ရဲ့ဟိုင် ထိုဆေးရနံ့ကို ခံစားမိလိုက်သည်နှင့် တအံ့တဩ ရေရွတ်လိုက်သည်။
ရဲ့ဟိုင် အသံကို လူတိုင်းကြားလိုက်ရပြီး ရှီကျားကလဲ အံ့အားသင့်စွာ ရဲ့ဟိုင်ကိုလှမ်းကြည့်လိုက်၏။
" သခင်လေး .. ရှင်က မှော်ဆေးပညာရှင်တစ်ယောက် ဖြစ်နေမယ်လို့ ကျွန်မမထင်ထားဘူး "
ရှီကျား ရဲ့ဟိုင်ကို အပြုံးနှင့် ကြည့်လိုက်ကာ...
" သခင်လေး ဒီဆေးလုံးနဲ့ပတ်သက်ပြီးတော့ တစ်စုံတစ်ခု ပြောပြနိုင်မလား "
ရဲ့ဟိုင်ခေါင်းညိတ်လိုက်ပြီး...
" ပြန်လည်နိုပျိုခြင်းဆေးဆိုတာက အဆင့် ( 3 )၊ အဆင့် ( 6 )၊ အဆင့် ( 9 ) ဆိုပြီးတော့ ခွဲခြာမှုရှိပြီး သူလေလံတင်မယ့်ဆေးလုံးက အဆင့် ( 3 ) ပြန်လည်နုပျိုခြင်းဆေးလုံးပဲ "
ရဲ့ဟိုင်၏ ထိုရှင်းပြသောစကားကိုကြားလျှင် ရှီကျား၏မျက်လုံးက ပို၍ပင် တလက်လက်တောက်ပလာလေသည်။
" သခင်လေး ဆေးလုံးရဲ့ အဆင့် ( 3 )၊ အဆင့် ( 6 ) နဲ့ အဆင့် ( 9 ) တို့ ကွဲပြားခြားနားနေတဲ့အချက်ကို ထပ်ပြီးတော့ ရှင်းပြပေးလို့ရမလား "
" အဆင့် ( 3 ) ပြန်လည်နုပျိုခြင်းဆေးက မိန်းကလေးတစ်ယောက်ရဲ့ အလှအပကို အနှစ် ( 100 ) တိတိ ထိန်းထားပေးနိုင်စွမ်းရှိတယ်၊ အဆင့် ( 6 ) ပြန်လည်နုပျိုခြင်းဆေးကတော့ အလှအပကို အနှစ် ( 1000 ) တိတိ ထိန်းပေးထားနိုင်စွမ်းရှိပြီး .. အဆင့် ( 9 ) ပြန်လည်နုပျိုခြင်းဆေးကတော့ ကိုယ့်ရဲ့အလှအပကို လက်ရှိအနေအထားအတိုင်း အနှစ်တစ်သောင်းအထိကြာအောင် ထိန်းထားပေးနိုင်စွမ်းရှိတယ် "
ရဲ့ဟိုင်၏ ထိုစကားက အခန်းထဲရှိ မိန်းကလေးများ၏ မျက်လုံးများကို အရောင်များ တလက်လက်ဖြင့် တောက်ပလာစေပြီး လေလံခန်းမတစ်ခုလုံးပင် လင်းထိန်သွားစေသည်ဟု ထင်ရ၏။
" ဒီဆေးလုံးရဲ့ တကယ့်အစစ်အမှန် အကျိုးသက်ရောက်မှုကို ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး "
ရှီကျားသည် ရဲ့ဟိုင်ကိုဦးညွှတ်ကာ ပြောပြီးသည်နှင့် လေလံခန်းမထဲကို လှည့်ပတ်ကြည့်လိုက်ပြီး...
" မိန်းကလေးတွေအတွက် အလှအပဆိုတာက အိုခြင်းရဲ့ တိုက်စားမှုအောက်မှာ တစ်ခဏတာပဲ၊ ဘယ်အမျိုးသမီးကကော သူမရဲ့အလှပဆုံး အသွင်အပြင်ကို ထာဝရမထိန်းထားချင်သူရှိလို့လဲ၊ ဒီအိုမင်းရင့်ရော်မှုကို တိုက်ဖြတ်တဲ့ ပြန်လည်နုပျိုခြင်း တတိယအဆင့်ဆေးလုံးက မိန်းကလေးတစ်ယောက် အကောင်းဆုံးအချိန်မှာရှိနေတဲ့ အလှအပတွေကို နှစ် ( 100 ) လောက် ထိန်းသိမ်းပေးထားနိုင်စွမ်းရှိတယ်၊ သူမက နှစ် ( 100 ) တိတိ လုံးဝ အိုမင်းရင့်ရော်လာမှာမဟုတ်ဘူး "
ထိုအချိန်တွင် ရှီကျား၏ မျက်နှာအမူအရာက ဝမ်းနည်းသည့်အမူအရာ ဖြစ်ပေါ်သွားပြီး...
" စိတ်မကောင်းစရာက ကျွန်မမှာ တာအိုကျောက်တုံး အများအပြားမရှိတာဘဲ၊ မဟုတ်ရင် ဒီဆေးလုံးကို လေလံမတင်ဘဲ ကျွန်မကိုယ်တိုင်သုံးဖို့အတွက် ယူထားလိုက်မိမှာ၊ တစ်စုံတစ်ယောက်ကသာ ဒီဆေးလုံးကို ကျွန်မအတွက် ဝယ်ပေးမယ်ဆိုရင် ကျွန်မ သူ့ကိုသေချာပေါက် အစွမ်းကုန်ပြန်ပြီး ဘာနဲ့ဖြစ်ဖြစ် ကျေးဇူးဆပ်ပါ့မယ် "
သူမစကားဆုံးသည်နှင့် ရှီကျား၏မျက်လုံးများက ရီဝေသွားခဲ့ပြီး ညှို့ငင်အားလှိုင်းများက ထွက်ပေါ်လာသည်။ ထိုညှို့ငင်အားလှိုင်းများအောက်တွင် ယောကျ်ားသားများအားလုံးက စိတ်ဆန္ဒများ လှုံ့ဆော်ပေးခြင်းခံလိုက်ရပြီး သူမအတွက် အကုန်လုံး ဤဆေးလုံးကို ရယူပေးချင်စိတ် ပေါက်လာကြလေ၏။
" ရှီကျား ခဏလေးပဲစောင့် .. ငါဒီပြန်လည်နုပျိုခြင်းဆေးလုံးကိုဝယ်ပြီး မင်းကိုပေးမယ် "
" ငါ့မှာရှိတဲ့ ပိုင်ဆိုင်မှုအကုန်လုံး ဆုံးရှုံးသွားရမယ်ဆိုရင်တောင်မှ မင်းကိုငါ ဒီဆေးလုံးဝယ်ပေးမယ် "
" ရှီကျား ငါ့ရဲ့ ခန္ဓာကိုယ်ရောင်းရမယ်ဆိုရင်တောင် မင်းကိုဘယ်လောက်ချစ်ကြောင်း ငါဒီဆေးလုံးဝယ်ပြီး သက်သေပြပေးမယ် "
ရှီကျားသည် လူငယ်များ၏ ရဲရင့်သော စကားလုံးများကို ကြားသောအခါ ပြုံးပြလိုက်သော်လည်း လက်တွေ့တော့ သူမ အထူးတလည် တုန်လှုပ်ခြင်းမရှိပေ။
ပြန်လည်နုပျိုခြင်းဆေးလုံးဆိုသည်မှာ အမျိုးသမီးများအားလုံး အကြိုက်ဖြစ်သည်။ ရှီကျားသည် ဤဆေးလုံးအား ဘယ်အမျိုးသမီးကမှ လိုချင်စိတ် မရှိဘူးဆိုတာ မယုံကြည်ချေ။
ထို့ကြောင့် အမျိုးသမီးများ၏ အပြိုင်အဆိုင် လေလံစွဲမှုအောက်တွင် ဆေးလုံး၏ ဈေးနှုန်းကလဲ စိတ်ကူးမယဥ်နိုင်လောက်အောင် မြင့်မားလာမည်ဖြစ်၏။
ဤလူငယ်များမှာ မည်ကဲ့သို့ ထိုဈေးနှုန်းကို တတ်နိုင်စွမ်းရှိမည်နည်း။
" ပြန်လည်နုပျိုခြင်းဆေးဆိုတာက အရမ်းကိုရှားပါးတဲ့အတွက် အခြေခံဈေးနှုန်းက အလယ်အလတ်အဆင့် တာအိုကျောက်တုံး တစ်သိန်းဖြစ်ပြီးတော့ လေလံတစ်ခေါက်စွဲတိုင်း တစ်သောင်းထက် မနည်းရဘူး "
ထိုဈေးနှုန်းကို ကြေညာလိုက်သည်နှင့် သူမအတွက် ခန္ဓာကိုယ်ကိုပင် ရောင်းစားကာ ဝယ်ပေးမည်ဟု ကြွေးကြော်နေကြသော လူငယ်များအားလုံး၏ ပါးစပ်က ပိတ်သွားကြသည်။
တကယ့်ကိုဟာသပင်။
ရှီကျားနှင့် တစ်ညအိပ်နိုင်ရန်အတွက် အလယ်အလတ်အဆင့် တာအိုကျောက်တုံး တစ်သိန်း ဤအရာကို မည်သူက အသုံးပြုနိုင်မည်နည်း။
" တစ်သိန်းတစ်သောင်း "
လူတော်တော်များများက ၎င်းဈေးနှုန်းကို မတတ်နိုင်ဘူးဆိုသော်လည်း ဤဈေးနှုန်းကို အခြားလူများက လေလံမစွဲနိုင်တော့ဘူးဟု မဆိုလိုချေ။
" တစ်သိန်း နှစ်သောင်း "
" တစ်သိန်း သုံးသောင်း "
လေလံခန်းမထဲတွင်ရှိသော လူများအားလုံး အထူးသဖြင့် အမျိုးသမီးများက အစွမ်းကုန် လေလံစွဲလာသည်ကို တွေ့သောအခါ ချန်ရှီ၏ မျက်လုံးများကလဲ တလက်လက် တောက်ပလာ၏။
သို့သော်လည်း သူမတွင် အလယ်အလတ်အဆင့် တာအိုကျောက်တုံးများက အများအပြား မရှိတော့ချေ။
" အလယ်အလတ်အဆင့် တာအိုကျောက်တုံး ငါ့မှာမရှိတော့ဘူး .. ဒါပေမဲ့ လေလံစွဲဖို့အတွက် အခြားအရာတစ်ခုကို အပေါင်ပစ္စည်းအဖြစ်သုံးနိုင်လား "
သူမ ရှီကျားကို အော်ပြောကာ မေးလိုက်သည်။
" လေလံခန်းမမှာ အပေါင်ပစ္စည်းအဖြစ် လက်မခံဘူး၊ ဒါပေမဲ့ အဲ့ဒီပစ္စည်းကို ရောင်းချမယ်ဆိုရင်တော့ တန်ကြေးကိုအကဲဖြတ်ပြီးတော့ အလယ်အလတ်အဆင့် တာအိုကျောက်တုံးတွေအဖြစ် ပြောင်းလဲပေးနိုင်တယ်၊ စိတ်မပူပါနဲ့ ကျွန်မတို့လေလံခန်းမရဲ့ ဈေးနှုန်းတွက်ချက်မှုက အပြင်ထက်လုံးဝ မနိမ့်ပါဘူး "
ရှီကျား၏ ထိုစကားကြားလျှင် အကုန်လုံးက လှောင်ပြုံးပြုံးလိုက်ကြ၏။
" အပြင်ဈေးကွက်ပေါက်ဈေးထက် မနိမ့်ဘူးဟုတ်လား "
မည်သူ့ကိုလာနောက်နေသနည်း။ လောကတွင် လေလံခန်းမ၌ ပစ္စည်းများကို ဈေးဖြတ်သည်က အနိမ့်ဆုံးဆိုတာကို လူတိုင်းသိကြသည်။
ထိုစကားကြားလျှင် ချန်ရှီ တစ်ခဏတိတ်ဆိတ်သွားပြီးနောက် ...
" ငါ့မှာအစွမ်းထက်တဲ့ အဆင့်မြင့် အင်မော်တယ်သခင်အဆင့်တွေရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်တဲ့ ကျောက်စိမ်းဆွဲပြားတစ်ခုရှိတယ် "
သူမ ထိုသို့ပြောပြီးသည်နှင့် ခါးမှကျောက်စိမ်းဆွဲသီးတစ်ခုကို ဖြုတ်ယူလိုက်ပြီး လူတိုင်းမြင်အောင်ပြလိုက်၏။
ချန်ရှီ၏ ထိုစကားက လေလံခန်းမထဲတွင်ရှိနေသော ကျင့်ကြံသူများအားလုံး၏အာရုံကို ဖမ်းစားသွားသည်။
ရှီကျားမှာ ချန်ရှီ၏လက်ထဲမှ ကျောက်စိမ်းဆွဲသီးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး...
" အဲ့ဒီကျောက်စိမ်းပြားက အဆင့်မြင့်အင်မော်တယ်သခင်တွေရဲ့ တိုက်ခိုက်မှုကို တကယ်တားဆီးပေးနိုင်တယ်ဆိုရင် ငါတို့လေလံခန်းမကနင့်ကို အလယ်အလတ်အဆင့်တာအိုကျောက်တုံးငါးသိန်း ပေးမယ် "
" ငါးသိန်း "
လေလံခန်းမထဲတွင်ရှိနေသော လူများအားလုံး ထိုဈေးနှုန်းကြောင့် သွေးအန်မိမလိုတောင် ဖြစ်သွားကြ၏။
ဤကဲ့သို့သော အဆင့်မြင့်အင်မော်တယ်သခင်များ၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်သည့် ကျောက်စိမ်းပြားဆိုသည်မှာ အလယ်အလတ်အဆင့် တာအိုကျောက်တုံးတစ်သန်း ပေးဝယ်လျှင်တောင်မှ မရနိုင်သောပစ္စည်းဖြစ်သည်။
" ကောင်မလေး မင်းဒီပြန်လည်နုပျိုခြင်းဆေးကို တကယ်လိုချင်တာလား "
ရဲ့ဟိုင် ချန်ရှီကိုကြည့်ကာ မေးလိုက်၏။
" ဒီဆေးလုံးကို ငါ့အတွက်လိုချင်တာမဟုတ်ဘူး .. ငါ့အမေကိုပေးချင်လို့ပဲ "
ချန်ရှီ ခေါင်းကိုညှင်သာစွာခါယမ်း၍ ပြောလိုက်သည်။
" ဒါဆိုရင်လဲ မင်းရဲ့ကျောက်စိမ်းဆွဲသီးကို ပြန်ပြီးတော့သိမ်းလိုက် "
" ဘာလို့လဲ "
ရဲ့ဟိုင်၏ ထိုစကားက ချန်ရှီကို တော်တော်လေး အံ့အားသင့်သွားစေ၏။
" ဒီမှာမင်းအတွက် .. "
ချန်ရှီကိုပို၍ပင် အံ့အားသင့်သွားစေသည်မှာ ရဲ့ဟိုင်က သူမဆီသို့ ကျောက်စိမ်းပုလင်းတစ်လုံးကို ပစ်ကာပေးလာခြင်းပင်။
သူမ စိတ်ရှုပ်ထွေးစွာဖြင့် ပုလင်းကိုဖွင့်ကြည့်လိုက်လျှင် အထဲ၌ တောက်ပကာ လင်းလက်နေသော မှော်ဆေးလုံးတစ်လုံး ရှိနေသည်ကို တွေ့လိုက်ရသည်။ သို့သော် ပုလင်း၏အဝကို အစီအရင်တစ်ခုအဖြစ် ချိတ်ပိတ်ထားသဖြင့် ဆေးလုံး၏ဆေးရနံ့က ပုလင်းထဲတွင်ပင် အေးခဲနေလေ၏။
" မင်းရဲ့မိဘအပေါ် သိတတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ .. ငါမင်းကို အဆင့် ( 6 ) ပြန်လည်နုပျိုခြင်းဆေးလုံး ပေးလိုက်မယ် "
ရဲ့ဟိုင်မှာ ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်း ဖြစ်သော်လည်း သူ၏ထိုစကားက လေလံခန်းမထဲတွင်ရှိနေသော လူတိုင်း၏ နားထဲကို မိုးကြိုးပစ်ချလိုက်သလို ခံစားသွားရစေလေသည်။