" လေးသိန်းတစ်သောင်း "
ဝူမင်ဘေးနားတွင်ထိုင်နေသော မိန်းကလေး အော်ဟစ်လိုက်ပြီး မျက်နှာတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာ၏။
ဤအရာက သူမတွင်ရှိတာ အကုန်ဖြစ်သည်။
ဈေးသာပိုမြင့်လာလျှင် သူမတတ်နိုင်တော့မည် မဟုတ်ပေ။
" လေးသိန်းသုံးသောင်း "
ထိုအချိန်တွင် ဟောင်ရိဖန် အော်ပြောလိုက်သောအသံက သူမ၏ခန္ဓာကိုယ်ကို ဆတ်ခနဲတုန်ခါသွားစေ၏။ ချက်ချင်းပင် ကောင်မလေး စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထိုင်ချလိုက်တော့သည်။
ဟောင်ရိဖန် ထိုဈေးနှုန်းကို အော်ပြောလိုက်ချိန်တွင် မည်သူကမှ အနောက်ကနေဆက်ပြီး လိုက်မလာတော့ချေ။ အကုန်လုံး တိတ်ဆိတ်သွားကြ၏။
ဤကဲ့သို့ အလယ်အလတ်အဆင့် တာအိုကျောက်တုံး အနည်းငယ်နှင့်ကပ်ပြီး ရှုံးနိမ့်ခဲ့သည်လား။ လက်ရှိအနေအထားက ချန်ရှီ၏ မျက်နှာတွင် မလိုလားမှုနှင့် ဝမ်းနည်းမှုများ ပြည့်နှက်လာစေသည်။
အကယ်၍သူလည်း အဆင့်( 9 ) ဝိညာဥ်အရည်ကို ရယူနိုင်လျှင် ရွှေအင်မော်တယ်အဆင့် ( 27 ) အထိ ကျင့်ကြံနိုင်မည်ဖြစ်၏။ ကံမကောင်းစွာဖြင့်သူမ ခိုးထွက်လာသည့်အချိန်၌ တန်ဖိုးရှိသော ပစ္စည်း တော်တော်များများကို ယူဆောင်လာခဲ့ခြင်းမရှိပေ။
ထိုအချိန်တွင် ချန်ရှီ၏အရှေ့၌ သိုလှောင်အိတ်တစ်လုံး ထွက်ပေါ်လာလေသည်။ သူမ အသိစိတ်အာရုံဖြင့် အထဲကိုကြည့်လိုက်လျှင် မျက်နှာ၌ အံ့အားသင့်မှုများ ပြည့်နှက်သွား၏။
၎င်းသိုလှောင်အိတ်ထဲ၌ အလယ်အလတ်အဆင့် တာအိုကျောက်တုံး တစ်သိန်းတိတိ ပါဝင်နေခဲ့သည်။
ချန်ရှီ ရဲ့ဟိုင်ကိုမကြည့်ဘဲ မနေနိုင်တော့ချေ။
ရဲ့ဟိုင် ခပ်ဖွဖွပြုံးလိုက်ပြီး...
" သွား .. လေလံဆက်စွဲလိုက် "
" ကျေးဇူးတင်ပါတယ် သခင်လေး၊ ငါမကြာခင် ဒီချေးငှားမှုကို နှစ်ဆပြန်ပေးပါ့မယ် "
ချန်ရှီ ရဲ့ဟိုင်အား အလွန်တရာ ကျေးဇူးတင်လိုက်၏။ ယခုမှ သိသောလူတစ်ယောက်ကို အလယ်ဆင့် တာအိုကျောက်တုံး တစ်သိန်း ချေးငှားဖို့ဆိုတာ တော်ယုံစိတ်ထားနှင့် မဖြစ်နိုင်ချေ။
" ဒီထက်ပိုဈေးပေးမယ့်သူ ရှိသေးလား "
ထိုအချိန်တွင် ရှီကျား၏ နူးညံသိမ်မွေ့ကာ စွဲဆောင်မှုရှိသော အသံလေးက ထွက်ပေါ်လာသည်။
" လေးသိန်းလေးသောင်း "
ရှုကျန်းယီ တုံ့ဆိုင်းသွားပြီးနောက် ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်၏။
" ဟမ့် လေးသိန်း ငါးသောင်း "
ဟောင်ရိဖန် အေးစက်စက်ဖြင့် ပြောလိုက်သည်။
ဟောင်ရိဖန်သည် ရှုကျန်းယီ သူ့အားလှည့်စားခဲ့သော ကစားပွဲကို လုံးဝမမေ့သေးချေ။
" လေးသိန်းခြောက်သောင်း "
ချန်ရှီလဲ ဝင်ရောက်ကာ လေလံစွဲလိုက်၏။
" လေးသိန်းခုနစ်သောင်း "
ဟောင်ရိဖန် ချန်ရှီကို လှမ်းကာစိုက်ကြည့်ပြီး ပြောလိုက်သည်။
" လေးသိန်းရှစ်သောင်း "
ချန်ရှီ ထိုကဲ့သို့ လေလံထပ်စွဲလာလျှင် ဟောင်ရိဖန်က အချိန်အတော်ကြာအောင် တွေဝေတုံ့ဆိုင်းနေသွားလေ၏။
နောက်ဆုံးတွင် သူပြန်ထိုင်ချလိုက်ပြီး ဆက်ပြီးတော့မလိုက်တော့ဖို့ ဆုံးဖြတ်လိုက်သည်။
ဤဈေးနှုန်းက အဆင့် ( 9 ) ဝိညာဥ်အရည်တစ်ပုလင်း၏ ဈေးနှုန်းထက် အရမ်းမြင့်မားနေပြီဖြစ်၏။ နောက်ထပ်ဆက်ပြီးတော့ လေလံဈေးမြှင့်တင်ရန် မသင့်တော်တော့ချေ။ ဤတစ်ကြိမ်တွင် အဆင့် ( 9 ) ဝိညာဥ်အရည်ကို သူမရလိုက်သော်လည်း မိမိအတွက် အရေးမကြီးဘူးဖြစ်သည်။ သူ့တွင် အခြားအရင်းအမြစ်များ ရှိနေသေး၏။
အထူးသဖြင့် သူဤကဲ့သို့ လေလံဆက်စွဲရန် ဆုံးဖြတ်လိုက်ရသည့် အဓိကအကြောင်းအရင်းလည်း ရှိသေးသည်။ ၎င်းက ချန်ရှီနှင့် အတူ အဆက်မပြတ်လိုက်ပြီး လေလံဆက်စွဲနေပါက သူမ၏ ဘေးနားတွင် ထိုင်နေသော ဝူမင်ကို ဒေါသထွက်သွားစေမည်လားဟု တွေးမိသွားခြင်းပင်။
ဟောင်ရိဖန်သည် သူက ရွှေအင်မော်တယ်အဆင့် ( 30 ) သို့ရောက်ရှိနိုင်မည်ဟု ယုံကြည်ချက်ရှိသော်လည်း ၎င်းဝူမင်၏ အကန့်အသတ်က ရွှေအင်မော်တယ်အဆင့် ( 30 ) သာရှိသည်ဟု မည်သူ အာမခံနိုင်မည်နည်း။ ထို့ကြောင့် ဟောင်ရိဖန်က လေလံဆက်စွဲဖို့ကို စွန့်လွှတ်လိုက်ခြင်းဖြစ်၏။
ဤသို့ဖြင့် ချန်ရှီသည် အလယ်အလတ်အဆင့် တာအိုကျောက်တုံးများကို အတိအကျပေးချေပြီးနောက် အဆင့် ( 9 ) ဝိညာဥ်အရည်ပုလင်းအား အောင်မြင်စွာဖြင့် ရယူနိုင်ခဲ့သည်။
ချန်ရှီ၏ အလွန်တရာ ပျော်ရွှင်နေသော အမူအရာကိုမြင်လျှင် ဝူမင် လှောင်ပြုံးပြုံးလိုက်ပြီး...
" ကောင်မလေး မင်းသာ အဆင့် ( 10 ) ဝိညာဥ်အရည်ကို ရခဲ့မယ်ဆိုရင် ( 7 ) ရက် ( 7 ) ညလောက် မအိပ်နိုင်မစားနိုင် ဖြစ်နေမလားမသိဘူး "
" ဟမ့် .. ငါ့မှာ အဆင့် ( 10 ) ဝိညာဥ်အရည်ရှိပြီးသား "
ချန်ရှီ သူမ၏ ချစ်စရာကောင်းသော နှာခေါင်းလေးကို ရှုတ်လိုက်ကာ ဝူမင်ကိုပြန်၍ ရန်တွေ့လိုက်၏။
" အိုး .. ကြည့်ရတာ မင်းရဲ့မိသားစုက သာမန်မဟုတ်တဲ့ပုံပဲ "
ဝူမင်သည် ချန်ရှီ၏ ပြန်ဖြေလာသောစကားကြောင့် အစပထမတွင် အံ့အားသင့်သွားသည်။ ထို့နောက်သူ ချန်ရှီအား အလေးအနက်ကြည့်ပြီး ပြောလိုက်လေ၏။
" အင်း .. ငါ့မိသားစုက သိပ်မဆိုးတဲ့ အထဲမှာပါတယ် "
ချန်ရှီသည် သူမမိဘများ၏အကြောင်းကို ပြန်တွေးလိုက်သည့်အချိန်တွင် မျက်နှာ၌ ထိတ်လန့်မှုအချို့ ဖြစ်ပေါ်လာပြီး စကားကိုမတင်မကျ ပြောလိုက်သည်။
ဖြစ်နိုင်လျှင်လက်ရှိ ခိုးထွက်လာသောအချိန်၌ မိဘများအကြောင်းကို မတွေးရဲချေ။
သို့သော် အချိန်တိုင်း အိမ်နှင့်ဝေးကွာနေသော ဝူမင်က ချန်ရှီ၏ မျက်နှာအမူအရာကို မည်ကဲ့သို့ သတိပြုနိုင်မည်နည်း။
" ကြည့်ရတာ မင်းတို့မိသားစုက အင်မော်တယ်အရှင်တွေရှိတဲ့ မိသားစုများလား "
ဝူမင် ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။
အခြားလူများဆိုလျှင် ထိုမိန်းကလေး၏နောက်တွင် အင်မော်တယ်အရှင်တစ်ပါး ရှိနေသဖြင့် ထိတ်လန့် တုန်လှုပ်မိကြမည်ဖြစ်သည်။ သို့သော် ဝူမင်ကတော့ ဤကဲ့သို့မဟုတ်ချေ။ သူ့တွင် အင်မော်တယ်ဘုရင်အဆင့် နောက်ခံဆရာတစ်ယောက်ရှိလေ၏။ အထူးသဖြင့် သူဝူမင်က ဆရာ၏တစ်ဦးတည်းသော အမွေဆက်ခံသူလည်းဖြစ်သည်။
ထိုအချိန်တွင် လေလံစင်မြင့်ပေါ်ရှိ ရှီကျား၏ အသံက ပြန်လည်ထွက်ပေါ်လာသဖြင့် သူတို့စကားဝိုင်းက ပြတ်တောက်သွား၏။
" လေလံပွဲအတွက် နောက်ထပ်ပစ္စည်းတစ်ခုကတော့ တိမ်ကောင်းကင်မိုးကြိုးပုလဲပဲ "
ရှီကျား၏ ထိုအသံက လေလံခန်းမတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည့်အချိန်တွင် ရှုကျန်းယီကဲ့သို့ ပါရမီရှင်များအားလုံး၏ မျက်လုံးက တလက်လက်တောက်ပလာသည်။
ရဲ့ဟိုင်တို့ မျိုးဆက်တွင်ရှိနေသော ပါရမီရှင်များအကုန်လုံးက မည်မျှပင် ကြောက်စရာကောင်းလောက်အောင် ပါရမီရှိနေပါစေ ရွှေအင်မော်တယ်အဆင့်၌သာ ရှိနေကြဆဲဖြစ်၏။
အင်မော်တယ်သခင်အဆင့်သို့ ရောက်ရန်ဆိုသည်မှာ နောက်ထပ် ( 10 ) နှစ် ဒါမှမဟုတ် အနှစ် ( 20 ) လောက် မကြိုးစားဘဲဖြင့် မဖြစ်နိုင်ချေ။
မေးခွန်းတစ်ခုမှာ ထိုကဲ့သို့ အင်မော်တယ်သခင်အဆင့်သို့ ရောက်ရှိရန် ကြိုးစားနေသည့်အချိန်၌ မိမိ၏အသက်က အာမခံမှုရှိသည်လားဆိုတာပင်။
ထို့ကြောင့် အင်မော်တယ်သခင်တွေကို သတ်နိုင်သော ဤတိမ်ကောင်းကင်မိုးကြိုးပုလဲကို ပိုင်ဆိုင်ရခြင်းက သူတို့လို ရွှေအင်မော်တယ်အဆင့် ပါရမီရှင်များအတွက်တော့ တကယ်ကိုကြောက်စရာကောင်းသည့် ဝှက်ဖဲတစ်ခုဟု ဆိုရမည်ဖြစ်သည်။
ယင်းကြောင့် ၎င်းတိမ်ကောင်းကင်မိုးကြိုးပုလဲအတွက် လေလံပွဲပြိုင်ဆိုင်မှုက ပို၍ပင် ပြင်းထန်လာလေ၏။
နောက်ဆုံးတွင် ရှုကျန်းယီက တိမ်ကောင်းကင်မိုးကြိုးပုလဲကို အလယ်အလတ်အဆင့်တာအိုကျောက်တုံး နှစ်သိန်းနှစ်သောင်းဖြင့် ရယူနိုင်ခဲ့သည်။
" နောက်တစ်ခု လေလံစွဲမယ့်အရာကတော့ ပန်းချီကားတစ်ချပ်ပဲ "
ရှီကျား ထိုသို့စကားပြောပြီးသည်နှင့် စာလိပ်တစ်လိပ်ကို ဖွင့်ချလိုက်လျှင် ဘေးတိုက်လဲလျောင်းနေသော အမျိုးသမီးတစ်ယောက်၏ ပုံကို ရေးဆွဲထားသည့် ပန်းချီကားတစ်ချပ်က လူတိုင်း၏ ရှေ့တွင် ပေါ်လာ၏။
သူမသည် အင်မော်တစ်ပါးနှင့်တူညီပြီး ဖြူစွတ်နေသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။
သူမ၏မျက်နှာကို အရှေ့ကနေ ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ထိုလဲလျောင်းနေသည့် ခန္ဓာကိုယ် ကောက်ကြောင်းတစ်ခုတည်းကပင် လုံးဝရင်သပ်ရှုမောစရာ ကောင်းလှ၏။
" ဒီပန်းချီကားမှာ ချိတ်ပိတ်အစီအရင်တစ်ခု ပါဝင်ပြီးတော့ အဲ့ဒီချိတ်ပိတ်အစီအရင်ကို အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်တွေတောင်မှ မချိုးဖျက်နိုင်ဘူး၊ ကျွန်မအထင်တော့ ဒီပန်းချီကားက ကမ္ဘာတစ်ခုဖြစ်နေတဲ့ပုံပဲ၊ အဲ့ဒီအမျိုးသမီးက ပန်းချီကားရဲ့ ကမ္ဘာထဲမှာ ချိတ်ပိတ်ခံထားရပုံရတယ်၊ ကံမကောင်းစွာပဲ လျှို့ဝှက်ချက်ကို ဘယ်လိုရှာရှာ ရှာမတွေ့နိုင်ခဲ့ဘူး "
ထိုသို့ပြောပြီးသည်နှင့် ရှီကျားသည် လေလံခန်းမမှလူတိုင်းကို လှည့်ကြည့်လိုက်ကာ...
" အဲ့တာကြောင့် ငါတို့ ဒီပန်းချီကားကို လေလံတင်ဖို့အတွက် ပြင်ဆင်လိုက်တာပဲ "
" ဒီပန်းချီကားရဲ့ အစဖွင့်ဈေးက အလယ်အလတ်အဆင့် တာအိုကျောက်တုံး သုံးသောင်းဖြစ်ပြီးတော့ လေလံတစ်ခုချင်းစီမှာ တစ်ထောင်ထက် မနည်းရဘူး "
***