ကောင်းကင်ဓားမြို့တော်၏ မြို့သခင်မှာ ဤကဲ့သို့ပုံစံဖြင့် သေဆုံးသွားသည်လား။
၎င်းမြင်ကွင်းကိုကြည့်ပြီး ကောင်းကင်ဓားမြို့တော်မှ လူများအကုန်လုံး လက်ရှိမြို့တော်၏ အခြေအနေက အစကနေ ပြောင်းလဲတော့မည်ဆိုတာ နားလည်လိုက်ကြသည်။
တစ်ဖက်တွင် ရဲ့ဟိုင် ကောင်းကင်ဓားမြို့တော်ကို မည်သို့ကိုင်တွယ်ရမည်ဆိုတာကို တွေးတောနေသည့်အချိန်တွင် ရုတ်တရက် သူ၏မျက်လုံးထဲ၌ လူတစ်ယောက်၏ ပုံသဏ္ဌာန် ဝင်ရောက်လာ၏။
ချက်ချင်းပင် ရဲ့ဟိုင်၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော ဝိညာဥ်စွမ်းအား ဖြာထွက်လာပြီး လူတိုင်း၏ နောက်ကွယ်တွင် သူ့အားထောက်လှမ်းနေသော ရှီကျားကို ချုပ်နှောင်လိုက်၏။
ထို့နောက် ရှီကျား၏ ခန္ဓာကိုယ်က အလိုအလျောက် လေပေါ်သို့ မြောက်တက်လာလေသည်။
" ဂိုဏ်းချုပ်ရဲ့ "
ရှီကျား၏ လှပသောမျက်နှာတွင် ယခုအချိန်၌ ကြောက်ရွံ့မှုများက ပြည့်နှက်နေ၏။
" ကောင်းကင်ဓားမြို့တော်ကို ငါမင်းနဲ့ လွှဲထားခဲ့မယ်၊ ဒီမြို့တော်တစ်ခုလုံးကို ကောင်းကောင်းစီမံဖို့အတွက် မင်းမှာယုံကြည်ချက်ရှိလား "
ရဲ့ဟိုင်၏ စကားကြားလျှင် ကြောက်ရွံ့နေသော ရှီကျားမှာ လှုပ်ရှားရုန်းကန်နေမှုများ ရပ်တန့်သွားပြီး တုန်လှုပ်စွာဖြင့် ရဲ့ဟိုင်ကို မျက်လုံးပြူးစွာ ကြည့်နေမိသည်။
ထို့နောက် သူမသတိဝင်လာပြီး အလျင်အမြန်ပင်...
" ဟုတ် ... ဟုတ် ... ဟုတ်ကဲ့ "
ရှီကျားက အမြဲတမ်း ရည်မှန်းချက်ကြီးမားသူတစ်ယောက်ဖြစ်၏။ ရဲ့ဟိုင်က အစက သူမကိုသတ်ဖြတ်မည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုပါစေ သူမက လေလံပွဲတွင် ရဲ့ဟိုင်အပေါ်၌ မကောင်းသော စိတ်ဆန္ဒများရှိခဲ့ဖူး၏။
သို့သော် ရဲ့ဟိုင်က ကောင်းကင်ဓားမြို့တော်တစ်ခုလုံးကို သူမ၏လက်ထဲသို့ လွှဲအပ်ပေးမည်ဟု မည်သူက ထင်ထားမည်နည်း။
" ကောင်းကင်ဓားမြို့တော်တစ်ခုလုံးကို အပြီးပိုင်ထိန်းချုပ်ဖို့အတွက် ငါမင်းကိုအချိန်တစ်လပေးမယ်၊ ဒီတစ်လအတွင်း ငါ့ရဲ့ကိုယ်ပွားသုံးကောင်က မင်းလက်ထဲမှာပဲ "
ရဲ့ဟိုင် ထိုသို့ပြောပြီးသည်နှင့် ရှီကျား၏ ဘေးနားတွင် မျက်နှာဖုံးစွပ်ထားသော လူသုံးယောက် ထွက်ပေါ်လာလေသည်။
" ဟုတ်ကဲ့ပါ သခင် "
ရှီကျား တွေဝေတုံ့ဆိုင်းခြင်းမရှိ ရဲ့ဟိုင်ကို သခင်ဟု တန်း၍ခေါ်လိုက်၏။
" အခုချိန်ကစပြီး မင်းရဲ့ ဘာမကောင်းတဲ့အရာကိုမှ မလုပ်နဲ့တော့၊ ဒါကမင်းတို့ နတ်ဆိုးသားရဲဂိုဏ်းရဲ့ မှော်နည်းစနစ်ကျင့်စဥ်ပဲ၊ ဘယ်လောက်နားလည်မလဲဆိုတာ မင်းရဲ့စွမ်းအင်အပေါ်မူတည်တည် "
ရဲ့ဟိုင် စကားဆုံးသည်နှင့် ရှေးဟောင်းကျမ်းစာအုပ်တစ်ခုကို ရှီကျားထံသို့ ပစ်ပေးလိုက်သည်။
ရှီကျား ၎င်းကျမ်းစာကို ဖွင့်ကြည့်လိုက်လျှင် သူမ၏မျက်လုံးထဲ၌ မယုံကြည်နိုင်မှုများ ဖြစ်ပေါ်လာ၏။
" သ .. သ .. သခင် တစ်ခုမေးလို့ရမလား၊ ကျွန်မတို့ မြေခွေးမျိုးနွယ်ရဲ့ အစစ်အမှန် မှော်နည်းစနစ်ကို သခင်ကဘယ်လိုလုပ် ပိုင်ဆိုင်နေတာလဲ "
" မင်းသာကောင်းကောင်းလေး စွမ်းဆောင်နိုင်တယ်ဆိုရင် အင်မော်တယ်ဘုရင်အဆင့် မှော်နည်းစနစ်ကိုတောင်မှ ငါပေးနိုင်တယ် "
စကားဆုံးသည်နှင့် ရဲ့ဟိုင်က သူ၏စစ်သင်္ဘောကို ထိန်းချုပ်ကာ ဓာတ်ကြီးငါးပါးဓားဂိုဏ်းရှိရာသို့ ဦးတည်၍ ထွက်သွားသည်။
ရှီကျားသည် ရဲ့ဟိုင်ပျောက်ကွယ်သွားသည်ကိုကြည့်ပြီး သူမ၏မျက်လုံးထဲ၌ ထိတ်လန့်ကြောက်ရွံ့မှုများက ပြည့်နှက်နေခဲ့၏။
အဘယ့်ကြောင့်ဆိုသော် အင်မော်တယ်အရှင်အဆင့် မှော်နည်းစနစ်တစ်ခုကို ရဲ့ဟိုင်က သူမအား ပေါ့ပေါ့ပါးပါး ပေးခဲ့သောကြောင့်ဖြစ်သည်။
ရှီကျားသည် သူမ၏ဘဝတွင် ဤကဲ့သို့နည်းစနစ်ကိုတစ်ခါမှ အိမ်မက်ပင် မမက်ဖူးဘူးဖြစ်၏။
ခဏလောက် တွေးဝေနေပြီးနောက် ရှီကျား ရဲ့ဟိုင်၏ ကိုယ်ပွားထဲမှ တစ်ယောက်အား ဦးညွှတ်လိုက်ပြီး...
" ကျေးဇူးပြုပြီး မြို့ကို ပိတ်ဆို့ပေးထားလို့ရမလားရှင့် "
ချက်ချင်းပင် ရဲ့ဟိုင်၏ ကိုယ်ပွားက ပျောက်ကွယ်သွားသည်။
ရှီကျားသည် နောက်ထပ်ကိုယ်ပွားတစ်ကောင်ကို ကြည့်ကာ...
" ထာဝရဓားဂိုဏ်းက ကျင့်ကြံသူအားလုံးကို ဖမ်းဆီးဖို့အတွက် ကျေးဇူးပြုပြီး မြို့စောင့်တပ်နဲ့ ပူးပေါင်းပေးပါ "
ဒုတိယကိုယ်ပွားကလည်း ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ရှီကျား တတိယကိုယ်ပွားကို ကြည့်လိုက်၏။
" ကျေးဇူးပြုပြီးတော့ ကျွန်မအနောက်ကိုလိုက်ပြီး အမိန့်နာခံဖို့ငြင်းဆန်နေတဲ့ ကောင်းကင်ဓားမြို့တော်က ကျင့်ကြံသူအားလုံးကို သတ်ပေးပါ "
ရှီကျားသည် သူမ၏ရာထူးက သူများအားကိုးဖြင့် ရလာသည့်ရာထူးဆိုတာကို သိရှိ၏။ ထို့ကြောင့် ကျင့်ကြံသူတော်တော်များများ ကျေနပ်ကြမည်မဟုတ်ချေ။
ထိုလူများက မိမိရာထူးကိုငြင်းလာလျှင် ဘာလုပ်မည်နည်း။
သတ်ပစ်မည်။
ဤသည်က အထိရောက်ဆုံးနှင့် အရိုးရှင်းဆုံးနည်းလမ်းပင်။
ရဲ့ဟိုင်က တစ်လအတွင်း ကောင်းကင်ဓားမြို့တော်ကို အပြီးအပိုင် ထိန်းချုပ်ရမည်ဟု အမိန့်ချသွားပြီဖြစ်သည်။
ယခုအချိန်တွင် သူမအနေဖြင့် သနားညှာတာစိတ် ဝင်နေလို့မရချေ။ မိမိကိုသစ္စာမဖောက်ဘဲ အညံ့ခံသ၍ ထိုလူတွေ အသက်ရှင်သန်မည်ဖြစ်၏။
ရှီကျား ကောင်းကင်ဓားမြို့တော်တစ်ခုလုံးကို ရှင်းလင်းသုတ်သင်ရန်အတွက် သူမ၏ဓားကို မြှောက်နေသည့်အချိန်တွင် ရဲ့ဟိုင်နှင့် အဖွဲ့ကတော့ ဓာတ်ကြီးငါးပါးဓားဂိုဏ်းရှိရာသို့ ချဥ်းကပ်သွားပြီဖြစ်သည်။
လီဘိုသည် စစ်သင်္ဘောကို လှည့်ပတ်ကြည့်လိုက်ပြီး...
" ရဲ့ဟိုင် ဒါကအင်မော်တယ်သခင်အဆင့် သင်္ဘောမဟုတ်ဘဲ အင်မော်တယ်အရှင်အဆင့်သင်္ဘောမလား "
သူအဘယ့်ကြောင့် ဤကဲ့သို့ မေးလိုက်ရသနည်းဆိုလျှင် လုမိသားစုမှ အင်မော်တယ်အရှင်အဆင့်ပုဂ္ဂိုလ်သည် ဤသင်္ဘောမှ စွမ်းအင်အမြောက်၏ တိုက်ခိုက်မှုကို အစွမ်းကုန်ခုခံခဲ့ရသောကြောင့်ဖြစ်၏။
" ဟုတ်တယ် "
လီဘိုသည် တွေးထားပြီးသားဖြစ်သော်လည်း ရဲ့ဟိုင်က ခေါင်းညိတ်ဝန်ခံလိုက်သောအခါ အံ့အားသင့်ထိတ်လန့်တုန်လှုပ်ရဆဲပင်။
ထို့နောက် သူ၏ မျက်နှာတွင် သံသယ အချို့ဖြစ်ပေါ်လာပြီး ...
" ရဲ့ဟိုင် အင်မော်တယ်အရှင်အဆင့် စစ်သင်္ဘောတွေက အင်မော်တယ်အရှင် အစောပိုင်းအဆင့် ပုဂ္ဂိုလ်တွေကို သတ်ဖြတ်နိုင်တယ်လို့ ဆိုတယ်မလား၊ ဘာလို့ ဒီစစ်သင်္ဘောနဲ့ လုဘင်းထျန်ကို မသတ်လိုက်တာလဲ၊ မင်းခွန်အားနဲ့ ဒီစစ်သင်္ဘောပေါင်းလိုက်ရင် သူ့ကို သတ်နိုင်မှာ အသေချာပဲ "
လီဘို စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
" သူ့ကို သတ်မယ်ဆိုရင် စစ်သင်္ဘောရဲ့ စွမ်းအားကို အဆုံးစွန်အထိ မြှင့်တင်ရမှာ ဒါကမထိုက်တန်ဘူး "
ထိုသို့ပြောပြီးသည် နှင့် ရဲ့ဟိုင် လီဘိုကိုကြည့်လိုက်ပြီး...
" နောက်ထပ်အကြောင်းပြချက်တစ်ခုက အင်မော်တယ်ဘုရင်အဆင့် အဖွဲ့အစည်းတွေမှာတောင်မှ အင်မော်တယ်အရှင်အဆင့် ပုဂ္ဂိုလ်တွေဆိုတာက များများစားစားရှိတာမဟုတ်ဘူး၊ လုဘန်အန်းကိုသာ ငါသတ်လိုက်မယ်ဆိုရင် လုမိသားစုနဲ့ ငါက လုံးဝကို ရန်သူဖြစ်သွားလိမ့်မယ် "
ရဲ့ဟိုင်သည် ဉာဏ်နည်းသူတစ်ယောက် မဟုတ်ဘူးဖြစ်၏။ လက်ရှိက လုမိသားစုနှင့်သူသည် နှစ်ဖက်ကြား ရင်ကြားစေ့ရန် အနေအထား ရှိနေသေးသည်။ လုဘန်အန်းကိုသာ သူသတ်လိုက်မည်ဆိုလျှင် ၎င်းရင်ကြားစေ့ဖို့ အနေအထားက ရှိတော့မည် မဟုတ်ချေ။
" ရဲ့ဟိုင် ဒါနဲ့ မင်းဆီမှာ ဒီလို အင်မော်တယ်အရှင်အဆင့် စစ်သင်္ဘော ဘယ်နှစီးလောက်ရှိလဲ "
လီဘို သူ၏လက်ကိုပွတ်သပ်ကာ လိုချင်တပ်မက်စိတ်များမှင့်အတူ မေးလိုက်၏။
" ဘာလဲ မင်းက ဝယ်ချင်လို့လား "
" ဟုတ်တယ် ငါစဥ်းစားနေတာ "
လီဘို ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
" ပြောရမှာ စိတ်မကောင်းပေမဲ့ မင်းတို့ဓာတ်ကြီးငါးပါးဓားဂိုဏ်းသာ အင်မော်တယ်အရှင်အဆင့် စစ်သင်္ဘောတစ်စီးကို ဝယ်မယ်ဆိုရင် ဒေဝါလီခံသွားရနိုင်တယ် "
ရဲ့ဟိုင်ပြုံးကာ ပြောလိုက်၏။
အင်မော်တယ်အရှင်အဆင့် စစ်သင်္ဘောများဆိုသည်မှာ အင်မော်တယ်သခင်အဆင့် စစ်သင်္ဘောများထက် ပို၍တည်ဆောက်ရခက်ခဲပြီး ကုန်ကျစရိတ် အများကြီးပိုများသည်။
ဓာတ်ကြီးငါးပါးဂိုဏ်းသည် အင်မော်တယ်သခင်အဆင့် စစ်သင်္ဘောကို ခြစ်ကုတ်၍ ဝယ်ယူနိုင်မည်ဖြစ်သော်လည်း အင်မော်တယ်အရှင်အဆင့် စစ်သင်္ဘောကိုတော့ တတ်နိုင်မည်မဟုတ်ပေ။