" လက်ရှိအချိန်မှာ ဓာတ်ကြီးငါးပါးဓားဂိုဏ်းက ထာဝရဓားဂိုဏ်းရဲ့ တိုက်ခိုက်မှုအောက်မှာ သူတို့ရဲ့ ဘိုးဘေးနယ်မြေအထိ ဆုတ်ခွာသွားရပြီ၊ အဲ့ဒါကြောင့် ထာဝရဓားဂိုဏ်းက ဓာတ်ကြီးငါးပါးဓားဂိုဏ်းရဲ့ ဘိုးဘေးနယ်မြေကို ဝန်းရံပိတ်ဆို့ထားတယ်လေ "
" ဓာတ်ကြီးငါးပါးဓားဂိုဏ်းအနေနဲ့ ထာဝရဓားဂိုဏ်းကို ဆက်ပြီးတောင့်ခံဖို့က မလွယ်ကူတော့ဘူး၊ ဒါပေမဲ့ ဓာတ်ကြီးငါးပါးဓားဂိုဏ်းရဲ့ ဘိုးဘေးနယ်မြေကို အတင်းထိုးဖောက်ဝင်ရောက်ပြီး တိုက်ခိုက်မယ်ဆိုရင်လဲ ထာဝရဓားဂိုဏ်းက ကြီးကြီးမားမား ပျက်စီးသေကြေမှုကို ခံစားရမှာ အသေအချာပဲ၊ အဲ့တာကြောင့် ထာဝရဓားဂိုဏ်းက ဓာတ်ကြီးငါးပါးဓားဂိုဏ်းကို စိန်ခေါ်တိုက်ပွဲ ကြေညာထားတယ် "
" ဘယ်လို စိန်ခေါ်တိုက်ပွဲလဲ "
လူငယ် ထပ်မေးလိုက်၏။
" အဲ့တာက တစ်ဖက်နဲ့တစ်ဖက် ယှဉ်ပြိုင်ဖို့အတွက် ကျင့်ကြံသူသုံးယောက်ကို စေလွှတ်ရမယ့် စိန်ခေါ်တိုက်ပွဲပဲ၊ ရှုံးနိမ့် သူက ဘယ်သူမဆို ချွင်းချက်မရှိ လက်နက်ချရမယ်တဲ့ "
" အဲ့ဒီစိန်ခေါ်ပွဲက ဘယ်တော့လဲ "
" နောက်သုံးရက်အကြာ "
" ကျေးဇူးတင်ပါတယ် "
လူငယ် သူမေးချင်သည့်အရာများအားလုံး မေးပြီးသည်နှင့် မိမိထိုင်ခုံရှိရာသို့ ပြန်သွားလိုက်သည်။
လှပသော အမျိုးသမီးငယ်လေးတစ်ယောက်က ထိုလူငယ်၏ဘေးတွင် ထိုင်နေလေ၏။
အမျိုးသမီးငယ်သည် သူမ၏ဆန့်ကျင်ဘက်တွင်ရှိသော လူငယ်ကိုကြည့်ကာ...
" လက်ရှိအခြေအနေအရတော့ အကောင်းဘက်မှာမရှိဘူး "
" ဘယ်လောက်ပဲ အခြေအနေဆိုးပါစေ ငါတို့သွားပြီးတော့ တိုက်ခိုက်ကို တိုက်ခိုက်ရမှာပဲ "
လူငယ်မျက်မှောင်ကုပ်ကာ ပြောလိုက်သည်။
" ငါ့အထင်တော့ ဓာတ်ကြီးငါးပါးဓားဂိုဏ်းက စိန်ခေါ်ပွဲမှာ သုံးပွဲစလုံး အနိုင်ရခဲ့ရင်တောင်မှ ဘာမှဖြစ်လာမှာ မဟုတ်ဘူး၊ ထာဝရဓားဂိုဏ်းက ဒီလိုအရေးသာနေတဲ့ အခြေအနေမှာ စိန်ခေါ်ပွဲလေးတစ်ခုတည်းနဲ့ ဘယ်လိုလုပ် လက်ရှိအနေအထားကို စွန့်လွှတ်မှာလဲ "
ကောင်မလေး လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။
" အဲ့တာကြောင့် သွားပြီးတော့ကို တိုက်ခိုက်ရမယ် ဆိုလိုတာပေါ့ "
လူငယ် မချိပြုံးပြုံးကာ ပြန်ပြောလိုက်သည်။
ထိုငယ်ရွယ်သောစုံတွဲ မသိသည်မှာ သူတို့ပြောစကားပြောဆိုနေမှုကို ရဲ့ဟိုင်နှင့်ဝူမင် နှစ်ယောက်လုံးက ကြားနေရခြင်းပင်။
နောက်ဆုံးတော့ သူတို့နှစ်ယောက်လုံး၏ ဝိညာဉ်များမှာ အလွန်သန်မာသော အနေအထားသို့ ရောက်ရှိနေကြပြီဖြစ်သည်။ သူတို့၏ နတ်အသိစိတ်အာရုံကို ပိတ်ဆို့ဖို့ကြိုးစားလျှင်တောင်မှ မည်သူကမှ ပိတ်ဆို့နိုင်မည် မဟုတ်ဘူးဖြစ်၏။
" ဓာတ်ကြီးငါးပါးဓားဂိုဏ်းက ဒီလိုပြင်ပအကူအညီတွေ ရှိနေမယ်လို့ ငါမထင်ထားဘူး "
ဝူမင် ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။
" မင်းသူတို့ကိုသိလား "
ရဲ့ဟိုင် မေးလိုက်၏။
" မသိဘူး "
ဝူမင် ခေါင်းခါယမ်းလိုက်သည်။
ထိုအချိန်တွင် လူသုံးဦးက လူငယ်စုံတွဲရှိရာ စားပွဲဝိုင်းသို့ ချဉ်းကပ်လာလေ၏။
ထို့နောက် အဆင့်နိမ့်တာအိုကျောက်တုံးတစ်တုံးအား ထိုသုံးယောက်ထဲမှ တစ်ယောက်က လူငယ်စုံတွဲ၏ စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
" ဒီစားပွဲမှာ ငါတို့ထိုင်မယ် .. မင်းတို့ထွက်သွား "
ချဉ်းကပ်လာသော လူသုံးယောက်ထဲမှတစ်ယောက်က အေးစက်စက်ဖြင့် ပြောလိုက်လျှင် ဆိုင်ထဲတွင်ရှိနေသော လူများအားလုံး လှည့်မကြည့်ဘဲ မနေနိုင်တော့ချေ။
ထိုလူသုံးယောက်က လူငယ်စုံတွဲကို တမင်တကာပင် ပြဿနာသွားရှာမှန်း အရူးတစ်ယောက်ပင် သိနိုင်၏။ အဆင့်မြင့်တာအိုကျောက်တုံး အသုံးပြုခဲ့သော လူငယ်စုံတွဲကို အဆင့်နိမ့်တာအိုကျောက်တုံးတစ်တုံးအား သူတောင်းစားပေးသလိုပေးပြီး ထွက်ခွာခိုင်းနေခြင်းပင်။
" ထွက်သွား "
ဝမ်ရွှမ် ထိုလူသုံးယောက်ကိုမော့ကြည့်ကာ အေးစက်စက်ဖြင့် ပြန်ပြောလိုက်သည်။
" ငါတို့အစ်ကိုကြီးက မင်းတို့ကိုထွက်သွားလို့ပြောနေတာလေ .. မင်း လူစကားနားမလည်ဘူးလား "
လူသုံးယောက်ထဲမှ ဘယ်ဘက်ခြမ်းတွင် ရှိနေသောလူက ဝမ်ရွှမ်ကို လက်ညှိုးထိုးကာ ဒေါသတကြီး ပြောလိုက်၏။
" ငါစကားတစ်ခွန်းပဲ ထပ်ပြောမယ်၊ ထွက်သွား "
ဝမ်ရွှမ်ထိုကဲ့သို့ထပ်ပြောလိုက်လျှင် လူသုံးယောက်ကလဲ ချက်ချင်းပင် တိုက်ခိုက်ရန်လုပ်သည်။ သို့သော် သူတို့၏လက်များ မြှောက်လိုက်သည်နှင့် ဝမ်ရွှမ်၏ ဝိညာဉ်စွမ်းအားက ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ပြီး ထိုလူသုံးယောက်လုံးကို ချုပ်နှောင်သွား၏။
ထိုအချိန်တွင် အလွန် သေးငယ်သော အစိမ်းရောင်တောက်ပနေသည့် အဆိပ်အပ်သုံးချောင်းက ချုပ်နှောင်ခံထားရသော လူသုံးယောက်၏ ခါးဆီသို့ ပုန်းကွယ်ကာ တိတ်တဆိတ်ပင် ထိုးဖောက်ဝင်ရောက်လာလေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး အရက်သောက်နေသော ရဲ့ဟိုင်၏ မျက်လုံးထဲတွင် အရောင်တလက်လက် တောက်ပလာ၏။
သူလက်ကိုဝှေ့ယမ်းလိုက်လျှင် အဆိပ်အပ်သုံးချောင်းက ဖုံးကွယ်ထားသော အရှိန်အဝါ ပျောက်ကွယ်သွားပြီး တဝှီဝှီအော်မြည်သံနှင့်အတူ လူတိုင်း၏ရှေ့တွင် ထင်ထင်ရှားရှား ထွက်ပေါ်လာသည်။
" ဘာ .. အဆိပ်အပ်တွေ "
" ဒီအဆိပ်အပ်သုံးချောင်းက အဲ့ဒီသုံးယောက်ကို တိုက်ခိုက်ဖို့ရည်ရွယ်ထားတာပဲ၊ ဦးတည်ချက်လမ်းကြောင်းကလဲ အခြားကထွက်လာတာ "
" အပြစ်ပုံချတာလား "
" ဒီအရူးသုံးကောင်ကို အသုံးချပြီးတော့ လူငယ်စုံတွဲကို ထောင်ချောက်ဆင်ချင်နေကြတာပဲ "
ဆိုင်ထဲတွင်ရှိနေသော ကျင့်ကြံသူများက ဉာဏ်နည်းသောသူများမဟုတ်ချေ။ အခြေအနေကိုမြင်လိုက်သည်နှင့် ဘာလဲဆိုတာကို တန်း၍သိသွားကြ၏။
တစ်ဖက်တွင်လဲ ၎င်းမြင်ကွင်းကိုကြည့်ပြီး လူငယ်စုံတွဲမှာ သူတို့ပစ်မှတ်ထားခံရပြီမှန်း နားလည်လိုက်သည်။
သို့သော် နောက်ဆက်တွဲရလဒ်က သူတို့ကိုပို၍ တုန်လှုပ်သွားစေ၏။
အဆိပ်အပ်သုံးချောင်းသည် ရုတ်တရက်ပင် လမ်းကြောင်းပြောင်းကာ ပြန်လှည့်သွားပြီး ခပ်လှမ်းလှမ်းရှိ စားပွဲဝိုင်းဆီသို့ တိုးဝင်သွားသည်။
" ရွှီး "
စားပွဲဝိုင်းမှလူများက အလောတကြီးပင် ထ၍ရှောင်တိမ်းရန် ကြိုးစား၏။ သို့သော် လူသုံးယောက်၏ နဖူးက အဆိပ်အပ်၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး ချက်ချင်းပင် တစ်ကိုယ်လုံးပြာနှမ်းကာ အသက်မဲ့သော အလောင်းကောင်ကြီးအဖြစ် ပြောင်းလဲသွားသည်။
" ချီးပဲ .. ဘယ်ကောင်လဲကွ "
ပိုင်မင် ထိုမြင်ကွင်းကိုကြည့်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်ကာ မျက်လုံးက နီရဲတောက်သွား၏။ သူအဘယ့်ကြောင့် ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ သူ့တာဝန်က ဝမ်ရွှမ်နှင့်ကောင်မလေးကို ဓားပြတိုက်ရန်သာဖြစ်သည်။ သို့သော် သူယခုမှ လှုပ်ရှားရုံရှိသေး၏။ အရေးကြီးသော လုပ်ဖော်ကိုင်ဖက်သုံးယောက်က အသတ်ခံလိုက်ရပြီဖြစ်သည်။
ထို့အပြင် ပြဿနာတစ်ခုမှာလဲ လှုပ်ရှားသွားသူက ဝမ်ရွှမ်နှင့် သူ၏ဘေးနားတွင်ထိုင်နေသော ကောင်မလေးမဟုတ်ချေ အခြားလူဖြစ်၏။
" အဲ့အဆိပ်အပ်သုံးချောင်းက မင်းပိုင်တဲ့ အပ်တွေလား "
ဝမ်ရွှမ် သူ၏လက်ကို ဝှေ့ယမ်းလိုက်ကာ ချုပ်နှောင်ထားသော လူသုံးယောက်ကို လွှတ်ပေးလိုက်ပြီး ပိုင်မင်ကို အေးစက်စက်စိုက်ကြည့်ကာ မေးလိုက်သည်။
ထိုအချိန်ကျမှ ချုပ်နှောင်ခံထားရသော လူသုံးယောက်မှာ ကြောက်လန့်တကြားဖြင့် ဖင်ထိုင်လဲကြသွား၏။ ယခုနက သူတို့ သေတွင်းကနေ လက်မတင်လေး ပြန်လည်၍ လွတ်မြောက်လာသည်ဆိုတာကို ကောင်းကောင်းသိကြလေသည်။ တစ်ဖက်လူက ပြောသော တန်ကြေးကိုမက်မောပြီး သူတို့က ကိုယ်သေမှာမသိဘဲ အလွယ်တကူပင် လှုပ်ရှားခဲ့မိ၏။
နောက်ဆုံးတော့ သူတို့သည် လူမိုက်များနှင့် လူယုတ်မာများအတွက် နောက်ဆုံးသွားရာလမ်းက သေတွင်း တစ်ခုတည်းရှိသည်ဆိုတာကို နားလည်သွားပြီဖြစ်သည်။ သူများကို မကောင်းကြံလျှင် မိမိတွင်လဲ ကောင်းတာဖြစ်လာမည် မဟုတ်ချေ။ ယခုက လက်တွေ့ ဉပမာပင်ဖြစ်သည်။
ဒါတောင် သေတွင်းက လွတ်လာလို့ နားလည်ပြီး နောင်တရနိုင်ခြင်းပင်။ မဟုတ်လျှင် ဘယ်လိုသေသွားမှန်းတောင် နားလည်လိုက်ကြမည် မဟုတ်ဘူးဖြစ်၏။
မကောင်းမှု အကုသိုလ်တွေအတွက် တန်ပြန်၀ဋ်ကြွေးကာ ကြောက်စရာကောင်းလွန်းပေစွ ...
" မင်းဘာတွေပြောနေလဲဆိုတာ .. ငါနားမလည်ဘူး "
ပိုင်မင်တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ရိုက်ပင် ငြင်းဆန်လိုက်၏။
" ဒါဆို ဘယ်ကောင်က ငါ့ကိုလာပြီး လှည့်စားနေလဲဆိုတာကို ငါသိချင်တယ် "
ဝမ်ရွှမ် ဆိုင်တစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်ပြီး...
" အဆိပ်အပ်ကို ပစ်လိုက်တဲ့ကောင် သေချာနားထောင်စမ်း .. မင်းရဲ့ လက်ရှိမိသားစုတစ်စုလုံး အပါအဝင် မင်းရဲ့ မိသားစုက အမျိုးသမီးတိုင်း မျိုးဆက် ( 18 ) ဆက်တိုင်အောင်လို့ ငါတစ်ယောက်မကျန် လုပ်ပစ်မယ် "
ထိုစကားကြားသောအခါ ရဲ့ဟိုင်ပင်လျှင် အံ့အားသင့်စွာဖြင့် မျက်လုံးပြူးသွားသည်။
ဝမ်ရွှမ်လို အဆင့်အတန်းရှိသည့် ပုံစံရသော လူငယ်တစ်ယောက် ပါးစပ်ထဲကနေ ဤကဲ့သို့ ယုတ်ညံ့သောစကားများ ထွက်လာမည်ဟု လုံးဝမထင်မှတ်ထားပေ။
***