဲ့ အတူတူပဲ "
" ဟား .. ဟား ဘယ်သူက မင်းနဲ့တူလို့လဲ၊ ငါလွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ရွှေအင်မော်တယ်အဆင့် ( 31 ) ကို ဖြတ်ကျော်သွားပြီ "
ဝူမင် ရယ်မောကာ ပြောလိုက်သည်။
ဝူမင် ထိုသို့ရယ်မောသည်ကိုမြင်လျှင် ရဲ့ဟိုင်၏နှုတ်ခမ်းထောင့်က တွန့်ကွေးသွားလေ၏။
" မင်းက ရွှေအင်မော်တယ်အဆင့် ( 31 ) ကို ရောက်သွားရင်တောင်မှ ငါ့ကိုနိုင်မယ်လို့ယုံလား "
" ဟမ့် .. မင်းသာ ခန္ဓာကိုယ်စွမ်းအားကို မသုံးဘူးဆိုရင် ငါသေချာပေါက်နိုင်တယ် "
" ရွှေအင်မော်တယ်အဆင့်တွေဆိုတာက သူတို့ရဲ့ဝိညာဥ်ကိုပဲ ပြိုင်ဆိုင်ကြတာလေ "
" မင်းသေချာလား "
ရဲ့ဟိုင် ဝူမင်ကိုကြည့်ကာ ပြုံး၍မေးလိုက်သည်။
" သေချာတယ် "
စကားဆုံးသည်နှင့် ဝူမင်၏ ဝိညာဥ်စွမ်းအားက မျက်ခုံးနှစ်ခုမှ ဖြာထွက်လာခဲ့ပြီး ရှေးဟောင်းသားရဲကြီးတစ်ကောင်၏ ပုံရိပ်တစ်ခု ဦးခေါင်းထက်တွင် ထွက်ပေါ်လာ၏။
" ဝေါင်း "
ထိုရှေးဟောင်းသားရဲကြီးက ကောင်းကင်ကိုမော့ကာ ဟိန်းဟောက်လိုက်လျှင် လေဟာနယ်က တွန့်လိမ်ကာ ပုံပျက်သွားသည်။
" မင်းအဆင်သင့်ဖြစ်ပြီလား "
ဝူမင် ရဲ့ဟိုင်ကိုကြည့်ကာ စိတ်အားထက်သန်မှုများနှင့်အတူ မေးလိုက်၏။
" ကောင်းပြီ လာခဲ့ "
ရဲ့ဟိုင်ပြုံးကာ ခေါင်းညိတ်လိုက်သည်။
ချက်ချင်းပင် ဝူမင်၏ဦးခေါင်းထက်မှ ရှေးဟောင်းသားရဲကြီးမှ နတ်အလင်းတန်းများ ဖြာထွက်လာပြီး ရဲ့ဟိုင်ဆီသို့ အရှိန်ဖြင့်ပြေးဝင်သွား၏။ ထိုသားရဲကြီး ခြေတစ်လှမ်းလှမ်းသွားတိုင်း ခြေထောက်အောက်ရှိလေဟာနယ်က ပြိုကျသွားပြီး တွင်းပေါက်ကြီးများ ဖြစ်သွားသည်။
သို့သော် ဝိညာဥ်ရှေးဟောင်းသားရဲကြီးသည် ရဲ့ဟိုင်နှင့် မီတာအနည်းငယ်အကွာသို့ ရောက်သောအခါ ရဲ့ဟိုင်၏ မျက်ခုံးနှစ်ခုအလယ်မှ ဝိညာဥ်စွမ်းအားများက တဟုန်ထိုး ပေါက်ကွဲထွက်လာသည်။
ထိုဝိညာဥ်စွမ်းအားများသည် လေထုထဲတွင် ရှေးဟောင်းစည်းတံဆိပ်တစ်ခုကို ချက်ချင်းပင် ထွင်းထုလိုက်၏။
ရှေးဟောင်းစည်းတံဆိပ် ပုံစံပေါ်လာသည်နှင့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်လှိုင်းလုံးများက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
တစ်ချိန်တည်းမှာပင် အလွန်ကြီးမားသော ရှေးဟောင်းသားရဲကြီးသည် ရဲ့ဟိုင်၏အရှေ့တွင် တင်းတင်းကြပ်ကြပ် ချုပ်နှောင်ခြင်းခံထားရပြီး ကျယ်လောင်စွာ ဟိန်းဟောက်နေလေ၏။
ဝူမင်သည် သူ၏ဝိညာဥ်ဖြင့် ဖန်တီးထားသော ရှေးဟောင်းသားရဲကြီးက အသိစိတ်ပင်လယ်နှင့် ပြတ်တောက်သွားသည်ကို ခံစားလိုက်ရလျှင် မျက်နှာထက်၌ မယုံကြည်နိုင်မှုများ ဖြစ်ပေါ်လာသည်။
သူ၏နတ်အသိစိတ်အာရုံနှင့် ဝိညာဥ်စွမ်းအားကို တစ်ဖက်လူက အတင်းအကြပ် ဖြတ်တောက်သွားခြင်းပင်။
" ချီးပဲ "
သူ့ကို ဝိညာဉ်စွမ်းအားတွင် ယခုလို ဖိနှိပ်နိုင်ဖို့ဆိုလျှင် အနည်းဆုံး ရွှေအင်မော်တယ်အဆင့် ( 33 ) ကို ရှိနေရမည်မလား။
ယခုအချိန်တွင် ဝူမင်သည် တကယ်ကို ထိတ်လန့်တုန်လှုပ်သွားပြီဖြစ်၏။ အထူးသဖြင့် သူ၏ ကိုယ်ပိုင်ဝိညာဥ်စွမ်းအားနှင့် နတ်အသိစိတ်အာရုံကို ချုပ်နှောင်ထားသော တစ်ဖက်လူ၏ ထူးဆန်းသောနည်းစနစ်ဖြစ်သည်။
" ရဲ့ဟိုင် မင်းဘယ်လို လုပ်လိုက်တာလဲ "
ရဲ့ဟိုင် ပြုံးရုံသာပြုံးလိုက်ပြီး သူ၏ဝိညာဥ်စွမ်းအားချိတ်စည်းကို ပြန်လည်၍ ဖယ်ရှားလိုက်၏။
ထိုချိတ်စည်းမှာ ချိတ်ပိတ်ဘုရင်၏ မှော်စွမ်းအားနည်းစနစ်သာဖြစ်သည်။
တစ်ဖက်တွင် ဝူမင်မှာ သူ၏ရှေးဟောင်းသားရဲဝိညာဥ်ကြီးကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ရဲ့ဟိုင်ကို အံ့အားသင့်နေသော အမူအရာများအပြည့်ဖြင့်ကြည့်ကာ...
" မင်းက တကယ်ကို ဘယ်လိုထူးဆန်းတဲ့ ကောင်လဲဆိုတာ ငါနားမလည်နိုင်တော့ဘူး "
" သိပ်ပြီးတော့အံ့ဩမနေနဲ့ အဲ့တာက လှည့်ကွက်လေးတစ်ခုပဲ "
" လှည့်ကွက် ဟုတ်လား .. ဘာလှည့်ကွက်လဲ "
ဝူမင် အားတက်သရော်ဖြင့် မေးလိုက်၏။
" အဲ့တာ အင်မော်တယ်ဘုရင်အဆင့် ချိတ်ပိတ်စွမ်းအားတစ်မျိုးပဲ "
" အင်မော်တယ်ဘုရင်အဆင့် ချိတ်ပိတ်စွမ်းအား .. ဟုတ်လား "
ဝူမင် အလန့်တကြားဖြင့် အော်ဟစ်လိုက်ပြီး...
" မင်းပြောတဲ့ အင်မော်တယ်ဘုရင်အဆင့် ချိတ်ပိတ်စွမ်းအားက ရှေးဟောင်းသားရဲ ချိတ်ပိတ်ဘုရင်ရဲ့ စွမ်းအားတော့ မဟုတ်ဘူးမလား "
" ဟုတ်တယ် "
ရဲ့ဟိုင်ခေါင်းညိတ်လိုက်လျှင် ဝူမင်၏မျက်လုံးက ပို၍ပင် ပြူးကျယ်သွားသည်။
" သောက်ချီးကောင် မင်းရဲ့ကံကြမ္မာက တကယ်ကို ကောင်းကင်ဘုံထိ အံတုနေတာပဲ "
ဝူမင် မနာလိုစိတ်များဖြင့် ပြောလိုက်၏။
အင်မော်တယ်ဘုရင်အဆင့်တွေထဲမှာတောင်မှ အဆင့်အတန်းအမျိုးမျိုး ကွဲပြားခြားနားသည်။ ရှေးဟောင်းချိတ်ပိတ်သားရဲဘုရင်ဆိုသည်မှာ အင်မော်တယ်ဘုရင်အဆင့်များထဲတွင်ပင် ထိပ်တန်းအဆင့်များထဲမှ တစ်ယောက်ဖြစ်၏။
" မင်းဒီနည်းစနစ်ကို လေ့လာချင်လား "
" မင်းက ငါ့ကို သင်ပေးမလို့လား "
ရဲ့ဟိုင်၏ စကားကြားလျှင် ဝူမင် မျက်လုံးပြူးကာ ပြန်မေးလိုက်သည်။
" မင်းမှာသန်မာတဲ့ ခွန်အားမရှိဘဲနဲ့ ငါ့နောက်ကိုလိုက်လို့ ရမှာမဟုတ်ဘူး "
ရဲ့ဟိုင်ထိုသို့ပြောပြီးသည်နှင့် သူ၏နတ်အသိစိတ်အာရုံက အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားကာ ဝူမင်၏ မျက်ခုံးနှစ်ခုအလယ်သို့ ဝင်ရောက်သွားလေ၏။
***