" ရဲ့ဟိုင် မင်းက ငါတို့ကို စိတ်ဓာတ်အဆုံးစွန်ထိကျအောင် တည့်တိုးပြောနေတာလား "
ရှုကျန်းယီ ကူကယ်ရာမဲ့သော အမူအရာဖြင့် ပြောလိုက်လျှင် ရဲ့ဟိုင်ပြုံးကာ ဘာမှပြန်မပြောပေ။
" ဒါနဲ့ရဲ့ဟိုင် ငါမင်းကို အမြဲတမ်းမေးချင်တဲ့ မေးခွန်းတစ်ခုရှိတယ် "
ရှုကျန်းယီ သိလိုစိတ်များနှင့်အတူ ရဲ့ဟိုင်ကိုကြည့်လိုက်ပြီး...
" မင်းအနာဂါတ်မှာ အရှေ့ပိုင်းကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ပေါင်းစည်းဖို့အတွက် အစီအစဥ်ရှိလား "
" ဘာလဲ မင်းက ငါ အနာဂါတ်မှာ ဓာတ်ကြီးငါးပါးဓားဂိုဏ်းကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို အတိအကျမေးချင်တာမလား "
ရဲ့ဟိုင် တည့်တိုးပြန်မေးလာလျှင် ရှုကျန်းယီ၏မျက်နှာတွင် ရှက်ရွံ့မှုများ ထွက်ပေါ်လာသော်လည်း ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။
" ဟုတ်တယ် "
ရဲ့ဟိုင်၏ အမူအရာ လေးနက်သွားပြီး...
" အရှေ့ပိုင်းကုန်းမြေတိုက်ကြီးရဲ့ အနာဂါတ်က မငြိမ်မသက်ဖြစ်လာမှာ အသေအချာပဲ၊ ငါတို့မျိုးဆက်က လူငယ်ပါရမီရှင်တွေ မျိုးဆက်ဟောင်းတွေကို ကျော်လွန်သွားတာနဲ့ အရှေ့ပိုင်းကုန်းမြေတိုက်ကြီးက အနှေးနဲ့အမြန်ဆိုသလို ဗရမ်းဗတာဖြစ်လာလိမ့်မယ် "
ရဲ့ဟိုင် ထိုသို့ပြောပြီးသည်နှင့် ရှုကျန်းယီကိုကြည့်လိုက်ပြီး...
" မင်းရဲ့ အနာဂါတ်ခွန်အားနဲ့ ဓာတ်ကြီးငါးပါးဓားဂိုဏ်းကို မင်းကာကွယ်ထားနိုင်မယ်လို့ထင်လား "
၎င်းစကားကြားလျှင် ရှုကျန်းယီမှာ နှုတ်ဆိတ်သွားသည်။
ဤသည်မှာ လုံးဝကို လက်တွေ့ကျသော မေးခွန်းတစ်ခုဖြစ်၏။
သူ ရှုကျန်းယီက ပါရမီရှင်တစ်ယောက်ဆိုသည်မှာ မှန်သည်။ သို့သော် သူ့အထက်တွင် ပါရမီပိုကောင်းသောလူ ( 8 ) ယောက်တိတိ ရှိနေသေး၏။
" ငါ့အနေနဲ့ ဓာတ်ကြီးငါးပါးဓားဘုရင်ကို မျက်နှာသာပေးပြီးတော့ မင်းတို့ဂိုဏ်းကို ချန်ထားပေးခဲ့လို့ရတယ်၊ ဒါပေမဲ့ အဲ့လိုလုပ်လိုက်ရင် ငါမင်းတို့ကို အမြဲတမ်းကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး "
ရဲ့ဟိုင် ရှုကျန်းယီကို တည့်ပင်စိုက်ကြည့်ကာ ပြောလိုက်သည်။
" ငါနားလည်ပြီ "
ရှုကျန်းယီ ခါးသည်းသော အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။
ရဲ့ဟိုင်ပြောသွားသည့် စကားများက အလွန်အမင်းကို ရှင်းလင်းလွန်းသည်။
ယွမ်ဟန်ဂိုဏ်းက ဓာတ်ကြီးငါးပါးဓားဂိုဏ်းကို မသိမ်းပိုက်ဘဲ ချန်ထားခဲ့လျှင်တောင်မှ အခြားဂိုဏ်းများက သူတို့ဂိုဏ်းကို မသိမ်းပိုက်လာဘူးဟု မဆိုလိုချေ။ ထိုအချိန်တွင် သူတို့က ယွမ်ဟန်ဂိုဏ်းကို သွားပြီးအကူအညီတောင်းလဲ အချိန်မရွေး ကူညီရန်ဆိုသည်မှာ မလွယ်ကူဘူးဖြစ်၏။
အထူးသဖြင့် အချိန်တိုင်း ယွမ်ဟန်ဂိုဏ်းက ဓာတ်ကြီးငါးပါးဓားဂိုဏ်းကို မျက်စိဒေါက်ထောက်ပြီး လာကူညီနေရန်ကလဲ အဆင်မပြေချေ။
" မဟုတ်ဘူး ... မင်းနားမလည်သေးဘူး "
ရဲ့ဟိုင် ရှုကျန်းယီကိုကြည့်ကာ ခေါင်းခါယမ်း၍ ပြောလိုက်သည်။
" မင်းဘာကို ဆိုလိုချင်တာလဲ "
ရှုကျန်းယီ ရဲ့ဟိုင်ကို အံ့အားသင့်စွာဖြင့် ပြန်မေးလိုက်၏။
" ကြောက်စရာကောင်းတဲ့ မဟာကပ်ဘေးကြီးက နီးလာနေပြီလို့ အကြီးအကဲတစ်ယောက် ငါ့ကိုပြောခဲ့တယ်၊ အဲ့ဒီမဟာကပ်ဘေး ရောက်လာတဲ့အချိန်ကျရင် အင်မော်တယ်ကမ္ဘာတစ်ခုလုံးတောင်မှ ပျက်စီးလုနီးပါး ဖြစ်သွားလိမ့်မယ်တဲ့၊ အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတွေရဲ့ အကာအကွယ်အောက်မှာရှိနေတဲ့ အဖွဲ့အစည်းတွေက ဒီမဟာကပ်ဘေးကို ဖြတ်ကျော်နိုင်မလား မဖြတ်ကျော်နိုင်ဘူးလားဆိုတာကိုမသိဘူး၊ အနည်းဆုံးတော့ အင်မော်တယ်ဘုရင်အဆင့်ထက်အောက်က အဖွဲ့အစည်းတွေကတော့ ပျက်စီးသွားမှာသေချာတယ် "
" ဘာ... "
ထိုစကားက ရှုကျန်းယီ၏မျက်နှာကို အကြီးအကျယ် ပျက်ယွင်းသွားစေသည်။
" ရဲ့ဟိုင် နင်တကယ်ပြောနေတာလား "
ချန်ရှီလဲ မျက်နှာပျက်ယွင်းစွာဖြင့် ဝင်မေးလိုက်၏။
" တကယ်တော့ အဲ့ဒီမဟာကပ်ဘေးက ငါအခုပြောတဲ့ အခြေအနေထက်တောင်မှ ပိုပြီးဆိုးနိုင်သေးတယ် "
ရဲ့ဟိုင်၏ ထိုပြောစကားက လူတိုင်းကို ငြိမ်သက်ကာ အမူအရာများ လေးနက်သွားစေသည်။
ရှုကျန်းယီနှင့် လီဘိုတို့နှစ်ယောက်လုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အကြည့်ချင်းဖလှယ်လိုက်ကြလေ၏။
ရဲ့ဟိုင်ပြောသွားသည့် လက်ရှိစကားများအရဆိုလျှင် ဓာတ်ကြီးငါးပါးဓားဂိုဏ်းကလဲ တစ်ယောက်တည်း ရပ်တည်ရှင်သန်ပါက ထိုအချိန်တွင် ပျက်စီးဖို့ ကျိန်းသေလှသည်။
အထူးသဖြင့် အနာဂါတ် ထိုမဟာကပ်ဘေးကြီး ဖြစ်လာသည့်အချိန်တွင် ယွမ်ဟန်ဂိုဏ်းသည် ဓာတ်ကြီးငါးပါးဓားဂိုဏ်းကို တသီးတသန့်ကြီး ဂရုစိုက်ပေးနိုင်မည်မဟုတ်ပေ။
ဤသို့ဖြင့် စစ်သင်္ဘောက အသက်ရှူကြိမ်တစ်ဒါဇင်ကျော်ခန့် ပျံသန်းပြီးနောက် ရဲ့ဟိုင်သည် သောင်းနှင့်ချီသောစစ်သည်များ ဓာတ်ကြီးငါးပါးဓားဂိုဏ်းကို ဝန်းရံတိုက်ခိုက်နေသည်အား အဝေးကနေ လှမ်း၍မြင်လိုက်ရ၏။
" ထာဝရဓားဂိုဏ်းက ကောင်တွေ .. "
ရှုကျန်းယီ ထိုမြင်ကွင်းကိုကြည့်ပြီး ဒေါသအလွန် ထွက်သွားသည်။ ဤကောင်များက စိန်ခေါ်ပွဲပြုလုပ်မည်ဟု ပြောထားသော်လည်း ယခုတော့ ဓာတ်ကြီးငါးပါးဓားဂိုဏ်းကို ဝန်းရံကာ တိုက်ခိုက်နေကြ၏။
" ရှုကျန်းယီ ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ် "
ရဲ့ဟိုင် စစ်သင်္ဘောမှ စွမ်းအင်များကို ညွှန်ပြကာ ပြောလိုက်သည်။
" ဒါကို ငါသုံးနိုင်တာလား "
ရှုကျန်းယီ မျက်လုံးများ အရောင်တလက်လက်တောက်ပလာပြီး ရဲ့ဟိုင်ကိုကြည့်ကာ ပြန်မေးလိုက်၏။
ရဲ့ဟိုင်ခေါင်းညိတ်လိုက်လျှင် ရှုကျန်းယီချက်ချင်းပင် စွမ်းအင်အမြောက်ဆီသို့ ချဥ်းကပ်သွားပြီး အဆင့်မြင့်အင်မော်တယ် ကျောက်တုံး တစ်တုံးကို ၎င်းစွမ်းအင်အမြောက်ထဲသို့ ထည့်လိုက်သည်။
သို့သော် စွမ်းအင်အမြောက်က အနည်းငယ်သာ တုန်ခါသွားပြီး ထပ်မံ၍ လှုပ်ရှားလာခြင်းမရှိပေ။
" ဘာတွေဖြစ်နေတာလဲ "
ရှုကျန်းယီ ရဲ့ဟိုင်ကိုကြည့်ကာ တအံ့တဩဖြင့် မေးလိုက်၏။
" သောက်ချီး .. မင်းက အဆင့်မြင့်တာအိုကျောက်တုံး တစ်တုံးလောက်ထည့်ပြီးတော့ အင်မော်တယ်အရှင်အဆင့် စွမ်းအင်အမြောက်ကို အသက်သွင်းဖို့ လုံလောက်ပြီထင်နေတာလား "
" ဒါပေမဲ့ မင်းခုနက ဒီအမြောက်ကို ပစ်ဖို့အတွက် အဆင့်မြင့်အင်မော်တယ်ကျောက်တုံး တစ်တုံးပဲ သုံးခဲ့တာကို ငါရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်လေ "
ရှုကျန်းယီ တအံ့တဩဖြင့် ပြောလိုက်သည်။
" ငတုံးရယ် .. စွမ်းအင်အမြောက်ဆိုတာ အစောကြီးတည်းက အဆင့်မြင့် အင်မော်တယ်ကျောက်တုံးတွေနဲ့ စွမ်းအင်တွေကို စုစည်းပြီးသား၊ ငါကအဲ့တာကို အသက်သွင်းဖို့အတွက် အဆင့်မြင့်တာအိုကျောက်တုံး တစ်တုံးကိုပဲ အသုံးပြုဖို့ လိုအပ်ခဲ့တာ၊ အခု အမြောက်ထဲ စုဆောင်းထားတဲ့ စွမ်းအင်တွေက အသုံးပြုပြီးသွားပြီဆိုတော့ မင်းအနေနဲ့ ပြန်ပြီးစွမ်းအားဖြည့်သွင်းဖို့ လိုအပ်တယ်လေ "
" အိုး "
ထိုအချိန်ကျမှ ရှုကျန်းယီသည် သူအလွန်အတွေးလွန်သွားမိမှန်း နားလည်လိုက်၏။ နောက်ဆုံးတော့ ဤစွမ်းအင်အမြောက်မှာ အင်မော်တယ်အရှင်အဆင့်ဖြစ်သည်။ အဆင့်မြင့်တာအိုကျောက်တုံးတစ်တုံးတည်းဖြင့် မည်ကဲ့သို့ လုံလောက်နိုင်မည်နည်း။