ပွင့်ပွင့်လင်းလင်း ဝန်ခံရမည်ဆိုလျှင် ထိုအမျိုးသမီးမှာ ရုပ်ရည်အသွင်အပြင်က တကယ့်ကိုထိပ်တန်းဖြစ်၏။ သို့သော် ဝူမင်သည် သူမ၏ အပြုအမူများကို လုံးဝကြိုက်နှစ်သက်ခြင်းမရှိပေ။
" ဟမ့် .. အပိုအလုပ်တွေမလုပ်ဘဲနဲ့ လေလံပွဲကို တစ်ခါတည်း တန်းသွားလို့ မရဘူးလား "
ထိုရှီကျားဆိုသော အမျိုးသမီးက ပစ္စည်းတစ်ခုကို လေလံတင်ရန်အတွက် ဤမျှလောက်အထိ အချိန်ဆွဲနေသည်ကို တွေ့သောအခါ ဝူမင် မကျေမနပ်ဖြင့် အော်ပြောလိုက်သည်။
တစ်ဖက်တွင် လေလံစင်မြင့်ပေါ်၌ရှိသော ရှီကျားက ဝူမင်ကို အံ့အားသင့်စွာဖြင့် လှမ်းကာကြည့်လိုက်၏။
ရှီကျားသည် ယခုနက သူမ၏ ညှို့ငင်ဖြားယောင်းခြင်းနည်းစနစ်ကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူများမှလွဲ၍ မည်သူကမှ သူမ၏ညှို့ငင်ဖြားယောင်းခြင်းအောက်ကနေ လွတ်မြောက်နိုင်မည်မဟုတ်ဟု ယုံကြည်သည်။
ယခုတော့ ယောကျ်ားတစ်ယောက်က သူမကို ဤကဲ့သို့ စိတ်မရှည်သောလေသံဖြင့် ပြောလာခဲ့သည်လား။
ဝူမင်၏ ထိုလုပ်ရပ်က နှာထနေသော အမျိုးသားကျင့်ကြံသူများ အများအပြားကို စိတ်ကူးဖြင့်ရွက်လွှင့်နေသည်အား မုန်တိုင်းဝင်သွားစေသဖြင့် ဒေါသထွက်သွားကြစေ၏။
" သောက်ရူးကောင် .. မင်းဘယ်ကရောက်လာတာလဲ "
" ချီးပဲ .. ခွေးကောင် မင်းကယောကျ်ား မဟုတ်ဘူးလား "
" မင်းလိုကောင်က ငါတို့ရဲ့စိတ်ခံစားချက်တွေကို လာပြီးနှောင့်ယှက်ရဲတယ်ပေါ့ "
" ဒီကနေထွက်သွားစမ်း .. "
အခန်းထဲရှိ ယောကျ်ားကျင့်ကြံသူများအားလုံးက ကျိန်စာတိုက်သလို ကျိန်ဆဲကြပြီး ဟိန်းဟောက်လာသောအခါ ဝူမင်မျက်မှောင်ကုပ်သွားသည်။
ချက်ချင်းပင် ဝူမင်၏ခန္ဓာကိုယ်မှ အလွန်ကြောက်စရာကောင်းသော ဝိညာဥ်စွမ်းအားက အုန်းခနဲ ပေါက်ကွဲထွက်လာပြီး လေလံခန်းမတစ်ခုလုံးကို ပျံ့နှံ့သွား၏။ တစ်ပြိုင်တည်းမှာပင် ရွှေရောင်အလင်းကွင်းများကလဲ ဝူမင်၏ခန္ဓာကိုယ်ပတ်ပတ်လည်၌ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။ အသက်ရှူကြိမ်အနည်းငယ်အတွင်း ဝူမင်၏ခန္ဓာကိုယ်ကို ရွှေရောင်ကွင်း ( 30 ) က ဝန်းရံနေခဲ့၏။
" ရွှေအင်မော်တယ်အဆင့် ( 30 ) "
" ဒီသခင်လေးက ဘယ်သူလဲ "
" ငယ်ငယ်ရွယ်ရွယ်နဲ့ ရွှေအင်မော်တယ်အဆင့် ( 30 ) ကို ရောက်နေတယ်ဆိုတော့ သာမန်လူတစ်ယောက် လုံးဝမဖြစ်နိုင်ဘူး "
လေလံခန်းမထဲတွင်ရှိသော လူများအားလုံး ရွှေရောင်ကွင်း ( 30 ) ၏ တည်ရှိမှုအောက်တွင် အံ့အားသင့်ကာ ဆွံ့အသွားကြသည်။
အဘယ့်ကြောင့်ဆိုသော် အင်မော်တယ်ကမ္ဘာတွင် လူတိုင်းသည် ရွှေအင်မော်တယ်အဆင့် ( 30 ) ကို မရောက်ရှိနိုင်သောကြောင့်ဖြစ်၏။
" ခုနကစကားကို ဘယ်ကောင်ပြောလိုက်တာလဲ .. ဒီဖေဖေရှေ့ လာခဲ့စမ်း "
ဝူမင် မတ်တပ်ထရပ်လိုက်ပြီး အကုန်လုံးကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
လေလံပွဲတစ်ခုလုံး မည်သူကမှ စကားဟခြင်း မရှိတော့ပေ။
မျိုးဆက်ဟောင်းများတောင်မှ ဝူမင်ကိုပြန်ပြီးတော့ မေးခွန်းမထုတ်ရဲကြဘူးဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် လက်ရှိအချိန်တွင် သူတို့က ဝူမင်ထက်သာလွန်နေသော်လည်း နောင် ( 10 ) နှစ်အတွင်း ဝူမင်၏အဆင့်က သူတို့ကိုပြန်၍ ကျော်လွှားသွားနိုင်သောကြောင့်ဖြစ်သည်။
ထို့အပြင် ဝူမင်လိုပါရမီရှင် ကျင့်ကြံသူတစ်ယောက်လက်ထဲ၌ အခြားဝှက်ဖဲများ မရှိနေဘူးဆိုတာ လုံးဝမဖြစ်နိုင်ချေ။
တစ်ဖက်တွင် ဝူမင်တို့ဝိုင်းတွင် ထိုင်နေသော ကောင်မလေးကလဲ အံ့အားသင့်နေ၏။ သူမဝင်ထိုင်လိုက်သောဝိုင်းတွင် ရှိနေသည့်လူ၏စွမ်းအားက ဤမျှအထိ သန်မာနေမည်ဟု မမျှော်လင့်ထားပေ။
မည်သူမှ သူ၏စကားကို မတုံ့ပြန်သည်ကို မြင်သောအခါ ဝူမင် စင်ပေါ်တွင်ရှိနေသော ရှီကျားဆိုသည့် အမျိုးသမီးကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး...
" မင်းအနေနဲ့ ကြိုက်တဲ့နေရာမှာ သွားပြီး မင်း အထုတ်၊ အထည်တွေ ပြလို့ရတယ်၊ ဒါပေမဲ့ ငါ့အရှေ့မှာတော့ ဘယ်တော့မှ လာမလုပ်နဲ့ "
မောက်မာခြင်း...
ကြီးစိုးခြင်း...
လုံးဝကို အရိုင်းဆန်ခြင်း...
ဤအရာအားလုံးက ဝူမင်၏ခန္ဓာကိုယ်တွင် ထင်ဟပ်နေသည်။
ကွင်းထဲတွင်ရှိသော ကျင့်ကြံသူယောကျ်ား အများအပြားကတော့ ထိုစကားကို လုံးဝကြိုက်ကြခြင်းမရှိပေ။ သို့သော်လည်း ကောင်းကင်ဓားမြို့တော်၏ လူငယ်မျိုးဆက်သစ် ပါရမီရှင်များပင်လျှင် ထိုစကားကို ပြန်လည်ချေပရန်အတွက် မတ်တပ်မရပ်ရဲကြဘူးဖြစ်၏။
ယခုအချိန်တွင် သူတို့မတ်တပ်ရပ်လိုက်လျှင် တစ်ဖက်လူအား စော်ကားမိသွားသည်နှင့် အတူတူပင် ဖြစ်သွားပေမည်။ မည်သူကမှ ဘာမဟုတ်သည့် စကားတစ်ခွန်းတည်းနှင့်တော့ အကြီးအကျယ် ရန်ငြိုးမရှိချင်ကြဘူးဖြစ်သည်။
ဤကဲ့သို့လုပ်ရန်လဲ မလိုအပ်ဘူးဖြစ်၏။
" အဲ့တာက ဘယ်သူလဲ "
နက်မှောင်နေသော ဓားရှည်တစ်ချောင်းကို လွယ်ထားသည့် လူငယ်တစ်ယောက်က ဘေးနားတွင်ရှိသော အဘိုးအိုကိုကြည့်ကာ မေးလိုက်သည်။
" ငါလဲ သူ့ကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး "
အဘိုးအို ခေါင်းကိုခါယမ်းလိုက်ပြီး...
" သူက သူ့ရဲ့ရုပ်ရည်ကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာပဲ၊ ငါ့ရဲ့နတ်ဝိညာဥ်က သူ့အနားကို ချဥ်းကပ်သွားတဲ့အချိန်မှာ တစ်စုံတစ်ခုရဲ့ တားဆီးခြင်းကို ခံထားရတယ် "
ကျောက်စိမ်းအင်မော်တယ်အဆင့်တွင် ရုပ်ခန္ဓာကိုသန်မာအောင် ကျင့်ကြံရပြီး ရွှေအင်မော်တယ်အဆင့်တွင် ဝိညာဥ်ကိုသန်မာအောင် ကျင့်ကြံရ၏။ ထို့အတူပင် အင်မော်တယ်သခင်အဆင့်တွင် ထိုသန်မာသော ရုပ်ခန္ဓာနှင့်ဝိညာဥ်ကို တစ်သားတည်းကျအောင် ပြန်ပြီးပေါင်းစပ်ရသည်။
ထို့ကြောင့်လည်း အင်မော်တယ်သခင်အဆင့်များက အလွန်သန်မာပြီး ပြိုင်ဘက်ကင်းဖြစ်နေခြင်းပင်။
သို့သော် အဘိုးအိုသည် အင်မော်တယ်သခင် တတိယအဆင့်တွင်ရှိနေပြီး ရွှေအင်မော်တယ်အဆင့်နှင့် ကျောက်စိမ်းအင်မော်တယ်အဆင့်တွင်လည်း သူ၏အဆင့်က မမြင့်မားခဲ့သောကြောင့် ဝူမင်ကို ထွင်းဖောက် မမြင်နိုင်ခြင်းဖြစ်၏။
" သုံးရက်အတွင်း ကျွန်တော်တို့ ထာဝရဓားဂိုဏ်းက ဓာတ်ကြီးငါးပါးဓားဂိုဏ်းကို ဖျက်ဆီးပစ်မှာ၊ အဲ့ဒီအချိန်မှာ ဘာမှအမှားအယွင်း မဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ "
လူငယ် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
ဟောင်ရိဖန်သည် ကောင်းကင်ဓားနယ်မြေတွင် တော်တော်လေးကို နာမည်ကြီးသည့် ပါရမီရှင်တစ်ယောက်ဖြစ်၏။ ဓာတ်ကြီးငါးပါးဓားဂိုဏ်းမှ နံပါတ်တစ်ပါရမီရှင် ရှုကျန်းယီပင်လျှင် သူ့ကိုမယှဥ်နိုင်ပေ။
သို့သော်လည်း ဟောင်ရိဖန်သည် သူ့ကိုယ်သူ ကမ္ဘာပေါ်မှ အသန်မာဆုံး ပါရမီရှင်ဟုတော့ ဘယ်တော့မှ မယူဆဘူးဖြစ်သည်။
အရှေ့ပိုင်းကုန်းမြေတိုက်ကြီး၏ လူငယ်မျိုးဆက်သစ်ပြိုင်ပွဲ ထိပ်တန်း ( 10 ) ယောက်စာရင်းတွင်ပင် ထိပ်တန်း ( 7 ) ယောက်လောက်က သူ့ထက်သာလွန်သည်ဆိုတာကို ကောင်းကောင်းသိ၏။
အဘယ့်ကြောင့်ဆိုသော် သူကျောက်စိမ်းအင်မော်တယ် အဆင့်တွင် ရောက်ရှိခဲ့သော အခြေအနေက ထိုလူများထက် နိမ့်ကျသောကြောင့်ဖြစ်သည်။
သူတို့လို ပါရမီရှင်များ၏ အဆင့်တွင် နယ်ပယ်တစ်ခုလောက် ကွာဟသည်က အရာအားလုံးကိုဆုံးဖြတ်ရန် လုံလောက်၏။
ပုံမှန်ဆိုလျှင် အဆင့်တစ်ခုလောက် ကွာခြားသည်ကို မှော်နည်းစနစ်များဖြင့် ဖာထေး၍ရနိုင်သည်။
သို့သော် ထိုကဲ့သို့ ပါရမီရှင်များတွင် ထူးခြားကာ အစွမ်းထက်သော မှော်နည်းစနစ်များက အဘယ်ကြောင့် ရှားပါးနေမည်နည်း။
***