ရဲ့ဟိုင် သူ၏ နတ်အသိစိတ်အာရုံကို ထုတ်ဖော်ကာ ပန်းချီကားကို စူးစမ်းလေ့လာလိုက်လျှင် ၎င်း၌ တကယ်ကို ချိတ်ပိတ်အစီအရင်တစ်ခု ရှိသည်ဆိုတာကို တွေ့လိုက်ရသည်။
သူအချိန်အတော်ကြာအောင် လေ့လာလိုက်သော်လည်း ၎င်းချိတ်ပိတ်အစီအရင်ကို သေချာခွဲခြမ်းစိတ်ဖြာလို့မရပေ။
ထိုအချက်က ရဲ့ဟိုင်ကို တော်တော်လေး စိတ်ဝင်စားသွားစေ၏။
" တစ်သိန်း "
အခြားကျင့်ကြံသူများအားလုံး မူလဈေးသုံးသောင်းကို အခြေခံကာ လေလံစွဲရန် ပြင်နေသည့်အချိန်တွင် ရဲ့ဟိုင်က တိုက်ရိုက်ပင် လေလံဈေးနှုန်းကို အဆုံးစွန်အထိ မြှင့်တင်လိုက်သည်။
" တစ်သိန်းနဲ့ တစ်ထောင် "
ဟောင်ရိဖန် ရဲ့ဟိုင်ကို စိုက်ကြည့်ကာ လေလံစွဲလိုက်၏။
" နှစ်သိန်း "
ရဲ့ဟိုင် ပေါ့ပေါ့ပါးပါးပင် လက်နှစ်ချောင်းထောင်ပြလိုက်သည်။
" နှစ်သိန်းနဲ့ တစ်ထောင် "
ဟောင်ရိဖန် ဆက်လက်၍ လေလံစွဲနေဆဲပင်။
ပန်းချီကားအပေါ် ရဲ့ဟိုင် မြင်နိုင်သလို ဟောင်ရိဖန်လည်း မြင်နိုင်လေ၏။ ထို့ကြောင့် သူလည်း ဤပန်းချီကားကို တော်တော်လေးစိတ်ဝင်စားမိသည်။
" တစ်သန်း "
ရဲ့ဟိုင် လက်တစ်ချောင်းထောင်ကာ စိတ်မရှည်စွာဖြင့် အော်ဟစ်လိုက်၏။ ချက်ချင်းပင် သူ၏စကားအောက်၌ လေလံခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ ထို့နောက် ဟောင်ရိဖန် အံ့အားသင့်စွာဖြင့် ဝုန်းခနဲမတ်တပ်ရပ်လိုက်လေ၏။
တစ်စုံတစ်ယောက်က ဤကဲ့သို့ဈေးနှုန်းကို မည်ကဲ့သို့ ပေါ့ပေါ့ပါးပါး ပေးနိုင်ရသနည်း။ အလယ်အလတ်အဆင့် တာအိုကျောက်တုံး တစ်သန်းဆိုသည်မှာ ဂိုဏ်းကြီးများအတွက်ပင် ထုတ်မသုံးနိုင်သော အမောက်ပမာဏဖြစ်သည်။
" ပန်းချီကားလေးတစ်ချပ်အတွက်နဲ့ အလယ်အလတ်အဆင့် တာအိုကျောက်တုံးတစ်သန်းကိုသုံးတယ်ဟုတ်လား .. မင်းကတော်တော်လေးကို ချမ်းသာတဲ့ပုံပဲ "
ဟောင်ရိဖန် ထိုသို့ပြောလိုက်လျှင် ရဲ့ဟိုင်က ထိုကောင်ကို လှည့်တောင်မကြည့်ချေ။ လျစ်လျူရှုထားလိုက်၏။
ရဲ့ဟိုင်၏ လျစ်လျူရှုမှုက ဟောင်ရိဖန်ကို ဒေါသထွက်သွားစေသော်လည်း ဤအရာက လေလံပွဲတစ်ခုဖြစ်သဖြင့် သူ၏ဒေါသများကို ပြန်လည်ကာ မြိုသိပ်လိုက်ရသည်။
တစ်ဖက်တွင် ချန်ရှီက ရဲ့ဟိုင်ကို အံ့အားသင့်စွာဖြင့် မျက်လုံးပြူးကြည့်နေ၏။
ရဲ့ဟိုင်ယခုနက အလယ်အလတ်အဆင့် တာအိုကျောက်တုံး တစ်သိန်းကို တိတ်တဆိတ် ချေးငှားပေးခဲ့သည့်အချိန်တွင် ဤအရာက သူလေလံစွဲဖို့ တာအိုကျောက်တုံးများကို ချေးငှားပေးခဲ့သည်ဟု ထင်မှတ်ခဲ့သည်။
ယခုတော့ ထိုသူက အလယ်အလတ်အဆင့် တာအိုကျောက်တုံးတစ်သန်းကိုပင် ပေါ့ပေါ့ပါးပါးဖြင့် အပျင်းပြေဈေးဝယ်ထွက်နေသလို ကမ်းလှမ်းခဲ့၏။
၎င်းက အလယ်အလတ်အဆင့် တာအိုကျောက်တုံး တစ်သန်းဖြစ်သည်။ သူမကိုချေးသော တစ်သိန်းဆိုသည်မှာ ထိုတစ်သန်း၏ ( 10 ) ပုံတစ်ပုံသာရှိလေ၏။
သူ့တွင် အလယ်အလတ်အဆင့် တာအိုကျောက်တုံးများ မည်မျှတောင်မှ များပြားစွာရှိနေသနည်း။
သာမန်အားဖြင့် လေလံပွဲ၏ တာဝန်ခံက ပန်းချီကားကိုယူဆောင်ကာ ရဲ့ဟိုင်ကို လွှဲပေးသင့်သည်ဖြစ်သော်လည်း ရှီကျားက သူမကိုယ်တိုင် ပန်းချီကားကို ယူဆောင်ပြီး တစ်ကိုယ်လုံးရှိ လှပသော အစိတ်အပိုင်းများကို တစ်ခုချင်းစီ စည်းချက်ကျကျ လှုပ်ရှားကာ ရဲ့ဟိုင်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။
ရဲ့ဟိုင်အရှေ့သို့ ရောက်ရှိချိန်တွင် ရှီကျားက ခန္ဓာကိုယ်ကို အနည်းငယ် ကွေးချလိုက်သဖြင့် သူမ၏ ရင်အစုံက ရဲ့ဟိုင်၏ မျက်နှာနှင့် တစ်တန်းတည်းဖြစ်သွား၏။
ထို့နောက် သူမ၏ခန္ဓာကိုယ်မှ အလွန်တရာ အေးစိမ့်မွှေးပျံ့သော ရနံ့တစ်ခု ထွက်ပေါ်လာသည်။ ထိုရနံ့က ယောကျ်ားသားများကို အလွယ်တကူ စွဲဆောင်နိုင်သော ရနံ့ဖြစ်လေ၏။
သို့သော် ရှီကျားကို အံ့အားသင့်သွားစေသည်မှာ ရဲ့ဟိုင်၏ မျက်လုံးများက တစ်ချိန်လုံး လုံးဝတည်ငြိမ်နေပြီး ဘာပြောင်းလဲမှုမှ မရှိပေ။
မျက်တောင်လေး တစ်ချက်တောင်မှ ခတ်သွားခြင်းမရှိဘူးဟု ဆိုလို့ရသည်။
ရဲ့ဟိုင် ပြုံးလိုက်ကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်လျှင် သိုလှောင်အိတ်တစ်လုံးက လက်ထဲ၌ ထွက်ပေါ်၏။
" ဒီမှာစစ်ကြည့်လိုက်ပါ "
ရှီကျား သိုလှောင်အိတ်ကို စစ်တောင်မစစ်ဘဲ အပြုံးနှင့်ယူလိုက်ပြီး ပန်းချီကားအား ရဲ့ဟိုင်ကိုပေးလိုက်သည်။
" သခင်လေး ငါ့ရဲ့နာမည်က ရှီကျားပါ "
ရဲ့ဟိုင် သူ့အရှေ့တွင်ရှိနေသည့် ဆန့်ထုတ်ထားသော ရှီကျား၏လက်ကို ကြည့်လိုက်၏။ ထို့နောက်သူ အပြုံးနှင့်ပင် ရှီကျား၏လက်ကို ဆုပ်ကိုင်ကာ ပြန်လည်၍နှုတ်ဆက်လိုက်သည်။
ထိုအချိန်တွင် ရှီကျား၏ စွဲဆောင်အားပြင်းပြင်း ထွက်ပေါ်နေသော ခန္ဓာကိုယ်က ရဲ့ဟိုင်အနားသို့ တိုးကပ်သွားပြီး သူမ၏ အနီရောင်နှုတ်ခမ်းများကလည်း ရဲ့ဟိုင်၏ နားဆီသို့ ရောက်ရှိသွားကာ တီးတိုးပြောလိုက်၏။
" သခင်လေး လေလံပွဲပြီးရင် ယွမ်ရှန်ခန်းမမှာ ငါ့ကိုလာပြီးတော့ရှာပါ "
ထိုစကားပြောပြီးသည်နှင့် သူမ မျက်လုံးတစ်ဖက်မှိတ်ပြပြီး မိုးမခဂိုဏ်းသို့ ခါးလေးကိုလှုပ်ခါကာ တင်တစ်လုံးစီပစ်၍ ထွက်ခွာသွားသည်။
" ရဲ့ဟိုင် မင်းက ' မ ' တွေနဲ့ ပက်သက်ရင် တော်တော် ကံကောင်းတာပဲ "
ဝူမင် ရဲ့ဟိုင်အား လက်မထောင်ပြကာ ပြောလိုက်၏။
ရဲ့ဟိုင် ပန်းချီကားကို သူ၏သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်ပြီး ဝူမင်ကို မျက်ခုံးပင့်ကြည့်ကာ...
" ငါ့ရဲ့ကံကောင်းမှုကို မင်းလိုချင်ရင်လဲရတယ်နော် .. ပြဿနာမရှိဘူး "
" ငါ .. ငါ နင်တို့ကိုပြောချင်တာ ရှီကျားဆိုတဲ့ မိန်းကလေးက သာမန်မဟုတ်ဘူးဆိုတာပဲ "
ထိုအချိန်တွင် ချန်ရှီက စကားကို အထစ်ထစ်အအအဖြင့် ဝင်ရောက်ပြောဆိုလာသည်။
" ငါကြားသလောက်ဆိုရင် သူမဖိတ်ခေါ်လိုက်တဲ့ယောကျ်ားလေးအကုန်လုံးက သူတို့ရဲ့ယန်အဆီအနှစ်တွေ စုပ်ယူခံလိုက်ရတယ်လို့ကြားတယ် "
" မင်းကဘယ်လိုလုပ်သိတာလဲ "
ရဲ့ဟိုင်နှင့် ဝူမင်တို့ နှစ်ယောက်လုံး တအံ့တဩဖြင့် ပြန်မေးလိုက်၏။
" ငါ .. ငါ .. ငါ လေလံပွဲလာတုန်းက တံခါးဝအနားမှာ ကျင့်ကြံသူအချို့ပြောတာကို ကြားခဲ့တာပါ "
သူမ ထပ်ပြီးပြောရန်ကြံနေချိန်တွင် စင်မြင့်ပေါ်၌ ရှီကျား၏အသံကြောင့် စကားဝိုင်းက ရပ်တန့်သွားလေ၏။
" နောက်ထပ်လေလံတင်မယ့်ပစ္စည်းကတော့ အမျိုးသမီးတွေအားလုံးရဲ့ အကြိုက်ပဲ "
ရှီကျား ထိုစကားက လေလံခန်းမထဲတွင်ရှိသော အမျိုးသမီးများအားလုံး၏ အာရုံကို ဆွဲဆောင်သွားလေသည်။
ရှီကျား ပြုံးကာ ခဏရပ်တန့်လိုက်ပြီးနောက် သူမလက်ထဲတါင် ကျောက်စိမ်းပုလင်းတစ်လုံးက ထွက်ပေါ်လာသည်။
ထိုပုလင်းကိုဖွင့်လိုက်သည်နှင့် မွှေးကြိုင်သောဆေးရနံ့က လေထုထဲတွင် ပျံ့နှံ့သွား၏။
" ပြန်လည်နုပျိုခြင်းဆေး "