" လူငယ်ဂိုဏ်းသခင်လေး စိတ်ချပါ၊ ဒီလူက ရွှေအင်မော်တယ်အဆင့်မှာ ကျင့်ကြံအဆင့်မြင့်မားတယ်ဆိုပေမဲ့ ဓာတ်ကြီးငါးပါးဓားဂိုဏ်းကို ငါတို့တိုက်ခိုက်မယ့်အစီအစဥ်ကိုတော့ ထိခိုက်စေမှာမဟုတ်ဘူး "
အဘိုးအို ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်၏။
တစ်ဖက်တွင် ရှီကျားမှာ ဝူမင်၏ ထိုစကားကြောင့် အမူအရာက အေးခဲနေသည်။ သို့သော် သူမယခင်က ဤကဲ့သို့ အခြေအနေများကို များစွာကြုံတွေ့ခဲ့ရဖူးသဖြင့် ပရော်ဖက်ရှင်နယ်ဆန်ဆန်ပင် မျက်နှာထားက လျင်မြန်စွာ ပုံမှန်အတိုင်း ဖြစ်သွား၏။
" ဒီသခင်ငယ်လေးက လေလံပွဲက ရတနာတွေကို အရမ်းကြည့်ချင်စိတ် ပြင်းပြနေပြီဆိုတော့ ပထမဆုံးလေလံပွဲကို စလိုက်ကြတာပေါ့ "
စကားဆုံးသည်နှင့် သူမ၏အရှေ့တွင် လေဟာနယ်ထဲ၌ ကျုံ့ထားသော ရှေးဟောင်းစစ်သင်္ဘောတစ်စင်းက ထွက်ပေါ်လာသည်။
" ရှေးဟောင်းစစ်သင်္ဘော "
" ဒီလိုစစ်သင်္ဘောတစ်စင်းကိုတောင် လေလံပစ်နေတာလား "
" ပထမဆုံး လေလံတင်မယ့်ပစ္စည်းက ရှေးဟောင်းစစ်သင်္ဘောတစ်စင်းဆိုတော့ ဒီတစ်ခေါက်လေလံပွဲက တော်တော်လေးကို မယုံကြည်နိုင်လောက်အောင် အဖိုးတန်ပစ္စည်းတွေ ပါလာမယ်ထင်တယ် "
ရှေးဟောင်းစစ်သင်္ဘောတစ်စင်း ပိုင်ဆိုင်ခြင်းဆိုသည်မှာ တန်ခိုးကြီးကာ သန်မာသော အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ပိုင်ဆိုင်လိုက်သလိုပင် အစွမ်းထက်လွန်းလှ၏။ ရှေးဟောင်းစစ်သင်္ဘောကိုသာ အင်အားအပြည့်ဖြင့် အသုံးပြုမည်ဆိုလျှင် အဆင့်နိမ့်အင်မော်တယ်သခင် တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသည်။
" ဝယ် .. အဲ့တာကို ငါတို့ရအောင်ဝယ်ရမယ် "
" ဈေးဘယ်လောက်ပဲ ပေးရပေးရ ရအောင်ဝယ်ကြ "
လေလံပွဲတွင် တချို့ကျင့်ကြံသူများသည် အသိပညာဗဟုသုတ ကြွယ်ဝခြင်းမရှိပေ။ သို့သော် အခြားလူများ ဆွေးနွေးနေသည်ကိုကြည့်ပြီး ၎င်းမှာမည်ကဲ့သို့အရာဖြစ်ကြောင်း နားလည်သွားကြ၏။
" ဒီရတနာကို အားလုံးပဲသိကြမယ်လို့ ကျွန်မယုံကြည်တယ် "
ရှီကျား လူတိုင်းကိုလှည့်ပတ်ကြည့်ကာ ပြုံးပြလိုက်ပြီး...
" ဒီရှေးဟောင်းစစ်သင်္ဘောက ပျက်စီးနေတယ်ဆိုပေမဲ့ လုံးဝပျက်စီးသွားတာတော့ မဟုတ်သေးဘူး၊ သူ့ရဲ့အင်အားအပြည့်ကိုသာ သုံးမယ်ဆိုရင် တတိယအဆင့် အင်မော်တယ်သခင်ကိုတောင်မှ သတ်ဖြတ်နိုင်စွမ်းရှိတယ် "
ထိုစကားက ကျင့်ကြံသူများအားလုံး၏ စိတ်အားထက်သန်မှုကို သိသိသာသာပင် ပို၍မြင့်တက်လာစေသည်။
စစ်သင်္ဘောကို စိုက်ကြည့်နေသော သူတို့၏မျက်လုံးများကလည်း လိုချင်တပ်မက်စိတ်များနှင့် ပြည့်နှက်လာ၏။
" ကျွန်တော်တို့ ဒီစစ်သင်္ဘောကို ဝယ်မှရမယ် "
လူအုပ်ထဲတွင် ဝတ်စုံဖြူဝတ်ဆင်ထားသော ရှုကျန်းယီသည် စစ်သင်္ဘောအား မီးတောက်နေသော မျက်လုံးများဖြင့်ကြည့်ပြီး ပြောလိုက်သည်။
" ဒီစစ်သင်္ဘောနဲ့ဆိုရင် ကျွန်တော်တို့ ဓာတ်ကြီးငါးပါးဓားဂိုဏ်းရဲ့ အင်အားက သိသိသာသာ တိုးလာမှာပဲ "
ရှုကျန်းယီဘေးနားတွင်ထိုင်နေသော အဘိုးကြီးလီဘိုကလဲ ခေါင်းညိတ်လိုက်၏။
ဓာတ်ကြီးငါးပါးဂိုဏ်းသည် ယနေ့အချိန်တွင် အန္တရာယ်အကြပ်အတည်းထဲသို့ ကျရောက်နေပြီး ဂိုဏ်းနှစ်ခုကြား နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်နေကြသည်။
စိန်ခေါ်ပွဲတွင် ဓာတ်ကြီးငါးပါးဓားဂိုဏ်းက အနိုင်ရသွားလျှင်တောင်မှ ထာဝရဓားဂိုဏ်းက သူတို့၏ သဘောတူညီချက်ကို လေးစားစွာဖြင့် လက်ခံမည်မဟုတ်ကြောင်း ကောင်းကောင်းသိ၏။
ထို့ကြောင့် စိန်ခေါ်ပွဲတွင် ရလဒ်က မည်သို့ပင်ရှိလာပါစေ ဂိုဏ်းနှစ်ခုကြားနောက်ဆုံးတိုက်ပွဲက ရှောင်လွှဲလို့မရချေ။
" ကောင်းပြီ .. ဒါဆိုရင် ရှေးဟောင်းစစ်သင်္ဘောရဲ့တန်ဖိုးက ဘယ်လောက်လဲဆိုတာကို အားလုံးပဲသိကြမယ်လို့ ယုံကြည်တယ် "
ရှီကျား ထိုသို့ပြောပြီးသည်နှင့် လူတိုင်းကို အလေးအနက် အမူအရာဖြင့်ကြည့်လိုက်ပြီး ...
" ဒီရှေးဟောင်းစစ်သင်္ဘောရဲ့ လေလံတင် အခြေခံဈေးနှုန်းက အလယ်အလတ်အဆင့် တာအိုကျောက်တုံး တစ်သိန်းခွဲဖြစ်ပြီးတော့ လေလံတစ်ခါတိုးတိုင်း အလယ်အလတ်အဆင့် တာအိုကျောက်တုံးတစ်သောင်းထက် နည်းလို့မရဘူး "
ပုံမှန်အားဖြင့်သိထားရမည်မှာ ဂိုဏ်းတစ်ခု၏ နှစ်စဥ်အမြတ်ငွေက အလယ်အလတ်အဆင့် တာအိုကျောက်တုံး တစ်သိန်းဝန်းကျင်သာရှိသည်။
သို့သော် ထိုအမြတ်အစွန်းတစ်ခုတည်းက ကျွမ်းကျင်သော အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို မွေးထုတ်ပေးရန် မဖြစ်နိုင်ချေ။ ယခု ဤဈေးနှုန်းဖြင့် ရှေးဟောင်းစစ်သင်္ဘောကို ပိုင်ဆိုင်ရမည်ဆိုသော အခွင့်အရေးက တော်တော်လေးကို မက်မောစရာဖြစ်လေ၏။
ချက်ချင်းပင် လေလံစွဲသော လူများက ခန်းမတစ်ခုလုံးကို ပြည့်နှက်သွားသည်။
" တစ်သိန်းခြောက်သောင်း "
" တစ်သိန်းခုနစ်သောင်း "
" တစ်သိန်းရှစ်သောင်း "
မသိလျှင် ပွဲဈေးတန်းထဲရောက်ပြီး ဈေးအော်ရောင်းနေသော လူများကဲ့သို့ပင် လေလံစွဲသံများက ဆက်တိုက်ထွက်ပေါ်လာ၏။
ဒါတောင်မှ ဤစစ်သင်္ဘော၏တန်ဖိုးသည် အခြေခံဈေးနှုန်းထက် များစွာကျော်လွန်မည်ကို သိသဖြင့် အချို့တကယ့် ထိပ်သီးပုဂ္ဂိုလ်များက လေလံစွဲခြင်းကို မစတင်သေးဘဲ ငြိမ်သက်ကာ စောင့်ဆိုင်းနေသေးသည်။
" မင်းလေလံမစွဲဘူးလား "
ဝူမင် ရဲ့ဟိုင်ကိုကြည့်ကာ မေးလိုက်၏။
" ချို့ယွင်းနေတဲ့ စစ်သင်္ဘောတစ်စင်းကို လေလံစွဲရအောင် ငါမရူးသေးဘူး "
ရဲ့ဟိုင် နှုတ်ခမ်းကိုတွန့်ကွေးကာ ပြောလိုက်သည်။
" ချို့ယွင်းနေတဲ့သင်္ဘော ဟုတ်လား "
ဝူမင် ၎င်းစကားကြောင့် အံ့အားသင့်သွား၏။
" ဟုတ်တယ် ဒီစစ်သင်္ဘောက သူပြောတာနည်းနည်းပဲ ပျက်စီးနေတယ်ဆိုပေမဲ့ .. တကယ်တော့ သုံးမရလုနီးပါး ပျက်စီးနေတာပဲ၊ သူ့ ပျက်စီးမှုက ဗဟိုအူတိုင်မှာဖြစ်နေတာ၊ ပြုပြင်ပြီးပြန်သုံးမယ်ဆိုရင်တောင်မှ ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ မေးခွန်းထုတ်စရာပဲ "
ရဲ့ဟိုင် တည်ငြိမ်သော အမူအရာဖြင့်...
" ငါ့အထင် တကယ်လို့ အဲ့ဒီစစ်သင်္ဘောကို စွမ်းအားအပြည့်နဲ့ တိုက်ခိုက်မယ်ဆိုရင် တစ်ကြိမ်လောက်သုံးပြီးတာနဲ့ ချက်ချင်းစစ်သင်္ဘောတစ်ခုလုံးက ပျက်စီးသွားလိမ့်မယ် "
" ချီး .. ဒီလေလံအိမ်က တော်တော်လေးကို အရှက်မဲ့တာပဲ "
ဝူမင် ဒေါသတကြီးဖြင့် ပြောလိုက်သည်။
" မင်း မကြာခင် ဒီလိုအရာမျိုးတွေကို ကျင့်သားရလာလိမ့်မယ် "
ရဲ့ဟိုင်ပြုံး၍ ပြောလိုက်၏။
ဤလေလံအိမ်က လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း သိထားသည်မှာ အသေအချာပင်။ ဒါတောင် မရှင်းမလင်းပြောပြီး လူတွေ၏ လောဘအား အခွင့်ကောင်းယူ၍ ဂျင်းထည့်နေခဲ့သည်။ သူတောင် ပျက်စီးနေတာကို မသိလျှင် ဤစျေးနှုန်းကြောင့် စစ်သင်္ဘောကိုမက်မောမိလောက်၏။
ဝယ်သွားသူ စစ်သင်္ဘောကို တိုက်ပွဲတွင် အားကုန်ထုတ်သုံးပြီး တစ်ခါထဲပျက်စီးသွားသောအခါ သူ့ဘဝက မတွေးရဲစရာဖြစ်သည်။
၎င်းက လောက၏ သဘာဝပင်။ မိမိအတွက် အမြတ်အစွန်းရဖို့ဆိုလျှင် လူတိုင်းက ဘာမဆိုလုပ်ရန်အတွက် ဝန်မလေးဘူးဖြစ်သည်။
တကယ်တော့ ထိုလူများဤသို့ လုပ်နိုင်နေသည်က လူတွေ၏ လောဘကြောင့်ပင်။
ဝယ်သူသာ ပစ္စည်းတစ်ခုကို တန်ကြေးထက်အများကြီး ပိုနိမ့်စွာ အချိုချောင်ရနေပါက ၎င်းတွင်တစ်စုံမှားယွင်းနေပြီဆိုတာကို တန်းတွေးရပေမည်။ လောဘဖုံးပြီး မတွေးလို့ကတော့ ခံရမည်သာ။
ထို့ကြောင့် ရှေးလူကြီးများက ရေရှည်သုံးရမဲ့ပစ္စည်းတွေဆိုရင် ဘယ်တော့မှ စျေးပေါပြီး အချိုချောင်ရတာကို မဝယ်ကြဖို့ ဆုံးမခဲ့ကြတာပင်။
***