" ဟုတ်တယ် "
ရဲ့ဟိုင် ခေါင်းညိတ်ကာ ဝန်ခံလိုက်သည်။ ဤအကြောင်းကို သူ့အနေဖြင့် ဖုံးကွယ်ထားစရာ မလိုအပ်ချေ။
" နင်က တကယ်ကြီးကို ရဲ့ဟိုင်ပေါ့ "
သူမ၏ ထိုအော်ဟစ်လိုက်သံက ကျယ်သွားသဖြင့် ပတ်ပတ်လည်ရှိ ကျင့်ကြံသူများအားလုံး၏ အာရုံစိုက်မှုကို ရရှိသွားသည်။
" ရဲ့ဟိုင် "
" ယွမ်ဟန်ဂိုဏ်းခေါင်းဆောင် ရဲ့ဟိုင်က ဓားမြို့တော်ကို ရောက်နေတာလား "
" နောက်ဆုံးတော့ ရဲ့ဟိုင် သူ့ရဲ့ပစ္စည်းတွေကို အလွယ်တကူထုတ်ယူပြီး မကြောက်မရွံ့ လူတိုင်းရှေ့မှာပေးခဲ့တာ ဘာကြောင့်လဲ ငါနားလည်သွားပြီ၊ သူက ဘယ်သူ့ကိုမှ လုံးဝဂရုမစိုက်တာပဲ "
" နေဦး ရဲ့ဟိုင်ဆိုတာက ဓာတ်ကြီးငါးပါးဓားဂိုဏ်းနဲ့ ပတ်သက်နေတဲ့သူလေ အခု ရဲ့ဟိုင်ရောက်လာပြီဆိုတော့ ထာဝရဓားဂိုဏ်းက ဓာတ်ကြီးငါးပါးဓားဂိုဏ်းကို ဖျက်ဆီးနိုင်ပါဦးမလား "
" ရဲ့ဟိုင် ဆိုတာက အင်မော်တယ်အရှင်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားတဲ့သူပဲ၊ ထာဝရဓားဂိုဏ်းက ရဲ့ဟိုင်အရှေ့မှာ ဘယ်လိုလုပ် ရပ်တည်နိုင်မှာလဲ "
ကျင့်ကြံသူများ၏ ထိုဆွေးနွေးချက်ကို နားထောင်ရင်း ဟောင်ရိဖန်၏ မျက်နှာက မဲသဲလာ၏။
နောက်ဆုံးတော့ သူတို့စိုးရိမ်နေသော ရဲ့ဟိုင်က ရောက်ရှိလာခဲ့ချေပြီ။
အရှေ့တိုင်းကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင် ရဲ့ဟိုင်ဆိုသည်မှာ တကယ်ကို ထိပ်ဆုံး၌ရပ်တည်နေသော လူတစ်ယောက်ဖြစ်သည်။
" ရဲ့ဟိုင် ငါတို့စကားပြောလို့ရမလား "
ဟောင်ရိဖန် တစ်ခဏတွေးတောပြီးနောက် ရဲ့ဟိုင်ရှေ့သို့လျှောက်သွားပြီး ပြောလိုက်၏။
" မင်းက .. ငါနဲ့ စကားပြောဖို့အတွက် အရည်အချင်းရှိတယ်ဆိုတာ သေချာလား "
ရဲ့ဟိုင် ဟောင်ရိဖန်ကို မျက်လုံးမှေးစဥ်းကာ ကြည့်လိုက်ပြီး...
" မင်းတို့ ငါနဲ့ စကားပြောချင်တယ်ဆိုရင် ထာဝရဓားဘုရင်ဆိုတဲ့ လူကို လာခိုင်းလိုက် "
စကားဆုံးသည်နှင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်လျှင် လေဟာနယ်ထဲ၌ စစ်သင်္ဘောကြီးတစ်စင်းက ထွက်ပေါ်လာလေသည်။
" သွားကြရအောင် "
ရဲ့ဟိုင်၏ စကားဆုံးသည်နှင့် ဝူမင်၊ ချန်ရှီ၊ ရှုကျန်းယီနှင့် လီဘိုတို့က စစ်သင်္ဘောပေါ်သို့ ခုန်တက်သွားကြ၏။
ထိုမြင်ကွင်းကိုကြည့်ပြီး ကောင်းကင်ဓားမြို့တော်၏ အစောင့်များမျက်နှာက ပျက်ယွင်းသွားသည်။
ဤနေရာက မည်သည့်နေရာဖြစ်သနည်း။
ဤနေရာက စည်းမျဥ်းစည်းကမ်းများနှင့် နေထိုင်သော ကောင်းကင်ဓားမြို့တော်ဖြစ်၏။ ဤမြို့တော်တွင် စစ်သင်္ဘောမပြောနှင့် လူတောင်မှ ပျံသန်းလို့မရချေ။ သို့သော် ရဲ့ဟိုင်က မြို့လယ်ခေါင်၌ စစ်သင်္ဘောကြီးတစ်စင်းကို ပေါ်တင်ပင်ထုတ်သုံးခဲ့ပြီး ပျံသန်းခဲ့သည်။ ၎င်းက မြို့ကိုရန်စလိုက်သည်နှင့် အတူတူပင်။
သို့သော် ရဲ့ဟိုင်ကို မည်သူကမှ သွားပြီးတော့ မတားဆီးရဲကြဘူးဖြစ်၏။
ရဲ့ဟိုင် ရှုကျန်းယီကိုကြည့်လိုက်ပြီး...
" မင်းတို့ ပြိုင်ပွဲအတွက် လျှို့ဝှက်ဓားဂိုဏ်းက ဝမ်ရွှမ်နဲ့ဝမ်ယုကို ဖိတ်ခေါ်ခဲ့သေးလား "
" ဟုတ်တယ်လေ .. မင်းဘယ်လိုသိတာလဲ "
ရှုကျန်းယီ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
" အဲ့ဒီနှစ်ယောက်ကို ကြည့်လိုက် "
ရဲ့ဟိုင် လူအုပ်ထဲမှ ကျင့်ကြံသူနှစ်ယောက်ကို လက်ညှိုးထိုးပြလိုက်၏။
ရှုကျန်းယီ ရဲ့ဟိုင်လက်ညှိုးညွှန်ပြသည့်နေရာကို ကြည့်လိုက်လျှင် ဝမ်ရွှမ်နှင့်ဝမ်ယုတို့နှစ်ယောက်ကို တွေ့လိုက်ရလေသည်။
ထိုနှစ်ဦးသည် မူလအစီအစဥ်အရဆိုလျှင် ဓာတ်ကြီးငါးပါးဓားဂိုဏ်းကို လျှို့ဝှက်စွာဖြင့်သွားလာရန် ရည်ရွယ်ထားခြင်းဖြစ်၏။ ယခုတော့ ရဲ့ဟိုင်က သူတို့၏ဇစ်မြစ်ကို ဖော်ထုတ်လိုက်ပြီဖြစ်သဖြင့် ဆက်ပြီးတော့ ဟန်ဆောင်စရာ မလိုအပ်တော့ချေ။
ချက်ချင်းပင် ဝမ်ရွှမ်နှင့် ဝမ်ယုတို့နှစ်ယောက်လုံး စစ်သင်္ဘောပေါ်သို့ ပျံသန်းကာ တက်လာကြသည်။ ထို့နောက် ရဲ့ဟိုင်ကို တလေးတစားပင် ဦးညွှတ်လိုက်ကြလေ၏။
ရဲ့ဟိုင်၏ ကျော်ကြားမှုကို တောင်ပိုင်းဒေသရှိ သူတို့လူငယ်မျိုးဆက်သစ် ပါရမီရှင်များပင်လျှင် ကြားဖူးသည်။
အတိုချုံးမိတ်ဆက်စကား အနည်းငယ်ပြောပြီးနောက် ရဲ့ဟိုင်က စစ်သင်္ဘောကို မြို့တံခါးဆီသို့ တိုက်ရိုက်ပင် ဦးတည်စေလိုက်၏။ သူမည်သူမှ ဂရုစိုက်ခြင်းမရှိချေ။
" ရဲ့ဟိုင် ငါတို့ဒီလိုသွားနေတာက ကောင်းကင်ဓားမြို့တော်ကို စော်ကားသလို ဖြစ်မသွားနိုင်ဘူးလား "
ရှုကျန်းယီ စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်သည်။
" ငါ့ရဲ့ကိုယ်ပွားက လေလံပွဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်အချို့ကိုတွေ့ခဲ့တယ် "
ရဲ့ဟိုင် ထိုသို့ပြောပြီးသည်နှင့် ရှုကျန်းယီကိုပြုံးကာကြည့်လိုက်ပြီး...
" ငါဘာတွေ့လဲဆိုတာကို မင်းခန့်မှန်းကြည့်လိုက် "
" ဘာလဲ ထာဝရဓားဂိုဏ်းကို ကောင်းကင်ဓားမြို့တော်က ထောက်ပံ့ပေးနေတာလား "
ရှုကျန်းယီ တစ်ခဏစဥ်းစားပြီးနောက် မျက်နှာပျက်ယွင်းစွာဖြင့် ပြောလိုက်၏။
" ကြည့်ရတာ မင်းတို့ဓာတ်ကြီးငါးပါးဓားဂိုဏ်းကလဲ ဒီအကြောင်းကို တစ်စိတ်တစ်ပိုင်း သိနေတဲ့ပုံပဲ "
ထိုသို့ပြောပြီးသည်နှင့် ရဲ့ဟိုင်၏မျက်လုံးထဲတွင် အေးစက်မှုများက ဖြစ်တည်လာခဲ့ပြီး...
" အရှေ့တိုင်းကုန်းမြေတိုက်ကြီးက လူတိုင်း ဓာတ်ကြီးငါးပါးဓားဂိုဏ်းက ငါနဲ့ပတ်သက်နေတယ်ဆိုတာကိုသိကြတယ်၊ ဒါပေမဲ့ ဓားမြို့တော်နဲ့ ထာဝရဓားဂိုဏ်းကတော့ ဓာတ်ကြီးငါးပါးဓားဂိုဏ်းကို တိုက်ခိုက်ရဲဆဲပဲ၊ ကြည့်ရတာ သူတို့က ငါ့ကို လုံးဝထည့်မတွက်ထားဘူးဆိုတာ ရှင်းလင်းနေတယ်လေ "
" ရဲ့ဟိုင် မင်း ဓားမြို့တော်ကို စမ်းသပ်ဖို့အတွက် ဒီလိုမျိုး လုပ်နေတာတော့ မဟုတ်ဘူးမှလား "
" ဟုတ်တယ် .. ဓားမြို့တော်ကို တိုက်ခိုက်ဖို့အတွက် ငါတွန်းအားပေးနေတာပဲ "
" သူတို့က မတိုက်ခိုက်လာရင်ကော "
ရှုကျန်းယီ မျက်မှောင်ကုပ်၍ မေးလိုက်သည်။
" ဒီကောင်တွေ မတိုက်ခိုက်ရင်တော့ သူတို့က ငါ့အတွက် ပြိုင်ဘက်ဖြစ်ဖို့တောင်မှ အရည်အချင်းမရှိဘူးပေါ့ "
" နင်သူတို့ကို အထင်သေးလို့ မရဘူး ရဲ့ဟိုင် .. ဘာလို့လဲဆိုတော့ ကောင်းကင်ဓားမြို့တော်က အင်မော်တယ်နန်းတော်ရဲ့ အာဏာရှိပုဂ္ဂိုလ်အချို့နဲ့ ချိတ်ဆက်နေတယ်လေ "
ချန်ရှီ တုံ့ဆိုင်းစွာဖြင့် ဝင်ရောက်ကာ ပြောဆိုလိုက်၏။
ရဲ့ဟိုင် ချန်ရှီကို သေချာစိုက်ကြည့်လိုက်သည်။ ထင်ထားသလိုပင် ဤကောင်မလေး၏ နောက်ခံက လုံးဝမရိုးရှင်းချေ။
" အဲ့တာက ဘယ်သူလဲဆိုတာကို နင်သိလား "
" သူက အရှေ့ပိုင်းအစောင့်တပ်ဗိုလ်ချုပ် လုဘင်ရှုပဲ "
" နေပါဦး .. အဲ့ဒီ လုဘင်ရှု ဆိုတဲ့လူက ဘာလို့ သူ့ရဲ့လက်တံတွေကို ဘာမဟုတ်တဲ့ ဒီမြို့လေးလို နေရာထိတောင်မှ ဖြန့်ကျက်ထားတာတုန်း "
ဝူမင် တအံ့တဩဖြင့် ဝင်မေးလိုက်လေ၏။ အင်မော်တယ် နန်းတော်မှ လူများအတွက် ကောင်းကင်ဓားမြို့တော် ဆိုသည်မှ လုံးဝကို သေးငယ်သည့် အသုံးမဝင်သော မြို့လေးဖြစ်သည်။
" ဘာလို့လဲဆိုတော့ ကောင်းကင်ဓားမြို့တော်မှာ အင်မော်တယ်ဘုရင်အဆင့် အမွေအနှစ် ရှိတယ်ဆိုတဲ့ ကောလဟာလတွေကြောင့်လေ "
" အင်မော်တယ်ဘုရင်အဆင့် အမွေအနှစ်ဟုတ်လား "
ချန်ရှီ၏ ထိုစကားက ဝူမင် တကယ် အလန့်တကြားဖြစ်သွားစေသည်။
" မဟုတ်သေးဘူးနော် .. တစ်ခုခုတော့ မှားနေပြီ ကောင်းကင်ဓားမြို့တော်မှာ အင်မော်တယ်ဘုရင်အဆင့် အမွေအနှစ် တကယ်ရှိတယ်ဆိုရင် လုဘင်ရှုက ဒါကိုသူ့ရဲ့ ခွန်အားနဲ့ ဘယ်လိုလုပ်ကာကွယ်နိုင်မှာလဲ၊ သတင်းကြားရင် လူတော်တော်များများက ဒီမြို့ကို သိမ်းပိုက်ဖို့ ကြိုးစားကြမှာပဲ "
ဝူမင် မျက်မှောင်ကုပ်ကာ မေးလိုက်၏။
" လုဘင်ရှုက ရိုးရှင်းတယ်လို့ ရှင်ထင်နေရင် မှားသွားလိမ့်မယ် "
ချန်ရှီ ခေါင်းခါယမ်းကာပြောလိုက်လျှင် ဝူမင်မှာပို၍ မျက်မှောင်ကြုတ်သွားသည်။
" အဲ့ဒီလုဘင်ရှုက အင်မော်တယ်ဘုရင်အဆင့်တော့ မဟုတ်ဘူးမလား "
" ဟုတ်တယ် .. လုဘင်ရှုက အင်မော်တယ်အရှင်အဆင့်ပဲရှိသေးတာ .. ဒါပေမဲ့ လုမိသားစုမှာ အင်မော်တယ်ဘုရင်တစ်ပါးရှိတယ်လေ "
" လုမိသားစုရဲ့ အင်မော်တယ်ဘုရင် "
ယခုအချိန်တွင်တော့ ရဲ့ဟိုင်က တအံ့တဩဖြင့် ရေရွတ်လိုက်ခြင်းဖြစ်၏။
ရဲ့ဟိုင် အံ့ဩသော အမူအရာကိုကြည့်ပြီး ချန်ရှီ ခေါင်းညိတ်လိုက်ကာ...
" အဲ့ဒါအမှန်ပဲ ..ဒါပေမဲ့ သိပ်တော့စိတ်မပူနဲ့၊ လုမိသားစုမှာ အင်မော်တယ်ဘုရင်ရှိရင်တောင်မှ သူတို့က လုပ်ချင်တိုင်းလုပ်လို့ ရတာတော့မဟုတ်ဘူး "