" ခွေးကောင် .. မင်းဘာပြောလိုက်တယ် "
ပိုင်မင်သည် ငြိမ်နေနိုင်ခြင်းမရှိတော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်၏။
" ဒါဆိုရင် မင်းက အဲ့ဒီလူယုတ်မာကောင်ပေါ့ "
ဝမ်ရွှမ်ကလဲ ဒေါသတကြီးဖြင့် ပြန်ပြောလိုက်သည်။
အကယ်၍ သူ့ကို တိတ်တဆိတ်သာ နောက်ကွယ်ကနေ ကူညီလာသူ မရှိပါက သူကောင်းကင်ဓားမြို့တော်ကနေ ထွက်ခွာသွားနိုင်ရန်ပင် လွယ်မည်မဟုတ်ချေ။
ကောင်းကင်ဓားမြို့တော်သည် ကောင်းကင်ဓားနယ်မြေထဲတွင် ထူးခြားသော အဖွဲ့အစည်းတစ်ခုဖြစ်၏။ ၎င်းက ကောင်းကင်ဓားနယ်မြေ စပေါ်လာကတည်းက တည်ရှိနေသည့် အဖွဲ့အစည်းလည်းဖြစ်သည်။
အထူးသဖြင့် ကောင်းကင်ဓားမြို့တော်တွင် မပြောထားသော စည်းကမ်းတစ်ခုရှိ၏။
၎င်းက မြို့ထဲတွင် မည်သူတစ်ဦးတစ်ယောက်ကိုမှ သတ်ပိုင်ခွင့်မရှိပေ။ မဟုတ်ပါက ကောင်းကင်ဓားမြို့တော်မှ စစ်တပ် ဝင်ရောက်ကာ စွက်ဖက်မည်ဖြစ်သည်။
ထိုအချိန်တွင် သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော စစ်သားများက စားသောက်ဆိုင်ထဲသို့ အုံလိုက်ကျင်းလိုက် ဝင်ရောက်လာ၏။
ခေါင်းဆောင်သည် အဆိပ်တက်ကာ သေဆုံးနေသော လူသုံးယောက်၏ အလောင်းကိုကြည့်ပြီး မျက်မှောင်ကုပ်သွားကာ ဝမ်ရွှမ်ကိုကြည့်လိုက်သည်။
" သူ့ကိုဖမ်းလိုက် "
" ဟား .. ဟား .. ဟား "
ဝမ်ရွှမ် ထိုမြင်ကွင်းကိုကြည့်ပြီး မရယ်ဘဲမနေနိုင်တော့ပေ။
" မင်းက ဘာရယ်တာလဲ "
ခေါင်းဆောင် အေးစက်စက်ဖြင့် မေးလိုက်၏။
" ငါသိချင်တာ နှစ်ခုရှိတယ်၊ တစ်ခုက မင်းဘာလို့ဒီကို အချိန်မီရောက်လာတာလဲ၊ ပြီးတော့ ဒုတိယတစ်ခုက အလောင်းသုံးလောင်းကိုကြည့်ပြီး ငါကလူသတ်သမားလို့ ဘယ်လိုလုပ်ချက်ချင်း ထင်လိုက်တာလဲ "
ဝမ်ရွှမ်သည် ထိုသို့ပြောပြီးသည်နှင့် ထိုစစ်တပ်ခေါင်းဆောင်ကို အေးစက်စက်စိုက်ကြည့်လိုက်ပြီး...
" ကြည့်ရတာ ခင်ဗျားက အနာဂါတ်ကို ခန့်မှန်းနိုင်စွမ်း ရှိနေတဲ့ ပုံရတယ် "
" ကောင်လေး မင်းငါ့ကိုလှောင်နေတာလား "
ခေါင်းဆောင်၏ မျက်လုံးထဲတွင် အေးစက်သော လူသတ်ငွေ့များက ဒေါသကြောင့် သိပ်သည်းလာသည်။
" ငါက မင်းကိုလှောင်နေတာလား .. မင်းက ကိုယ့်ဂုဏ်သိက္ခာ ကိုယ်ချနေတာလား "
ဝမ်ရွှမ်၏ အသံက မိုးခြိမ်းသံလို ကျယ်လောင်စွာဖြင့် ထွက်ပေါ်လာပြီး...
" ကောင်းကင်ဓားမြို့တော်ရဲ့ မြို့စောင့်တပ်က ဒေသခံလူမိုက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းနေမယ်လို့ .. မမျှော်လင့်ထားဘူး "
ဝမ်ရွှမ်သည် သူ၏အသံကို ရည်ရွယ်ချက်ရှိရှိဖြင့် ကျယ်လောင်စွာပြောလိုက်ခြင်းဖြစ်ပြီး ဝိညာဉ်စွမ်းအားကိုလည်း အသုံးပြုထားခြင်းဖြစ်သဖြင့် ကောင်းကင်ဓားမြို့တော်တွင်ရှိနေသော ကျင့်ကြံသူတော်တော်များများက ၎င်းအသံကို ကြားလိုက်ရ၏။
" ရွှီး "
ချက်ချင်းပင် ကျင့်ကြံသူတော်တော်များများက စားသောက်ဆိုင်ရှိရာနေရာသို့ အပြေးအလွှားပင် ဦးတည်လာကြသည်။
ဝမ်ရွှမ်၏ ထိုလုပ်ရပ်က မြို့စောင့်တပ်ခေါင်းဆောင်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာစေ၏။
" ခွေးကောင် မင်းဘာလုပ်တာလဲ "
" ငါဘာလုပ်လဲဆိုတာ မင်းမသိဘူးလား "
ဝမ်ရွှမ်လှောင်ပြုံးပြုံးလိုက်ပြီး...
" ကောင်းကင်ဓားမြို့တော်မှာ တကယ်ပဲ စည်းမျဉ်းဥပဒေရှိမရှိ ငါသိချင်မိတယ် "
ထိုမြို့စောင့်တပ် ခေါင်းဆောင်က တစ်စုံတစ်ခုပြန်ပြောခါနီးတွင် ဝိညာဉ်ညည်းသံလို အသံတစ်ခု သူ၏နားထဲတွင် ပဲ့တင်ထပ်သွားသည်။ ထို့နောက် သူ၏အသိစိတ်အာရုံက မှုန်ဝါးသွား၏။
တစ်ဖက်တွင် ပိုင်မင်ကလဲ အင့်ခနဲညည်းတွားပြီး ရင်ဘတ်ကိုဖိကာ နောက်သို့ခြေနှစ်လှမ်း ဆုတ်သွားရသည်။
သူစိတ်ရှုပ်ထွေးစွာဖြင့် လှည့်ပတ်ကြည့်လိုက်သော်လည်း ပတ်ပတ်လည်တွင် အင်မော်တယ်သခင်အဆင့်နှင့် တူသော မည်သည့်ပုဂ္ဂိုလ်ကိုမှ မတွေ့ရချေ။
ဘာတွေဖြစ်နေသနည်း။ ယခုနကတည်းက တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ နှောင့်ယှက်နေခဲ့ခြင်းဖြစ်၏။
" ကောင်းကင်ဓားမြို့တော်မှာ ဘယ်သူတွေကလာပြီး ဆူညံနေတာလဲ "
ထိုအချန်တွင် အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက် စားသောက်ဆိုင်ထဲတွင် လူတစ်ယောက်က လေဟာနယ်ကိုခွဲပြီး ထွက်ပေါ်လာသည်။
" အဆင့် ( 6 ) အကြီးအကဲ "
မြို့စောင့်တပ်ခေါင်းဆောင်မှာ ထိုသက်လတ်ပိုင်းလူကို တလေးတစားဖြင့် ဦးညွှတ်လိုက်၏။
သက်လတ်ပိုင်းအရွယ်လူကလဲ မြို့စောင့်တပ်ခေါင်းဆောင်ကို တစ်ချက်ကြည့်လိုက်ပြီး...
" ဒီမှာဘာတွေဖြစ်နေတာလဲ "
မြို့စောင့်တပ်ခေါင်းဆောင် ချက်ချင်းပင် အနားကပ်သွားကာ...
" အဆင့် ( 6 ) အကြီးအကဲ ကျွန်တော်တို့တွေ ကင်းလှည့်နေတဲ့အချိန် ဒီကနေ အော်သံကြားလို့ အလျင်အမြန်လာခဲ့တာပါ၊ ဒီရောက်တော့ အဲ့ဒီကောင်က လူသတ်ပြီးတိုက်ခိုက်နေတာကို တွေ့လိုက်ရပါတယ်၊ ကျွန်တော်ပြဿနာကို မေးမြန်းဖို့လုပ်နေပေမဲ့ သူက ကျွန်တော်တို့ကိုပါ တိုက်ခိုက်ဖို့ကြံရွယ်နေလို့ ဒီလိုမျိုးဆူညံမှု ဖြစ်ပေါ်လာစေတာပါ "
ထိုမြင်ကွင်းကိုကြည့်ကာ ဝမ်ရွှမ်လှောင်ပြုံးပြုံးလိုက်သည်။
" မင်းကတော်တော် သောက်ရှက်မရှိတဲ့ကောင်ပဲ၊ မင်းဒီကိုလာတုန်းက ငါ့ကိုတန်းပြီးတော့ဖမ်းဖို့ ပြောခဲ့တာမဟုတ်ဘူးလား .. ဘာတွေမေးမြန်းတာရှိလို့လဲ "
" ဟမ့် .. အဲ့တာကမင်း တိုက်ခိုက်နေတာကြောင့်ပဲ မဟုတ်လား "
မြို့စောင့်တပ်ခေါင်းဆောင်ကလဲ အရေထူသောမျက်နှာဖြင့် အေးစက်စက် ပြန်ပြောလိုက်၏။
" ဒီသုံးယောက်က ဘယ်လိုလုပ် သေသွားတာလဲ "
အဆင့် ( 6 ) အကြီးအကဲ ကြမ်းပြင်ပေါ်တွင်လဲလျောင်းနေသော အဆိပ်တက်နေသည့် အလောင်းသုံးလောင်းကိုကြည့်ကာ မျက်မှောင်ကုပ်၍ မေးလိုက်သည်။
***