" နယ်စား "
ထိုတံဆိပ်ပြားကိုကြည့်ပြီး ဟူဝေ၏ လှပသော မျက်နှာလေးက ချက်ချင်းပင် ဖြူဖျော့သွား၏။
" မဟုတ်ဘူး မဖြစ်နိုင်ဘူး "
" ဘာလဲ ဒီတံဆိပ်က အစစ်ဟုတ် မဟုတ်ဆိုတာကို အင်မော်တယ်နန်းတော်ဆီသွားပြီးတော့ စစ်ဆေးချင်သေးလား "
ဝူမင် ဟူဝေကိုကြည့်ကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။
" အလယ်အလတ်အဆင့် တာအိုကျောက်တုံးတစ်သိန်း ငါမင်းကိုပြန်ပေးမယ် "
ချက်ချင်းပင် ဟူဆန် ကမန်းကတန်းဖြင့် ဝူမင်အား သိုလှောင်အိတ်ကို ထုတ်ကာပြန်ပေး၏။
ဤကဲ့သို့ ငယ်ငယ်ရွယ်ရွယ်ဖြင့် နယ်စားဘွဲ့ကို ရရှိထားသည်ဆိုသည်မှာ ဘာကိုဆိုလိုနေသနည်း။
အခြားလူများက မသိသော်လည်း ဟူဆန်ကတော့ ခန့်မှန်းပြီးသွားပြီဖြစ်သည်။
ထိုအတွေးကြောင့်လည်း ဟူဆန်သည်သူက မိသားစုထဲသို့ ကြီးမားသော အန္တရာယ်ကပ်ဘေးကို ဖိတ်ခေါ်မိသွားပြီဖြစ်ကြောင်း နားလည်သွား၏။
" သူမမြင်းစီးလာတဲ့ ပုံစံက နယ်စားတစ်ယောက်ကို တည့်တည့်ဝင်တိုက်ဖို့အတွက် ကြိုးစားခဲ့တဲ့ပုံစံပဲ၊ အဲ့ဒီနယ်စားသာ ကျင့်ကြံအဆင့် မမြင့်မားနေဘူးဆိုရင် မင်းရဲ့ညီမလက်ထဲမှာ သေသွားလောက်ပြီ၊ ဒါကြောင့် မင်းရဲ့ ဟူမိသားစုက ဒီကိစ္စအတွက် ရှင်းပြချက်ပေးသင့်တယ်လို့ မထင်ဘူးလား "
ရဲ့ဟိုင်ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်ခြင်းဖြစ်သော်လည်း ဟူဆန်၏နဖူးပေါ်၌တော့ ချွေးစေးများက ထွက်ပေါ်လာခဲ့ပြီး မျက်နှာအနှံ့ကို စီးကျလာသည်။
ထိုအချိန်တွင် ဟူဆန်၏ နောက်လိုက်ငယ်သား တစ်ယောက်က တိတ်တဆိတ်ပင် လူအုပ်ထဲမှ ဆုတ်ခွာသွား၏။
မိနစ်ဝက်ခန့်ကြာသောအခါ အနက်ရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ဤနေရာကို အလျင်အမြန် ပြေးလာလေသည်။ သူခြေတစ်လှမ်းလှမ်းလိုက်တိုင်း ကြီးမားသော သားရဲကြီးတစ်ကောင် ခြေလှမ်းလိုက်သကဲ့သို့ မြေပြင်က တဝုန်းဝုန်းတုန်ခါသွား၏။
ထိုသက်လတ်ပိုင်းအရွယ် လူသည် အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာသည်နှင့် ဟူဆန်၏ မျက်နှာကို ဖောင်းခနဲပိတ်ရိုက်ချလိုက်သည်။
ဟူဆန်သည် ပါးစပ်မှသွေးများ အတောင့်လိုက်အန်ထွက်သွားပြီး သွားအချို့တောင်မှ လက်ဝါးရိုက်ချက်အောက်တွင် ကျွတ်ထွက်သွား၏။
" ခွေးလိုသား ... "
ဟူမန် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
တစ်ဖက်တွင် ဝူမင်မှာ နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး...
" ဗိုလ်ချုပ်ဟူ မင်းက ငါတို့မျက်စိရှေ့မှာ မင်းရဲ့သားနဲ့ လာကစားနေတာတော့ မဟုတ်ဘူးမလား "
ဟူမန်သာ တကယ်သာ ဟူဆန်ကို အပြစ်ပေးချင်လျှင် ဤကဲ့သို့ လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် အဆုံးသတ်လိုက်မည် မဟုတ်ချေ။
သူက မည်သူ့ကို လာပြီးလိမ်ဖို့ ကြိုးစားနေသနည်း။
ထိုစကားကြားလျှင် ရှက်ကိုးရှက်ကန်း အမူအရာများက ဟူမန်၏ မျက်နှာတွင် ဖြစ်ပေါ်လာလေ၏။
" ဒီအဖြစ်အပျက်က ငါ့ရဲ့ဟူမိသားစုအပြစ်ပါ၊ မင်းဘယ်လိုအခြေအနေ မျိုးပဲလိုချင်ပါစေ ငါတို့ဘက်က လက်ခံပေးမယ် "
" မဟုတ်ဘူး .. ဒီအဖြစ်အပျက်က မင်းရဲ့သမီးကြောင့်ပဲ၊ မင်းမိသားစုနဲ့ မဆိုင်ဘူး "
ဝူမင် ဟူဝေကို လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။
" ကောင်းပြီ ဒါဆိုရင် ဟူဝေကိုငါ မင်းလက်ထဲအပ်လိုက်မယ်၊ သူ ဒီနေ့ကစပြီးတော့ မင်းရဲ့အစေခံဖြစ်သွားပါပြီ "
ဟူမန်သည် ချက်ချင်းပင် သမီးဖြစ်သူ ဟူဝေကိုဆွဲယူပြီး ဝူမင်၏ရှေ့သို့ တွန်းပို့လိုက်၏။
တစ်ဖက်တွင် ရဲ့ဟိုင်က ထိုမြင်ကွင်းကိုကြည့်ပြီး မပြုံးဘဲမနေနိုင်ပေ။
ဝူမင်ကလဲ ဟူမန်၏ ထိုရုတ်တရက်လုပ်ရပ်ကြောင့် အံ့အားသင့်သွားသည်။
ထို့နောက်သူ လှောင်ပြုံးပြုံးလိုက်ပြီး...
" လူတစ်ယောက်ရဲ့ ရုပ်ရည်အသွင်ပြင်ကိုကြည့်ပြီး အဲ့လူက ဘယ်လိုလူလဲဆိုတာကို အကဲခတ်လို့မရဘူးဆိုကြတယ်၊ ဒီနေ့ ငါမင်းကို တွေ့တဲ့အချိန်မှာ အဲ့ဒီစကားက အမှန်ပဲဆိုတာကို သိလိုက်ပြီ "
ထိုဟူမန်ဆိုသော ကောင်သည် သူ၏အဆင့်အတန်းက ဘာလဲဆိုတာ ကောင်းကောင်းသိသွားသဖြင့် သမီးဖြစ်သူကို မိမိ၏ အစေခံအဖြစ် တွန်းပို့လာသည်မှန်း ဝူမင်ကောင်းကောင်းသိ၏။
ထိုနည်းလမ်းဖြင့် ဟူမိသားစုသည် သူဝူမင်၏ မြင့်မားသော အဆင့်အတန်းကို အားကိုးပြီး အပေါ်သို့တက်လှမ်းနိုင်မည်ဖြစ်သည်။ ပြောရလျှင် ဤလုပ်ရပ်က ဟူမိသားစုကို မဆုံးရှုံးစေပဲ အကျိုးမြတ်တောင် ရသွားစေသည်ဟု ဆိုလို့ရ၏။
သူ ဝူမင်ကတော့ မိအေးနှစ်ခါနာသူကြီး ဖြစ်သွားပေမည်။
ထိုဟူမန်က မည်သို့တောင် အရေထူလိုက်တဲ့ သူနည်း။
" သခင်လေး မင်းဘာပြောလဲဆိုတာကို ငါနားမလည်ဘူး "
ဟူမန် ရုပ်တည်ကြီးဖြင့် ပြန်ပြောလာလျှင် ဝူမင်မှာ ထိုလူ၏မျက်နှာကို အချက် ( 100 ) လောက် ဖြတ်ရိုက်ချင်သည့် စိတ်ခံစားချက်များ ဖြစ်ပေါ်လာ၏။
ဤမျှလောက်အရေထူပြီး အရှက်မဲ့သည့်လူကို သူလုံးဝမမြင်ဖူးချေ။
" ကောင်းပြီ .. ထားလိုက်တော့၊ ဒီကိစ္စကို အလယ်အလတ်အဆင့် တာအိုကျောက်တုံးနှစ်သိန်းပဲ လျော်ကြေးပေးလိုက် .. ဒါဆိုရင် ပြဿနာကပြီးသွားပြီ "
" မဟုတ်ဘူး "
ဟူမန် ချက်ချင်းပင် ခေါင်းကိုအသည်းအသန် ခါယမ်းလိုက်ပြီး...
" ငါ့ရဲ့ သမီးဟူဝေက ဒီလုပ်ရပ်မှာ အပြည့်အဝတာဝန်ရှိတယ်၊ ဒါကြောင့်သူမ နောက်ဆက်တွဲအကျိုးဆက်တွေကိုလည်း ခံနိုင်ရည်ရှိရမှာပဲ၊ မဟုတ်ရင် သူမသင်ခန်းစာမရဘဲ နောက်ကို ဒီလိုပုံစံမျိုး ထပ်လုပ်နေဦးမှာ "
ထိုသို့ပြောပြီးသည်နှင့် ဟူမန်သည် ဟူဝေကို နောက်ကနေခြေထောက်ဖြင့် ကန်ကာ ဒူးထောက်ခိုင်းလိုက်ပြီး...
" ရှောင်ဝေ .. ဒီနေ့ ဒီအချိန်ကစပြီးတော့ မင်း ဒီသခင်လေးရဲ့ အနောက်ကိုလိုက်ရမယ်၊ ဒီသခင်လေး ခိုင်းသမျှ အရာအားလုံးကိုလည်း ကျိုးကျိုးနွံနွံနဲ့ လုပ်ပေးရမယ် နားလည်လား "
" အဖေ သမီးကိုတကယ် မလိုချင်တော့ဘူးလား "
ဖခင်ဖြစ်သူ၏ ကြောက်စရာလုပ်ရပ်ကြောင့် ဟူဝေမှာ မျက်နှာဖြူဖျော့နေပြီး တကယ်ပင် ထိတ်လန့်တုန်လှုပ်နေသည်။
ထိုစကားကြားလျှင် ဟူမန်မှာ ဒေါသတကြီးဖြင့် သမီးဖြစ်သူ၏ နောက်ကျောကို ထပ်မံကန်လိုက်၏။
ဤကောင်မလေးက လက်ရှိအချိန်အထိ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်သေးဘူးလား။ မည်ကဲ့သို့ မိုက်မဲသည့် သမီးတစ်ယောက်ကို သူမွေးထုတ်ခဲ့သနည်း။
ဟူဆန်လဲ ညီမဖြစ်သူ၏ မိုက်မဲသောလုပ်ရပ်ကြောင့် ဆွံ့အသွားသည်။
ချက်ချင်းပင် သူ ညီမဖြစ်သူကို အသံပို့လွှတ်လိုက်ကာ...
" ညီမလေး အဲ့ဒီလူက ဘယ်သူလဲဆိုတာ နင်မသိဘူးလား "
" ဘယ်သူလဲ "
ဟူဝေ တအံ့တဩဖြင့် ပြန်မေးလိုက်၏။
" သူက အနာဂါတ်မှာ အင်မော်တယ်ဘုရင် ဖြစ်လာမယ့်သူပဲ "