" သောက်ချီး အဲ့တာက အဆင့် ( 6 ) ပြန်လည်နုပျိုခြင်းဆေး .. ဟုတ်လား "
" အဆင့် ( 6 ) ပြန်လည်နုပျိုခြင်းဆိုတာက အဆင့် ( 3 ) ပြန်လည်နုပျိုခြင်းဆေးထက် ( 10 ) ဆတန်ဖိုးရှိတဲ့ အရာပဲ "
" ဒီကောင်က ကောင်မလေးကို စွဲဆောင်ဖို့အတွက် အဲ့လောက်တောင်မှ ကြေးကြီးကြီးကို ထုတ်သုံးလာတယ်ပေါ့ "
ချန်ရှီလဲ လက်ထဲတွင် ကိုင်ထားသော ဆေးလုံးကြောင့် တစ်ချက်တွန့်သွားပြီး ထိတ်လန့်သွား၏။
" ဒါ .. ဒါ .. ဒါက အရမ်းကို ဈေးကြီးလွန်းတယ်မလား "
ချန်ရှီ ဤအရာကို မည်ကဲ့သို့ သူမလက်ခံဝံ့မည်နည်း။
" စိတ်မပူနဲ့ .. ဒါက ပြန်လည်နုပျိုခြင်းဆေးလုံးလေးပဲ ငါ့အတွက်တော့ ဘာတန်ဖိုးမှမရှိဘူး "
ရဲ့ဟိုင်ပြုံးကာပြောလိုက်လျှင် ချန်ရှီ ခဏစဥ်းစားပြီးနောက် ရဲ့ဟိုင်အား သူမလက်ထဲရှိ ကျောက်စိမ်းဆွဲသီးကို တိုက်ရိုက်ပင် ပေးအပ်လိုက်သည်။
" ငါဒါကို နင့်အတွက်ပေးပါရစေ "
" ဒီကျောက်စိမ်းဆွဲသီးက ငါ့အထင်အရဆိုရင် မင်းရဲ့မိဘတွေ မင်းကိုပေးထားတဲ့ ပစ္စည်းမလား "
ရဲ့ဟိုင်ထိုသို့ပြောပြီးသည်နှင့် ခေါင်းခါယမ်းလိုက်ပြီး...
" ငါက တစ်စုံတစ်ယောက်ရဲ့ မိဘအမွေအနှစ်ပစ္စည်းကို လက်ခံမှာမဟုတ်ဘူး "
" ဒါပေမဲ့ .. "
ချန်ရှီ တစ်စုံတစ်ခုပြောချင်သည့်အချိန်တွင် ရဲ့ဟိုင် မျက်မှောင်ကုပ်သွားပြီး...
" မင်းသာဆက်ပြီးတော့ စကားတွေရှည်နေမယ်ဆိုရင် ငါဒီနေရာက ထွက်သွားတော့မယ် "
၎င်းစကားကြားသောအခါ ချန်ရှီလဲ ဘာမှမပြောရဲတော့ဘဲ နာခံစွာဖြင့် ပါးစပ်ကိုပိတ်လိုက်လေ၏။
ရှီကျား ထိုအဖြစ်အပျက်ကြောင့် ဒေါသထွက်သွားလေသည်။
အဆင့်မြင့်အင်မော်တယ်သခင်အဆင့်၏ တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်သော ကျောက်စိမ်းပြားက ယခုလေးတင် သူမ၏ ပါးစပ်နားသို့ ရောက်ရှိလာပြီးမှ ပြုတ်ကျသွားခဲ့၏။
သို့သော်လည်း ရှီကျားသည် လေလံစံအိမ်ထဲတွင် လေလံစွဲသူများ စည်းမျဥ်းကို ချိုးဖောက်ခြင်းမရှိဘဲဖြင့် သွားပြီးတော့ ရန်မစရဲချေ။
အထူးသဖြင့် ပြန်လည်နုပျိုခြင်းဆေးလုံး ဖော်စပ်နည်းဆိုသည်မှာ ပျောက်ဆုံးနေသည်က ကြာပြီဖြစ်သည်။
ဤတတိယအဆင့် ပြန်လည်နုပျိုခြင်းဆေးလုံးကိုတောင်မှ သူမတို့က လျှို့ဝှက်နယ်မြေတစ်ခုထဲတွင် ရှာတွေ့ခဲ့ခြင်းပင်။
သို့တိုင် ရဲ့ဟိုင်က အဆင့် ( 6 ) ပြန်လည်နုပျိုခြင်းဆေးလုံးကို အလွယ်တကူပင် ထုတ်ယူခဲ့၏။ ၎င်းက ရဲ့ဟိုင်မှာ ထူးခြားသည့် လူတစ်ယောက်ဟု ဖော်ပြနေသည်။
ဖြစ်နိုင်လျှင် ဤကဲ့သို့လူတစ်ယောက်ကို သွားပြီးမစော်ကားသည်က အကောင်းဆုံးဖြစ်၏။
" နောက်တစ်ခုကတော့ နတ်ဆိုးသားရဲတွေရဲ့ သားပေါက်လေးတွေကို လေလံတင်ဖို့ပါ "
" ဒီသားရဲပေါက်လေးတွေက အနာဂါတ်မှာ အင်မော်တယ်သခင်အဆင့် ဖြစ်လာဖို့အတွက် အလားအလာကောင်းတွေရှိပါတယ်၊ သားရဲပေါက်တွေကို အခုနေဝယ်ထားပြီး ရေရှည်လေ့ကျင့်မှုသာ ပြုလုပ်ပေးရင် အနာဂါတ်ကျိန်းသေပေါက် သူတို့က မိမိရဲ့တိုက်ခိုက်ရေး မဟာမိတ်ကောင်းတွေ ဖြစ်လာမှာ အသေချာပါပဲ "
ရှီကျား၏ထိုစကားက လေလံခန်းမထဲရှိ လူတော်တော်များများကို စိတ်ဝင်စားစေသော်လည်း ရဲ့ဟိုင်ကတော့ ထိုသာမန်နတ်ဆိုးသားရဲပေါက်လေးများ အကုန်လုံးအား စိတ်ဝင်စားခြင်းမရှိပေ။
ဤအခြေအနေကိုကြည့်ရလျှင် လေလံပစ္စည်းများက သူစိတ်ဝင်စားသည့်အရာလည်း မရှိတော့ဘူးဆိုတာကို ခန့်မှန်းမိသဖြင့် ရဲ့ဟိုင်ထကာ ထွက်လာသည်။ လေလံပွဲမပြီးမချင်း ပျင်းရိစွာ ထိုင်နေရမည့်အလုပ်ကို သူမလုပ်လိုပေ။
ရဲ့ဟိုင်နှင့် ဝူမင်တို့ ထကာထွက်သွားသည်ကိုတွေ့လျှင် ချန်ရှီကလဲ ထရပ်လိုက်ပြီး ရဲ့ဟိုင်တို့အနောက်သို့ လိုက်ပါလာလေ၏။
သူမအနောက်က လိုက်လာသည်ကိုတွေ့လျှင် ရဲ့ဟိုင်နှင့် ဝူမင်တို့ နှစ်ယောက်လုံး မျက်မှောင်ကုပ်ကာ လှည့်ကြည့်လိုက်သည်။
" ကောင်မလေး မင်းဘယ်သွားမလို့လဲ "
" ငါ .. ငါ .. ငါ့ကို နင်တို့နဲ့ အတူ ခေါ်သွားလို့ရမလား "
" အဆင်မပြေဘူး "
ရဲ့ဟိုင်နှင့်ဝူမင်တို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း ပြောလိုက်ခြင်းဖြစ်၏။
" ငါ .. ငါ အိမ်ကနေတိတ်တဆိတ်လေး ခိုးထွက်လာတာဆိုတော့ ပြင်ပကမ္ဘာမှာ ဘယ်သူ့ကိုမှမသိဘူး အဲ့တာကြောင့် နင် .. နင်တို့နောက်ကို လိုက်ချင်တာပါ "
ချန်ရှီသည် အထစ်ထစ်အအဖြင့် သနားစရာကောင်းသော အမူအရာလုပ်ပြီး ရဲ့ဟိုင်ကိုကြည့်ကာ ပြောလိုက်သည်။
" ကောင်မလေး ငါတို့နှစ်ယောက်လုံးက လူဆိုးတွေဖြစ်နေမှာ မင်းမကြောက်ဘူးလား "
ရဲ့ဟိုင် ထိုမိန်းကလေးကိုကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။
" နင်တို့က လူဆိုးတွေ မဟုတ်ဘူး "
ချန်ရှီ လုံးဝကို ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်လေသည်။ သူမ တုံးအသော်လဲ စိတ်ကတော့ လူကောင်းလား လူဆိုးလား ခံစားနိုင်သေး၏။
" ကောင်းပြီလေ .. ငါတို့နောက်ကို လိုက်ချင်တယ်ဆိုမှတော့ လိုက်ခဲ့တော့ပေါ့ "
ရဲ့ဟိုင် တစ်ခဏစဥ်းစားပြီးနောက် သူမ၏တောင်းဆိုချက်ကို လက်ခံလိုက်၏။ ဤချန်ရှီဆိုသောကောင်မလေးကို ကြည့်ရသည်မှာ တော်တော်လေးကို ရိုးအသည့် ကောင်မလေးတစ်ယောက်ပင်။ သူမသာ အပြင်ဘက်တွင် တစ်ယောက်တည်း လှည့်လည်သွားလာနေပါက လှည့်စားခံရမည်ကို ရဲ့ဟိုင် စိုးရိမ်မိလေသည်။
" ဒါနဲ့ နင်တို့နာမည်တွေကို ငါမသိသေးဘူး "
ချန်ရှီ ရဲ့ဟိုင်က လက်ခံလိုက်လျှင် ဝမ်းသာသွားခဲ့ပြီး နှစ်ယောက်လုံး၏နာမည်အား မေးလိုက်လေ၏။
သို့သော် ထိုအချိန်တွင် ရှုကျန်းယီနှင့် အကြီးအကဲလီဘိုတို့နှစ်ယောက်က ရဲ့ဟိုင်အနားသို့ ရောက်ရှိလာကာ ...
" ရဲ့ဟိုင် "
ရှုကျန်းယီ ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်၏။
ချန်ရှီသည် ထိုနာမည်ကိုကြားသောအခါ သူမ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု အမူအရာများ ဖြစ်ပေါ်လာသည်။ သူမယခင်က ထိုနာမည်ကို ဘယ်နေရာတွင် ကြားခဲ့ဖူးသနည်း။
" နေဦး .. နင်က အရှေ့တိုင်းကုန်းမြေတိုက်ကြီးရဲ့ လူငယ်မျိုးဆက်သစ်ချန်ပီယံ ရဲ့ဟိုင်လား "
သူမ မျက်လုံးပြူးကျယ်စွာဖြင့် ရဲ့ဟိုင်ကိုကြည့်ကာ မေးလိုက်လေ၏။