ရဲ့ဟိုင်ပြုံးလိုက်ပြီး ရိပ်ခနဲပျောက်ကွယ်သွားကာ ထိုလူ၏ရှေ့တွင် ထွက်ပေါ်လာလေ၏။
ရဲ့ဟိုင် လှုပ်ရှားသည်နှင့် ထိုလူကလဲ ချက်ချင်း ပြန်တိုက်ခိုက်ရန် လုပ်သည်။ သို့သော် ထိုချိန်တွင် အလွန်ကြောက်စရာကောင်းသော တိုက်ခိုက်မှုလေးခုက အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာကနေ သူ့ဆီသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရလျှင် မျက်နှာပျက်ယွင်းသွားလေ၏။
၎င်း တိုက်ခိုက်မှု လေးခုမှာ တောင်တစ်လုံးနှင့် မြစ်တစ်စင်း၏ စွမ်းအားများကို သယ်ဆောင်လာသကဲ့သို့ အရှိန်ဖြင့်တိုးဝင်လာသည့် အန္တရယ်အလွန်များသော လက်သီးလေးလုံးပင်။
ထိုအချိန်တွင် သူ့အရှေ့သို့ ရောက်နေသော ရဲ့ဟိုင်ကလဲ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်၏။
ထိုလူ၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး ၎င်းတိုက်ခိုက်မှုများကို အသည်းအသန် ကာကွယ်လိုက်သည်။
" အုန်း "
ယင်းလူသည် ရဲ့ဟိုင်၏ မူလခန္ဓာကိုယ်တိုက်ခိုက်မှုနှင့် ကိုယ်ပွားလေးယောက်၏ တိုက်ခိုက်မှုကို အလျင်စလိုပင် အတင်းအကြပ် ကာကွယ်နိုင်လိုက်သော်လည်း ပါးစပ်မှသွေးများအန်ထွက်လာပြီး ထိုသွေးထဲတွင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများပင် ပါဝင်လာလေ၏။ သေချာသည်မှာ ရဲ့ဟိုင်၏ တိုက်ခိုက်မှုအောက်တွင် သူအတွင်းဒဏ်ရာ အပြင်းအထန် ရရှိသွားခြင်းပင်။
ထိုလူ၏ ကျင့်ကြံအဆင့်မှာ ပေါ့သေးသေးမဟုတ်ပဲ အင်မော်တယ်အရှင် တတိယအဆင့်တွင်ရှိနေခဲ့သည်။
ခန္ဓာကိုယ်ခွန်အားချင်းနှိုင်းယှဥ်လျှင် ရဲ့ဟိုင်က သူ့ထက်ပို၍ သန်မာသည်ဟု ပြောရမည်ပင်။ သို့သော် ရဲ့ဟိုင်သည် ထိုလူထက် ခန္ဓာကိုယ်စွမ်းအား ပိုသန်မာသော်လည်း အင်မော်တယ်အရှင် တတိယအဆင့်ဆိုသည်မှာ မဟာတာအိုကို သုံးကြိမ်တိုင်တိုင် နားလည်ဆင်ခြင်ထားသည့် အဆင့်ဖြစ်သည်။
ထို့ကြောင့် ရဲ့ဟိုင် တာအိုအား တစ်ခါနားလည်ထားသည့် ရွှီမိသားစုဘိုးဘေးလို ထိုလူကို အလွယ်တကူ အနိုင်ယူနိုင်ရန် မဖြစ်နိုင်ပေ။
ဤအချက်များကြောင့်လည်း ရဲ့ဟိုင်က ထိုလူကို တိုက်ခိုက်ရန်အတွက် ကိုယ်ပွားလေးကောင်ကိုပင် ထုတ်ဖော်အသုံးပြုခဲ့ခြင်းဖြစ်၏။
တကယ်တော့ ထိုလူ ကိုယ်တွင်းအင်္ဂါများ ပျက်စီးရသည်အထိ ဒဏ်ရာရရှိသွားသည့် နောက်ထပ် အကြောင်းအရင်းတစ်ခု ရှိနေသေးသည်။
၎င်းကသူ ရန်သူကို လျှော့တွက်လိုက်လို့ပင်။
ရဲ့ဟိုင်က အင်မော်တယ်အရှင်ခွန်အားကို ထုတ်ဖော်အသုံးပြုနိုင်မှန်း သူသိရှိထားသော်လည်း မိမိလို အင်မော်တယ်အရှင်တတိယအဆင့် ကျင့်ကြံသူတစ်ယောက်ကိုတော့ ယှဥ်နိုင်မည်မဟုတ်ဘူးဟု ထင်မှတ်ထား၏။ ထို့ကြောင့် သူ ဤကဲ့သို့ ရဲ့ဟိုင်၏ အလစ်ဝင်တိုက်ခိုက်မှုအောက်တွင် အပြင်းအထန် ဒဏ်ရာရရှိသွားခြင်းပင်။
လုဘန်အန်း ရဲ့ဟိုင်ကို ဒေါသတကြီး အမူအရာဖြင့် ကြည့်လိုက်ပြီး...
" မင်းအရမ်းတော်တယ် ရဲ့ဟိုင်၊ မင်းမှာ ကျောက်စိမ်းအင်မော်တယ်အဆင့်နဲ့ အင်မော်တယ်အရှင်အဆင့် တိုက်ခိုက်ရေးစွမ်းအားရှိတယ်လို့ လူတိုင်းပြောနေကြပေမဲ့ ငါအစက ဒါလူတွေရဲ့ စိတ်ကူးယဥ် ကောလဟာလလို့ထင်ခဲ့တာ၊ တကယ့်တကယ် ရင်ဆိုင်တဲ့အချိန်မှာ မင်းကဒီလောက်တောင် အစွမ်းထက်မယ်လို့ မမျှော်လင့်ထားဘူး "
" မင်းအဲ့တာကို သိသွားပြီဆိုရင်လဲ ကောင်းကင်ဓားမြို့တော်ကို ဝင်စွက်ဖက်တဲ့ကိစ္စ စွန့်လွှတ်ပြီးတော့ ပြန်လိုက်တော့ "
ရဲ့ဟိုင် လုဘန်အန်းကို စိုက်ကြည့်ကာ တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။
" ရဲ့ဟိုင် .. ငါတို့ လုမိသားစု အရှေ့ပိုင်းကုန်းမြေတိုက်ကြီးရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်တယ်ဆိုတာက ကောင်းကင်ဓားမြို့တော်ရဲ့ အမွေအနှစ်ကြောင့်ပဲ ကျန်တာကို ဘာမှစိတ်မဝင်စားဘူး "
ထိုစကားကြားလျှင် ရဲ့ဟိုင်ခေါင်းခါယမ်းလိုက်ပြီး...
" ဒါပေမဲ့ မင်းတို့လုမိသားစုရဲ့ လုပ်ရပ်တွေက ဓာတ်ကြီးငါးပါးဓားဂိုဏ်းကို ထိခိုက်စေခဲ့တယ် "
" စိတ်မပူနဲ့ .. ငါတို့ ဓာတ်ကြီးငါးပါးဓားဂိုဏ်းကို ထိခိုက်စေတဲ့ အရာတွေအကုန်လုံးကို ချက်ချင်း ရပ်တန့်ပေးနိုင်တယ် "
" မလိုတော့ဘူး "
ရဲ့ဟိုင်၏အသံက အေးစက်လာခဲ့ပြီး ...
" အခုချိန်က ကောင်းကင်ဓားနယ်မြေတစ်ခုလုံးရဲ့ အခြေအနေကို ပြောင်းလဲရမယ့် အချိန်ပဲ "
" ရဲ့ဟိုင် မင်း ငါတို့လုမိသားစုနဲ့ တကယ်ပဲ ရန်သူဖြစ်ချင်တာလား "
" မင်းကြိုက်သလို ထင်နိုင်တယ် "
ရဲ့ဟိုင် ပေါ့ပေါ့ပါးပါးပင် ပုခုံးတွန့်ကာ ပြောလာလျှင် လုဘန်အန်း၏ မျက်လုံးထဲ၌ ရက်စက်မှုများက ဖြစ်တည်လာပြီး...
" ရဲ့ဟိုင် မင်း .. "
သို့သော် လုဘန်အန်း ဘာမှမပြောနိုင်ခင် ချန်ရှီမှဝင်ရောက်၍...
" ရှင်တို့လုမိသားစုက အင်မော်တယ်နန်းတော်တစ်ခုလုံးကို အုပ်ချုပ်နေတဲ့ လူတွေလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေကြတာတော့ မဟုတ်ဘူးမလား "
ထိုအချိန်ကျမှ လုဘန်အန်းက ချန်ရှီကို သတိထားမိသွားပြီး မျက်လုံးကပြူးကျယ်သွား၏။
" မင်း .. မင်း .. မင်းက ချန်ရှီ၊ ပင်လယ်လေးစင်းဘုရင်ရဲ့ သမီးတော်လား "
" ဟုတ်တယ် "
" ဟမ့် .. ရဲ့ဟိုင် မင်းငါတို့ လုမိသားစုအိမ်တော်ကို ဆန့်ကျင်ဝံ့တာ အံ့ဩစရာမရှိတော့ဘူး .. လတ်စသတ်တော့ မင်းက ပင်လယ်လေးစင်ဘုရင်ရဲ့ ခြေထောက်ကို ဖက်ထားခဲ့တာကိုး "
" ငါ့အနေနဲ့ ဘယ်သူ့ခြေထောက်ကိုမှဖက်ဖို့ မလိုအပ်ဘူး "
ရဲ့ဟိုင် ထိုသို့ပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်ထဲတွင် အရှိန်အဝါများက အလျှံတညီးညီး ထွက်ပေါ်လာကာ လုဘန်အန်းကို သေချာစိုက်ကြည့်လိုက်ပြီး...
" မင်းအခုထွက်သွားမလား ဒါမှမဟုတ် ဒီမှာသေမလား "
ထိုစကားကြားလျှင် လုဘန်အန်းသည် ရဲ့ဟိုင်ကို အလေးအနက်စိုက်ကြည့်ကာ ချာခနဲလှည့်ထွက်သွားသည်။ သူသာထပ်ပြီးတော့ စကားရှည်မည်ဆိုလျှင် ရဲ့ဟိုင်က မိမိအား တကယ်သတ်တော့မည်ဟု ခံစားနေရလေ၏။
လုဘန်အန်းသည် ရဲ့ဟိုင်တစ်ယောက်တည်းဆိုလျှင် လုံးဝကြောက်လန့်ခြင်း ရှိမည်မဟုတ်ချေ။ သို့သော် ဝူမင်ကိုလဲသူ သတိထားနေရသေးသည်။ ထိုကောင်၏ လက်ထဲတွင် ကိုင်ထားသောစာလိပ်က မိမိကိုသေခြင်း၏ ခြိမ်းခြောက်မှုအား ခံစားရစေ၏။
အထူးသဖြင့် ဝူမင်၏အနောက်တွင်လည်း အင်မော်တယ်ဘုရင်တစ်ယောက် ရှိသည်ဆိုတာကို လူတိုင်းသိကြသည်။ ထို့ပြင် ဤနေရာတွင် ပင်လယ်လေးစင်းဘုရင်၏ အဖိုးတန်ချစ်သမီးလေးကလဲ ရှိနေသေး၏။
လုမိသားစုအနေဖြင့် ထိုအင်အားစုသုံးစုကို သွားပြီးစော်ကားရန် လက်ရှိအချိန်တွင် မတတ်နိုင်သေးပေ။
လုဘန်အန်းက တစ်စက္ကန့်တောင်မှ တွေဝေတုံ့ဆိုင်းခြင်းမရှိ ထွက်ခွာသွားသည်ကို တွေ့သောအခါ မြို့ရိုးပေါ်ရှိ ချပ်ဝတ်တန်ဆာနှင့် သက်လတ်ပိုင်းလူ အံ့အားသင့်ဆွံ့အသွားသည်။
ထိုသူက ဤအတိုင်းထွက်သွားသည်ဆိုလျှင် သူကဘာလုပ်ရမည်နည်း။
ရဲ့ဟိုင် ၎င်းချပ်ဝတ်တန်ဆာဖြင့် သက်လတ်ပိုင်းလူကို ကြည့်လိုက်ကာ ...
" မင်းကို ကောင်းကင်ဓားမြို့တော်သခင်လို့ ခေါ်ရမလား "
" ငါ .. ငါ အဲ့လိုဂုဏ်ပုဒ်ကို မခံယူရဲပါဘူး "
သက်လတ်ပိုင်းအမျိုးသားမှာ နဖူးပေါ်မှချွေးရွှဲကျပြီး တစ်ကိုယ်လုံး တုန်ယင်ကြောက်လန့်စွာဖြင့် ပြောလိုက်သည်။
" ကောင်းပြီ .. စကားအပို မပြောတော့ဘူး၊ မင်းသာအညံ့ခံမယ်ဆိုရင် .. ငါမင်းကို အသက်ရှင်ခွင့်ပေးမယ် "
ထိုစကားကြားလျှင် သက်လတ်ပိုင်း လူ၏မျက်နှာ၌ ခါးသီးသော အမူအရာများ ဖြစ်ပေါ်လာလေ၏။
" မရတော့ဘူး .. အဲ့တာ အရမ်းနောက်ကျသွားပြီ၊ လက်ရှိချိန်မှာ ငါက လုမိသားစုကို သစ္စာခံပြီးသားလူပဲ "
" ဒါဆိုရင်တော့ ငါမင်းကိုဘာလို့ အသက်ရှင်ခွင့်ပေးထားတော့မှာလဲ "
စကားဆုံးသည်နှင့် ရဲ့ဟိုင် ရပ်နေသောနေရာမှ ပျောက်ကွယ်သွားပြီး ထိုလူအရှေ့၌ ထွက်ပေါ်လာသည်။ ထို့နောက် ကောင်းကင်ဓားမြို့တော်ထဲတွင် အစောကြီးကတည်းက လာရောက်စပ်စုနေသော လူများအားလုံး မြို့သခင်၏ ခန္ဓာကိုယ် တစ်စစီအက်ကွဲပြီး ကြေမွသွားသည်အား တွေ့လိုက်ရလေ၏။