" ဒါ .. ဒါ .. ဒါဆို ငါ ဘယ်လောက်တောင်မှ အဆင့်မြင့်တာအိုကျောက်တုံးတွေ ထည့်ရမှာလဲ "
နောက်ဆုံးတွင် ရှုကျန်းယီ တုန်တုန်ယင်ယင်ဖြင့် မေးလိုက်၏။
" တစ်သောင်း "
ထိုနံပါတ်က ရှုကျန်းယီသည် သူ၏နှလုံးကို ဓားဖြင့် ထပ်ပြီးဆောင့်ထိုးလိုက်သလို စူးအောင့်သွားစေပြန်သည်။
" တကယ်ကြီးလား "
" ဟုတ်တယ် "
ရဲ့ဟိုင်ခေါင်းညိတ်လာလျှင် ရှုကျန်းယီ၏ မျက်နှာ၌ ခါးသီးသော အမူအရာများ ထွက်ပေါ်လာလေ၏။
" အဆင့်မြင့်တာအိုကျောက်တုံး တစ်သောင်း "
အဆင့်မြင့်တာအို ကျောက်တုံး တစ်သောင်းဆိုသည်မှာ အလယ်အလတ်အဆင့် တာအိုကျောက်တုံးများထက် ပို၍ပင် ရှားပါးသော အရာများဖြစ်သည်။ ဓာတ်ကြီးငါးပါးဓားဂိုဏ်းတစ်ခုလုံး ပေါင်းလိုက်လျှင်တောင်မှ ထိုမျှလောက်များများစားစားမရှိချေ။
ဤအမြောက်တစ်ချက်က သူတို့ဓာတ်ကြီးငါးပါးဓားဂိုဏ်း၏ နှစ်ပေါင်းရာနှင့်ချီ စုဆောင်းမှုကို ကုန်ဆုံးသွားစေနိုင်လေ၏။
" ကောင်းပြီ ဒါဆိုရင်မေ့လိုက်တော့ သူ့ကို သွားမထိတာ အကောင်းဆုံးပဲ "
ရှုကျန်းယီ ဝမ်းနည်းသော အမူအရာဖြင့် ပြောလိုက်သည်။
သူသည် ၎င်းတန်ကြေးကို မတတ်နိုင်ရုံသာမက တကယ်လို့ တတ်နိုင်လျှင်လည်း လုပ်ဝံ့မည်မဟုတ်ချေ။
ဤအရာက တကယ်ပိုက်ဆံကို ဖြုန်းတီးခြင်းဖြစ်၏။
" တကယ်တော့ ဒီလူတွေလောက်ကို မင်းအနေနဲ့ အင်မော်တယ်အရှင်အဆင့် စွမ်းအင်အမြောက်ကို အသက်သွင်းစရာ မလိုအပ်ဘူး "
ရဲ့ဟိုင် စွမ်းအင်အမြောက်မှ ခလုတ်တချို့ကို ချိန်ညှိပြီးနောက် အလယ်အလတ်အဆင့် တာအိုကျောက်တုံးသုံးသိန်းအား စွမ်းအင်အမြောက်ထဲသို့ ပစ်ထည့်လိုက်သည်။
ထို့နောက်ရဲ့ဟိုင် ပစ်သည့်ခလုတ်ကို နှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် အလယ်အလတ်အဆင့် တာအိုကျောက်တုံးသုံးသိန်းက အရည်ပျော်သွားခဲ့ပြီး ကြီးမားသော စွမ်းအင်အစုအဝေးက အမြောက်၏ အလယ်ဗဟိုအူတိုင်၌ စုဝေးသွား၏။
ထို့နောက် အုန်းခနဲအော်မြည်သံများ ထွက်ပေါ်လာပြီး စွမ်းအင်အလင်းလုံးကြီးက ထာဝရဓားဂိုဏ်းရှိရာသို့ အရှိန်အဟုန်ဖြင့် ကျဆင်းသွားလေသည်။
" ဘာ .. ရန်သူနောက်ကျောက တိုက်ခိုက်လာတယ် "
" မြန်မြန် မြန်မြန် အစီအရင်ကို မြန်မြန်ဖွင့်ကြ "
ချက်ချင်းပင် ဓာတ်ကြီးငါးပါးဓားဂိုဏ်းထဲ၌ ကျယ်လောင်သော အချက်ပေးသံများက ထွက်ပေါ်လာ၏။ ထာဝရဓားဘုရင်နှင့် ကျန်အဆင့်မြင့် အကြီးအကဲများ အကုန်လုံးက သူတို့ဆီသို့ ဦးတည်လာနေသော ကြောက်စရာကောင်းသည့် စွမ်းအင်အလုံးကြီးကို ထိတ်လန့်စွာဖြင့် မျက်လုံးပြူးကြည့်နေကြသည်။
၎င်းအလုံးကြီးတွင် ပါဝင်သောစွမ်းအင်က ထာဝရဓားဘုရင်၏ နှလုံးခုန်သံကိုပင် တဒုတ်ဒုတ် မြန်ဆန်လာစေ၏။
ထာဝရဓားဘုရင်သည် လက်ရှိအချိန်တွင် အင်မော်တယ်ဘုရင် အဆင့် ( 5 ) သို့ ရောက်ရှိနေသောသူဖြစ်သည်။ သို့သော် ထိုအမြောက်လုံးတွင် ပါဝင်သော စွမ်းအင်ကတော့ အဆင့်မြင့်အင်မော်တယ်များကိုပင် သတ်ဖြတ်နိုင်စွမ်းရှိနေသလိုပင်။
အထူးသဖြင့် သူတို့အားလုံးက အုပ်စုလိုက်တည်ရှိနေပြီး ထိုစွမ်းအင်အမြောက်လုံးက ရောက်ရှိလာသည်မှာ အလွန် မြန်ဆန်လှသည်။ တစ်နည်းဆိုရသော် သူတို့အနေဖြင့် ခုခံရန်မှလွဲလို့ အခြားရွေးချယ်စရာ မရှိချေ။
သို့သော် မေးခွန်းတစ်ခုရှိသည်က ခုခံလျှင်ကော အလုပ်ဖြစ်မည်လား ဆိုတာပင်။
အုန်းခနဲ ပေါက်ကွဲသံနှင့်အတူ အရှေ့ဆုံးကနေ ကာကွယ်နေသော ထာဝရဓားဘုရင်နှင့် အဆင့်မြင့် အကြီးအကဲများ အားလုံး ၎င်းအမြောက် တစ်ချက်ပစ်ခတ်မှု အောက်၌ အစအနပင်မကျန်အောင် ပြာကျသွား၏။ တစ်ချက်လေးတောင် အော်နိုင်ခဲ့ခြင်းမရှိပေ။ သူတို့၏ သန်မာလှသော အစီအရင် အကာအကွယ်အလွှာကလဲ ၎င်းစွမ်းအင်အမြောက်လုံး ရှေ့၌ ရေစိုနေသည့် ပြဲဆုတ်လွယ်သော စက္ကူတစ်ရွက်သာသာ ဖြစ်နေခဲ့သည်။
ထိုမြင်ကွင်းက ထာဝရဓားဂိုဏ်းမှ လူများအားလုံးကို ရုတ်တရက်ကြောင်အသွားစေ၏။
ဓာတ်ကြီးငါးပါးဓားဂိုဏ်းမှ လူများအားလုံးကလဲ အံ့အားသင့်ကာ ဆွံ့အနေကြသည်။
နှစ်ဖက်စလုံး၏ တိုက်ပွဲက ရပ်တန့်နေပြီး အကုန်လုံး ငုတ်တုပ်မေ့နေကြ၏။ ဤကဲ့သို့ ရလဒ် ဖြစ်လာမည်ဟု မည်သူကမှ မမျှော်လင့်ထားကြပေ။
ချက်ချင်းပင် ဓာတ်ကြီးငါးပါးဓားဂိုဏ်မှ ခေါင်းဆောင်နှင့် အကြီးအကဲများ အကုန်လုံး လေထုထဲ၌ ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ရဲ့ဟိုင်က စစ်သင်္ဘော၏ ဦးထိပ်၌ ထွက်ပေါ်လာပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ...
" ငါ့နာမည် ရဲ့ဟိုင်ပဲ၊ ထာဝရဓားဘုရင် သေသွားပြီဆိုတော့ မင်းတို့အနေနဲ့ ဆက်ပြီးခုခံစရာ မလိုတော့ဘူး၊ ထပ်ပြီးခုခံနေဦးမယ်ဆိုရင် ရလဒ်က သေခြင်းပဲ ရှိလာလိမ့်မယ် "
ရဲ့ဟိုင်၏ ထိုစကား ထွက်ပေါ်လာသည့်အချိန်၌ ထာဝရဓားဂိုဏ်းမှ ကြောင်အနေသော လူများအားလုံး သတိဝင်လာပြီး မျက်လုံးများက နီရဲတောက်လာကာ မျက်နှာထက်တွင် မုန်းတီးမှုများက ပြည့်နှက်လာ၏။
" ချီးပဲ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေအတွက် ဒီကောင် ရဲ့ဟိုင်ကို သတ်စမ်း "
" ဟမ့် .. ဒီကောင်က ငါတို့ကို လက်နက်ချ အညံ့ခံ စေချင်တယ်လား .. မင်းအနေနဲ့ ငါတို့အလောင်းကိုပဲရမယ် "
" ဒူးထောက်ပြီး သေရတာထက် မတ်တပ်ရပ်ပြီးသေရတာက အကောင်းဆုံးပဲ "
ထာဝရဓားဂိုဏ်းက တော်တော်လေးကို အထင်ကြီးစရာဂိုဏ်းတစ်ခုဟု ဆိုရမည်ဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲများအားလုံး သေဆုံးသွားတာတောင်မှ သူတို့က ဂိုဏ်းအတွက် အသက်ပေးလိုကြစမြဲပင်။
ထိုအချိန်တွင် ဓာတ်ကြီးငါးပါးဓားဂိုဏ်းကလဲ ဤအခွင့်အရေးကို မည်ကဲ့သို့ လက်လွတ်ခံမည်နည်း။ သူတို့က နှစ်နှင့်ချီပြီး ထာဝရဓားဂိုဏ်း၏ ဖိနှိပ်ခြင်းခံခဲ့ရကာ နယ်မြေပေါင်းမြောက်များစွာကို လက်လွှတ်ခဲ့ရ၏။ အထူးသဖြင့် ထာဝရဓားဂိုဏ်းက လူများ၏ လက်ထဲတွင် သေဆုံးသွားသော မိမိ၏ ဂိုဏ်းသားများပင်။
ချက်ချင်းပင် အကုန်လုံးက ဓားကိုဆွဲကာ သိုးအုပ်ထဲသို့ ပြေးဝင်သွားသော ကျားများကဲ့သို့ သတ်ဖြတ်ခြင်းကို ပြုလုပ်ကြသည်။
ဟုတ်၏။ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းပင်။
သွေးများကို အိုင်ထွန်းသည်အထိ အကုန်လုံးက တစ်ယောက်ချင်းစီကို ဓားချက်ပေါင်းမြောက်များစွာ ခုတ်ပိုင်း၍ သတ်ဖြတ်ကြသည်။
နေနှင့်လကို အမှောင်ထုဖုံးလွှမ်းသွားသည်အထိ သူတို့၏ဓားများကိုမြှောက်ကာ ရက်ရက်စက်စက်ဖြင့် အကုန်လုံးကို ခုတ်ပိုင်းကြ၏။
ဓာတ်ကြီးငါးပါးဓားဂိုဏ်းမှ လူများအကုန်လုံးက မည်မျှဒေါသထွက်နေသည်မသိ သူတို့သည် ကရုဏာမဲ့စွာဖြင့် အလောင်းအား အကောင်းတိုင်းတောင် ချန်ထားပေးခြင်းမရှိပေ။
လက်ရှိအခြေအနေတွင် ဓာတ်ကြီးငါးပါးဓားဘုရင် ဝင်ရောက်မကိုင်တွယ်တာတောင်မှ သူတို့က ထာဝရဓားဂိုဏ်းမှ လူများကို ခွေးလိုကြက်လို ကောင်းကောင်းကြီး သတ်ဖြတ်နိုင်စွမ်းရှိသည်။
ထို့နောက် ထာဝရဓားဂိုဏ်းမှ လူများအားလုံးကို သတ်ဖြတ်ပြီးသွားချိန်တွင် ဓာတ်ကြီးငါးပါးဓားဘုရင်သည် သူတို့၏ ယခင်နယ်မြေများနှင့် ထာဝရဓားဂိုဏ်း၏ နယ်မြေအရင်းအမြစ်များကို သိမ်းပိုက်ရန်အတွက် အလယ်အလတ်အဆင့် စစ်တပ်များကို ဖွဲ့စည်းကာ စေလွှတ်ခဲ့၏။
နောက်ဆုံးအရာအားလုံးကို သိမ်းပိုက်ပြီးဆုံးဖို့အတွက် ဓာတ်ကြီးငါးပါးဓားဂိုဏ်းက နှစ်ပတ်တိတိကြာအောင်လို့ တိုက်ပွဲကို ဆင်နွှဲခဲ့ရလေသည်။
ဒါကလဲ ဤနှစ်ပိုင်းအတွင်း ဓာတ်ကြီးငါးပါးဂိုဏ်းမှာ ထာဝရဓားဂိုဏ်းကြောင့် အလွန် ဆုံးရှုံးခဲ့လိုပင်။ နို့မိုဆိုလျှင် ဤမျှလောက် ကြာနေမည် မဟုတ်ဘူးဖြစ်၏။
ထို့နောက် အရာအားလုံး ပြီးစီးသွားသောအခါ ရဲ့ဟိုင်သည် ဒြပ်စင်ငါးမျိုးဓားသိုင်းကို ဓာတ်ကြီးငါးပါးဓားဂိုဏ်းမှ တပည့်များအား သင်ကြားပေးသည်။
တပည့်များသာမက ဓာတ်ကြီးငါးပါးဓားဘုရင်ပင်လျှင် ရဲ့ဟိုင်သင်ကြားသည်ကို တိတ်တဆိတ်လာရောက်နားထောင်၏။
ဤအရာက ဓာတ်ကြီးငါးပါးဓားဘုရင် ဟန်ဆောင်ကာ လာရောက်နားထောင်ခြင်းမဟုတ်ပေ။ ရဲ့ဟိုင်၏ ဓားသိုင်းအပေါ် နားလည်မှုက သူ့ထပ်ပင်ပို၍ နက်ရှိုင်းနေမည်ဆိုတာကို ကောင်းကောင်းနားလည်သောကြောင့်ဖြစ်သည်။
ဤသို့ဖြင့် တစ်လကြာသောအခါ အစောင့်တစ်ဦးနှင့်အတူ ကောင်းကင်ဓားမြို့တော်မှတစ်ဆင့် ရှီကျားသည် ရဲ့ဟိုင်ရှိသည့် ခြံဝန်းရှိရာသို့ ရောက်ရှိလာလေ၏။
" သခင် "
ရှီကျား အခန်းထဲရောက်သည်နှင့် ရဲ့ဟိုင်ကို လျင်မြန်စွာ ဒူးထောက်လိုက်သည်။
သို့သော် ရဲ့ဟိုင် လက်ကိုဝှေ့ယမ်းကာ ရှီကျားကို ပြန်လည်၍ မတ်တပ်ရပ်စေ၏။ သူ့ကို လူတွေက ဒူးထောက်တာ လုံးဝမကြိုက်ချေ။
" ကျေးဇူးပြုပြီး ထိုင်ပါ "
ရဲ့ဟိုင် ခုံတစ်လုံးကို ညွှန်ပြလိုက်လျှင် ရှီကျား ယဥ်ယဥ်ကျေးကျေးဖြင့် ဖင်တစ်ဝက်သာ ခုံပေါ်ထိုင်လိုက်သည်။
ရဲ့ဟိုင် လက်ဖက်ရည်တစ်ခွက်ကို ငှဲ့လိုက်ပြီး ရှီကျားအားပေးလိုက်ကာ...
" ဒါက မင်းအတွက် ပြင်ထားတာပဲ .. မြည်းကြည့် "
ရှီကျား တစ်ငုံလောက် သောက်လိုက်သည်နှင့် သူမ၏ မျက်လုံးက ပြူးကျယ်သွားပြီး မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်လာလေ၏။
ထိုမွှေးကြိုင်သော လက်ဖက်ရည်က သူမ၏ လည်ချောင်းထဲ စီးဝင်သွားသည်နှင့် မရီဒန်သွေးကြောများတွင် ပိတ်ဆို့နေသော အရာများက အရည်ပျော်ကာ ကျသွားစေလေသည်။