" ချန်ရှီ နင်က ပင်လယ်လေးစင်းဘုရင်ရဲ့ သမီးမို့လို့ ကိုယ့်ကိုယ်ကိုယ် သာလွန်မြင့်မြတ်တဲ့သူတစ်ယောက်လို့ ထင်ကောင်းထင်လိမ့်မယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းအဖေကို ရဲ့ဟိုင်က ကျော်လွန်သွားဖို့ အချိန်တစ်ခုပဲ လိုအပ်တာ၊ အဲ့တာကြောင့် မင်းကေ ာမင်းအဖေကောက သူ့မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူး "
ထိုသို့ပြောပြီးသည်နှင့် ဝူမင်သည် ချန်ရှီကို အလေးအနက် စိုက်ကြည့်လိုက်ပြီး ..
" အခုချိန်ကစပြီး မင်း ရဲ့ဟိုင်နဲ့ သူငယ်ချင်း ဖြစ်ချင်တယ်ဆိုရင် စိတ်ထဲမှာရှိနေတဲ့ မောက်မာမှုနဲ့မာနကို ဖယ်ထားသင့်တယ် "
ထိုစကားများက ချန်ရှီကို တိတ်ဆိတ်ကာ ငြိမ်သက်သွားစေ၏။
တစ်ခဏအကြာတွင် သူမ ရှီကျားအရှေ့သို့ သွားလိုက်ပြီး...
" တောင်းပန်ပါတယ် .. ငါနင့်ကို အဲ့လိုမကြည့်သင့်သလို အဲ့လိုလဲမပြောခဲ့သင့်ဘူး၊ ငါ့ရဲ့တောင်းပန်မှုကို လက်ခံပေးပါ "
ချန်ရှီ တလေးတစားဖြင့် လေးလေးနက်နက်ဦးညွှတ်ကာ ပြောလိုက်ခြင်းဖြစ်သည်။
တစ်ဖက်တွင် ရှီကျား၏ မျက်နှာ၌တော့ ထိတ်လန့်မှုများ ပြည့်နှက်နေ၏။ ချန်ရှီကဲ့သို့သော မြင့်မြတ်သည့် အမျိုးသမီးတစ်ယောက်က သူမလိုနိမ့်ကျသည့်သူတစ်ယောက်ကို ယခုလိုတောင်းပန်လာမည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။
ရှီကျား လက်ဝှေ့ယမ်းကာ ခေါင်းခါယမ်း၍ ငြင်းဆန်ရန်လုပ်သည့်အချိန်တွင် ရဲ့ဟိုင်၏အကြည့်က သူမဆီသို့ ရောက်ရှိလာသည်။
" ရှီကျား .. သူ့ရဲ့တောင်းပန်မှုကို လက်ခံလိုက် "
သခင်ဖြစ်သူ၏ အမိန့်ကိုကြားလျှင် ရှီကျားမှာ မငြင်းဆန်ဝံ့တော့ချေ။ ဤသို့ဖြင့် ချန်ရှီ၏ တောင်းပန်မှုကို လက်ခံပြီးနောက် ရှီကျားသည် ရဲ့ဟိုင်ကို မျက်ရည်များဖြင့် ကြည့်လိုက်၏။
" လေးစားမှု "
ရှီကျားသည် သူမ၏ဘဝတွင် ဤအရာကို ပထမဆုံးအကြိမ် ခံစားဖူးခြင်းပင်။
ကောင်းကင်ဓားမြို့တော်၏ လေလံပွဲကို သူမဦးစီးနေရသော်လည်း ၎င်းလေလံပွဲတွင် သူမကိုမည်သူက လေးစားဖူးသနည်း။
ရှီကျားသည် ထိုလူများ သူမကိုကြည့်၍ ဘယ်လိုတွေးနေသည်ဆိုတာ ကောင်းကောင်းသိလေသည်။
ထိုသူများ အကုန်လုံးက သူမကို အိပ်ရာထဲခေါ်ပြီး ပုံစံအမျိုးမျိုးဖြင့် နှိပ်စက်ဖို့ကိုသာ တွေးနေကြခြင်းဖြစ်၏။ သူတို့၏ မျက်လုံးထဲတွင် မိမိအပေါ်လေးစားမှု တစ်ခုမှမရှိကြချေ။
" ရဲ့ဟိုင် ငါတို့အခု သူငယ်ချင်းတွေ ဖြစ်ပြီလား "
ချန်ရှီ .. ရှီကျားကို တောင်းပန်ပြီးလျှင် ရဲ့ဟိုင်ကိုကြည့်ကာ တီးတိုးမေးလိုက်သည်။
" မဟုတ်ဘူး "
ရဲ့ဟိုင် ခေါင်းခါယမ်းလာလျှင် ချန်ရှီ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ..
" ဒါဆိုရင် နင်အရင်က ဘာလို့ငါ့ကို တာအိုကျောက်တုံးတွေနဲ့ ပြန်လည်နုပျိုဆေးကို ပေးခဲ့တာလဲ "
" အဲ့တာက ငါမင်းရဲ့ စိတ်ဓာတ်ကို သဘောကျလို့ပေးလိုက်တာလေ "
ရဲ့ဟိုင် ထိုသို့ ပြောပြီးသည်နှင့် ပျင်းရိစွာ အကြောဆန့်လိုက်ပြီး...
" ဒီလိုပေးလိုက်တာနဲ့ပဲ မင်းနဲ့ငါ သူငယ်ချင်း ဖြစ် .. မဖြစ် သွားပြီး ပတ်သက်နေလို့လား "
ရဲ့ဟိုင်၏ ထိုအပျင်းကြောဆန့်လိုက်သော အမူအရာကိုတွေ့လျှင် ရှီကျား နှုတ်ခမ်းကိုကိုက်ကာ ပြတ်ပြတ်သားသားပင် ထရပ်လိုက်၏။ ထို့နောက် သူမ ရဲ့ဟိုင်အနောက်သို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး ပုခုံးပေါ်လက်တင်ကာ ညှင်သာစွာ နှိပ်နယ်ပေးလေသည်။
ရှီကျား၏ အနှိပ်နည်းစနစ်က သာမန်နည်းစနစ် မဟုတ်ပေ။ ၎င်းက မရီဒန်သွေးကြောများကိုဖွင့်ပြီး ပင်ပန်းနွမ်းနယ်မှုကို သက်သာစေကာ အရိုးကို ခိုင်ခံ့စေသည့် နည်းစနစ်ဖြစ်၏။
ရှီကျား၏ ထိုနှိပ်နယ်ပေးမှုအောက်တွင် ရဲ့ဟိုင်၏မျက်လုံးက တောက်ပလာပြီး လျင်မြန်စွာပင် မျက်နှာတွင် သက်တောင့်သက်သာဖြစ်မှုများ ထွက်ပေါ်လာလေသည်။
ချန်ရှီက ၎င်းမြင်ကွင်းကို သတိထားမိလိုက်ပြီး သူမ၏မျက်လုံးက အရောင်တချို့ တောက်ပသွား၏။
" ရဲ့ဟိုင် တစ်လတောင်ရှိနေပြီ ငါတို့ဘယ်တော့ အင်မော်တယ်နန်းတော်ကိုသွားမှာလဲ "
ဝူမင် ခုံတွင် ဝင်ထိုင်ကာ ကူကယ်ရာမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။
" မင်းက အဲ့လောက်တောင် မြန်မြန်သွားချင်နေတာလား "
" ဒီမှာနေရတာ ဘာအဓိပ္ပါယ်မှမရှိဘူးလေ .. အင်မော်တယ်နန်းတော်မှာ အရင်းအမြစ်တွေ ဘယ်လောက်တောင်မှ ရှိတယ်ဆိုတာကို မင်းမသိသေးဘူး "
" အဲ့ဒီနေရာမှာဆိုရင် အင်မော်တယ်သခင်အဆင့်အထိကို မြန်မြန်ရောက်နိုင်တဲ့ အရင်းအမြစ်တွေအကုန် ရှိမယ်ဆိုတာကို ငါသိတယ် "
ရဲ့ဟိုင် ထိုသို့ပြောလိုက်လျှင် ဝူမင် ခေါင်းခါယမ်းလိုက်ကာ...
" မင်းက အဲ့တာပဲ ထင်တာလား .. အင်မော်တယ်သခင်အဆင့်ကို ရောက်နိုင်တဲ့ အရင်းအမြစ်တွေအပြင် ကျင့်ကြံအဆင့်ကို မြှင့်တင်ပေးနိုင်တဲ့ လေ့ကျင့်ရေးအခန်းတွေကော မှော်စွမ်းအားနည်းစနစ်တွေကော အများကြီးရှိတယ်၊ အဲ့တာကြောင့် ဒီနေရာမှာနေတာက ငါတို့ရဲ့ အချိန်တွေကို ဖြုန်းတီးနေတာ သက်သက်ပဲ "
ဝူမင် မချိပြုံးပြုံးကာ ပြောလိုက်၏။ ပါရမီရှင်များအကုန်လုံးက အင်မော်တယ်နန်းတော်ကို ရောက်နေချေပြီ။ သူတို့ တစ်ရက်နောက်ကြလေ ထိုသူများနှင့် ပိုဝေးကွာသွားလေပင်။
" ကောင်းပြီလေ .. ဒါဆိုလဲ ငါတို့ နှစ်လအတွင်း အင်မော်တယ်နန်းတော်ကို သွားကြတာပေါ့ "
ရဲ့ဟိုင် ဝူမင်ကိုကြည့်ကာ ပြောလိုက်သည်။
" ကောင်းပြီ "
ဝူမင် ခဏစဥ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။
မည်သို့ပင်ဆိုပါစေ ဝူမင်သည် အင်မော်တယ်နန်းတော်ကို သူတစ်ယောက်တည်း မပြန်ရဲသည်ကတော့ အမှန်ပင်။
တစ်ဖက်တွင် ရဲ့ဟိုင်က နှစ်လအကြာ၌ အင်မော်တယ်နန်းတော်သို့ သွားတော့မည်ဟု ဆိုသောစကားကို ကြားသောအခါ ရှီကျား၏ နှိပ်နေသောလက်က ခဏရပ်တန့်သွားလေသည်။ သို့သော် သူမ ပုံမှန်နှိပ်နယ်မှုကို ပြန်လည်၍ အမြန်စတင်လိုက်၏။
ဤသို့ဖြင့် ခဏမျှစကားပြောပြီးနောက် ရဲ့ဟိုင်မတ်တပ်ထရပ်လိုက်ပြီး ဓာတ်ကြီးငါးပါးဓားဂိုဏ်းမှလူများကို သင်ကြားပေးရန်အတွက် ဦးတည်လိုက်သည်။
" ရှီကျား "
ရှီကျားသည် သူမ၏အသိစိတ်ထဲတွင် ချန်ရှီ၏ အသံပို့လွှတ်ကာ ခေါ်လိုက်သောအသံကို ကြားသောအခါ တအံ့တဩဖြင့် သွားနေသောခြေလှမ်းများ ရပ်တန့်သွား၏။
" နင် .. နင့်ရဲ့ အနှိပ် နည်းစနစ် ငါ့ကို သင်ပေးလို့ရမလား "
ချန်ရှီ နှုတ်ခမ်းကိုကိုက်ကာ တီးတိုးပြောလာလျှင် ရှီကျား အလွန်အံ့အားသင့်သွားသည်။
" မဟုတ်ဘူး .. ဒါက အစေခံတွေပဲ သင်ယူရတဲ့ နည်းစနစ်လေ၊ အဲ့တာကို တကယ်ချင်နေတယလား "
ရှီကျား အလန့်တကြားပင် ပြန်မေးလိုက်၏။
" ငါတို့ရဲ့ ဆက်ဆံရေးမှာ သခင် ဒါမှမဟုတ် အစေခံဆိုတာ မရှိတော့ဘူး၊ ငါတို့အားလုံးက အတူတူပဲ၊ အဲ့တာကြောင့် ငါလဲ ဒီအနှိပ်နည်းစနစ်ကို သင်လို့ရတယ် "
ချန်ရှီ၏ ထိုဆုံးဖြတ်ချက် ပြတ်သားနေသော အမူအရာနှင့် စကားကိုကြားသောအခါ ရှီကျား သူမကို ထပ်မငြင်းနိုင်တော့ပေ။
" ကောင်းပြီလေ .. မိန်းကလေးချန် နင်လေ့လာချင်တယ်ဆိုလဲ ငါသင်ပေးမယ် "
ရှီကျား၏အနှိပ်နည်းစနစ်သည် ရှေးဟောင်း နည်းစနစ်တစ်မျိုးဖြစ်ပြီး အမွေခံနည်းစနစ်ဖြစ်သော်လည်း ဤအရာက အနှိပ်နည်းစနစ်လေးသာဖြစ်သည်။ ထို့ကြောင့် ချန်ရှီက သင်ယူချင်သည်ဆိုလျှင် သူမအနေဖြင့် သင်ပေးနိုင်စွမ်းရှိ၏။
တစ်ဖက်တွင် ရဲ့ဟိုင် လေ့ကျင့်သင်ကြားပေးသည့် နေရာကို ရောက်သည့်အခါ ဓာတ်ကြီးငါးပါးဓားဂိုဏ်းမှ တပည့်ပေါင်း တစ်သိန်းကျော်နီးပါး စုဝေးနေသည်ဆိုတာကို တွေ့လိုက်ရသည်။
ယခုအချိန်တွင် ကောင်းကင်ဓားမြို့တော်မှလွဲ၍ ကောင်းကင်ဓားနယ်မြေတစ်ခုလုံးကို ဓာတ်ကြီးငါးပါးဓားဂိုဏ်းက သိမ်းပိုက်ထားပြီးပြီဖြစ်၏။ ထို့ကြောင့် ဤတပည့်များက ဘာမှအပြင်တွင် လုပ်စရာမရှိတော့ဘဲ ဤနေရာတွင် လာရောက်သင်ကြားနိုင်ခြင်းဖြစ်သည်။
တပည့်များအားလုံး ဤနေရာတွင် စုဝေးနေသော်လည်း အပြင်ဘက်၌ ဓာတ်ကြီးငါးပါးဓားဂိုဏ်း၏ နယ်မြေတွေကို မည်သူကမှ တိုက်ခိုက်ရဲခြင်းမရှိပေ။
အဘယ့်ကြောင့်ဆိုသော် ရဲ့ဟိုင်က အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ဓာတ်ကြီးငါးပါးဓားဂိုဏ်းအား သူကာကွယ်ထားကြောင်း ရှင်းရှင်းလင်းလင်း သက်သေပြထားသောကြောင့်ဖြစ်၏။
ထိုသက်သေက တစ်ခြားမဟုတ်ဘဲ ထာဝရဓားဂိုဏ်းသာဖြစ်လေသည်။