" အခြားလူတွေရဲ့ ကျင့်ကြံအဆင့်ကို စုပ်ယူတယ်ဆိုတာက ကောင်းကင်ရဲ့ အလိုဆန္ဒကို ဆန့်ကျင်နေတဲ့အရာပဲ၊ ဒါက မင်းရဲ့ အခြေခံအုတ်မြစ်ကို ကြီးကြီးမားမား ထိခိုက်စေလိမ့်မယ် "
ရဲ့ဟိုင် ရှီကျားကိုကြည့်ကာ တည်ငြိမ်သော အမူအရာဖြင့်...
" ဒီလက်ဖက်ရည်က ငါမင်းအတွက် အထူးပြင်ဆင်ပေးထားတဲ့ ထိုက်မင် လက်ဖက်ရည်ပဲ၊ ဒီတစ်အိုးလုံးသောက်ပြီးသွားရင် မင်းရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ပိတ်ဆို့မှုတွေအကုန်လုံးက အဆင်ပြေသွားလိမ့်မယ် "
" ကျေးဇူးတင်ပါတယ် သခင် "
ရှီကျား လုံးဝကိုစိတ်ရင်းမှန်ဖြင့် ရဲ့ဟိုင်ကို ခေါင်းမော့ကာကြည့်ပြီး ကျေးဇူးတင်လိုက်၏။
ကောင်းကင်ဓားမြို့တော်သခင်သည် သူမ၏ ခန္ဓာကိုယ်ထဲတွင် သွေးကြောများ ပိတ်ဆို့နေသည်ဆိုတာကို သတိထားမိလေ၏။ သို့သော် ထိုလူသည် သူမ၏ခန္ဓာကိုယ်အား အိပ်ရာထဲတွင် ပုံစံအမျိုးမျိုးနှင့် နှိပ်စက်ရန်မှ တစ်ပါး အခြားအရာများကို လုံးဝဂရုမစိုက်ခဲ့ချေ။
သို့သော်လည်း ရဲ့ဟိုင်ကတော့ သူမနှင့်တစ်ခါတွေ့ဆုံမှုအပြီးတွင် ကောင်းကင်ဓားမြို့တော်ကို ပေးအပ်ခဲ့သလို ယခုလဲ သူမအား ဆေးလက်ဖက်ရည် ဖျော်ပေးခဲ့သည်။
ဤကဲ့သို့ ကျေးဇူးတရားက အမှန်တကယ်ကို ထူးကဲလွန်းလှ၏။
ပုံမှန်ဆိုလျှင် ရဲ့ဟိုင်အနေဖြင့် ဤအရာကို လုပ်စရာမလိုအပ်ချေ။ နောက်ဆုံးတော့ သူမဆိုသည်မှာ နိမ့်ကျသော အစေခံတစ်ယောက်သာဖြစ်သည်။
ရဲ့ဟိုင်ဆိုသည် ကတော့ မည်သူဖြစ်သနည်း။
သူ၏ အမိန့်အောက်တွင် အင်မော်တယ်နန်းတော်မှ လုမိသားစု၏ အင်မော်တယ်အရှင်တစ်ပါးတောင်မှ နောက်ဆုတ်သွားရ၏။
ရှီကျား ကျေးဇူးတင်မှုများနှင့်အတူ လက်ဖက်ရည်အိုးထဲမှ ဆေးလက်ဖက်ရည်များကိုသောက်နေစဥ် ချန်ရှီက အခန်းထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။
ချန်ရှီသည် အခန်းထဲရောက်သည်နှင့် ရှီကျားကိုမြင်သောအခါ သူမ၏မျက်နှာက မဲမှောင်သွား၏။
" နင့်လိုအစေခံက ဒီမှာဘာလာလုပ်နေတာလဲ "
ရှီကျားသည် ချန်ရှီ၏ ထိုဒေါသထွက်နေသောအကြည့်ကို မြင်လိုက်သောအခါ သူမ၏စိတ်ထဲတွင် သိမ်ငယ်မှုနှင့် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။
ချန်ရှီဆိုသည်မှာ အင်မော်တယ်ဘုရင် တစ်ယောက်၏ သမီးဖြစ်ပြီး အလွန်ပင် မြင့်မြတ်သော အဆင့်အတန်းကို ပိုင်ဆိုင်ထား၏။ ထို့အပြင် သူမက လှပပြီး ချစ်စရာကောင်းသလို အပျိုစင်တစ်ယောက်လည်းဖြစ်သည်။
ရှီကျားသည် ရဲ့ဟိုင်အပေါ်တွင် စိတ်ခံစားချက်တစ်မျိုးရှိသော်လည်း သူမအနေဖြင့် ထိုအရာကို အိပ်မက်သာမက်ရဲ၏။
မည်သို့ပင်ဆိုပါစေ ရဲ့ဟိုင်ဆိုသည်မှာ အရှေ့ပိုင်းကုန်းမြေတိုက်ကြီးရှိ မရေတွက်နိုင်သော အမျိုးသမီးများ နှလုံးသားထဲတွင် စွဲလမ်းနေသည့် အိပ်မက် မင်းသားလေးဖြစ်သည်။
သို့သော် ဝမ်းနည်းစရာကောင်းသည်က အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ဘယ်အမျိုးသမီးကမှ ရဲ့ဟိုင်၏ နှလုံးသားကို ရရှိခြင်းမရှိသေးပေ။
ရင်သပ်ရှုမောဖွယ် ကောင်းအောင် လှပသော ခွန်ယင်းအာပင်လျှင် ရဲ့ဟိုင်၏အစေခံအဖြစ်သာ နေခဲ့ရ၏။ သို့သော် ခွန်ယင်းအာအား မနာလိုသောသူများက အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးရှိ မိန်းမများအားလုံးဟုပင် ဆိုလို့ရသည်။ အဘယ့်ကြောင့်ဆိုသော် သူမက လက်ရှိအချိန်တွင် ယွမ်ဟန်ဂိုဏ်း၏ ဒုဂိုဏ်းချုပ်ဖြစ်နေသောကြောင့်ပင်။
ဤရာထူးမှာ ဒုဂိုဏ်းချုပ်ဆိုသော်လည်း ရဲ့ဟိုင်က ဂိုဏ်း၏အရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမရှိသဖြင့် သူမ၏ရာထူးမှာ ဂိုဏ်းခေါင်းဆောင်နှင့် ကွာခြားချက်မရှိဘူးဖြစ်၏။
ယွမ်ဟန်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ရာထူးဆိုသည်မှာ ဒေသကြီးလေးခုကို အမိန့်ပေးနိုင်ပြီး လေနှင့်မိုးကိုတောင် ဆင့်ခေါ်နိုင်စွမ်းရှိသည့် အနေအထားဖြစ်သည်။ အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ခွန်ယင်းအာကို မည်သူကမှ မော်ပင်မကြည့်ရဲကြချေ။
ရှီကျားသည် ရဲ့ဟိုင်ကို သစ္စာခံခဲ့သည့်အချိန်တွင် သူမ၏နှလုံးသားထဲ၌ ရဲ့ဟိုင်နှင့် အနီးကပ်နေရချိန်တွင် မျှော်လင့်ချက်သေးသေးလေး ရှိနေခဲ့၏။ သို့သော်လည်း ချန်ရှီ၏ယခု အကြည့်နှင့်အပြောများကို ခံစားလိုက်ရသောအခါ သူမ၏ဖြစ်တည်မှုက ရဲ့ဟိုင်၏ အသိုင်းအဝန်းတွင် အမှိုက်တစ်စသာသာဖြစ်ကြောင်း ရှီကျားကို သဘောပေါက်သွားစေသည်။
သူမလို အဆင့်နိမ့် အစေခံများက အထက်တန်းစားများ၏ ကြားထဲတွင် ဘောင်မဝင်ဘူးဖြစ်၏။
" ဒီမှာ သူ့အလုပ်သူလုပ်နေတာ မင်းနဲ့ဆိုင်လို့လား "
ရဲ့ဟိုင် ချန်ရှီကို အေးစက်စွာစိုက်ကြည့်ပြီး ပြောလိုက်သည်။
ရဲ့ဟိုင်၏ ထိုအမူအရာနှင့် စကားကိုကြားလျှင် ချန်ရှီ အံ့အားသင့်သွားလေ၏။
ထို့နောက် သူမ၏ စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာပြီး...
" ငါ .. ငါ .. ငါက သူမလို အဆင့်နိမ့် အစေခံတစ်ယောက် ဒီမှာမနေသင့်ဘူးထင်လို့ပါ၊ အထူးသဖြင့် သူမနဲ့တစ်ခန်းတည်းတည်ရှိနေတာက နင့်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာ စိုးရိမ်မိတယ် "
ချန်ရှီ အထစ်ထစ်အအဖြင့် တီးတိုးပြောလိုက်သည်။
" သူများတွေ ဘာပြောလဲဆိုတာ ငါဂရုမစိုက်ဘူး "
ရဲ့ဟိုင် ချန်ရှီကို ကြည့်လိုက်ပြီး...
" ရှီကျားအရင်က ဘာပဲလုပ်ခဲ့လုပ်ခဲ့ .. သူအခု ငါ့ရဲ့လက်အောက်ခံ ဖြစ်နေပြီ၊ အဲ့တာကြောင့် သူ့ရဲ့အတိတ်ကို အတိတ်မှာပဲ ထားခဲ့သင့်တယ် " " ချန်ရှီ နင်က ငါနဲ့ သူငယ်ချင်းမဖြစ်သေးတာကိုမပြောနဲ့ ငါတို့နှစ်ယောက် သူငယ်ချင်းဖြစ်ရင်တောင်မှ နင်ငါ့လူတွေကို ဒီလိုမျိုးလာပြီးတော့ အထင်သေးဆက်ဆံလို့မရဘူး "
ထိုစကားကြားလျှင် ချန်ရှီမှာ ပို၍ပင် အံ့အားသင့်သွားပြီး မျက်ရည်ဝဲသွား၏။
" ရဲ့ဟိုင် .. နင်ငါ့ကိုဘယ်လိုလုပ် အဲ့လိုတောင်ပြောနိုင်ရတာလဲ "
" ချန်ရှီ နင်အခုချိန်အထိ ရဲ့ဟိုင်နဲ့ အတူတူရှိနေတာ တစ်လရှိနေပြီ ရဲ့ဟိုင်အကြောင်း နားမလည်သေးဘူးလား "
ထိုအချိန်တွင် ဝူမင်မှာ အပြုံးနှင့်အတူ အခန်းထဲသို့ ဝင်ရောက်လာပြီး...
" အရင် နေ့တွေက ဓာတ်ကြီးငါးပါးဓားဂိုဏ်းရဲ့ တပည့်တွေ မေးခွန်းကို ဖြေပေးနေတဲ့အချိန် နင်တစ်စုံတစ်ခုကို သတိမပြုမိဘူးလား "
" ဘယ်ဟာလဲ "
ချန်ရှီ ဝူမင်ကို အံ့အားသင့်စွာဖြင့်ကြည့်ပြီး မေးလိုက်သည်။
" အဲ့တာက ရဲ့ဟိုင် မေးခွန်းတွေကို ဖြေပေးတဲ့အချိန်မှာ ပါရမီရှင်တပည့်ဖြစ်စေ အဆင့်နိမ့်တပည့်ဖြစ်စေ ဘယ်သူ့ကိုမှ ခွဲခြားဆက်ဆံခဲ့ခြင်း မရှိဘူးဆိုတာပဲ "
ဝူမင်သည် စကားကို ထိုမျှနှင့်ရပ်တန့်လိုက်ပြီး ချန်ရှီကို အလေးအနက်စိုက်ကြည့်လိုက်ကာ...
" ငါနင့်ကိုပြောချင်တာက ရဲ့ဟိုင် အဲ့တာ ဟန်ဆောင်နေတာ မဟုတ်ဘူး၊ ဒီကောင်က တကယ်ကို မြင့်မြတ်တဲ့စိတ်ထား ပိုင်ဆိုင်ထားတာ "
" အထူးသဖြင့် ရဲ့ဟိုင်ရဲ့ သူငယ်ချင်းတွေထဲမှာ ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 )၊ ( 32 ) ပတ်ချာလည်က ထူးချွန်းတဲ့ ပါရမီရှင်ရှိသလို သာမန်မြေအမတအဆင့် ကျင့်ကြံသူတွေလဲ အများကြီးပါဝင်တယ် "
" ငါ ယွမ်ဟန်ဂိုဏ်းထဲကို ဘာလို့ဝင်ခဲ့လဲသိလား "
ဝူမင်၏ အမူအရာက လေးနက်သွားပြီး...
" ရဲ့ဟိုင်ဆိုတာက သစ္စာကိုစောင့်သိတဲ့ သူတစ်ယောက်မို့လို့ ငါယွမ်ဟန်ဂိုဏ်းထဲ ဝင်ခဲ့တာပဲ၊ အဲ့လိုလူ တစ်ယောက်အနောက်ကို လိုက်ရတာက ငါ့အတွက်အရှုံးမရှိဘူးလို့ ထင်တယ်လေ၊ တကယ်လဲ ဒီကောင်က တကယ်ကို ဖြောင့်မတ်ပြီး ကြင်နာတတ်တယ်ဆိုတာကို ဒီတစ်လျှောက် သူ့အနားမှာနေတဲ့အချိန် သက်သေပြခဲ့တယ်၊ အထူးသဖြင့် သူကငါ့ကို အင်မော်တယ်ဘုရင်အဆင့် မှော်စွမ်းအားကိုတောင်မှ လုံးဝဖုံးကွယ်ထားခြင်းမရှိ ပေးအပ်ခဲ့တာပဲ "
" ပြီးတော့ ယွမ်ဟန်ဂိုဏ်းမှာ ဒီကောင်ငါ့ကို ဘယ်လိုရာထူးပေးထားလဲသိလား "
" ဒီကောင် ငါ့လိုရွှေအင်မော်တယ်အဆင့်ကို အဲ့ဒီရာထူးပေးလိမ့်မယ်လို့ နင်ထင်မှာတောင်မဟုတ်ဘူး၊ သူက ငါ့ကိုတိုက်ရိုက် မဟာအကြီးအကဲရာထူး ပေးခဲ့တာ "
" အထူးသဖြင့် ဂိုဏ်းထဲမှာ သာမန်ပါရမီပဲရှိတဲ့ လီဂျင်ဆိုတဲ့သူဆိုရင် ရွှေအင်မော်တယ်အဆင့်ပဲ ရှိသေးတယ်၊ ဒါပေမဲ့ ယွမ်ဟန်ဂိုဏ်းမှာ သူ့ရာထူးက ဒုတိယအဆင့် အကြီးအကဲပဲ၊ ဒီလောက်ဆိုရင် ရဲ့ဟိုင်က အဆင့်အတန်းတွေကို လုံးဝဂရုမစိုက်တဲ့သူဆိုတာ နင်နားလည်ပြီမလား "
ထိုစကားကြားလျှင် ချန်ရှီမှာ မယုံကြည်နိုင်မှုများ မျက်နှာထက်တွင် ဖြစ်ပေါ်လာ၏။
" ရွှေအင်မော်တယ်အဆင့်နဲ့ ဒုတိယအကြီးအကဲရာထူးပေးတယ် ဟုတ်လား၊ အဲ့လိုဆိုရင် သူ့ရဲ့ကျင့်ကြံအဆင့်ကြောင့် သူ့ရာထူးမှာ အာဏာဘယ်လိုလုပ်ပြနိုင်မှာလဲ "
" အာဏာမပြနိုင်ဘူး ဟုတ်လား .. ဟား .. ဟား "
ဝူမင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
" လီဂျင်က အဲ့ဒီအဆင့်နဲ့ မြို့တစ်မြို့ရဲ့ အရှင်ဖြစ်နေသလို သူ့ရဲ့ဩဇာအာဏာကလဲ နယ်မြေလေးခုရဲ့ စစ်သားတွေကို ချုပ်ကိုင်ထားတဲ့ သူထက်တောင်မှ သာလွန်နေသေးတယ် "
ထိုစကားက ချန်ရှီ၏ မျက်လုံးထဲတွင် တကယ်ကိုအံ့ဩမှုနှင့် တုန်လှုပ်မှုကို ဖြစ်ပေါ်စေ၏။ ရဲ့ဟိုင်က တကယ်ကို ကျင့်ကြံဆင့်နှင့် ဂုဏ်ပုဒ်အား ဂရုမစိုက်သူဖြစ်နေသည်ပေါ့။