" ကျွန်တော်ရှင်းပြပါရစေ ပြီးမှ ပတ်ဝန်းကျင်ကို မေးကြည့်ပြီးတော့ အချက်အလက်တွေက မှန်မမှန် စစ်ဆေးကြည့်ပါ "
ဝမ်ရွှမ်ပြုံးကာ ပြောလိုက်၏။
" ဆက်ပြော "
အဆင့် ( 6 ) အကြီးအကဲဆိုသောလူ ခေါင်းညိတ်လိုက်သည်။
" ပြဿရဲ့အစက ဒီသုံးယောက်ပဲ .. "
ဝမ်ရွှမ်သည် အနီးအနားတွင် တစ်ကိုယ်လုံးတုန်ယင်ကာ ငုတ်တုပ်ထိုင်နေသော လူသုံးယောက်ကို လက်ညှိုးထိုးပြလိုက်ပြီး...
" သူတို့သုံးယောက်က ကျွန်တော့်စားပွဲကိုရောက်လာပြီးတော့ အဆင့်နိမ့်တာအိုကျောက်တုံးတစ်တုံးကို စားပွဲပေါ်ပစ်တင်ပြီး ဝိုင်းကနေထွက်သွားဖို့ ပြောခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော်လက်မခံတော့ စကားတစ်ခွန်းမှထပ်မပြောဘဲ တိုက်ခိုက်ဖို့လုပ်တော့တာပဲ၊ အဲ့တာကြောင့် သူတို့ကို ချုပ်နှောင်ဖို့အတွက် ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်တဲ့အချိန် ဒီလူရဲ့ဦးတည်ရာကနေ အဆိပ်အပ်သုံးချောင်းက ထွက်လာခဲ့ပါတယ် "
" နောက်ပြီးတော့ ... "
ဝမ်ရွှမ်သည် ထိုနေရာရောက်သည့်အချိန်တွင် ဆက်ပြောရန်တုံ့ဆိုင်းသွား၏။
" နောက်ပြီးဘာဖြစ်လဲ "
အဆင့် ( 6 ) အကြီးအကဲ မျက်မှောင်ကုပ်ကာ မေးလိုက်သည်။
" အဆိပ်အပ်တွေက ပစ်လိုက်တဲ့ကောင်ဆီကို ပြန်ရောက်သွားတာပဲ "
ထိုအချိန်တွင် စားသောက်ဆိုင်ထဲ၌ တည်ငြိမ်သောအသံတစ်ခုက ထွက်ပေါ်လာ၏။ သို့သော် ထိုအသံက အရပ်မျက်နှာအနှံ့ကနေ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဦးတည်ချက်ကို ခန့်မှန်း၍မရချေ။
" ဘယ်သူလဲ "
အဆင့် ( 6 ) အကြီးအကဲ အမူအရာ လေးနက်သွားပြီး သူ၏စိတ်ဝိညာဉ်စွမ်းအားကို ဆိုင်တစ်ခုလုံးအား လှည့်ပတ်ကာ ကြည့်ရှုလိုက်သည်။
" ငါဘယ်သူလဲဆိုတာ မင်းသိဖို့ အရည်အချင်းမရှိဘူး "
" မိတ်ဆွေ မင်းရဲ့အသံက ကြည့်ရတာ တော်တော်လေးကို မောက်မာနေတဲ့ အသံပဲ "
" ဟမ့် ကောင်းကင်ဓားမြို့တော်ဆိုတာက အခြားလူတွေအတွက်တော့ တိုင်တောင်တန်းကြီးဖြစ်ရင်ဖြစ်နေမယ်၊ ငါ့အတွက်တော့ ခြေနင်းကျောက်တုံးလေး တစ်တုံးကလွဲပြီးတော့ ဘာမှမထူးဆန်းဘူး "
" မင်း သတ္တိရှိရင် ထွက်လာခဲ့စမ်း "
အဆင့် ( 6 ) အကြီးအကဲ ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏အသံလှိုင်းထဲတွင် ဝိညာဉ်စွမ်းအားများ ပါဝင်သဖြင့် စားသောက်ဆိုင်တစ်ခုလုံး တအုန်းအုန်းပင် လှုပ်ခတ်သွားပြီး ပြိုကျမလိုဖြစ်လာ၏။
သို့သော် ချက်ချင်းပင် သူ၏အရှေ့လေဟာနယ်က အက်ကွဲသွားသဖြင့် အဆင့် ( 6 ) အကြီးအကဲ ထိတ်လန့်သွားပြီး အနောက်သို့ ခြေလှမ်းများအမြန်ဆုတ်သည်။ သို့သော် အလွန်သန်မာသော လက်တစ်စုံက လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး သူ၏လည်ပင်းကို ဖမ်းဆုပ်ကာ အေးစက်သော အသံတစ်ခုကလဲ နားထဲသို့ တိုးဝင်လာ၏။
" မင်းခုနကပြောလိုက်တဲ့စကားကို ပြန်ပြောကြည့်စမ်း "
အဆင့် ( 6 ) အကြီးအကဲ လည်ချောင်မှ လှုပ်ရှားသွားသော်လည်း ဘာစကားတစ်ခွန်းမှ မဟရဲတော့ချေ။
" မင်းဒီကိစ္စကို တရားမျှတစွာ မကိုင်တွယ်ဘူးဆိုရင် မင်းတို့ရဲ့ကောင်းကင်ဓားမြို့တော် မြို့သခင်ဆီကို ငါကိုယ်တိုင်သွားမယ် "
စကားဆုံးသည်နှင့် လေဟာနယ်က ပျောက်ကွယ်သွားသလို ထိုအထဲမှ လက်တစ်စုံကလဲ ပျောက်ကွယ်သွားသည်။
အဆင့် ( 6 ) အကြီးအကဲ နဖူးမှချွေးများကို သုတ်လိုက်ပြီး ဘေးနားတွင်ရှိနေသော မြို့စောင့်တပ်ခေါင်းဆောင်ကို ဒေါသတကြီး ကြည့်လိုက်ကာ...
" ဒီနေရာမှာ ဘာတွေဖြစ်နေလဲဆိုတာ အတိအကျပြောစမ်း "
" အကြီးအကဲ ဒါ .. ဒါ .. ဒါက ဘာ .. ဘာဖြစ်နေလဲဆိုတာကို ကျွန်တော်နားမလည်ပါဘူး "
မြို့စောင့်တပ်ခေါင်းဆောင်သည် ယခုအချိန်တွင်သူ တကယ်ကို သံပြားတစ်ချပ်ကို သွားကန်မိသည်ဆိုတာ နားလည်သွားပြီဖြစ်၏။ သူ၏စိတ်ထဲတွင်လဲ ပိုင်မင်ဆိုသောကောင်ကို ဒေါသအလွန်ပင် ထွက်သွားသည်။
အဆင့် ( 6 ) အကြီးအကဲမှာ မြို့စောင့်တပ်ခေါင်းဆောင်နှင့် လိုက်ပါလာသော ကျန်သည့်စစ်သည်များကိုကြည့်လိုက်ကာ...
" ဒီကိစ္စရဲ့အဖြစ်မှန်ကို သိတဲ့သူဘယ်သူရှိလဲ .. ရှေ့ထွက်ပြီးပြောစမ်း၊ ပြောတဲ့သူကိုငါ မြို့စောင့်တပ်ခေါင်းဆောင်ရာထူးတိုးပေးမယ် "
မြို့စောင့်တပ်ခေါင်းဆောင်နောက်တွင်ပါလာသော စစ်သား ( 11 ) ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး အကုန်လုံးက...
" ကျွန်တော်သိပါတယ် "
ဟု ကမန်းကတန်းပင် ထအော်ကြလေ၏။
" သောက်ရူးတွေ မင်းတို့ဘာလုပ်နေလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်သိလား "
မြို့စောင့်တပ်ခေါင်းဆောင် ဒေါသတကြီး လှမ်းပြောလိုက်သည်။
" ပါးစပ်ပိတ်ထားစမ်း "
အဆင့် ( 6 ) အကြီးအကဲ ထိုမြို့စောင့်တပ်ခေါင်းဆောင်ကို ပိတ်အော်လိုက်လျှင် မြို့စောင့်တပ်ခေါင်းဆောင်မှာ ရင်ဘတ်ကို တူတစ်ချောင်းဖြင့် အထုခံလိုက်ရသလို ခံစားလိုက်ရပြီး အင့်ခနဲ ပါးစပ်ထောင့်မှ သွေးများစီးကျလာ၏။
ထို့နောက် စစ်သားများ၏ ပြောဆိုချက်အောက်တွင် အဆင့် ( 6 ) အကြီးအကဲ၏မျက်နှာ၌ ဒေါသများက ပြည့်နှက်လာခဲ့သည်။
ဒေသခံမြို့စောင့်တပ်က တကယ်ကို လူမိုက်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုရှိနေမည်ဟု သူမမျှော်လင့်ထားချေ။
" ဖြစ်ရပ်က အဲ့လိုပါပဲ၊ အဆင့် ( 6 ) အကြီးအကဲ ခေါင်းဆောင်က အဲ့ဒီပိုင်မင်ဆိုတဲ့ လူနဲ့ ခဏခဏ အမြဲတမ်း ပူးပေါင်းဆောင်ရွက်မှုရှိပါတယ် "
" အခုလဲ အဲ့ဒီလူက ကျွန်တော်တို့ခေါင်းဆောင်ကို အလယ်အလတ်အဆင့် တာအိုကျောက်တုံး တစ်သောင်းပေးပြီးတော့ ချိန်းဆိုထားတဲ့နေရာရောက်ရင် ဒီလူနှစ်ယောက်ကို ဖမ်းခေါ်သွားဖို့အတွက် အကူအညီတောင်းထားတာပါ "
စစ်သား ( 11 ) ယောက်သည် ခေါင်းဆောင်မဖြစ်မည်ကို စိုးရိမ်သဖြင့် တညီတညွတ်တည်းပင် ပြောဆိုလိုက်ကြ၏။
" ခွေးကောင် နယ်မြေခံလူမိုက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတာက ဘယ်လိုပြစ်မှုလဲဆိုတာကို မင်းသိတယ်မလား "
အဆင့် ( 6 ) အကြီးအကဲ မြို့စောင့်တပ်ခေါင်းဆောင်အား ဒေါသတကြီးဖြင့် အော်ဟစ်ကာမေးလိုက်သည်။
တစ်ဖက်တွင် မြို့စောင့်တပ်ခေါင်းဆောင်မှာ ချက်ချင်းဒူးထောက်ချလိုက်ပြီး...
" အဆင့် ( 6 ) အကြီးအကဲ ကျွန်တော်မှားသွားပါတယ်၊ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို အခွင့်အရေးတစ်ခုလောက်ပေးပါ "
" ဟမ့် .. မင်းက ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့တွေးနေတာပဲ "
အဆင့် ( 6 ) အကြီးအကဲ ပိုင်မင်ကိုလက်ညှိုးထိုးလိုက်ပြီး...
" သူတို့အကုန်လုံးကိုခေါ်သွား ပြီးရင် တရားဥပဒေစည်းမျဥ်းခန်းမကို လွှဲပြောင်းပေးလိုက် "
ချက်ချင်းပင် စစ်သားတစ်ဒါဇင်ကျော်က အပြင်ကနေအထဲသို့ ပြေးဝင်လာကြ၏။
တစ်ဖက်တွင် ပိုင်မင်မှာ အလန့်တကြားဖြင့် တိုက်ခိုက်ကာ ထိုးဖောက်ထွက်ရန် ကြံရွယ်သည်။ သို့သော် သူလှုပ်ရှားရန် ကြံရွယ်လိုက်သည်နှင့် ကျင့်ကြံခြင်းစွမ်းအားအကုန်လုံးက အလိုအလျောက် ချိတ်ပိတ်ခြင်းကို ခံလိုက်ရ၏။ စွမ်းအားတစ်စက်မှ သုံးနိုင်ခြင်းမရှိတော့ဘဲ တောင့်တောင့်ကြီးဖြစ်သွားသည်။ မည်သူက ဤကဲ့သို့ပြုလုပ်လဲဆိုတာကို ဘယ်သူမှမသိကြပေ။
ဤသို့ဖြင့် အကုန်လုံးကို ကိုင်တွယ်ပြီးသောအခါ အဆင့် ( 6 ) အကြီးအကဲသည် ဝမ်ရွှမ်ဆီသို့လျှောက်လာပြီး...
" ဒီကိစ္စကို တရားဥပဒေခန်းမက ပြင်းပြင်းထန်ထန် အရေးယူလိမ့်မယ်၊ ဒါပေမဲ့ရလဒ်က တစ်ရက်အတွင်းထွက်လာမှာ မဟုတ်ဘူးဆိုတော့ မင်းသာဒီမြို့ကနေ အမြန်မထွက်သွားဘူးဆိုရင် ရလဒ်ကို ငါကိုယ်တိုင် မင်းဆီလာပြောပေးပါမယ် "
" ကောင်းပြီ "
ဝမ်ရွှမ် ခေါင်းညိတ်လိုက်ပြီး...
" ကျွန်တော် လေလံပွဲကို တက်ဦးမှာဆိုတော့ မထွက်သွားခင် ရလဒ်တွေထွက်လာမယ် မျှော်လင့်တယ် "
" စိတ်မပူနဲ့ "
အဆင့် ( 6 ) အကြီးအကဲ ခေါင်းညိတ်လိုက်ကာ အပိုစကားများ မပြောတော့ဘဲ ချာခနဲလှည့်ထွက်သွားလေသည်။
***