ဝူမင်မှာ ၎င်းကို လုံးဝခုခံခြင်းမရှိပေ။ ထို့နောက် သူ၏အသိစိတ်ပင်လယ်ထဲ ဝင်ရောက်လာသော နည်းစနစ်များကိုကြည့်ပြီး မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ တလက်လက်တောက်ပလာသည်။
" မဟာချိတ်ပိတ်ခြင်းစွမ်းအား "
ဤအရာက အလွန်လေးနက်နက်ရှိုင်းပြီး ထူးဆန်းလွန်းလှသည့် ချိတ်ပိတ်မှော်စွမ်းအား နည်းစနစ်တစ်မျိုးဖြစ်၏။
ဝူမင်၏ အမူအရာကိုကြည့်ပြီး ရဲ့ဟိုင်ပြုံးကာ ရှေ့ကိုကြည့်လိုက်သည်။ သို့သော် သူ၏အမူအရာက လေးနက်နေ၏။
" ငါမင်းကိုသတိပေးချင်တာက ဒီနည်းစနစ်ကို ငါပေးတယ်ဆိုတာ မင်းဆရာတောင်မှ မသိစေဖို့ပဲ "
" စိတ်ချ ရဲ့ဟိုင် .. မင်းအတွေးတွေလွန်နေပြီ .. ငါကဒီလိုလုပ်စရာလား "
ဝူမင် ထိုသို့ပြောပြီးသည်နှင့် တစ်စုံတစ်ခုကို သတိရသွားပြီး...
" ဒါနဲ့ ရဲ့ဟိုင် ဖီးနစ်နတ်သမီးက ဘယ်မှာလဲ "
" မင်းက ဖီးနစ်နတ်သမီးကို စိတ်ဝင်စားနေတာလား "
ရဲ့ဟိုင် ဝူမင်ကို တအံ့တဩဖြင့် လှည့်ကြည့်ကာ မေးလိုက်သည်။
" ချီး .. ဒါကဘာစကားတုန်း .. ဖီးနစ်နတ်သမီးက မင်းရဲ့မိန်းမပဲ အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးက လူတွေ သိတယ်လေ၊ ဖီးနစ်နတ်သမီးကို မတွေ့တာ တော်တော်ကြာနေပြီမို့လို့ မေးကြည့်တာပဲရှိတယ် "
ဝူမင် ဆွံ့အသော အမူအရာဖြင့် ပြောလိုက်၏။
" ငါ ယွမ်ဟန်ဂိုဏ်းကနေ ထွက်လာတုန်းက ဖီးနစ်နတ်သမီးကလဲ ထွက်ခွာသွားခဲ့ပြီ "
" သူမက မင်းဆီကနေ ထွက်ခွာသွားခဲ့တာလား "
" ဟုတ်တယ် "
ရဲ့ဟိုင် ခေါင်းညိတ်လိုက်သည်။
" မဟုတ်သေးဘူး .. ဖီးနစ်နတ်သမီးမှာ သဘာဝညှို့ငင်ဖြားယောင်းခြင်းခန္ဓာကိုယ် ပိုင်ဆိုင်တယ်လေ၊ မင်းက သူမကို ဒီအတိုင်းပဲ တစ်ယောက်တည်း လွှတ်လိုက်တာလား "
ဝူမင် စိုးရိမ်ပူပန်မှုများနှင့် အတူ မေးလိုက်၏။
" စိတ်မပူနဲ့ ချင်ချင်ရဲ့ ကိုယ်ပွားက ဖီးနစ်နတ်သမီးကို အနောက်ကနေ လျှို့ဝှက်စွာကာကွယ်ပေးထားတယ် "
" အိုး .. ချင်ချင်ရဲ့ ကိုယ်ပွားနဲ့ဆိုရင် ဖီးနစ်နတ်သမီးကို ထိနိုင်တဲ့သူက အရှေ့ပိုင်းကုန်းမြေတိုက်ကြီးမှာ သိပ်မရှိတော့ဘူး "
ဝူမင် စိုးရိမ်ပူပန်ခြင်းမရှိတော့ဘဲ ခေါင်းညိတ်လိုက်သည်။
ထိုနေ့တွင် ချင်ချင်သည် သူမ၏ ကြောက်စရာကောင်းသော အင်မော်တယ်အရှင်အဆင့် အရှိန်အဝါကို ထုတ်ဖော်ခဲ့၏။ ၎င်းအရှိန်အဝါကိုကြည့်ရုံဖြင့် ချင်ချင်က အင်မော်တယ်သခင်အဆင့်မြင့်ထိ ရောက်ရှိနေပြီဆိုတာကို ဝူမင်ခံစားနိုင်သည်။
ထို့ကြောင့် ချင်ချင်၏ ကိုယ်ပွားက အနည်းဆုံးတော့ အင်မော်တယ်အရှင် အစောပိုင်းအဆင့်တွင် ရှိမည်ဖြစ်၏။
အရှေ့နတ်နန်းတော်က ဘိုးဘေးကူယန် အင်မော်တယ်အရှင်အဆင့်ကိုတက်ပြီးနောက် အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတွင် အင်မော်တယ်အရှင်အဆင့် မြောက်များစွာ ပုန်းကွယ်နေရာမှ ထွက်ပေါ်လာသည်။
သို့သော်လည်း ထိုအင်မော်တယ်အရှင်အဆင့် ကျင့်ကြံသူများ၏ အဆင့်မှာ သိပ်ပြီးမြင့်မားခြင်း မရှိသဖြင့် ချင်ချင်၏ ကိုယ်ပွားကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လျှင်တောင် အသာစီးရနိုင်မည်မဟုတ်ပေ။
ထို့အပြင် ဤကောင်များအကုန်လုံး မတိုက်ခိုက်ခင် နှစ်ခါပြန်စဥ်းစားရမည်ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ယွမ်ဟန်ဂိုဏ်းတွင် ချင်ချင်၏ မူလခန္ဓာကိုယ်က ရှိနေဆဲဖြစ်သည်။
ချင်ချင်ကို ဘေးဖယ်ထားလျှင်တောင်မှ ဖီးနစ်နတ်သမီး၏နောက်တွင် ရဲ့ဟိုင်ဆိုသော တကယ့်ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ယောက်ကလဲ ရှိနေသေး၏။
ဖီးနစ်နတ်သမီးကို သွားထိခြင်းက ရဲ့ဟိုင်ကို ထိသည်နှင့် အတူတူပင်။
" မင်းက မင်းမိန်းမအတွက် တော်တော်လေးကို ကောင်းကောင်းစီစဥ်ပေးထားတာပဲ "
ဝူမင် အားကျစိတ်များနှင့်အတူ ပြောလိုက်သည်။ သို့သော် ရဲ့ဟိုင်ပြန်ပြောလိုက်သောစကားက ဝူမင်ကို တော်တော်လေး အံ့အားသင့်သွားစေ၏။
" ဖီးနစ်နတ်သမီးက ငါ့မိန်းမ မဟုတ်ဘူး "
" မင်းဘာပြောလိုက်တယ် "
ဝူမင် ပြန်မမေးဘဲ မနေနိုင်တော့ချေ။
" ဖီးနစ်နတ်သမီးရဲ့ နှလုံးသားထဲမှာ တာအိုကိုကျင့်ကြံဖို့ တစ်ခုတည်းသာရှိပြီးတော့ တစ်ခြားခံစားချက်တွေ သူမမှာမရှိဘူး "
ရဲ့ဟိုင်ခေါင်းခါယမ်းပြီး ပြောလာသောစကားက ဝူမင်၏မျက်နှာတွင် ပဟေဠိများ ပြည့်နှက်သွားစေသည်။
" မင်းက သူမရဲ့ခန္ဓာကိုယ် သွေးဆောင်ခြင်းကို မခံရဘူးလား "
ဝူမင် တစ်ခဏတုံ့ဆိုင်းပြီးနောက် မေးလိုက်၏။
ထိုစကားကြားလျှင် ရဲ့ဟိုင်ပြုံးလိုက်သည်။
" ဝူမင် ဒီကမ္ဘာမှာ ငါတို့လိုကျင့်ကြံသူတွေအတွက် အချစ်ထက်အရေးကြီးတာတွေ အများကြီးရှိတယ်၊ အထူးသဖြင့် ငါတို့တစ်ဘဝလုံး လိုက်ရှာရမယ့် ပန်းတိုင်ပေါ့ "
" ဥပမာအနေနဲ့ ပြောရရင် နတ်ဘုရားအဆင့်ပဲ "
ထိုစကားက ဝူမင်၏ အသိစိတ်တစ်ခုလုံးကို အုန်းခနဲ တုန်ခါသွားစေ၏။
နတ်ဘုရားများဆိုသည်မှာ တာအိုကိုကျော်လွန်၍ သဘာဝ၏ နိယာမများကနေ လွန်မြောက်ပြီး ဓာတ်ကြီးငါးပါးတည်ရှိမှု၏ အပြင်ဘက်သို့ ရောက်ရှိနေသော ပုဂ္ဂိုလ်များဖြစ်သည်။
သို့သော် လူတိုင်းသည် နတ်ဘုရားဖြစ်ရန်အတွက် အရည်အချင်း မပြည့်မီချေ။
အနည်းဆုံးတော့ ဝူမင်သည် သူကနတ်ဘုရားဖြစ်ရန် အရည်အချင်းမရှိဘူးဆိုတာကို ကောင်းကောင်းသိ၏။
........
" ငါခုထိ မယုံနိုင်သေးဘူး ... ဓာတ်ကြီးငါးပါးဓားဂိုဏ်းဆိုတာက အရင်တုန်းက အရမ်းကိုသန်မာပြီး ဘုန်းတန်ခိုးကြီးမားတဲ့ ဂိုဏ်းတစ်ခုပဲ၊ သူတို့ဂိုဏ်းက ထွက်ပေါ်လာတဲ့ ဓာတ်ကြီးငါးပါးဓားအမိန့်တော်ကို ဘယ်သူက မနာခံဘဲနေရဲလို့လဲ၊ အခုတော့ .... "
" ဟုတ်တယ် .. ထာဝရဓားဂိုဏ်းက အဲ့လောက်ထိ မြန်မြန်ဆန်ဆန် သန်မာလာမယ်လို့ မမျှော်လင့်ထားဘူး "
" အဲ့ဒီအကြောင်းပြောရရင် ထာဝရဓားဂိုဏ်းက တကယ်ကို တော်တော်လေး ကြောက်စရာကောင်းအောင် သန်မာတာပဲ၊ သူတို့က အခုဆိုရင် ဓာတ်ကြီးငါးပါးဓားဂိုဏ်းကိုတောင် ရင်ဆိုင်ပြီး အနိုင်ယူနိုင်တော့မယ် "
" ဒါကလဲ ထာဝရဓားဘုရင် အရမ်းအစွမ်းထက်လာတာကြောင့်လေ "
" ငါကြားတာတော့ ဓာတ်ကြီးငါးပါးဓားဘုရင်တောင်မှ ထာဝရဓားဘုရင်ကို မယှဥ်နိုင်ဘူးတဲ့ "
" ခေါင်းဆောင်ချင်း မယှဥ်နိုင်မှတော့ ထာဝရဓားဂိုဏ်းအောက်မှာ ဓာတ်ကြီးငါးပါးဓားဂိုဏ်းက သူတို့ရဲ့ ဘိုးဘေးနယ်မြေအထိ ဆုတ်ခွာသွားရတာ အံ့အားသင့်စရာ မရှိတော့ဘူး "
ရဲ့ဟိုင်နှင့်ဝူမင်တို့ နှစ်ယောက်သည် ကောင်းကင်ဓားနယ်မြေသို့ ရောက်ရှိလာပြီးနောက် ဓာတ်ကြီးငါးပါးဓားဂိုဏ်းသို့ တိုက်ရိုက်ပင် ဦးတည်သွားကြသည်။ သို့သော် လမ်းတစ်ဝက်တွင် ရဲ့ဟိုင်သည် ကောင်းကင်ဓားမြို့တော်၌ လေလံပွဲတစ်ခုရှိကြောင်း ကြားမိသဖြင့် ဝူမင်နှင့်အတူ အလျင်အမြန် ရောက်ရှိလာခြင်းဖြစ်၏။
" ထာဝရဓားဂိုဏ်းက လက်ရှိမှာ ဓာတ်ကြီးငါးပါးဓားဂိုဏ်းကို တိုက်ခိုက်နေတာလား "
ထိုအချိန်တွင် လူငယ်တစ်ဦးက မတ်တပ်ရပ်လိုက်ပြီး ယခုနကအကြောင်းကို ဆွေးနွေးနေသော ကျင့်ကြံသူများ၏ ဝိုင်းသို့ ချဥ်းကပ်ကာမေးလိုက်သည်။
" မင်းက ဘယ်သူလဲ "
ဝိုင်းထဲတွင်ရှိသော ကျင့်ကြံသူတစ်ယောက်က ထိုလူငယ်အားကြည့်ကာ မကျေမနပ်ဖြင့် မေးလိုက်၏။
ထိုအချိန်တွင် ထောက်ခနဲ အော်မြည်သံနှင့်အတူ စားပွဲပေါ်၌ အဆင့်မြင့်တာအိုကျောက်တုံးတစ်တုံးက ထွက်ပေါ်လာသည်။
ထိုကျောက်တုံးထွက်ပေါ်လာသည်နှင့် ဝိုင်းထဲတွင်ရှိသော လူများအားလုံး၏ မျက်လုံးက အရောင်တလက်လက် တောက်ပသွား၏။
သူတို့သည် အလယ်အလတ်အဆင့် တာအိုကျောက်တုံးတောင် မပိုင်ဆိုင်နိုင်သော သာမန်ကျင့်ကြံသူများဖြစ်သည်။ ထို့ကြောင့် အဆင့်မြင့်တာအိုကျောက်တုံးဆိုသည်မှာ သူတို့အတွက်တော့ အလွန်ပင် လိုချင်မက်မောစရာ ရတနာတစ်ခုပင်။
ယေဘုယျအားဖြင့်ပြောရလျှင် အဆင့်မြင့်တာအိုကျောက်တုံးများဆိုသည်မှာ အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူများသာ အသုံးပြုနိုင်၏။
သူတို့အရှေ့မှ ရှိနေသောလူငယ်က သန်မာသော အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူမဟုတ်မှန်းသိသော်လည်း သူတို့စော်ကား၍ မတတ်နိုင်သောသူ ဖြစ်မှန်းကိုတော့ ကောင်းကောင်းသိလိုက်လေသည်။
***