" ဒီစစ်သင်္ဘောက လက်ရှိအချိန်မှာ အသုံးပြုနိုင်နေသေးပြီး အစွမ်းကုန်တိုက်ခိုက်မှုကိုတောင် ပြုလုပ်နိုင်တယ်ဆိုတာ ငါလုံးဝအာမခံနိုင်တယ် "
" ဒါဆို အစွမ်းကုန်တိုက်ခိုက်မှုပြီးရင် ဘာဖြစ်မလဲ .. "
ဟောင်ရိဖန် အလောတကြီးပင် မေးလိုက်၏။ သူမ၏ အာမခံမှုက ထိုနေရာတွင် ရပ်သွားပြီး နောက်ဆက်တွဲမပါတာကို သူ သတိထားမိလေသည်။
" အဲ့တာတော့ ငါလဲမသိဘူးလေ "
ရှီကျား ပုခုံးတွန့်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေ၏။
" ဒါဆို ငါလဲ အဲ့ဒီစစ်သင်္ဘောဝယ်ဖို့အတွက် ဈေးနှုန်း မတတ်နိုင်တော့ဘူး "
ရှီကျား၏ အမူအရာကိုကြည့်ပြီး ဟောင်ရိဖန်သည် ရှုကျန်းယီ အမှန်တိုင်းပြောနေသည်ဆိုတာကို နားလည်လိုက်၏။ ထို့ကြောင့် သူ ချက်ချင်းပင် စစ်သင်္ဘောကို လေလံမစွဲတော့ကြောင်း ပြောလိုက်သည်။
သို့သော် ...
" သခင်လေးဟောင် သေချာစဥ်းစားဖို့အတွက် အကြံပေးချင်တယ်နော်၊ လေလံစွဲပြီးတော့မှ မယူဘူးလို့ပြောတဲ့ အကျိုးဆက်တွေကို တကယ်ပဲလက်ခံနိုင်တာ သေချာရဲ့လား "
ရှီကျား၏ မျက်လုံးက ကျဥ်းမြောင်းသွားပြီး အပြုံးနှင့်အတူ ပြောလိုက်၏။
ရှီကျား၏ ထိုကျဥ်းမြောင်းနေသော မျက်လုံးမှ ခြိမ်းခြောက်မှုကို ခံစားရသောအခါ ဟောင်ရိဖန်၏ အမူအရာကလဲ အေးစက်လာလေသည်။
ထိုချိန်တွင် ဟောင်ရိဖန် အနား၌ ရှိနေသော အဘိုးအိုက ချက်ချင်းပင် သူ့အား လှမ်း၍ဆွဲလိုက်ကာ ..
" သခင်လေး ဓားမြို့တော်က ငါတို့လက်ရှိအချိန်မှာ စော်ကားနိုင်တဲ့ အရာတစ်ခု မဟုတ်ဘူး "
" ကောင်းပြီ၊ ငါ .. ငါးသိန်းတစ်သောင်းပေးမယ် "
ဟောင်ရိဖန် အံကြိတ်ကာ ပြောလိုက်၏။ အားမတန်သေးချိန်တော့ မာန်လျှော့နေရပေမည်။
" ငါးသိန်းတစ်သောင်းထက် ပိုပေးမယ့်သူ ရှိသေးလား "
ရှီကျား ဟောင်ရိဖန်၏ အခြေအနေကို နားလည်သွားသော အမူအရာကို ကြည့်ပြီး ချိုသာစွာဖြင့်ပြုံးလိုက်သည်။ ထို့နောက် လူတိုင်းကို လှည့်ပတ်၍ မေးလိုက်လေ၏။
သို့သော် ရှီကျား၏အသံက တော်တော်လေး စွဲဆောင်မှုရှိနေသော်လည်း မည်သူကမှ လေလံကိုဆက်ပြီးတော့ လိုက်စွဲရန် ဆန္ဒမရှိကြချေ။
အကုန်လုံးက ဉာဏ်နည်းသည့်သူများ မဟုတ်ဘူးဖြစ်သည်။
ဤသို့ဖြင့် အဆုံးသတ်တွင် ပထမဆုံးအကြိမ် လေလံပစ္စည်းကို ထာဝရဓားဂိုဏ်းမှ ဟောင်ရိဖန်က ရရှိသွား၏။
" နောက်တစ်ခု .. ဒီလေးက ဒုတိယမြောက် လေလံစွဲတဲ့ ပစ္စည်းပဲ "
ရှီကျား ထိုသို့ပြောပြီးသည်နှင့် လက်ထဲတွင် ကြည်လင်တောက်ပနေသော ကျောက်စိမ်းတစ်ပုလင်းက ထွက်ပေါ်လာသည်။
" ဒါကဘာလဲဆိုတာကိုတော့ မင်းဒီတစ်ခေါက် အသေးစိတ်ရှင်းပြသင့်တယ် မဟုတ်လား "
အခန်းထဲတွင်ရှိနေသော ကျင့်ကြံသူများအားလုံး ရှီကျားကို အလေးအနက်စိုက်ကြည့်ကာ မေးလိုက်၏။ စစ်သင်္ဘောလို အဓိကအားနည်းချက်ကို မရှင်းမလင်းဆက်လုပ်မည်အား သူတို့စိုးရိမ်မိလေသည်။
" စိတ်မပူနဲ့ .. ဒီတစ်ခေါက်လေလံစွဲတဲ့ ပစ္စည်းက အဆင့် ( 9 ) ဝိညာဥ်အရည်ပဲ "
အဆင့် ( 9 ) ဝိညာဥ်အရည်ဆိုသောစကားကို ကြားသောအခါ လေလံခန်းမကြီးတစ်ခုလုံး တစ်ခဏတိတ်ဆိတ်သွားလေ၏။ ထို့နောက် ဝေါခနဲ ဆူညံသောအသံများ ထွက်ပေါ်လာတော့သည်။
" ဘာ .. အဆင့် ( 9 ) ဝိညာဥ်အရည်ကို လေလံစွဲတာလား၊ ဒါမျိုးက အလယ်ပိုင်းကုန်းမြေတိုက်ကြီးရဲ့ လေလံပွဲမှာပဲ ပေါ်လာသင့်တာလေ .. ဒီလိုနေရာမျိုးမှာ ပေါ်လာမယ်လို့ လုံးဝမထင်ထားဘူး "
" အဆင့် ( 9 ) ဝိညာဥ်အရည်နဲ့ဆိုရင် ငါရွှေအင်မော်တယ် အဆင့် ( 27 ) ကိုတောင်မှ အဆင့်တက်နိုင်သွားမှာ သေချာတယ် "
" ငါဒါကို မရရအောင် ယူရမယ် "
" ဘယ်လိုဈေးနှုန်းနဲ့ ဖြစ်စေ ဒီအရာကို လေလံရအောင်စွဲရမယ် "
အဆင့် ( 9 ) ဝိညာဥ်အရည်ကို စိတ်ဝင်စားသောသူများ အကုန်လုံးက ဂိုဏ်းကြီးများ၏ ထူးချွန်သော ပါရမီရှင်များသာဖြစ်၏။
အခန်းထဲတွင်ရှိသော ပါရမီရှင်များအားလုံး၏ စိတ်လှုပ်ရှားမှုကို တွေ့သောအခါ ရှီကျား၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားသည်။
" အဆင့် ( 9 ) ဝိညာဥ်အရည်ရဲ့ တန်ဖိုးကို အားလုံးက သိထားကြမယ်လို့ ထင်ပါတယ် "
ရှီကျား အပြုံးနှင့်အတူ ပြောလိုက်ကာ ..
" အဲ့တာကြောင့် ဒီအဆင့် ( 9 ) ဝိညာဥ်အရည်ရဲ့ အခြေခံဈေးနှုန်းက အလယ်အလတ်အဆင့်တာအိုကျောက်တုံး နှစ်သိန်းဖြစ်ပြီးတော့ လေလံတစ်ခါစွဲတိုင်း တစ်သောင်းထက်ပိုပြီး နည်းလို့မရဘူး "
ထိုစကားကြားသောအခါ ရဲ့ဟိုင် သက်ပြင်းချလိုက်သည်။
" သာမန်ဂိုဏ်းတွေက ထိပ်သီးပါရမီရှင်တွေ မမွေးထုတ်နိုင်တာ ဘာအံ့ဩစရာရှိတော့လို့လဲ "
" ဒါပေါ့ ပုံမှန်အားဖြင့်ဆိုရင် ရာစုနှစ်တစ်စုစာတောင် အခြေခံအုတ်မြစ်မရှိဘဲနဲ့ အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ဂိုဏ်းတစ်ခုက ပျိုးထောင်ပေးဖို့အတွက် ခက်ခဲတယ်၊ အင်မော်တယ်အရှင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ပျိုးထောင်ပေးဖို့ဆိုရင်တော့ အနည်းဆုံး အဲ့ဒီဂိုဏ်းက အခြေခံအုတ်မြစ် နှစ်တစ်ထောင်စာလောက် ရှိမှဖြစ်နိုင်မှာ "
ဝူမင် ပေါ့ပေါ့ပါးပါးပင် ဝင်ပြောလိုက်၏။
ရဲ့ဟိုင်နှင့် ဝူမင်တို့ ထိုသို့ဆွေးနွေးနေကြသည့်အချိန်တွင် သူတို့ဝိုင်းတွင်ထိုင်နေသော အမျိုးသမီးက လက်ကိုမြှောက်ကာ သုံးသိန်းဟု လေလံစွဲလိုက်သည်။
" ကောင်မလေး မင်းကအဲ့လောက်ချမ်းသာတာလား "
ဝူမင်သည် ထိုမိန်းကလေး၏ ရုတ်တရက်လေလံစွဲမှုကြောင့် အံ့အားသင့်စွာဖြင့် လှည့်ကာကြည့်ပြီး မေးလိုက်၏။
ကောင်မလေးမှာ ရှက်ရွံ့စွာဖြင့် ပြုံးရုံသာပြုံးလိုက်ပြီး ဘာမှပြန်မပြောချေ။
" သုံးသိန်းနဲ့တစ်သောင်း "
ထိုအချိန်တွင် လျှို့ဝှက်ဓားဂိုဏ်းမှ ဝမ်ရွှမ်၏အသံက ကျယ်လောင်စွာဖြင့် ထွက်ပေါ်လာသည်။
ဝမ်ရွှမ်သည် ဓာတ်ကြီးငါးပါးဓားဂိုဏ်းသို့ လာခဲ့ခြင်းဖြစ်သော်လည်း သူ့တွင် အခြားအကြောင်းအရင်းအချို့ရှိ၏။ ၎င်းက ဤလေလံပွဲကိုတက်ပြီး အဆင့် ( 9 ) ဝိညာဥ်အရည်ကို ရယူရန်ဖြစ်သည်။
" သုံးသိန်းနှစ်သောင်း "
ဟောင်ရိဖန်၏ အသံက ပြန်လည်ထွက်ပေါ်လာ၏။
ဟောင်ရိဖန်သည် သူလဲထိပ်သီးပါရမီရှင် တစ်ယောက်အနေဖြင့် အဆင့် ( 9 ) ဝိညာဥ်အရည်ကို လိုအပ်သည်။
ဤအဆင့် ( 9 ) ဝိညာဥ်အရည်ဖြင့်ဆိုလျှင် သူဟောင်ရိဖန်ကလဲ ရွှေအင်မော်တယ်အဆင့် ( 27 ) သို့ ရောက်ရှိသွားနိုင်၏။
" သုံးသိန်းသုံးသောင်း "
ရှုကျန်းယီ လေးနက်သော အမူအရာဖြင့် လေလံဝင်စွဲလိုက်သည်။
" သုံးသိန်းလေးသောင်း "
လူငယ်ပါရမီရှင် တစ်ယောက်ကလဲ အံကြိတ်ကာ ထအော်လိုက်၏။
" ...... "
အချိန်ကြာလာသည်နှင့်အမျှ အဆင့် ( 9 ) ဝိညာဥ်အရည်၏ဈေးနှုန်းက တစ်စတစ်စ လေးသိန်းအထိ မြင့်တက်လာသည်။
ဤဈေးနှုန်းက ပြောရလျှင် ၎င်း၏တန်ဖိုးကိုပင် ကျော်လွန်သွားခဲ့ပြီဖြစ်၏။ သို့သော်လည်း အရှေ့ပိုင်းကုန်းမြေတိုက်ကြီးလို အဆင့်( 9 ) ဝိညာဥ်အရည် ရှားပါးသောနေရာ၌ ဤဈေးနှုန်းမှာ မများလှဘူးဟု ဆိုလို့ရလေသည်။
***