" ကောင်မလေး မင်းမိဘတွေက ဘယ်သူလဲဆိုတာကို ငါသိလို့ရမလား "
ရဲ့ဟိုင် ချန်ရှီသည် အင်မော်တယ်ဘုရင်အဆင့်တွေကို ပေါ့ပေါ့ပါးပါး ပြောနေသဖြင့် သူမ၏ နောက်ခံကို မမေးဘဲမနေနိုင်တော့ချေ။
" ကျွန်မ အဖေက ချန်ဟူ၊ ပင်လယ်လေးစင်းဘုရင်ပဲ "
ယခုတစ်ခေါက်တွင်တော့ ချန်ရှီသည် သူမ၏နောက်ခံကို လုံးဝမဖုံးကွယ်ထားတော့ဘူးဖြစ်သည်။
" ပင်လယ်လေစင်းဘုရင် ဟုတ်လား "
ဝူမင် ချန်ရှီကို အံ့အားသင့်စွာကြည့်လိုက်ပြီး...
" မင်းမှာ ဒီလောက်သန်မာတဲ့ နောက်ခံ ရှိနေမယ်လို့ ငါမမျှော်လင့်ထားဘူး "
" ဝူမင် မင်းအဲ့ဒီ ပင်လယ်လေစင်းဘုရင်ကို သိလား "
ရဲ့ဟိုင် မေးလိုက်၏။ သူက အင်မော်တယ်တရားရုံးမှ ပုဂ္ဂိုလ်များနှင့်ပတ်သက်ပြီး မည်သည့်အရာမှ သိပ်မသိသေးချေ။
ဝူမင်ခေါင်းညိတ်လိုက်ကာ...
" အင်မော်တယ်နန်းတော်မှာ ဘုရင် ( 9 ) ပါးရှိတယ်လေ၊ ပင်လယ်လေစင်းဘုရင်ဆိုတာ သူတို့ထဲက တစ်ယောက်ပဲ "
" ပြောရရင်သူက အင်မော်တယ်နန်းတော်မှာ ရာထူးအကြီးဆုံးလူတစ်ယောက်လို့ သတ်မှတ်လို့ရတယ် "
" ကောင်မလေးမင်းမှာ တော်တော်လေးကြီးမားတဲ့နောက်ခံ ရှိနေတာပဲ "
ရဲ့ဟိုင် ချန်ရှီကို မတူညီ ကွဲပြားခြားနားသော အကြည့်များဖြင့်ကြည့်ကာ ပြောလိုက်သည်။
" ဒါနဲ့ ရဲ့ဟိုင် .. နင့်ရဲ့ နောက်ခံက ကျန်းမိသားစုရဲ့ ဘိုးဘေးလား "
ချန်ရှီ၏ ထိုရုတ်တရက် မေးလာသောစကားက ရဲ့ဟိုင်ကို အံ့အားသင့်သွားစေ၏။
" ဘာလို့အဲ့လိုမေးတာလဲ "
ချန်ရှီ၏ အမူအရာ လေးနက်သွားပြီး...
" ဖီးနစ်နတ်သမီးရဲ့ သဘာဝညှို့ငင် ခန္ဓာကိုယ်အကြောင်း ပေါ်လာတဲ့အချိန်မှာ အင်မော်တယ်နန်းတော်က လူတော်တော်များများက လှုပ်ရှားဖို့လုပ်ခဲ့တယ်၊ ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ ကျန်းမိသားစုဘိုးဘေးက အဲ့ဒီလူတွေကို သတိပေးဖို့အတွက် ရှေ့ထွက်လာခဲ့တယ်လေ "
ချန်ရှီ၏ ထိုစကားကိုကြားသောအခါ ရဲ့ဟိုင် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။
သူ ခေါင်းခါယမ်းလိုက်ပြီး...
" ကျန်းမိသားစုဘိုးဘေးကို ငါမသိပေမဲ့ ငါ့မှာ ကျန်းဘီဟီနဲ့ တော့ ဆက်သွယ်မှုအချို့တော့ရှိတယ် "
" ဆက်သွယ်မှုအချို့ ဟုတ်လား "
ရဲ့ဟိုင်၏ ထိုစကားက ချန်ရှီ၏မျက်နှာတွင် သံသယများ ဖြစ်ပေါ်လာစေ၏။ ဆက်သွယ်မှုအနည်းငယ်ရှိရုံနှင့် ကျန်းမိသားစုဘိုးဘေးက လူတိုင်းနှင့်အတိုက်အခံလုပ်ပြီး အရှေ့ကိုထွက်လာမည်မဟုတ်ချေ။
ဤသို့ဖြင့် ရဲ့ဟိုင်တို့ စကားပြောနေသည့်အချိန်တွင် စစ်သင်္ဘောက မြို့တံခါးနှင့် မဝေးတော့ဘူးဖြစ်သည်။
ထိုချိန်တွင် မြို့တံခါးဝ၌ ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ရှိနေလေ၏။
သူ၏ ခန္ဓာကိုယ်မှ အလွန်သန်မာသော အရှိန်ဝါများ ထွက်ပေါ်နေပြီး စစ်သင်္ဘောကိုစူးစိုက်ကြည့်ကာ ...
" ရဲ့ဟိုင် မင်းကိုယ်မင်း ဘာလုပ်နေလဲသိလား "
သူ၏ အသံက တအုန်းအုန်းနှင့် လေထဲကို တုန်ခါသွားစေပြီး ကောင်းကင်ဓားမြို့တော် တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။
ထိုလူကို ကြည့်ကာ ရဲ့ဟိုင်ပြုံးလိုက်ပြီး ...
" မင်းတို့ ကောင်းကင်ဓားမြို့တော်ကလဲ အခြားလူတွေရဲ့ ဂိုဏ်းကိစ္စတွေမှာ ဝင်ပြီးစွက်ဖက်နေတာ .. မင်းတို့ကိုယ် မင်းတို့ကော ဘာလုပ်နေတယ်ထင်လဲ "
ရဲ့ဟိုင် အသံကလဲ မိုးထစ်ချုန်းသံလို ကောင်းကင်ဓားမြို့တော် တစ်ခုလုံးကို ပဲ့တင်ထပ်သွား၏။
" ရဲ့ဟိုင် မင်းသက်သေမရှိဘဲ .. စကားကိုလက်လွတ်စပယ် ပြောလို့မရဘူး "
သက်လတ်ပိုင်းအရွယ်လူ ထိုသို့ပြောလာလျှင် ရဲ့ဟိုင်၏မျက်နှာ၌ လှောင်ပြုံးကပို၍ပင် ပီပြင်လာလေသည်။
" မင်းက သက်သေလိုချင်တာလား .. ငါအများကြီးပေးနိုင်တယ်၊ ဒါပေမဲ့ အဲ့ဒီအချိန် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲကို မင်းတာဝန်ယူနိုင်တာ သေချာလား "
ရဲ့ဟိုင်၏ ထိုစကားက သက်လတ်ပိုင်းအရွယ်လူကို ငြိမ်သက်သွားစေ၏။
" ရဲ့ဟိုင် ဒါက ကောင်းကင်ဓားနယ်မြေရဲ့ ကိစ္စတွေနော် .. မင်းရဲ့ ယွမ်ဟန်ဂိုဏ်းနဲ့ ဘာမှမပတ်သက်ဘူး "
" ဒါဆို မင်းတို့ကောင်းကင်ဓားမြို့တော်ကလဲ စည်းမျဥ်းစည်းကမ်းတွေ မလိုက်နာဘဲ ဝင်စွက်ဖက်နေတာ ဘာသဘောလဲ "
ရဲ့ဟိုင် စကားဆုံးသည်နှင့် စစ်သင်္ဘောတွင်ရှိနေသော စွမ်းအင်အမြောက်များ အကုန်လုံးက အသက်ဝင်လာခဲ့သည်။ ထို့နောက် ၎င်းစွမ်းအင်အမြောက်များအကုန်လုံးက တွေဝေတုံ့ဆိုင်းခြင်းမရှိ အုန်းခနဲပွင့်ထွက်လာပြီး အလင်းလုံးကြီးပေါင်းမြောက်များစွာ သက်လတ်ပိုင်းအရွယ်လူဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာလေ၏။
ထိုမြင်ကွင်းကိုကြည့်ပြီး သက်လတ်ပိုင်းအရွယ်လူ၏ မျက်နှာက အကြီးအကျယ် ပျက်ယွင်းသွားသည်။
" ရဲ့ဟိုင် .. မင်းက ကောင်းကင်ဓားမြို့တော်နဲ့ တကယ်ပဲ ရန်သူလုပ်ချင်တာလား "
" အမြောက်နဲ့ အပစ်ခံနေရတာတောင် မင်းက ဒီစကားပြောနေသေးတယ်ဆိုတော့ ဦးနှောက်ကသာမန်တော့မဟုတ်ဘူး "
ရဲ့ဟိုင်၏ စကားဆုံးသည်နှင့် အမြောက်မှပစ်လွှတ်လိုက်သော စွမ်းအင်လုံးများက သက်လတ်ပိုင်းလူ၏ အရှေ့သို့ ရောက်ရှိနေပြီဖြစ်၏။
သို့သော် သက်လတ်ပိုင်းလူ၏ အရှေ့တွင် အလင်းတန်းအကာအကွယ်အလွှာကြီးတစ်ခု ထွက်ပေါ်လာပြီး အမြောက်စွမ်းအင်လုံးက ၎င်းအကာအကွယ်အလွှာပေါ်သို့ ကျဆင်းသွားကာ တအုန်းအုန်းဖြင့် ပေါက်ကွဲသံများ ထွက်ပေါ်လာစေသည်။
ထို့နောက် ၎င်းအလင်းတန်းအကာအကွယ် အလွှာတွင် အက်ကွဲကြောင်းတချို့ဖြစ်ကာ ကျန်ရစ်ခဲ့လေ၏။ သက်လတ်ပိုင်းအရွယ် လူကတော့ ဘာမှထိခိုက်ခြင်းမရှိပေ။
ဤအရာက မြို့၏အကာအကွယ်အစီအရင်ဖြစ်သည်။
" ရဲ့ဟိုင် .. "
သက်လတ်ပိုင်းအရွယ်လူ ဒေါသတကြီး အော်ဟစ်လိုက်ချိန်တွင် ရဲ့ဟိုင် စွမ်းအား အမြောက်များထဲသို့ အဆင့်မြင့်တာအိုကျောက်တုံးများကို များပြားစွာဖြင့် ထည့်သွင်းလိုက်၏။
ထို့နောက် အမြောက်ကို ထပ်မံအသက်သွင်း ပစ်လိုက်လျှင် ယခုတစ်ခေါက် အမြောက်မှထွက်ပေါ်လာသော စွမ်းအင်အလင်းလုံးက လေဟာနယ်ကိုပင် တွင်းပေါက်ကြီးဖြစ်ပေါ်သွားစေသည်။
" ဘာ... "
" စွမ်းအင်အမြောက်တစ်ခုရဲ့ ပစ်ခတ်နှုန်းက လေဟာနယ်ကိုတောင် ဖောက်ထွင်းနိုင်တာလား "
" မဟုတ်ဘူး .. ဒါက အင်မော်တယ် အထွတ်အထိပ်အဆင့် စစ်သင်္ဘောတွေမှာပဲ ဒီလိုစွမ်းအားတွေရှိနိုင်တာ "
၎င်းမြင်ကွင်းကိုကြည့်ပြီး သက်လတ်ပိုင်းအရွယ်လူ၏ မျက်နှာတွင် တုန်လှုပ်ခြောက်ခြားမှုများ ဖြစ်ပေါ်လာ၏။
" သခင် .. ကျေးဇူးပြုပြီး ကျွန်တော့်ကိုကယ်ပါ "
သက်လတ်ပိုင်းအရွယ်လူ၏ စကားဆုံးသည်နှင့် သူ၏အရှေ့တွင် လူတစ်ယောက်ထွက်ပေါ်လာလေသည်။ ထိုလူသည် လက်ကိုဝှေ့ယမ်းကာ ဝင်ရောက်လာသော စွမ်းအင်အမြောက်အလင်းလုံးကြီးကို တိုက်ရိုက် တားဆီးလိုက်၏။
အုန်းခနဲ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ထိုလူ၏တားဆီးမှုအောက်တွင် စွမ်းအင်အမြောက်အလင်းလုံးက ပျက်စီးကာ အရပ်မျက်နှာအနှံ့သို့ ပေါက်ကွဲပြီးပျံ့နှံ့သွားသည်။
သို့သော် ထိုလူသည် စွမ်းအင်အမြောက်လုံး၏ အင်အားအကုန်လုံးကို တားဆီးနိုင်လိုက်ခြင်းမရှိပေ။ ၎င်းအကျိုးသက်ရောက်မှုအောက်၌ သူ ခြေသုံးလှမ်းအနောက်သို့ ဆုတ်သွားရလေ၏။
ထိုသူ မျက်မှောင်ကုတ်သွားပြီး လက်သီးကို မြောက်ကာ ဆန်းကြယ်နက်ရှိုင်းသည့် လက်သီးချက်ပေါင်းများစွာကို ထိုးထုတ်လိုက်သည်။
တအုန်းအုန်းဖြင့် ပေါက်ကွဲသံများ လေထုထဲတွင် ဆက်တိုက်ဖြစ်ပေါ်သွားပြီး ထိုအချိန်ကျမှသာ စွမ်းအင်အမြောက်၏ သက်ရောက်မှု အားလှိုင်းများအကုန်လုံးကို ထိုလူဖယ်ရှားလိုက်နိုင်လေ၏။
" မင်းက ဗိုလ်ချုပ်လုဘင်ရှုရဲ့ လူလား "
ရဲ့ဟိုင် ထိုသက်လတ်ပိုင်းအရွယ်လူကို ကြည့်ကာ မေးလိုက်သည်။
" ငါက ဗိုလ်ချုပ်လုရဲ့ လူမှန်းသိရင် မင်းချက်ချင်း တောင်းပန်သင့်ပြီမှလား "
ရုတ်တရက် ထွက်လာသော လူက ရဲ့ဟိုင်ကို အေးစက်စက်စိုက်ကြည့်ကာ ပြောလိုက်၏။
ထိုစကားကို ရဲ့ဟိုင် ဘာမှပြန်မပြောနိုင်ခင် ဝူမင်၏ အေးစက်သောအသံက ထွက်ပေါ်လာလေသည်။
" သောက်ချိုးမပြေချက်က .. ဗိုလ်ချုပ်လုရဲ့ လူဆိုတာနဲ့ မင်းကိုဘယ်သူကမှ ဘာမှမလုပ်ရဲဘူးလို့ ထင်နေတာလား "
ထိုလူမှာ ဝူမင်ကို အထင်အမြင်သေးစွာဖြင့် စိုက်ကြည့်လိုက်ပြီး...
" ဝူမင် မင်းသာကြီးပြင်းလာမယ်ဆိုရင် ငါဂရုစိုက်ရင် ဂရုစိုက်လိမ့်မယ်၊ ဒါပေမဲ့ အခုမင်းအဆင့်က ဘယ်မှာပဲ ရှိနေသေးတယ်ဆိုတာ မင်းသိတယ်မလား၊ မင်းရဲ့စကားတွေကို နောက်တစ်ခါ ထိန်းထိန်းသိမ်းသိမ်းပြောဖို့ ငါအကြံပေးလိုက်မယ်၊ မဟုတ်ရင် ငါရက်ရက်စက်စက် သင်ခန်းစာပေးမှ အပြစ်လာမတင်နဲ့ "
" ဟမ့် .. လာခဲ့စမ်းပါ .. ငါကမင်းကို ကြောက်မယ်ထင်နေတာလား "
ဝူမင် ထိုသို့ပြောပြီးသည်နှင့် သူ၏လက်ထဲတွင် ခရမ်းရောင်စာလိပ်တစ်ခုက ထွက်ပေါ်လာခဲ့ပြီး ကြောက်စရာကောင်းသော အဖျက်စွမ်းအားက ၎င်းစာလိပ်ကို ဗဟိုပြု၍ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားလေ၏။
" ဒါနဲ့ဆို ငါမင်းကို သတ်နိုင်တယ်ဆိုတာ မင်းယုံလား "
" မင်း... "
ထိုလူသည် အလွန်ဒေါသထွက်သွားပြီး တိုက်ခိုက်လိုစိတ် ဖြစ်ပေါ်လာသော်လည်း ဝူမင်၏လက်ထဲတွင်ရှိနေသည့် စာလိပ်ကိုကြည့်ကာ သူ၏ဒေါသများပြန်လည်၍ ထိန်းချုပ်လိုက်ရသည်။
" ဒီနေ့ကစပြီး လုမိသားစုက ကောင်းကင်ဓားမြို့တော်ရဲ့ ကိစ္စမှာ ဝင်ပြီးစွက်ဖက်စရာ မလိုတော့ဘူး "
ရဲ့ဟိုင် ထိုလူအားကြည့်ကာ အေးစက်စက်ဖြင့် ပြောလိုက်၏။
" ရဲ့ဟိုင် ဒါကမင်းရဲ့ ဆန္ဒလား ဒါမှမဟုတ် ကျန်းမိသားစုရဲ့ ဆန္ဒလား "
ထိုလူ ရဲ့ဟိုင်ကိုပြန်ကြည့်ကာ အလေးအနက် အမူအရာဖြင့် မေးလိုက်လေသည်။
သူ၏စိတ်ထဲတွင် ကျန်းမိသားစုက အရှေ့ပိုင်းကုန်းမြေတိုက်ကြီး၏ ကိစ္စများတွင် တကယ်ပဲ ဝင်ရောက်စွက်ဖက်လိုနေပြီလား ဆိုတာကိုလဲ တွေးတောမိလိုက်၏။
" ငါ့ဆန္ဒက မင်းတို့အတွက် မလုံလောက်ဘူးလား "
ရဲ့ဟိုင် စကားကြားလျှင် ထိုလူ ချက်ချင်း ခေါင်းခါယမ်းလိုက်သည်။
" မလုံလောက်ဘူး "
" ဟုတ်လား "
ရဲ့ဟိုင်ပြုံးလိုက်ပြီး ရိပ်ခနဲပျောက်ကွယ်သွားကာ ထိုလူ၏ရှေ့တွင် ထွက်ပေါ်လာလေ၏။
ရဲ့ဟိုင် လှုပ်ရှားသည်နှင့် ထိုလူကလဲ ချက်ချင်း ပြန်တိုက်ခိုက်ရန် လုပ်သည်။ သို့သော် ထိုချိန်တွင် အလွန်ကြောက်စရာကောင်းသော တိုက်ခိုက်မှုလေးခုက အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာကနေ သူ့ဆီသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရလျှင် မျက်နှာပျက်ယွင်းသွားလေ၏။
၎င်း တိုက်ခိုက်မှု လေးခုမှာ တောင်တစ်လုံးနှင့် မြစ်တစ်စင်း၏ စွမ်းအားများကို သယ်ဆောင်လာသကဲ့သို့ အရှိန်ဖြင့်တိုးဝင်လာသည့် အန္တရယ်အလွန်များသော လက်သီးလေးလုံးပင်။