" ဟမ့် .. နင်တို့အကုန်လုံးစောင့်နေ၊ မကြာခင် ဒီလုပ်ရပ်အတွက် အကုန်လုံးပြန်ပေးဆပ်ရမယ် "
ဟူဝေသည် စစ်သားများက လုံးဝ သူမ၏အမိန့်ကြောင့် မလှုပ်ရှားသောအခါ ရှက်ရွံ့မှုနှင့်အတူ ဒေါသများ နှစ်ဆပို၍ မြင့်တက်သွားသည်။ ထို့နောက်သူမ အကူအညီတောင်းရန်အတွက် ကျောက်စိမ်းပြားတစ်ပြားကိုထုတ်ယူပြီး ခွဲချေလိုက်၏။
ချက်ချင်းပင် အသက်ရှူကြိမ် အနည်းငယ်အတွင်း ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက အလွန်လျင်မြန်သောအရှိန်ဖြင့် မြို့တံခါးဝ၌ ထွက်ပေါ်လာလေသည်။
သူသည် ရောက်ရှိလာသည်နှင့် လက်ထဲတွင်ကိုင်ထားသောလှံကို မြေကြီးပေါ်သို့ အုန်းခနဲဆောင့်ချလိုက်ပြီး ဟူဝေအားကြည့်ကာ...
" ရှောင်ဝေ .. ညီမလေး ဘာဖြစ်လို့လဲ "
" အစ်ကို ဒီကောင်က ငါ့ရဲ့မြင်းကို သေမလိုဒဏ်ရာရစေရုံတင်မကဘူး ငါ့ကို လူရှေ့သူရှေ့မှာလဲ သတ်မယ်လို့ ခြိမ်းခြောက်တယ် "
သူမအစ်ကိုရောက်လာသည်ကို မြင်လျှင် ဟူဝေ နောက်ဆုံး၌ အားကိုးတစ်ခုကို တွေ့သွားသကဲ့သို့ ဝမ်းသာအားရဖြစ်သွား၏။ ထို့နောက် သူမ ဝူမင်ကို သတ်ဖြတ်လိုစိတ်များဖြင့် စိုက်ကြည့်ပြီး တိုင်တန်းလိုက်သည်။
ထိုလှံကိုင်ထားသော လူငယ်မှာ ဝူမင်ကို အေးစက်စက်စိုက်ကြည့်လိုက်ပြီး...
" ငါမင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ် "
" ပထမတစ်ခုက ဒီမြင်းနဲ့ တစ်ပုံစံတည်းတူညီတဲ့ တစ်ကောင်ကို ပြန်လျော်ပေးဖို့နဲ့ ဒုတိယတစ်ခုကတော့ မြင်းအစား အလယ်အလတ်အဆင့် တာအိုကျောက်တုံးတစ်သိန်းကို လျော်ကြေပေးရမယ် "
ဟူဆန်၏ စကားကိုကြားသောအခါ ခပ်လှမ်းလှမ်းတွင် စောင့်ကြည့်နေသော သူများအားလုံး ၎င်းလူငယ်က ဝူမင်ကိုခြိမ်းခြောက်ရန် ကြိုးစားနေကြောင်း ချက်ချင်းပင် နားလည်လိုက်၏။
ဒဏ်ရာရနေသောမြင်းနှင့် တူညီသော မြင်းတစ်ကောင်ကို မည်သူကရှာဖွေပြီး ပေးလျော်နိုင်မည်နည်း။ ထိုမြင်းသည် မွေးတုန်းက အမြွှာလေးမွှေးခဲ့သည်ဆိုလျှင်တော့ တစ်မျိုးပင်။
ဤသို့သာဆိုလျှင် ဒုတိယရွေးချယ်မှုတစ်ခုသာ ကျန်တော့သည်။ ၎င်းကလည်း အလယ်အလတ်အဆင့် တာအိုကျောက်တုံး တစ်သိန်းဖြစ်၏။
သိထားရမည်မှာ အလယ်အလတ်အဆင့် တာအိုကျောက်တုံးတစ်သိန်းက ဤကဲ့သို့ မိစ္ဆာသားရဲမြင်း ( 10 ) ကောင်လောက်ကို ဝယ်ယူနိုင်သည်။
" ငါကတော့ မင်း တအားကို စည်းမျဥ်းဘောင်ကနေ ကျော်ထွက်နေပြီလို့ ထင်တယ် "
ဝူမင် ထိုလူငယ်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်ပြီး ..
" မင်းသိထားရမှာ မင်းညီမက ငါတို့ကို မြင်းနဲ့တိုက်ဖို့ အရင်လုပ်ခဲ့တာနော် .. "
" ဒါပေမဲ့ မင်းတို့အခု အဆင်ပြေနေတယ်မှလား "
ဟူဆန် ဝူမင်ကို အထက်အောက်စုန်ချီဆန်ချီကြည့်ပြီး ပြောလိုက်သည်။
" ဒါက ငါ့ရဲ့ကျင့်ကြံအဆင့် အရမ်းကောင်းလို့လေ "
" မင်းရဲ့ ကျင့်ကြံအဆင့်က အဲ့လောက်တောင် ကောင်းနေတယ်ဆိုရင် မင်းအနေနဲ့ ဒီမြင်းကို ဘာအန္တရာယ်မှမပေးဘဲနဲ့ ရှောင်ရှားလိုက်နိုင်တာပဲ မဟုတ်လား၊ ဘာလို့ ဒဏ်ရာအပြင်းအထန်ရအောင်လုပ်ခဲ့လဲ "
" ဒါက မင်းညီမ စည်းကမ်းမရှိ လူသွားလမ်းမှာ မြင်းကိုဒုန်းဆိုင်းစီးလာလို့ မဟုတ်လား၊ တစ်ယောက်ယောက်က သူ့ကိုသင်ခန်းစာပေးဖို့ လိုအပ်တယ်ထင်လို့ ငါလုပ်လိုက်တာ "
" မင်းက သေချင်နေတာပဲ "
ဝူမင်၏ စကားကိုကြားသောအခါ ဟူဆန်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော ဆန္ဒများက သိပ်သည်းလာပြီး လှံက တုန်ယင်လာလေ၏။
" ခဏစောင့်ကြဦး .. "
ဝူမင် နှင့် ထိုလူငယ် တိုက်ခိုက်တော့မည်ကို မြင်လျှင် ရဲ့ဟိုင် နှစ်ယောက်လုံးကို တားမြစ်လိုက်သည်။
ရဲ့ဟိုင် ဟူဆန်ကိုကြည့်လိုက်ပြီး...
" အခုတင် မင်းရဲ့ညီမမြင်း ဒဏ်ရာရသွားလို့ အလယ်အလတ်အဆင့် တာအိုကျောက်တုံး တစ်သိန်းပေးရမယ်လို့ မင်းပြောခဲ့တယ်မလား "
ရဲ့ဟိုင် ပြုံးပြီးမေးလိုက်၏။
" အမှန်ပဲ "
ဟူဆန်သည် ထိုသူက ဘာပြောချင်သည်ဆိုတာကို နားမလည်သော်လည်း ခေါင်းညိတ်လိုက်သည်။
" တစ်ခုသိချင်မိတာက မင်းအဖေ နယ်စား နောက်ခံကြောင့် မင်းက ဒီလိုမျိုး တောင်းဆိုရဲတာလားဆိုတာ ငါသိချင်တယ် "
" ဟမ့် .. ငါ့အဖေက နယ်စားနောက်ခံကြောင့် ဆိုရင်ကော ဘာဖြစ်လဲ၊ ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်ခိုက်တဲ့သူက မင်းတို့ပဲ၊ ငါတို့ဘက်က မှားနေတာ ဘာမှမရှိဘူး "
" ကောင်းပြီ ဒါဆိုရင် မင်းပြောတဲ့အတိုင်း ငါမင်းကို အလယ်အလတ်အဆင့် တာအိုကျောက်တုံး တစ်သိန်းပေးမယ် "
ရဲ့ဟိုင် ထိုသို့ပြောပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်လျှင် အလယ်အလတ်အဆင့် တာအိုကျောက်တုံးတစ်သိန်းက မြေကြီးပေါ်တွင် တောင်ပို့လေး အရွယ်အစားတစ်ခုစာ ထွက်ပေါ်လာ၏။
ဟူဆန်နှင့် ဟူဝေတို့နှစ်ယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။ ဟူဆန်သည် အလယ်အလတ်အဆင့် တာအိုကျောက်တုံးတစ်သိန်းကို ဒီအတိုင်းပြောခဲ့ခြင်းဖြစ်ပြီး ဝူမင်ဆိုသော ကောင်ကို အခက်အခဲဖြစ်အောင်လို့ ပြုလုပ်ရန်ပင်။
သို့သော် တစ်ဖက်လူများက အလယ်အလတ်အဆင့်တာအိုကျောက်တုံးတစ်သိန်းကို တကယ်ပင်ပေးလာမည်ဟု လုံးဝမမျှော်လင့်ထားဘူးဖြစ်၏။
ဟူဆန် တစ်ခဏတုံ့ဆိုင်းပြီးနောက် လက်ကိုဝှေ့ယမ်းကာ အလယ်အလတ်အဆင့် တာအိုကျောက်တုံးတစ်သိန်းကို သူ၏သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းလိုက်သည်။
" ကောင်းပြီ .. မင်းရဲ့သူငယ်ချင်းက လျော်ကြေးပေးလိုက်ပြီဆိုတော့ ငါတို့ညီမလေးကို မင်းစော်ကားခဲ့တဲ့ ကိစ္စ ဒီနေရာမှာ ပြီးသွားပြီ "
စကားဆုံးသည်နှင့် ဟူဆန်သည် ဟူဝေကိုခေါ်ကာ လှည့်ထွက်ရန်ကြံရွယ်လေ၏။
သို့သော် ရဲ့ဟိုင်မှ...
" ခဏနေဦး "
ရဲ့ဟိုင်ပြုံးကာ နှစ်ယောက်စလုံးကို တားဆီးလိုက်သည်။
" မင်း ဘာပြောချင်သေးလို့လဲ "
ဟူဆန် ရဲ့ဟိုင်ကို မျက်မှောင်ကုပ်ကြည့်ကာ ပြန်မေးလိုက်၏။
" မင်းညီမ မြင်း ဒဏ်ရာရသွားတာကို ငါ့သူငယ်ချင်းက လျော်ကြေးပေးပြီးပြီဆိုတော့ ဒီကိစ္စကပြီးသွားပြီ၊ ဒါပေမဲ့ ငါ့သူငယ်ချင်းကို မင်းရဲ့ ညီမ မြင်းနဲ့တိုက်သတ်ချင်တဲ့ ကိစ္စကတော့ မပြေလည်သေးဘူးလေ "
ရဲ့ဟိုင် ဟူဆန်ကိုကြည့်ကာ တစ်လုံးချင်းစီ ပြောလိုက်လျှင် ဟူဆန်၏ မျက်လုံးထဲ၌ အေးစက်သော လူသတ်ငွေ့များ ပြန်လည်၍ သိပ်သည်းလာလေသည်။
" ကောင်လေး မင်းငါနဲ့ လာပြီးတော့ ကစားချင်နေတာလား "
" ငါမင်းကို သေချာသိစေချင်တာ .. မင်းညီမက မြင်းစီးပြီး နယ်စားတစ်ယောက်ကို တိုက်သတ်မလိုဖြစ်ခဲ့တာပဲ၊ အဲ့ကိစ္စက ဒီတိုင်းပြီးသွားမယ်လို့ မင်းထင်နေလား "
ရဲ့ဟိုင်၏ ထိုစကားက ဟူဆန်နှင့် ဟူဝေသာမက ကျန်လူများအကုန်လုံးကို တအံ့တဩ ဖြစ်သွားစေသည်။
အထူးသဖြင့် ဟူဆန်၏ ခန္ဓာကိုယ်က စတင်၍ တုန်ခါလာလေ၏။
" မင်း .. မင်းဘာပြောလိုက်တယ် "
ဟူဆန် ထိုသို့ပြောပြီး ဝူမင်ကို စိုက်ကြည့်လိုက်ကာ စိတ်ထဲတွင် မကောင်းသော ခံစားချက်များကို ခံစားလိုက်ရသည်။
" သောက်ရူးကောင် .. မင်းမျက်လုံး သေချာဖွင့်ပြီးတော့ကြည့်လိုက်၊ ဒါကဘာလဲဆိုတာ .. "
စကားဆုံးသည်နှင့် ဝူမင် သူ၏ခါးတွင် တုံကင်တံဆိပ်ပြားတစ်ခုကို ထုတ်ကာ ချိတ်ဆွဲလိုက်၏။ ထိုတုံကင်တံဆိပ်ပြားတွင် ရှေးဟောင်းအက္ခရာဖြင့် စာလုံးတစ်လုံးကို ရှင်းရှင်းလင်းလင်း ရေးသားထားလေသည်။
" နယ်စား "