" အင်မော်တယ်ဘုရင်အဆင့် "
ထိုစကားက ဟူဝေ၏ နှလုံးသားတစ်ခုလုံးကို တုန်ခါသွားစေသည် ဆိုတာကိုတော့ ဝန်ခံရမည်ဖြစ်သည်။
" ညီမလေး မင်းလဲသိတယ်လေ .. ငါတို့အဖေက မရေတွက်နိုင်တဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ ပြုလုပ်ပြီးမှသာ နယ်စားရာထူးကို ရခဲ့တာ၊ ဒါပေမဲ့ ဒီလူငယ်ကတော့ လက်ရှိအသက်အရွယ်နဲ့ နယ်စားရာထူးကိုရနေပြီ၊ သာမန်အခြေအနေမှာ ဒီအသက်အရွယ်နဲ့ နယ်စားတစ်ယောက် ဖြစ်နိုင်တယ်လို့ နင်ထင်နေတာလား "
" အဲ့တာကြောင့် ဖြစ်နိုင်ချေက တစ်ခုပဲရှိတယ် "
" အဲ့ဒီဖြစ်နိုင်ချေက သူ လူငယ်မျိုးဆက်သစ်ပြိုင်ပွဲမှာ ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) ခွန်အားကို ပြသခဲ့တယ်ဆိုတာပဲ "
" ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) ပါရမီရှင်တွေက ဘာကိုဆိုလိုနေတယ်ဆိုတာ နင်ကငါ့ထက်ပိုသိမယ်လို့ ထင်တယ် "
ထိုစကားကြားလျှင် ဟူဝေမှာ တိတ်ဆိတ်သွား၏။
ထို့နောက်သူမ အဖေဖြစ်သူကိုမော့ကြည့်ပြီး...
" သမီး အဖေ့ရဲ့ စကားကို နာခံပါ့မယ် "
ထိုသားအဖသုံးယောက်၏ ဇာတ်တိုက်ထားသလို မြင်ကွင်းကိုကြည့်ပြီး ဝူမင်၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားသည်။
ချက်ချင်းပင် သူ ဟူဆန်၏လက်ထဲမှ သိုလှောင်အိတ်ကို ဆွဲယူလိုက်ပြီး သားအဖသုံးယောက်ကို တစ်ချက်ပင် မကြည့်တော့ဘဲ ရဲ့ဟိုင်ထံသို့ သိုလှောင်အိတ်အား ပစ်ပေးလိုက်၏။ သူ အလယ်လတ်အဆင့် တာအိုကျောက်တုံး တစ်သိန်းတောင် ထပ်တောင်းခြင်းမရှိတော့ချေ။ ထပ်သာတောင်းလျှင် ထိုအရှက်မရှိသူက သားကိုပါ မိမိဆီ ထည့်ပေးလိုက်လောက်သည်။
" ဒီမှာ မင်းပေးလိုက်တဲ့ ခုနက အလယ်အလတ်အဆင့် တာအိုကျောက်တုံးတွေ "
ရဲ့ဟိုင်ပြုံးလိုက်ပြီး သိုလှောင်အိတ်ထဲမှ အလယ်အလတ်အဆင့် တာအိုကျောက်တုံးများကို ပြန်သိမ်းလိုက်ကာ သိုလှောင်အိတ်ကို ဟူဆန်ထံသို့ ပြန်ပစ်ပေးလိုက်သည်။
" သွားကြရအောင် "
ဤမျှနှိမ့်ချလွန်းသည့် လူများနှင့် ကြုံတွေ့ရသည့်အချိန်တွင် သူတို့အနေဖြင့် အခြားဘာလုပ်နိုင်ဦးမည်နည်း။
ဝူမင်နှင့် ရဲ့ဟိုင်တို့ ထွက်ခွာသွားသည့်အချိန်တွင် ဟူမန်က ဒူးထောက်နေသော သမီးဖြစ်သူအား စိတ်မကောင်းမှုများဖြင့် ကြည့်လိုက်၏။
" အဖေ "
ဟူဝေကလဲ ဟူမန်ကို စိတ်ပျက်အားငယ်သော မျက်လုံးများဖြင့် ပြန်ကြည့်လိုက်သည်။
" ဟူး ... ထားလိုက်တော့ စိတ်မကောင်းမဖြစ်နဲ့ ဒီလိုမျိုးပါရမီရှင်တွေက ငါတို့ဟူမိသားစု လက်လှမ်းမီနိုင်တဲ့ သူတွေမဟုတ်ဘူး "
ထွက်သွားသော ရဲ့ဟိုင်တို့ အဖွဲ့ ခြေဘယ်နှလမ်းမှ မလှမ်းရသေးခင် နောက်ထပ်သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က သူတို့၏လမ်းကို ပိတ်ဆို့လာလေ၏။
ဤသက်လတ်ပိုင်းအရွယ်လူကတော့ သူတို့သုံးယောက်လုံး သိသည့်သူဖြစ်သည်။
" လုဘန်အန်း ဒါမင်းဘာသဘောလဲ "
ဝူမင် ထိုလူကိုကြည့်ကာ အေးစက်စက်ဖြင့် မေးလိုက်၏။
" ငါတို့ရဲ့ ဗိုလ်ချုပ်က မင်းတို့သုံးယောက်နဲ့ စကားပြောချင်တယ် "
လုဘန်အန်း အလေးအနက် အမူအရာဖြင့် တလေးတစားပင် ပြန်ပြောလိုက်သည်။
" ကောင်းပြီ ဒါဆို အရှေ့က လမ်းပြ "
ရဲ့ဟိုင် ခေါင်းညိတ်လိုက်ပြီး သူ၏အမူအရာက လုံးဝတည်ငြိမ်နေလေ၏။
လုဘန်အန်း ရဲ့ဟိုင်၏ ထိုတည်ငြိမ်သော အမူအရာကိုကြည့်ပြီး အံ့အားသင့်သွားသည်။
ဗိုလ်ချုပ် လုဘင်ရှုက ဤကဲ့သို့ဖိတ်ခေါ်ပြီး မကောင်းကြံစည်မည်ကို ရဲ့ဟိုင်က လုံးဝမစိုးရိမ်ဘူးလား။
ရဲ့ဟိုင်အနေဖြင့် ဤကိစ္စကို မည်ကဲ့သို့ စိုးရိမ်စရာရှိမည်နည်း။ သူတို့အဖွဲ့ ကျိဒေါင်မြို့တော်တွင် ပေါ်လာကတည်းက လူတော်တော်များများ သိရှိပြီးလောက်ချေပြီ။ လုဘင်ရှုက ဤအခြေနေအောက်တွင် သူ့ကို မကောင်းကြံရဲမည် မဟုတ်ပေ။
လုမိသားစုသာ ဤကဲ့သို့ ပေါ်တင်လှုပ်ရှားလိုက်မည်ဆိုလျှင် များပြားလှသော အဖွဲ့အစည်းများ၏ ဝိုင်းဝန်းပြစ်တင်တိုက်ခိုက်ခြင်းကို ခံရမည်ဖြစ်၏။
လုဘန်အန်း၏ အနောက်သို့လိုက်လာရင်း သူတို့သုံးယောက်သည် အစောင့်အကြပ် မြောက်များစွာကို ဖြတ်ကျော်ပြီးနောက် အလွန်တရာ ဇိမ်ကျခမ်းနားသော ခန်းမကြီးတစ်ခုထဲသို့ ရောက်ရှိလာသည်။
ထိုခန်းမထဲတွင် ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်က စာလိပ်တစ်ခုကို စစ်ဆေးနေပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ထိုင်နေ၏။
ရဲ့ဟိုင်တို့ရောက်ရှိလာသည်ကို မြင်သောအခါ ထိုလူသည် လက်ထဲမှစာလိပ်ကိုချလိုက်ပြီး...
" ကျေးဇူးပြုပြီးထိုင်ပါ "
သူတလေးတစားပင် မတ်တပ်ရပ်ကာ ပြောလိုက်ခြင်းဖြစ်သည်။
ရဲ့ဟိုင်၊ ဝူမင်နှင့် ချန်ရှီတို့ သုံးယောက်ကလည်း ခုံများတွင် ခပ်တည်တည်ပင် ဝင်ထိုင်လိုက်ကြ၏။
လုဘင်ရှု ရဲ့ဟိုင်ကို အထက်အောက် စုန်ချီဆန်ချီကြည့်လိုက်ပြီး တည်ငြိမ်နေသော အမူအရာကို တွေ့ရလျှင် ပြုံးလိုက်သည်။
" ရဲ့ဟိုင် ငါမင်းနဲ့ ပွင့်ပွင့်လင်းလင်း စကားပြောချင်တဲ့အတွက် ဒီနေရာကို ဖိတ်ခေါ်လိုက်တာပဲ "
" အဲ့တာ အကောင်းဆုံးပေါ့ "
ရဲ့ဟိုင်သည်လည်း ကွေ့ပတ်ပြီးစကားပြောသည်ကို လုံးဝမကြိုက်ချေ။
" ကောင်းပြီ .. ဒီနေ့ဒီအချိန်ကစပြီး ကောင်းကင်ဓားမြို့တော်က ကိစ္စကို ဒီနေရာမှာပဲ ငါတို့နှစ်ယောက် အဆုံးသတ်လိုက်ကြတာပေါ့ "
လုဘင်ရှုထိုသို့ပြောပြီး စာလိပ်တစ်လိပ်ကိုကောက်ကိုင်ကာ ဖြန့်ချလိုက်လျှင် လူတိုင်းရှေ့၌ အရှေ့ပိုင်းကုန်းမြေတိုက်ကြီး တစ်ခုလုံး၏ မြေပုံက ထွက်ပေါ်လာ၏။
" ဒါပေမဲ့ မင်းတို့ ယွမ်ဟန်ဂိုဏ်းက အနာဂါတ်မှာ ဒီနယ်နိမိတ်တွေကို ကျော်ပြီးတော့ ထပ်ပြီးနယ်မြေမချဲ့ရဘူး "
လုဘင်ရှု၏ ဆွဲထားသောမျဥ်းကြောင်းကိုတွေ့လျှင် ရဲ့ဟိုင်ယောင်ယောင်လေးပြုံးလိုက်မိသည်။
" ကြည့်ရတာ လုမိသားစုက မျဥ်းကြောင်းတစ်ချက်တည်းနဲ့ အရှေ့ပိုင်းကုန်းမြေတိုက်ကြီးရဲ့ ဒေသသုံးပုံတစ်ပုံကို သိမ်းပိုက်သွားတာပဲ "
အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတွင် ဒေသကြီး ( 108 ) ခုရှိ၏။ လုဘင်ရှုက မျဥ်းကြောင်းတစ်ကြောင်းတည်းဖြင့် ၎င်းတို့ထဲမှ ( 36 ) ခုကို သိမ်းဆည်းသွားလေသည်။
" ငါတို့လုမိသားစုက အဲ့ဒီနယ်မြေ ( 36 ) ခုလုံးမှာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားတယ်၊ အဲ့တာကြောင့် ငါတို့အနေနဲ့ လုံးဝလက်မလျှော့နိုင်ဘူး "
" ငါလဲ အရှေ့ပိုင်းကုန်းမြေတိုက်ကြီးက ဒီနယ်မြေ ( 36 ) ခုကို မင်းတို့လုမိသားစု ဘယ်လိုသတ္တိနဲ့ သိမ်းပိုက်ရဲတယ်ဆိုတာကို သိချင်မိတယ် "
ရဲ့ဟိုင် ထိုသို့ပြောပြီးသည်နှင့် လုဘင်ရှုကိုကြည့်လိုက်ပြီး...
" ငါသိသလောက်ဆိုရင် မင်းတို့လုမိသားစုမှာ လုဟိုင်ဂျီလို့ခေါ်တဲ့ ထိပ်သီးပါရမီရှင်တစ်ယောက်ရှိတယ်မလား၊ ဒါပေမဲ့ အဲ့ဒီလုဟိုင်ဂျီက အနာဂါတ်မှာ အင်မော်တယ်ဘုရင်အဆင့် ဖြစ်လာရင်တောင်မှ မင်းတို့လုမိသားစုမှာ အင်မော်တယ်ဘုရင်အဆင့်နှစ်ယောက်ပဲ ရှိနေဦးမယ် "
" ဒါပေမဲ့ ငါတို့ယွမ်ဟန်ဂိုဏ်းမှာတော့ အခုတောင်မှ အင်မော်တယ်ဘုရင်အဆင့်က သုံးယောက်ရှိနေပြီ၊ နောက်ပိုင်းမှာ လေးယောက်ဒါမှမဟုတ် ဒီ့ထက်လဲပိုပြီးတော့ ရှိလာဦးမှာပဲ "
" လက်ရှိ အင်မော်တယ်ဘုရင်အဆင့် သုံးယောက်ရှိတယ်ဟုတ်လား "
လုဘင်ရှု ရဲ့ဟိုင်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး...
" ဝူမင်ရဲ့ဆရာ၊ ငါ့ဆရာနဲ့ ကျိုးဒူအာရဲ့ ဆရာတို့က လက်ရှိ ယွမ်ဟန်ဂိုဏ်းအတွက် သက်ရှိထင်ရှား အင်မော်တယ်ဘုရင်သုံးယောက်ပဲ မဟုတ်လား "
ရဲ့ဟိုင်ထိုသို့ ပေါ့ပေါ့ပါးပါး ပြောလိုက်လျှင် လုဘင်ရှု၏မျက်နှာက ပျက်ယွင်းသွား၏။ သို့သော်သူ တစ်စုံတစ်ခုကို သံသယဝင်သွားကာ မျက်မှောင်ကြုတ်သွားသည်။
" ရဲ့ဟိုင် မင်းရဲ့ဆရာက ကျန်းမိသားစုရဲ့ ဘိုးဘေးမဟုတ်လား "
" ဒီကောလဟာလတွေကို ဘယ်သူဖြန့်လိုက်တာလဲဆိုတာ ငါမသိပေမဲ့ .. ငါပြောနိုင်တာကတော့ ကျန်းမိသားစုနဲ့ ငါက အဆက်အသွယ်အချို့ရှိတယ် အဲ့ဒီလောက်ပဲ "
ရဲ့ဟိုင် ခေါင်းခါယမ်းကာ တည့်တိုးပင် ငြင်းဆန်လိုက်၏။
လုဘင်ရှုသည် ရဲ့ဟိုင်ကို သေချာစိုက်ကြည့်လိုက်လျှင် မျက်လုံးထဲ၌ တည်ငြိမ်မှုများ ရှိနေသည်ကို တွေ့သောအခါ သူကြားထားသည့်အရာက ကောလဟာလဖြစ်ကြောင်း သဘောပေါက်သွားသည်။
အဘယ့်ကြောင့်ဆိုသော် ဆရာတပည့် ဆက်ဆံရေးဆိုသည်မှာ ငြင်းဆန်လို့မရသည့် အရာတစ်ခုပင်။
" ဒါဆို မင်းရဲ့ဆရာက ဘယ်သူလဲ "
" ပွင့်ပွင့်လင်းလင်းပြောပြလို့ စိတ်မဆိုးနဲ့ ငါ့ရဲ့ဆရာ ဘယ်သူလဲဆိုတာကို မင်းမှာသိဖို့ အရည်အချင်းမရှိဘူး "
ထိုသို့ပြောပြီးသည်နှင့် ရဲ့ဟိုင် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး...
" မင်းမပြောနဲ့ မင်းတို့လုမိသားစုရဲ့ ဘိုးဘေးတောင်မှ ငါ့ဆရာကိုတွေ့ရင် စိီနယာလို့ ခေါ်ရလိမ့်မယ် "
" ဘာ... "
ထိုစကားက လုဘင်ရှုကို ပို၍ပင် မျက်နှာပျက်ယွင်းသွားစေ၏။
တစ်ဖက်တွင် ရဲ့ဟိုင်က ပြုံးရုံသာပြုံးနေပြီး ဆက်မပြောတော့ဘဲ တိတ်ဆိတ်နေသည်။
လုဘင်ရှု တစ်ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ကာ...
" ဒါက ငါတို့လုမိသားစုရဲ့ အကန့်အသတ်ပဲ၊ ဒီထက်ပိုပြီး မလျှော့ပေးနိုင်တော့ဘူး "
ရဲ့ဟိုင် မြေပုံကိုတစ်ချက်ကြည့်ပြီးနောက် မတ်တပ်ထရပ်လိုက်ကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး မျဥ်းကြောင်းတစ်ကြောင်းကို ရေးဆွဲလိုက်၏။ ထို့နောက် တောင်းဆိုချက် တစ်ခုကိုလဲ ရေးသားလိုက်လေသည်။
ထိုမျဥ်းကြောင်းနှင့် တောင်းဆိုချက်ကိုကြည့်ပြီး လုဘင်ရှု၏ မျက်နှာက မဲသဲသွားသည်။
" ဒါ လုံးဝမဖြစ်နိုင်ဘူး "
သူ ဒေါသတကြီးဖြင့် အော်ပြောလိုက်လေ၏။