လွန်ခဲ့သည့် လများအတွင်း ရဲ့ဟိုင်၏ သင်ကြားပြသပေးမှုက ဓာတ်ကြီးငါးပါးဓားဂိုဏ်းမှ တပည့်များအားလုံးကို အလွန်အားရ ကျေနပ်စေ၏။
ဂိုဏ်း၏ နိမ့်ကျသော တပည့်များဆိုလျှင် ရဲ့ဟိုင်ကို ပို၍လေးစား ကိုးကွယ်နေကြသည်။
မြေအမတအဆင့် ကျင့်ကြံသူများဆိုသည်မှာ မည်သည့်ဂိုဏ်းတွင်မဆို အဆင့်အတန်းနိမ့်ကျသော တပည့်များဖြစ်၏။ သို့သော် ဤနေရာတွင်တော့ ရဲ့ဟိုင်၏ တလေးတစား ဆက်ဆံခြင်းကို ခံရလေသည်။
ယခင်အတိုင်းပင် ရဲ့ဟိုင်က ထိုတပည့်များအား သူတို့၏ ကျင့်ကြံခြင်းတွင် ခက်ခဲနေသောမေးခွန်းများကို ကူညီကာ ဖြေရှင်းပေး၏။
နေ့လည်ပိုင်းတွင်သူက ဓာတ်ကြီးငါးပါးဓားသိုင်းကို လူတိုင်းကြည့်ရှုနိုင်အောင်လို့ သရုပ်ပြကာ ကစားပေးလေသည်။
ဓာတ်ကြီးငါးပါးဓားဂိုဏ်းမှ လူများအကုန်လုံးသည် ရဲ့ဟိုင်၏ ဓားသိုင်းကစားပြသည်ကို မျက်တောင်မခတ်ဘဲ သေချာပင် အာရုံစူးစိုက်ကာ ကြည့်ရှုနေခဲ့ကြပြီး ဓားဘုရင်ပင်လျှင် အကျိုးကျေးဇူးများစွာ ရရှိခဲ့၏။
ဤသို့ဖြင့် ညနေပိုင်းရောက်သောအခါ ရဲ့ဟိုင်သည် ဓာတ်ကြီးငါးပါးဂိုဏ်းမှ ကျင့်ကြံသူများကို အကြီးအကဲများပါမကျန် ဆင့်ခေါ်လိုက်သည်။
" မင်းတို့အားလုံး ငါ့ရဲ့သင်ကြားမှုတွေကို တစ်လတာနားထောင်ပြီးပြီဆိုတော့ တချို့တပည့်တွေက ကျင့်ကြံအဆင့်တက်ဖို့ အတွက်နီးနေပြီ၊ တချို့ကတော့ အဆင့်တက်ဖို့ ခက်ခဲနေကြရတုန်းပဲ "
ထိုသို့ပြောရင်း ရဲ့ဟိုင်လူတိုင်းကို လှည့်ပတ်ကာကြည့်လိုက်၏။
" ဒီလိုအခြေအနေတွေကြောင့် ငါမင်းတို့ကို အကောင်းဆုံး အခွင့်အရေး တစ်ခုပေးမယ် "
ဓာတ်ကြီးငါးပါးဓားဂိုဏ်းမှ လူများအားလုံး အံ့အားသင့်နေချိန်တွင် ရဲ့ဟိုင် လက်ကိုဝှေ့ယမ်းလိုက်သောအခါ ရောင်စုံသလင်းကျောက်များ မြောက်များစွာက လေဟာနယ်ထဲ၌ အပြည့်ထွက်ပေါ်လာသည်။
ထိုရောင်စုံ သလင်းကျောက်များမှ ရွှေသတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ၊ ဓာတ်ကြီးငါးပါးရောင်စုံအလင်းတန်းများဖြာထွက်နေ၏။
" အဲ့တာက ဘာတွေလဲ "
" နေဦး .. အဲ့တာက ဓာတ်ကြီးငါးပါး တာအိုကျောက်တုံးတွေမလား "
" ပြီးတော့ ဒြပ်စင်ငါးမျိုး အစုံအလင်ရှိနေတာ "
ဓာတ်ကြီးငါးပါး တာအိုကျောက်တုံး ဆိုသည်မှာ လူတစ်ဦးအား ဒြပ်စင်ငါးမျိုးကို အလျင်မြန်ဆုံး နားလည်ရန် ကူညီပေးနိုင်စွမ်းရှိသည်။ အဆင့်နိမ့်ဓာတ်ကြီးငါးပါး တာအိုကျောက်တုံးတစ်တုံးပင်လျှင် အလွန်အမင်း အဖိုးထိုက်တန်လွန်းလှလေ၏။
" ရဲ့ဟိုင်က ငါတို့ကို တကယ်ပဲ ဓာတ်ကြီးငါးပါး တာအိုကျောက်တုံးတွေ ပေးဖို့ လုပ်နေတာလား "
ယခုအချိန်တွင် ဓာတ်ကြီးငါးပါး ဓားဂိုဏ်းမှ လူများအားလုံး အံ့အားသင့်ကာ ဆွံ့အနေကြသည်။
ထိုအချိန်တွင် များပြားလှသော ဒြပ်စင်ငါးမျိုးကျောက်တုံးများက တပည့်တစ်ယောက်ချင်းစီ၏ အရှေ့သို့ ရောက်ရှိလာလေ၏။
ကျင့်ကြံအဆင့်နိမ့်ကျသော တပည့်များပင်လျှင် ဒြပ်စင်တာအို ကျောက်တုံးတစ်တုံးကို လက်ခံရရှိသည်။
မြေအမတအဆင့်နှင့် ကောင်းကင်အမတအဆင့် ကျင့်ကြံသူများသည် အဆင့်နိမ့်ဒြပ်စင်ငါးမျိုးကျောက်တုံးကို ရရှိကြပြီး ကျောက်စိမ်းအင်မော်တယ်အဆင့်နှင့် ရွှေအင်မော်တယ်အဆင့်၊ အင်မော်တယ်သခင်အဆင့် များကတော့ အလယ်အလတ်အဆင့် ဒြပ်စင်ငါးမျိုးကျောက်တုံးကို ရရှိကြ၏။
ရဲ့ဟိုင်သည် သူတို့၏ ပါရမီအရည်အချင်းပေါ်အခြေခံ၍ မတူညီသော ဒြပ်စင်ငါမျိုး တာအိုကျောက်တုံးများကို ပေးအပ်ခဲ့လေသည်။
အချို့သော ကျင့်ကြံသူများက ဓာတ်ကြီးငါးပါးကို ကျင့်ကြံကြသဖြင့် သူတို့က သတ္တု၊ သစ်သား၊ ရေ၊ မြေ၊ မီး ဒြပ်စင်ငါးမျိုးတာအိုကျောက်တုံး စုံအောင်ရရှိကြ၏။
ဓာတ်ကြီးငါးပါးဓားဂိုဏ်းမှ လူများအကုန်လုံး သူတို့လက်ထဲတွင်ရှိနေသည့် သလင်းကျောက်များကို တအံ့တဩဖြင့် စိုက်ကြည့်နေပြီး မည်သို့ပြောရမှန်းမသိကြချေ။
ဤအရာက မယုံကြည်နိုင်လောက်အောင် အဖိုးတန်သော အရာများဖြစ်ပြီး ဂိုဏ်း၏ ပင်မတပည့်များသာ ရရှိနိုင်သည့် အရင်းအမြစ်များလည်းဖြစ်သည်။ ယခုတော့ ရဲ့ဟိုင်က တပည့်တိုင်းကို တစ်ယောက်ချင်းစီ ပေးအပ်ခဲ့၏။ ဤမျှရက်ရောမှုက တော်ယုံစိတ်ထားနှင့် လုပ်နိုင်မည် မဟုတ်ချေ။
ဝူမင်မှာ အဝေးကနေ ထိုမြင်ကွင်းကိုကြည့်ပြီး နှုတ်ခမ်းက တဆတ်ဆတ်တုန်ယင်နေလေသည်။
" ဒြပ်စင်ငါးမျိုး တာအိုကျောက်တုံး သိန်းနှင့်ချီ ဒါတွေအားလုံးကိုရောင်းလိုက်ရင် များပြားလှတဲ့ တာအိုကျောက်တုံးတွေကို ရမှာမဟုတ်ဘူးလား "
" သေချာပေါက် အဲ့တာတွေအကုန်လုံးကို ရောင်းလိုက်ရင် အနည်းဆုံး တာအိုကျောက်တုံး သန်း ( 100 ) ကျော်လောက် ရနိုင်တယ် "
ချန်ရှီကလည်း တအံ့တဩ ပြောလိုက်၏။
ဓာတ်ကြီးငါးပါး ဓားဘုရင်မှာ ထိုမြင်ကွင်းကိုကြည့်ပြီး သူလည်း စိတ်တည်ငြိမ်နိုင်စွမ်း မရှိတော့ပေ။
ထိုအချိန်တွင် ဒြပ်စင်ငါးမျိုး တာအိုကျောက်တုံးများကို ရရှိသွားသော တပည့်တိုင်းက ဤနေရာတွင်ငုတ်တုပ်ထိုင်ချလိုက်ကာ သလင်းကျောက်ထဲမှ စွမ်းအားကို စုပ်ယူ၍ စတင်ကျင့်ကြံလိုက်ကြသည်။
သူတို့ မိမိနေရာသို့ ပြန်လည်ယူဆောင်သွားသည့် အချိန်တွင် အခြားသူများက လုယူခံရမည်ကို စိုးရိမ်မိကြလေ၏။
ထို့ကြောင့် ဤနေရာတွင် တစ်ခါတည်းကျင့်ကြံလိုက်သည်က မည်သူမှ သူတို့၏ လက်ထဲကနေ ဒြပ်စင်ငါးမျိုး တာအိုကျောက်တုံးတွေကို မလုယူနိုင်တော့ဘူးဖြစ်သည်။
တပည့်များက ထိုကဲ့သို့တစ်ခါတည်း ကျင့်ကြံလိုက်လျှင် ရဲ့ဟိုင်ကလည်း ချက်ချင်းပင် ဓာတ်ကြီးငါးပါးဓားသိုင်း၏ နက်နဲသော တာအိုအကြောင်းတရားများကို စတင်၍ရှင်းပြ၏။
ဤသို့ဖြင့် ရက်အနည်းငယ်ကြာသောအခါ ဓာတ်ကြီးငါးပါးဓားဂိုဏ်းမှ တပည့်များအကုန်လုံး ဒြပ်စင်ငါးမျိုး တာအိုကျောက်တုံးများကို စုပ်ယူပြီးစီးသွားကြပြီး အကုန်လုံးနီးပါး သိသာထင်ရှားသည့် တိုးတက်မှုများ ရှိသွားကြသည်။
ထိုလူများအားလုံး ကျင့်ကြံပြီးသွားသောအခါ ရဲ့ဟိုင်သည် အနားယူခြင်းမရှိဘဲ သူတို့ကျင့်ကြံနေစဥ် အခက်အခဲများ အကုန်လုံးကို မေးမြန်းပြီး ဖြေကြားပေး၏။
ဤသို့ဖြင့် အချိန်များက တရွေ့ရွေ့ကုန်ဆုံးသွားပြီး မကြာခင် နှစ်လကိုကျော်လွန်သွားခဲ့သည်။
ထိုသို့ နှစ်လကျော်လွန်သွားသောအခါ ရဲ့ဟိုင် မတ်တပ်ထရပ်လိုက်ပြီး ဓာတ်ကြီးငါးပါးဓားဂိုဏ်းမှ လူများအားလုံးကို ပြုံး၍ကြည့်ကာ...
" ကောင်းပြီ .. ငါသင်ကြားပေးသင့်တာတွေလဲ သင်ကြားပေးပြီးပြီဆိုတော့ အင်မော်တယ်နန်းတော်ကိုသွားတော့မယ်၊ အကုန်လုံးပဲ ရေစက်ရှိရင် ပြန်ပြီးတွေ့ကြသေးတာပေါ့ "
" ဂိုဏ်းချုပ်ရဲ့ .. အနာဂါတ်ကျရင် ကျွန်တော်တို့ ဓာတ်ကြီးငါးပါးဓားဂိုဏ်းကို နောက်တစ်ကြိမ်ထပ်လာဦးမှာလား "
" ဂိုဏ်းချုပ်ရဲ့ ကျွန်တော်တို့အကုန်လုံး ဂိုဏ်းချုပ်ရဲ့ကို အမြဲတမ်း သတိရနေမှာပါ "
" ဂိုဏ်းချုပ်ရဲ့ နောက်ထပ်ရက်အနည်းငယ်လောက် နေပါဦးလား "
" ဟုတ်ပါတယ် ဂိုဏ်းချုပ် ခဏလောက်ထပ်ပြီးတော့ အချိန်ပေးလို့ရသေးလား "
ဓာတ်ကြီးငါးပါးဓားဂိုဏ်းမှတပည့်များ တစ်ယောက်တစ်ပေါက်ဖြင့် အော်ပြောလိုက်ကြ၏။
အထူးသဖြင့် ထိုတပည့်များအကုန်လုံးသည် တူညီသောစိတ်ရင်းမှန်ဖြင့် ရဲ့ဟိုင်ကို ဂိုဏ်းတွင်ထပ်နေရန်အတွက် ကြိုးစားနေကြလေသည်။
ဤရက်ပိုင်းအတွင်း ရဲ့ဟိုင်က သူတို့ကို ဓာတ်ကြီးငါးပါးဓားသိုင်း၏ လေးနက်သော အနှစ်သာရ အဓိပ္ပါယ်ကို မချွင်းမချန်အကုန်လုံး သင်ကြားပေးခဲ့၏။
ထို့ပြင် မိမိဂိုဏ်းမှ အကြီးအကဲများနှင့် ခေါင်းဆောင်များပင် တပည့်များကို ခွဲခြားဆက်ဆံသော်လည်း ရဲ့ဟိုင်က လူတိုင်းကို တန်းတူဆက်ဆံခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ရဲ့ဟိုင်၏ တည်ရှိမှုက သူတို့၏စိတ်ထဲ၌ တကယ်ကို ကိုးကွယ်စရာ အစစ်အမှန် နတ်ဘုရားတစ်ပါးပင်။
ရဲ့ဟိုင် ပြုံးရုံသာပြုံးလိုက်ပြီး နောက်သို့ ချာခနဲလှည့်ကာ ထွက်လာ၏။
" ဂိုဏ်းချုပ်ရဲ့ "
ဓာတ်ကြီးငါးပါး ဓားဂိုဏ်းမှ တပည့်များ သူ့ကိုမည်သို့ပင် ခေါ်နေပါစေ ရဲ့ဟိုင် အနောက်ကိုလုံးဝ တစ်ချက်လေးတောင် လှည့်ကြည့်ခြင်းမရှိပေ။
ရဲ့ဟိုင် ဓာတ်ကြီးငါးပါးဓားဂိုဏ်း၏ အဝင်ဝသို့ ရောက်သောအခါ ဓားဘုရင်နှင့် ရှုကျန်းယီတို့က သူ့ဘေးနားသို့ ရောက်ရှိလာလေသည်။
" ရဲ့ဟိုင် "
ဓားဘုရင် ရဲ့ဟိုင်ကို လေးနက်စွာ ကြည့်လိုက်ပြီး...
" ငါသေချာစဥ်းစားပြီးတဲ့နောက်မှာ ဓာတ်ကြီးငါးပါးဓားဂိုဏ်းကို ယွမ်ဟန်ဂိုဏ်းလက်အောက်ဝင်ဖို့အတွက် ဆုံးဖြတ်လိုက်ပြီ "
ထိုစကားကိုကြားသည့်အချိန်တွင် ရဲ့ဟိုင်၏မျက်နှာ၌ အံ့အားသင့်မှုမရှိပေ။
" ဓာတ်ကြီးငါးပါးဓားဂိုဏ်းရဲ့ အကြီးအကဲတွေနဲ့ အကုန်လုံး ဒီကိစ္စကို သိသွားပြီလား "
" မသိသေးဘူး "
ဓားဘုရင် ခေါင်းခါယမ်းလိုက်လျှင် ရဲ့ဟိုင်၏ အမူအရာ လေးနက်သွား၏။
" ကျွန်တော်ကတော့ .. ဒီကိစ္စကို အကုန်လုံးနဲ့ ဆွေးနွေးသင့်တယ်လို့ ထင်တယ် "
" ဟမ့် .. ဓာတ်ကြီးငါးပါးဓားဂိုဏ်းကို ငါကိုယ်တိုင် တည်ထောင်ခဲ့တာပဲ၊ ငါ့ကို ဘယ်သူ ဆန့်ကျင်ရဲမှာလဲ "
ဓားဘုရင် ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။
" အဲ့လိုဆိုလဲ ကောင်းပြီလေ .. လောလောဆယ်တော့ ဓာတ်ကြီးငါးပါးဓားဂိုဏ်းက ယွမ်ဟန်ဂိုဏ်းလက်အောက်ကို ရောက်သွားတယ်ဆိုတာကို လူသိရှင်ကြား မပြောနဲ့ဦး "
ထိုသို့ပြောပြီးသည်နှင့် ရဲ့ဟိုင် ဓားဘုရင်ကိုကြည့်လိုက်ပြီး...
" ဒီနှစ်တွေမှာ ဘဏ္ဍာတိုက်ထဲမှာရှိနေတဲ့ အရင်းအမြစ်တွေကို ဒီအတိုင်းမသိမ်းထားနဲ့ .. ဂိုဏ်းရဲ့စွမ်းအားကို အရှိန်နဲ့မြှင့်တင်ဖို့အတွက် တတ်နိုင်သမျှ အသုံးပြုလိုက်ပါ၊ မဟုတ်ရင် အနာဂါတ်မှာ တိုးတက်ချင်ရင်တောင်မှ အချိန်ရှိမှာ မဟုတ်လောက်တော့ဘူး "
" ကောင်းပြီ .. ဒီအမိန့်ကို ကျွန်တော် အလေးအနက် လုပ်ဆောင်လိုက်ပါမယ် "
ဓားဘုရင် ချက်ချင်းပင် နှိမ့်ချသော အမူအရာဖြင့် ပြောလိုက်၏။ ရဲ့ဟိုင် စကားအသွားလာရဆို မိမိဂိုဏ်း .. ယွမ်ဟန်ဂိုဏ်း၏ လက်အောက်ခံအဖြစ် ဝင်သည့် အကြောင်းအရာကို လက်ခံလိုက်ပြီဆိုကြောင်း ပြသနေလေသည်။
" ပြီးတော့ ဒီအင်မော်တယ်အရှင်အဆင့် စစ်သင်္ဘောက မင်းတို့ လက်အောက်ခံအဖြစ် ဝင်လာတဲ့ အထိမ်းအမှတ်လက်ဆောင်ပဲ "
ရဲ့ဟိုင် ချက်ချင်းပင် သိုလှောင်အိတ်တစ်လုံးကို ဓားဘုရင်အား ပေးအပ်လိုက်၏။
ထိုလက်ဆောင်ကတော့ ဓာတ်ကြီးငါးပါးဓားဘုရင်ကို တော်တော်လေးကို ဝမ်းသာသွားစေသည်။ ဤအင်မော်တယ်အရှင်အဆင့် စစ်သင်္ဘောဖြင့်ဆိုလျှင် မိမိတို့ဓာတ်ကြီးငါးပါးဓားဂိုဏ်းက နယ်မြေချဲ့ထွင်ရန်အတွက် မည်သည့်ပြဿနာ ရှိတော့မည်နည်း။
သို့သော် လက်ရှိအချိန်တွင် ဓာတ်ကြီးငါးပါးဓားဂိုဏ်းအတွက် အရေးအကြီးဆုံးအလုပ်မှာ အင်အားကို အရူးအမူး မြှင့်တင်ရန်ဆိုတာကို သူကောင်းကောင်းသိလေ၏။
" နောက်တစ်ချက်အနေနဲ့ ငါ့ရဲ့ခွန်အား အင်မော်တယ်အရှင်အဆင့်ကို ရောက်ရင် မင်းကိုအင်မော်တယ်အရှင်အဆင့် ဖြတ်ကျော်နိုင်အောင်လို့ ကူညီပေးနိုင်မယ့် ရှေးဟောင်းတားမြစ်ဆေးလုံးကို သန့်စင်ပေးမယ် "
" ဘာ .. အင်မော်တယ်အရှင်အဆင့်ကို ရောက်နိုင်တဲ့ဆေးလုံး ဟုတ်လား "
ထိုစကားကြားသောအခါ ဓာတ်ကြီးငါးပါးဓားဘုရင်၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။
သို့သော် ချက်ချင်းပင် သူ၏မျက်နှာ၌ ခါးသီးသော အမူအရာများ ဖြစ်ပေါ်လာ၏။
" ဂိုဏ်းချုပ် ငါ့ရဲ့အကန့်အသတ်က အင်မော်တယ်သခင်အဆင့် ( 6 ) က နောက်ဆုံးပဲ၊ အဲ့ဆေးလုံးရှိရင်တောင်မှ ငါ့အနေနဲ့ အင်မော်တယ်သခင်အဆင့် ( 7 ) ကို မတက်နိုင်မချင်း ဘာမှသုံးစားလို့ ရမှာမဟုတ်ဘူး "
" အဲ့တာကို ဖြေရှင်းဖို့က လွယ်ပါတယ် "
ရဲ့ဟိုင် စကားဆုံးသည်နှင့် ရွှေရောင်အလင်းတန်းသုံးခုကို ဓာတ်ကြီးငါးပါးဓားဘုရင် ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းပေးလိုက်သည်။
" မင်းအဆင့်တက်တဲ့ အချိန်တိုင်း ဒီစွမ်းအင်သုံးခုကို တစ်ခုချင်းစီ အသုံးပြုလိုက် .. အဲ့တာဆိုမင်း အင်မော်တယ်သခင်အဆင့် ( 9 ) ကို ရောက်ရှိသွားလိမ့်မယ် "
" အဲ့တာက ဘာလဲ "
ဓာတ်ကြီးငါးပါးဓားဘုရင် အံ့အားသင့်စွာဖြင့် မေးလိုက်၏။ ရဲ့ဟိုင်ပြောစကားအရဆိုလျှင် ဤရွှေရောင်အလင်းတန်းသုံးခုက အကန့်အသတ်သို့ ရောက်ရှိနေသော လူတစ်ယောက်၏ ပါရမီကို ထပ်ကာထပ်ကာ မြှင့်တင်ပေးနိုင်ပုံရလေသည်။
" မင်းသိထားရမှာ .. ဒါကမင်းကို ကျင့်ကြံအဆင့်တက်အောင် ကူညီပေးနိုင်တယ်ဆိုတဲ့ အရာပဲ၊ ကျန်တာတွေသိစရာမလိုဘူး "
ရဲ့ဟိုင် အလေးအနက် အမူအရာဖြင့် ပြောလိုက်လျှင် ဓာတ်ကြီးငါးပါးဓားဘုရင် ချက်ချင်းပင် ဦးညွှတ်လိုက်၏။
" အခုလို ကူညီထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ် "
ရဲ့ဟိုင်က ရှင်းရှင်းလင်းလင်း မပြောလိုက်သည့်တိုင် ဓာတ်ကြီးငါးပါးဓားဘုရင်သည် ဤရွှေရောင်အလင်းတန်းသုံးခုက လူသိခံလို့ မရသည့် အရာဖြစ်ကြောင်း နားလည်သဘောပေါက်လိုက်သည်။
ထိုအချိန်တွင် ရဲ့ဟိုင်၏ မျက်လုံးအကြည့်က ရှုကျန်းယီပေါ် ရောက်ရှိသွား၏။
" ဒီဟာကတော့ မင်းအတွက်ပဲ "
ရှုကျန်းယီ သူ၏လက်ထဲသို့ ရောက်ရှိလာသော သိုလှောင်အိတ်ကို နတ်အသိစိတ်အာရုံဖြင့် ကြည့်လိုက်လျှင် မျက်နှာ၌ အံ့အားသင့်မှုနှင့် တုန်လှုပ်မှုများ ဖြစ်ပေါ်လာသည်။
" ဒါ .. ဒါ .. ဒါက အဆင့် ( 10 ) ဝိညာဥ်အရည်တွေ "
" ဟုတ်တယ် ဒီအဆင့် ( 10 ) ဝိညာဥ်အရည် သုံးပုလင်းနဲ့ဆိုရင် မင်းရွှေအင်မော်တယ်အဆင့် ( 30 ) အထိ ရောက်နိုင်ဖို့က အသေအချာပဲ "
ရဲ့ဟိုင် ထိုသို့ပြောပြီးသည်နှင့် ရှုကျန်းယီ၏ ပုခုံးကို ပုတ်လိုက်ပြီး...
" သေချာကြိုးစား "
" စိတ်မပူနဲ့ ငါမင်းကိုလုံးဝ စိတ်မပျက်ရစေဘူး "
ရှုကျန်းယီ အလေးအနက်ပင် ခေါင်းညိတ်လိုက်၏။
" ကောင်းပြီး သွားကြစို့ "
ရဲ့ဟိုင် နောက်ထပ် အင်မော်တယ်အရှင်အဆင့် စစ်သင်္ဘောတစ်စင်းကို ထုတ်ယူလိုက်လျှင် ဝူမင်နှင့် ချန်ရှီတို့ နှစ်ယောက်လုံးက ရဲ့ဟိုင်နှင့်အတူ စစ်သင်္ဘောပေါ်သို့ ခုန်တက်သွားလေသည်။
ရဲ့ဟိုင် သူ၏ အင်မော်တယ်သခင်အဆင့် စစ်သင်္ဘောနှင့် ထွက်ခွာသွားချိန်လေးမှာတင် ကောင်းကင်ဓားမြို့တော်ကနေ ရှီကျား မောကြီးပန်းကြီးဖြင့် အပြေး ဓာတ်ကြီးငါးပါး ဓားဂိုဏ်းရှိရာသို့ ရောက်ရှိလာ၏။
သူမ၏ လက်အောက်ငယ်သား တစ်ယောက် ရဲ့ဟိုင် ဓာတ်ကြီးငါးပါး ဓားဂိုဏ်းကနေ ထွက်ခွာသွားတော့မည်ဟု သတင်းပို့ကတည်းက သူမ အမြန်ပြေးလာခြင်းဖြစ်သည်။ သို့သော် ရောက်လာသည့်အချိန်တွင် စစ်သင်္ဘော၏ နောက်မြီးကိုသာ သူမမြင်လိုက်ရ၏။
" ငါအမြန်ပြေးလာတာတောင်မှ ခြေတစ်လှမ်း နောက်ကျသွားသေးတာလား "
ရှီကျား၏ မျက်နှာတွင် ဝမ်းနည်းမှုများဖြစ်တည်လာပြီး မျက်ရည်များနှင့်အတူ ရေရွတ်လိုက်လေသည်။
ယခုတစ်ခေါက် ကွဲကွာသွားပြီးနောက် သူမရဲ့ဟိုင်ကို နောက်တစ်ခေါက် ပြန်တွေ့ရမည်လားဆိုတာက လုံးဝသေချာခြင်းမရှိပေ။
ဖြစ်နိုင်လျှင် သူမ အခြားအရာများကို မမျှော်ကိုးနိုင်လျှင်တောင်မှ သူမအသစ်လေ့ကျင့်ထားသော နည်းစနစ်ဖြင့် ရဲ့ဟိုင်အား နှိပ်နယ်ပေးကာ တစ်ခေါက်လောက်ထပ် ပြုစုပေးချင်သေးလေ၏။