ရဲ့ဟိုင်နှင့်ဝူမင်တို့ ဆွေးနွေးနေသည့် အချိန်မှာပင် စစ်သင်္ဘော၏ ဈေးနှုန်းက သုံးသိန်းအထိ ခုန်တက်သွားပြီဖြစ်၏။
သို့သော်လည်း လက်ရှိအချိန်တွင် လေလံစွဲသူက နှစ်ဦးသာရှိတော့သည်။
၎င်းမှာ ဓာတ်ကြီးငါးပါးဓားဂိုဏ်းမှ ရှုကျန်းယီနှင့် ထာဝရဓားဂိုဏ်းမှ ဟောင်ရိဖန်တို့ပင်ဖြစ်၏။
" သုံးသိန်းတစ်သောင်း "
ဟောင်ရိဖန် တည်ငြိမ်စွာ ပြောလိုက်သည်။
" သုံးသိန်းနှစ်သောင်း "
ရှုကျန်းယီကလဲ မဆိုင်းမတွပင် အနောက်မှလိုက်လာ၏။
" သုံးသိန်းသုံးသောင်း "
" လေးသိန်း "
ရှုကျန်းယီ ပြတ်ပြတ်သားသားပင် လေလံစွဲလိုက်သည်။ ဤကဲ့သို့ များများတင်လိုက်သောကြောင့် ဈေးနှုန်းက လေလံပွဲအရှိန်ကို ပို၍ပင် တက်သွားစေမည်ဆိုတာ သူသဘောပေါက်၏။ သို့သော် ပြတ်ပြတ်သားသား လေလံစွဲလိုက်ဆဲပင်။
" လေးသိန်းတစ်သောင်း "
ဟောင်ရိဖန် ရှုကျန်းယီအား ဒေါသတကြီး လှမ်းကြည့်ကာ ပြောလိုက်သည်။
" ငါးသိန်း "
ရှုကျန်းယီသည် ဤကိန်းဂဏန်းက သူ၏မျှော်မှန်းချက်ထက်ပင် အများကြီးကျော်လွန်နေသော ကိန်းဂဏန်းဖြစ်သဖြင့် ၎င်းကိုအော်လိုက်သည့်အချိန်၌ နှလုံးက လည်ချောင်းမှ ခုန်ထွက်တော့မည့်အလား မြန်ဆန်လာ၏။
" ငါးသိန်းတစ်သောင်း "
ဟောင်ရိဖန် လှောင်ပြုံးပြုံးကာ အနောက်ကနေလိုက်သည်။
ရှုကျန်းယီအံကြိတ်ကာ လေလံကိုဆက်စွဲမည်ပြင်ချိန် အသံတစ်ခုက သူ၏နားထဲတွင် ဝင်ရောက်လာလေ၏။
" ဒါက ချို့ယွင်းချက်ရှိနေတဲ့ စစ်သင်္ဘောတစ်စင်းပဲ၊ ဘာလို့အဲ့လောက်တောင်မှ အကုန်ကျခံနေမှာလဲ "
ရှုကျန်းယီ၏ မျက်နှာအမူအရာက အစပိုင်းတွင် မျက်လုံးပြူးသွားသည်။ ထို့နောက် တဖြည်းဖြည်း သူ၏မျက်နှာတွင် ပျော်ရွှင်မှုများ ထွက်ပေါ်လာခဲ့၏။
" ရဲ့ဟိုင် မင်း ဘယ်တုန်းကရောက်နေတာလဲ "
" အခုပဲ၊ ဓာတ်ကြီးငါးပါးဓားဂိုဏ်းမှာ ဒီလိုတွေဖြစ်ပျက်နေတယ်ဆိုတာကို မင်းဘာလို့ငါ့ကိုအသိမပေးတာလဲ "
ရဲ့ဟိုင် ၎င်းကို နဂိုတည်းက သိချင်နေခြင်းဖြစ်သည်။ ပုံမှန်ဆိုလျှင် ဓာတ်ကြီးငါးပါးဓားဂိုဏ်းအနေဖြင့် သူ့ကို ဤအခြေအနေအား ဖွင့်ပြောလာလျှင် သူကျိန်းသေပေါက် ကူညီမည်ဖြစ်၏။
" ငါ မပြေတာ မဟုတ်ဘူး ရဲ့ဟိုင် .. ထာဝရဓားဂိုဏ်းက အင်မော်တယ်တရားရုံးက တော်တော်လေးကိုသန်မာတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ ချိတ်ဆက်နေတယ် "
ထိုသို့ပြောပြီးသည်နှင့် ရှုကျန်းယီ သက်ပြင်းချလိုက်ပြီး...
" ဂိုဏ်းချုပ်က မင်းကို ဒီကိစ္စအကြောင်းမကြားဖို့အတွက် ငါ့ကိုသူကိုယ်တိုင် တားမြစ်ထားခဲ့တာ "
ထိုစကားက ရဲ့ဟိုင်ကို တကယ်ပင် အံ့အားသင့်စေကြောင်း ဝန်ခံရပေမည်။
ရဲ့ဟိုင်သည် ထိုနေ့မှအဖြစ်ကို ပြန်တွေးကြည့်လိုက်လျှင် ဓားဘုရင်နှင့် တွေ့ဆုံသည့်အချိန်၌ ဓားဘုရင်ကသူ့ကို ပုံမှန်အကြောင်းများသာ ပြောခဲ့ပြီး ဤအခြေအနေကို တစ်ခွန်းလေးတောင် မဟခဲ့ချေ။ ထိုလူမှာ တကယ်ကို ကောင်းမွန်သည့်လူဟု ဆိုရမည်ဖြစ်သည်။
" ကောင်းပြီ .. ဒီချို့ယွင်းနေတဲ့ စစ်သင်္ဘောတစ်စင်းကို လေလံစွဲမနေနဲ့တော့ .. စစ်သင်္ဘောတစ်စင်းအကောင်း ငါမင်းကိုပေးမယ် "
ရဲ့ဟိုင် ခဏစဥ်းစားပြီးနောက် ပြန်ပြီးပြောလိုက်၏။
" ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အဲ့တာက တန်ဖိုးအရမ်းကြီးတယ်လေ ငါလက်မခံနိုင်ဘူး "
ရှုကျန်းယီ ကမန်းကတန်းပင် ငြင်းဆန်သည်။
" ဒါက အဆင့်နိမ့်စစ်သင်္ဘောလေးတစ်စင်းပဲ ငါ့အတွက်ဘာမှမဟုတ်ဘူး "
ရဲ့ဟိုင် ပြန်ပြောလိုက်လျှင် ရှုကျန်းယီ၏ မျက်လုံးက ပြူးကျယ်သွား၏။
" အဆင့်နိမ့်သင်္ဘောလေးတစ်စင်းက မင်းအတွက်ဘာမှမဟုတ်ဘူးဆိုတော့ မင်းမှာအဆင့်မြင့်သင်္ဘောတစ်စင်း ရှိနေလို့လား "
ရှုကျန်းယီ ၎င်းစကားကို ပြန်မမေးဘဲ မနေနိုင်တော့ပေ။
" ဟုတ်တယ် "
ရှုကျန်းယီ ???
ရှုကျန်းယီ၏ မျက်နှာတွင် မေးခွန်းအမှတ်အသားများ ထွက်ပေါ်လာသည်။ သူကပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါးသာ မေးလိုက်ခြင်းဖြစ်သော်လည်း ရဲ့ဟိုင်ကတကယ် ပိုင်ဆိုင်ထားမည်ဟု မမျှော်လင့်ထားချေ။
အဆင့်မြင့်စစ်သင်္ဘောများဆိုသည်မှာ ဘာကိုကိုယ်စားပြုသနည်း။ ၎င်းက အင်မော်တယ်သခင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကို ကိုယ်စားပြုခြင်းဖြစ်၏။ ထိုစစ်သင်္ဘောတစ်စင်းကိုသာပိုင်ဆိုင်လျှင် အရှေ့ပိုင်းကုန်းမြေတိုက်ကြီး တစ်ခုလုံးကို လွတ်လွတ်လပ်လပ်ဖြင့် ဖြတ်သန်းသွားလာနိုင်စွမ်းရှိသည်ဟု ဆိုလို့ရသည်။
အဆင့်မြင့်စစ်သင်္ဘောများသည် အင်မော်တယ်သခင် အစောပိုင်းအဆင့်နှင့် အလယ်အလတ်အဆင့်များကို သတ်ဖြတ်နိုင်ပြီး အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်များကိုတောင်မှ တကယ့်တကယ်သာ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မည်ဆိုလျှင် သတ်ဖြတ်နိုင်စွမ်းရှိ၏။
" ရဲ့ဟိုင် မင်းငါ့ကို နောက်နေတာတော့ .. မဟုတ်ဘူးမလား "
" ငါမင်းကို ဘယ်တုန်းက အဲ့လိုစနောက်ဖူးလို့ "
၎င်းစကားကြားသောအခါ ရှုကျန်းယီ ငြိမ်သက်သွားသည်။ ကြည့်ရသည်မှာ ယွမ်ဟန်ဂိုဏ်း၏အင်အားက သူထင်ထားသည်ထက် အများကြီးပိုကြီးမားနေသည့်ပုံပင်။
ဥပမာအနေဖြင့်ပြောရလျှင် ရဲ့ဟိုင်နှင့်ဝူမင်တို့က လူသိရှင်ကြား အသိအမှတ်ပြုခံထားရသော အင်မော်တယ်ဘုရင်နှစ်ယောက်ဖြစ်၏။ ထို့နောက် ရဲ့ဟိုင်နှင့် သူ၏တာအိုလက်တွဲဖော် ဖီးနစ်နတ်သမီး ရှိသေးသည်။ သူမကလဲ အနာဂါတ်တွင် အင်မော်တယ်ဘုရင်အဆင့်ကို ရောက်ရှိနိုင်သူပင်။
အထူးသဖြင့် ကျိုးဒူအာဆိုတာကလဲ စာရင်းထဲသို့ မဖြစ်မနေ ထည့်သွင်းစဥ်းစားရမည်ဖြစ်၏။
ကျိုးဒူအာသည် သူမမျိုးနွယ်၏ ကံကြမ္မာအားလုံးကို လက်ခံရရှိခဲ့ပြီးဖြစ်သည်။ အနာဂါတ်တွင် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာမည်မှာ အသေအချာပင်။ ထို့ကြောင့် ယွမ်ဟန်ဂိုဏ်းတွင် အနာဂါတ်အင်မော်တယ်ဘုရင် လေးပါးရှိသည်ဟု ဆိုလိုနေခဲ့၏။ ပိုင်ဆိုင်ထားသော စစ်သင်္ဘောတွေပါ ထည့်တွက်လိုက်လျှင် ...
ထိုအတွေးက ရှုကျန်းယီ၏ ခန္ဓာကိုယ်တစ်ခုလုံးကို တဆတ်ဆတ် တုန်ခါသွားစေသည်။
ယေဘုယျအားဖြင့် အင်မော်တယ်ဘုရင်တစ်ပါးရှိသော ဂိုဏ်းတစ်ခုကပင် အလွန်ကြောက်စရာကောင်းနေပြီဖြစ်၏။ သို့သော် ယွမ်ဟန်ဂိုဏ်းတွင် အင်မော်တယ်ဘုရင် လေးယောက်နှင့် မယုံနိုင်စရာကောင်းသော စစ်အင်အားလဲ ရှိနေခဲ့သည်။
ရှုကျန်းယီ ၎င်းကိုစဥ်းစားရင်း အရှေ့ပိုင်းကုန်းမြေတိုက်ကြီး တစ်ခုလုံးရှိ မည်သည့်အင်အားစုကမှ ယွမ်ဟန်ဂိုဏ်း၏ တိုးတက်မှုကို တားဆီးနိုင်တော့မည်မဟုတ်ကြောင်း ယုံကြည်သွား၏။
ယွမ်ဟန်ဂိုဏ်းသည် အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်ပြီးနောက် အလယ်ပိုင်းဒေသသို့ပင် အရှိန်ဖြင့် ထိုးဝင်ကာ တိုးတက်လာနိုင်သည်။
ထို့ကြောင့် ယွမ်ဟန်ဂိုဏ်း အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးကိုတောင် ကျော်လွန်နိုင်သည်ဆိုလျှင် လက်ရှိ ဓာတ်ကြီးငါးပါးဓားဂိုဏ်း ပြဿနာက ...
ရှုကျန်းယီ အတွေးများနှင့်အတူ ငြိမ်သက်သွား၏။
ရှုကျန်းယီက လေလံစွဲတာကိုရပ်သွားလျှင် ဟောင်ရိဖန်ရုတ်တရက် ဆိုးဝါးသော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။
"ရှုကျန်းယီ .. မင်း လေလံထပ်မဆွဲတော့ဘူးလား "
ဟောင်ရိဖန် မျက်မှောင်ကုပ်ကာ မေးလိုက်၏။
ပုံမှန်အရဆို ဓာတ်ကြီးငါးပါးဓားဂိုဏ်းမှာ ထာဝရဓားဂိုဏ်းထက်ပင် ဤကဲ့သို့ အဓိက စစ်သင်္ဘောကြီးများကို လိုအပ်နေကြောင်း ဟောင်ရိဖန် ကောင်းကောင်းသိသည်။ ထို့ကြောင့်လည်း ဟောင်ရိဖန်က ရှုကျန်းယီအား ဓာတ်ကြီးငါးပါးဓားဂိုဏ်း၏ အရင်းအမြစ်များကို လျှော့ချရန်အတွက် ဤကဲ့သို့ လေလံဈေးကို အကြိမ်ကြိမ်မြှင့်တင်ခဲ့ခြင်းပင်။
ယခုမူ ရှုကျန်းယီက လေလံစွဲခြင်းကို ရပ်တန့်လိုက်ပြီး စစ်သင်္ဘောကို တစ်ချက်တောင်လှည့်မကြည့်တော့ဘူးဖြစ်၏။
" ချို့ယွင်းနေတဲ့ စစ်သင်္ဘောတစ်ခုအတွက်နဲ့ အလယ်အလတ်အဆင့်တာအိုကျောက်တုံး ငါးသိန်းတစ်သောင်းကို အသုံးပြုရအောင် ငါရှုကျန်းယီက ဉာဏ်နည်းတဲ့သူတစ်ယောက်မဟုတ်ဘူး "
ရှုကျန်းယီ ဟောင်ရိဖန်ကို လှောင်ပြုံးနှင့်အတူ ပြန်ပြောလိုက်သည်။ ထိုသို့ပြောလိုက်ရသည် အပေါ် တော်တော်လေးလဲ အားရကျေနပ်သွားလေ၏။
" မင်းဘာပြောလိုက်တယ် "
ထိုစကားက ဟောင်ရိဖန်ကို မတ်တပ်ရပ်သွားစေ၏။
ရှုကျန်းယီ ပြုံးရုံသာပြုံးနေပြီး ဘာမှဆက်မပြောတော့ချေ။
ဟောင်ရိဖန် ချက်ချင်းပင် စင်မြင့်ပေါ်ရှိ ရှီကျားကို စိုက်ကြည့်လိုက်သည်။
" မိန်းကလေး .. မင်း အဲ့ဒီစကားကို ရှင်းပြနိုင်မလား "
ရှီကျားသည် ရှုကျန်းယီကို တစ်ချက်ကြည့်လိုက်ပြီး အေးဆေးတည်ငြိမ်သော အမူအရာဖြင့်...
" ဒီစစ်သင်္ဘောက လက်ရှိအချိန်မှာ အသုံးပြုနိုင်နေသေးပြီး အစွမ်းကုန်တိုက်ခိုက်မှုကိုတောင် ပြုလုပ်နိုင်တယ်ဆိုတာ ငါလုံးဝအာမခံနိုင်တယ် "
" ဒါဆို အစွမ်းကုန်တိုက်ခိုက်မှုပြီးရင် ဘာဖြစ်မလဲ .. "
ဟောင်ရိဖန် အလောတကြီးပင် မေးလိုက်၏။ သူမ၏ အာမခံမှုက ထိုနေရာတွင် ရပ်သွားပြီး နောက်ဆက်တွဲမပါတာကို သူ သတိထားမိလေသည်။
" အဲ့တာတော့ ငါလဲမသိဘူးလေ "
ရှီကျား ပုခုံးတွန့်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေ၏။
***