" အလယ်ပိုင်း ကုန်းမြေတိုက်ကြီး .. "
အလယ်ပိုင်း ကုန်းမြေတိုက်ကြီးသည် နဂါးနှင့်ကျားများ ကျင်လည်ကျက်စားရာ နေရာဖြစ်သည်။
ရဲ့ဟိုင်၊ ဝူမင်နှင့် ချန်ရှီတို့ အလယ်ပိုင်းဒေသသို့ စတင်ဝင်ရောက်ချိန်တွင် သူတို့ပထမဆုံးမြင်လိုက်ရသည်က အလွန်မြင့်မားသော မြို့ရိုးကြီးဖြစ်၏။
ကျိဒေါင်မြို့...
" ဒီမြို့က အင်မော်တယ်နန်းတော် အရှေ့ဘက်ခြမ်းကို နတ်ဆိုးသားရဲတွေ မကျူးကျော်နိုင်အောင် စောင့်ကြပ်ထားတဲ့မြို့ပဲ "
ချန်ရှီ ရဲ့ဟိုင်ကို တီးတိုးရှင်းပြလိုက်သည်။
ကျိဒေါင်မြို့ထဲသို့ ဝင်ရောက်ခြင်းက အင်မော်တယ်နန်းတော်၏ ပိုင်နက်ထဲသို့ ဝင်ရောက်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်၏။
ရဲ့ဟိုင်တို့သုံးယောက် မြို့တံခါးဝသို့ ရောက်ရှိချိန်တွင် စစ်သားများက အဝင်အထွက်လုပ်နေသည့် ကျင့်ကြံသူများကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေသည်အား တွေ့လိုက်ရသည်။
" ဒါက မြို့ထဲကို နတ်ဆိုးသားရဲတွေ ဝင်လာမှာ တားဆီးဖို့အတွက် တင်းကြပ်တဲ့ စစ်ဆေးရေးပဲ "
ထိုသို့ပြောရင်း ဝူမင်ပြုံးလိုက်ကာ ...
" ဒါပေမဲ့ ငါတို့ရာထူးတွေကြောင့် သူတို့လိုတန်းစီစရာမလိုဘူး အထဲကိုတိုက်ရိုက် ဝင်နိုင်စွမ်းရှိတယ် "
ဤသို့ဖြင့် ဝူမင်က သူ၏ရာထူးကို ပြောလိုက်လျှင် စစ်သားများသည် ရဲ့ဟိုင်တို့သုံးယောက်ကို အထူးလမ်းကြောင်းတစ်ခုကနေ ဝင်ရောက်ဖို့ ခေါ်ဆိုသွားလေသည်။
သို့သော် ထိုအထူးလမ်းကြောင်းအရှေ့တွင် ရာထူးရှိသော လူများကလည်း တန်းစီနေကြဆဲပင်။ ရဲ့ဟိုင်နှင့် ဝူမင်တို့သည် ထိုတန်းစီနေသော လူများကိုတွေ့လျှင် ဘာမှမပြောဘဲ ဤအတိုင်းသာငြိမ်၍စောင့်နေလိုက်၏။ သူ့တို့ ရာထူးဖြင့်ဆို ထိုလူများကိုခွကျော်ပြီး သွားလို့ရလေသည်။
သို့သော် သူတို့ မလုပ်ခဲ့ချေ။
ထိုအချိန်တွင် အဝေးမှဆူညံသံများ ထွက်ပေါ်လာခဲ့ပြီး မြင်းတစ်ကောင်စီးထားသော မိန်းမငယ်တစ်ဦးက ရဲ့ဟိုင်တို့ တန်းစီနေသော လမ်းကြောင်းရှိရာသို့ အရှိန်ဖြင့် ဝင်ရောက်လာသည်ကို လူတိုင်းတွေ့လိုက်ရသည်။
ရဲ့ဟိုင်တို့ အရှေ့တွင် တန်းစီနေသောသူများနှင့် အနောက်တွင် တန်းစီနေသောသူများက ထိုမြင်ကွင်းကို မြင်သောအခါ အလန့်တကြားဖြင့် အလျင်အမြန် ဘေးသို့ရွေ့ပြေးလိုက်ကြလေ၏။
" မြန်မြန် .. မြန်မြန် ရှောင်ကြ၊ ဒါက ဗိုလ်မှူးဟူရဲ့ အဖိုးတန်သမီးလေးပဲ "
" ဘယ်ဗိုလ်မှူးလဲ "
" ဗိုလ်မှူးဟူမန် ကလွဲလို့ ဘယ်သူရှိမှာလဲ "
" အဲ့လူရဲ့ သမီးလား "
ထိုမိန်းကလေးက ဘယ်သူလဲဆိုတာသိလျှင် လူတိုင်းကပို၍ပင် ဝေးဝေးသို့ လျင်မြန်စွာ ဆုတ်သွားကြသည်။
သူမလာနေသည့်အချိန်တွင် လူတိုင်းက ထိုကဲ့သို့ကြောက်လန့်တကြား ဆုတ်သွားသည်ကို တွေ့သောအခါ ဟူဝေ၏ မျက်နှာတွင် အပြုံးတစ်ခု ထွက်ပေါ်လာ၏။ သူမကို ဤကဲ့သို့ အခြားသူများက ကြောက်ရွံ့သည်အား တော်တော်လေးနှစ်သက်လေသည်။
သို့သော် မကြာခင်မှာပင် ဟူဝေသည် သူမအရှေ့၌ လူသုံးယောက်က လုံးဝမရွှေ့လျားသွားဘ ရပ်နေသေးသည်ဆိုတာကို သတိပြုမိလိုက်၏။
" ဟမ့် "
ထိုမြင်ကွင်းက ဟူဝေ၏ မျက်လုံးကို ဒေါသတရားဖြင့် တောက်ပလာစေသည်။
ဒင်းတို့ကများ ဒီသခင်မလေး၏ လမ်းကို ပိတ်ရပ်ရဲသည်ပေါ့။
ထိုသို့ဆိုလျှင်လဲ သူတို့သုံးယောက်လုံး မနက်ဖြန်နေထွက်သည်ကို မြင်စရာမလိုတော့ဘူးဖြစ်၏။
ချက်ချင်းပင် ဟူဝေသည် သူမ၏ကြာပွတ်ဖြင့် အောက်တွင်စီးလာသောမြင်းကို အသားကုန်ရိုက်ချလိုက်သည်။
သူမစီးလာသောမြင်းက ချက်ချင်းပင် နာကျင်စွာဖြင့် တစ်ချက်ဟီလိုက်ပြီး နဂိုထက်ပိုမြန်သောအရှိန်ဖြင့် ရဲ့ဟိုင်တို့သုံးယောက်ဆီသို့ အားကုန်ဝင်ရောက်သွားလေ၏။
သူမစီးလာသည့်မြင်းက သာမန်မြင်းမဟုတ်ဘဲ မိစ္ဆာသားရဲမြင်းဖြစ်သည်။ ဤမြင်းမှာ ပုံမှန်မြင်းများထက် နှစ်ဆပို၍ အကောင်ကြီးပြီး သူ၏ခန္ဓာကိုယ်အမြင့်တစ်ခုတည်းကပင် လူနှစ်ရပ်စာလောက်ရှိ၏။ ယခုသူက အရှိန်အဟုန်ဖြင့် ပြေးဝင်လာသောပုံစံမှာ တောရိုင်းနွားသိုးကြီးတစ်ကောင် အရှိန်ဖြင့်ပြေးလာသကဲ့သို့ပင်။
ထိုမြင်ကွင်းကိုမြင်သောအခါ ဝူမင် မျက်မှောင်ကုပ်သွား၏။ ထို့နောက် ဝိညာဥ်စွမ်းအားက နဖူးမှ ထိုးထွက်လာပြီး ဓားတစ်စင်းအသွင် ပြောင်းလဲသွားသည်။ ချက်ချင်းပင် ၎င်းဝိညာဥ်ဓားက မိစ္ဆာသားရဲမြင်း၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ခုတ်ပိုင်းလိုက်၏။
မမြင်နိုင်သော ဝိညာဥ်ဓားက မိစ္ဆာသားရဲမြင်း၏ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်နှင့် ၎င်းမြင်းမှ ဝမ်းနည်းပူဆွေးသော မြင်းဟီသံကြီးကို ထုတ်ဖော်ကာ အော်ဟစ်လိုက်သည်။
ထို့နောက် သူ၏ခြေထောက်က အပေါ်ကိုမြောက်တက်သွားပြီးနောက် ပြန်လည်ပြုတ်ကျလာသည့်အချိန်တွင် ဒူးထောက်ကာ လဲကျသွားလေ၏။
မြင်းပေါ်တွင်ရှိနေသော ဟူဝေမှာ ရုတ်တရက်အဖြစ်အပျက်ကြောင့် ခန္ဓာကိုယ်ကို မထိန်းထားနိုင်တော့ဘဲ အရှေ့သို့ဟက်ထိုး လွင့်ကျသွားသည်။
ဟူဝေ သူမ၏ ဒဏ်ရာကိုပင် မစစ်ဆေးနိုင်ဘဲ ချက်ချင်းပင် မိမိမြင်းအား လျင်မြန်စွာ ကြည့်လိုက်၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ၏မြင်းက ဝိညာဥ်တွင် အပြင်းအထန် ဒဏ်ရာရရှိသွားသည်ဆိုတာကို သိနိုင်လေသည်။
ထိုအရာကိုမြင်လိုက်လျှင် ဟူဝေ၏ မျက်လုံးက ရဲရဲတောက်သွားပြီး ဝူမင်ကို ဒေါသတကြီးကြည့်ကာ...
" နင်သောက်ရူးကောင် .. ငါ့ရဲ့မြင်းကို ဘယ်လိုတောင်မှ ဒဏ်ရာရအောင်လုပ်ရဲတာလဲ "
" ဟမ့် .. မြင်းကိုဒဏ်ရာရအောင် လုပ်လိုက်တာပဲ နင့်အတွက် ကံကောင်းတယ်မှတ် "
ဝူမင် အေးစက်စက်ဖြင့် ပြန်ပြောလိုက်၏။
" နင် ခွေးကောင် .. ငါ့ကို ဒီလိုပြောရဲတယ်ပေါ့ "
ဟူဝေသည် သူမကို ကျိဒေါင်မြို့ထဲတွင် မည်သူကမှ ဤကဲ့သို့ မဆက်ဆံရဲသဖြင့် ဒေါသပို၍ပင်ထွက်လာသည်။
" ဟမ့် .. ကောင်မလေး ကြည့်ရတာ နင်က တကယ်သေချင်နေတာပဲ "
ဟူဝေ၏ ထိုစကားကြောင့် တစ်ဖက်တွင် ဝူမင်ကလဲ ဒေါသထွက်လာလေ၏။ ဤမိမဆုံးမ ဖမဆုံးမလေးက တော်တော်လေးကို ရိုင်လာချေပြီ။
" သေချင်နေတာပဲ ဟုတ်လား .. တော်တော်သတ္တိကောင်းနေတာပဲ၊ ငါ့ကို သတ်မယ်ပြောရအောင် ငါဘယ်သူလဲဆိုတာ နင်သိလား "
" မင်းဘယ်သူလဲဆိုတာ ငါစိတ်မဝင်စားဘူး "
ဝူမင်သည် ဟူဝေကို အေးစက်စက်စိုက်ကြည့်လိုက်ပြီး...
" အခုချက်ချင်းပြန်တောင်းပန် .. အဲ့တာဆိုရင် နင့်အသက်ကို ငါချမ်းသာပေးမယ် "
" ကြည့်ရတာ နင်က အခေါင်းမမြင်သ၍ မျက်ရည်ဘယ်လိုကျရမလဲ မသိဘူးပဲ "
ဟူဝေ ချက်ချင်းပင် မြို့ဂိတ်ပေါက်မှ စစ်သားများကို လှမ်းကာလက်ညှိုးထိုးလိုက်ကာ ..
" နင်တို့ အကုန်လုံး အခုလာပြီး သူ့ကိုဖမ်းစမ်း "
တစ်ဖက်တွင် မြို့ဂိတ်ပေါက်မှ စစ်သားများအကုန်လုံးက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မည်သူမှ မလှုပ်ရှားကြပေ။
ဝူမင် တံခါးကိုဖြတ်ကျော်သည့်အချိန်က ပြခဲ့သော တံဆိပ်ပြားကို သူတို့မျက်လုံးထဲတွင် ယခုအချိန်အထိ မြင်ယောင်နေဆဲဖြစ်၏။
ထိုလူကိုသာ သွားဖမ်းလိုက်ပါက သူတို့ချက်ချင်း အသတ်မခံရလျှင်တောင် ကံကောင်းပေသည်။
ဟူဝေသည် စစ်သားများက တုံ့ဆိုင်းနေသည်ကို တွေ့သောအခါ သူမ၏မျက်လုံးထဲတွင် ဒေါသများက မီးတောက်လုနီးပါး ဖြစ်ပေါ်လာ၏။
" နင်တို့က ငါ့အမိန့်ကို လျစ်လျူရှုရဲတာလား "
ထိုစကားကြားလျှင် စစ်သားများ၏ မျက်နှာ၌ ခါးသီးမှုများ ဖြစ်ပေါ်လာသည်။ သို့သော် သူတို့ မလှုပ်မယှက် ရပ်နေဆဲပင်။
ဝူမင်ကတော့ အေးဆေးတည်ငြိမ်စွာဖြင့် လက်နှစ်ဖက်နောက်ပစ်ကာ သူ၏အရှေ့မှ ဟာသပုံစံဖြစ်နေသော မိန်းကလေးကို စိုက်ကြည့်နေခဲ့၏။
ထိုမြင်ကွင်းကိုကြည့်ပြီး လူတိုင်းက တစ်စုံတစ်ခုကို သတိထားမိသွားကြလေသည်။ ဝူမင်၏ ထိုပုံစံမှာ ဟန်ဆောင်ကာ လျစ်လျူရှုနေခြင်းမဟုတ်ဘဲ ထိုမိန်းကလေး၏ နောက်ခံကို လုံးဝဂရုမစိုက်ကြောင်း ပြသနေ၏။