ခဏတာမျှ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
စူးရူနှင့်ဂရန်းမာစတာ ရွှယ်ယွဲ့ တို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်နေကြသည်။ ရှူရာကွင်းပြင်က ဒီအတိုင်းပဲ ပြီးသွားတာလား.....
မစရသေးခင်မှာတင် အဆုံးသတ်သွားတာလား.....
ထူးဆန်းလိုက်တာ၊ တကယ်ကို ထူးဆန်းလိုက်တာ။
ကြာရှည်စွာ တိတ်ဆိတ်နေပြီးနောက် လုရွှယ်ချီက ရုတ်တရက် မေးလိုက်သည် ..... "ညီမလေး ကျင့်ပင်အာ... ရွှမ်ချာဂိုဏ်း တည်ထောင်ဖို့အတွက် ဘယ်သူက အဓိက တာဝန်ယူထားတာလဲ....."
ထိုစကားကို ကြားသော် ကျင့်ပင်အာသည် လုရွှယ်ချီကို အံ့အားသင့်သလို ကြည့်လိုက်ပြီး ညင်သာစွာ ပြန်ပြောလိုက်၏။
"ဂိုဏ်းချုပ် တောက်ရွှမ်းကတော့ ဒီကိစ္စကို တိုက်ကျူးတောင်ထိပ်နဲ့ လုံရှိုတောင်ထိပ်က စီနီယာအစ်ကိုတွေက ဝိုင်းဝန်းကူညီပေးမယ်လို့ မိန့်ကြားထားပါတယ်"
တိုက်ကျူးတောင်ထိပ်နှင့် လုံရှိုတောင်ထိပ်တို့ ပူးပေါင်းကူညီမည်ဟု ဆိုသော်လည်း
အမှန်တကယ်တွင်မူ ဂျိချန်းဖန်က အဓိက တာဝန်ယူမည်ဖြစ်ပြီး လုံရှိုတောင်ထိပ်က လိုအပ်သည်များကို ပံ့ပိုးပေးမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
အကြောင်းမှာ ဂျိချန်းဖန်နှင့် ကျင့်ပင်အာတို့၏ ဆက်ဆံရေးမှာ ထွေထွေထူးထူး ရှင်းပြနေရန် မလိုသောကြောင့်ပင်။
လုရွှယ်ချီက အသာအယာ ခေါင်းငြိမ့်ကာ တည်ငြိမ်စွာ ပြောလိုက်သည် ..... "ညီမလေး ကျင့်ပင်အာ... အကယ်၍ ငါ့ရဲ့ အကူအညီ လိုအပ်မယ်ဆိုရင် ရှောင်ကျူးတောင်ထိပ်ကို လာခဲ့ပါ"
ကျင့်ပင်အာ၏ မျက်လုံးများ ဝင်းပသွားသည်။ သူမသည် နူးညံ့သိမ်မွေ့စွာပင် ..... "ကျေးဇူးတင်ပါတယ် စီနီယာအစ်မ လု....."
လုရွှယ်ချီက ခေါင်းအသာငြိမ့်ပြပြီးနောက် ဘာမှ ထပ်မပြောတော့ပေ။ ဤမြင်ကွင်းကြောင့် ကျင့်ကျူးဆောင်အတွင်းရှိ လူအားလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြတော့သည်။
သူတို့သည် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ကြသော်လည်း မြင်လိုက်ရသည်မှာ ဤမျှသာလော.....
ကတိပေးထားတဲ့ ဒရာမာတွေ ဘယ်ရောက်ကုန်တာလဲ.....
ဘာလို့ တစ်မျိုးကြီး ဖြစ်နေရတာလဲ..... စီနီယာအစ်မ လုက ကျင့်ပင်အာကို တကယ်ပဲ လက်ခံလိုက်တာလား.....
လူတိုင်း အကြည့်ချင်း ဖလှယ်နေကြသော်လည်း မည်သူမျှ ဘာမှမပြောရဲကြပေ။
"အဟမ်း"
စူးရူသည် အမြန်မတ်တတ်ရပ်လိုက်သည်။ သူမသည် ဂရန်းမာစတာရွှယ်ယွဲ့ ဘက်သို့ လှည့်ကာ ညင်သာစွာ ပြောလိုက်၏။
"အစ်မကြီး... အချိန်လည်း နည်းနည်းနှောင်းနေပြီ။ ကျွန်မတို့ ပြန်ကြရင် ကောင်းမယ် ထင်တယ်..."
မျှော်လင့်ထားသည့် ရှူရာကွင်းပြင်မှာ ပေါက်ကွဲမလာခဲ့ပေ။
ဤသည်မှာ အနည်းငယ် နှမြောစရာကောင်းသော်လည်း တစ်ဖက်တွင်မူ စိတ်သက်သာရာ ရစေကာ အနည်းဆုံးတော့ ပြဿနာပေါင်းစုံမှ ကင်းဝေးသွားစေသည်။
ဂရန်းမာစတာရွှယ်ယွဲ့ က ခေါင်းအသာငြိမ့်သည်။ သူမလည်း အနည်းငယ် နှမြောနေသော်လည်း "ညီမလေး... နောက်တစ်ခါလည်း လာလည်ဦးနော်" ဟုသာ ဆိုလိုက်သည်။
"ဟုတ်ကဲ့ပါ" စူးရူက ပြုံးပြီး ခေါင်းငြိမ့်သည်။
ထို့နောက် ဘေးမှ ကျင့်ပင်အာကို ကြည့်ကာ "ပင်အာ... သွားကြစို့" ဟု ခေါ်လိုက်သည်။
"ဟုတ်ကဲ့" ကျင့်ပင်အာက လိမ္မာစွာ ခေါင်းငြိမ့်သည်။
လူပုံအလယ်တွင် သူမသည် စူးရူကို "ဆရာကတော်" ဟု မခေါ်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအမည်မှာ စိတ်ကူးယဉ်စရာ အလွန်ကောင်းလွန်းသောကြောင့်ပင်... လုရွှယ်ချီတောင်မှ ထိုသို့ မခေါ်သေးပေ။
အကယ်၍ သူမကသာ လူရှေ့တွင် ထိုသို့ခေါ်လိုက်လျှင် ယခုမှ တည်ငြိမ်စပြုလာသော လေထုမှာ ပြန်လည် ပေါက်ကွဲသွားနိုင်ပေသည်။
ကျင့်ပင်အာသည် ထိုမျှအထိ မိုက်မဲသူ မဟုတ်ပေ။
သူမသည် စူးရူ၏ နောက်မှ လိမ္မာပါးနပ်စွာ လိုက်ပါသွားပြီး ဤကိစ္စမှာ ယာယီအားဖြင့် ငြိမ်းချမ်းစွာ ပြီးဆုံးသွားတော့သည်။
လုရွှယ်ချီသည် ကျင့်ပင်အာ ထွက်ခွာသွားသည်ကို ကြည့်နေသည်။
သူမသည်လည်း မတ်တတ်ရပ်ကာ ဆရာမကို အသိပေးပြီးနောက် ကျင့်ကျူးဆောင်မှ ထွက်လာခဲ့သည်။
အေးစက်လှပသော မိန်းကလေးသည် အမှောင်ဆီးနှင်းဓားကို ကိုင်ဆောင်ကာ အဖြူရောင်ဝတ်စုံ လွင့်ပျံလျက် လကြည့်မျှော်စင်သို့ ရောက်ရှိလာခဲ့သည်။ လေပြေအေးများကြားတွင် သူမ၏ ဆံနွယ်များမှာ လွင့်ဝဲနေ၏...။
ဝှစ်.....
ထိုအချိန်မှာပင် အဖြူရောင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ကြည့်လိုက်ရာ လူငယ်လေးမှာ သူမ၏ နောက်တွင် ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိပေ။
အေးစက်လှပသော မိန်းကလေးသည် နှုတ်ခမ်းလေးကို အနည်းငယ် စူလိုက်သည်။
အစပိုင်းတွင် သူမ အထူးတလည် ဝမ်းမနည်းခဲ့သော်လည်း သူမရှေ့မှ လူငယ်ကို မြင်လိုက်ရချိန်တွင်မူ စိတ်ထဲမှ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပေ...။
မိန်းကလေး၏ အပြစ်ပြောစရာမရှိသော မျက်နှာလေးမှာ ဖောင်းကြွလာကာ နှုတ်ခမ်းလေးစူလျက် သူ့ကို ဝမ်းနည်းသလို ကြည့်လိုက်တော့သည်။
"ရွှယ်ချီ"
ဂျိချန်းဖန် စိတ်မကောင်းဖြစ်သွားရသည်။ သူသည် မိန်းကလေး၏ နူးညံ့လှသော လက်ကလေးကို ညင်သာစွာ ဆုပ်ကိုင်ကာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည် .....
"ဟွန့်....."
သူ့ကို ပြန်ပေးသည့် တစ်ခုတည်းသော တုံ့ပြန်မှုမှာ မိန်းကလေး၏ တိုးညင်းသော နှာခေါင်းရှုံ့သံလေးသာ ဖြစ်သည်။
သို့သော် မကြာမီမှာပင်... မကျေနပ်ချက်အားလုံးမှာ ပြင်းပြပြီး နက်ရှိုင်းလှသော အနမ်းတစ်ခုကြားတွင် ပျောက်ကွယ်သွားတော့သည်။
ဂျိချန်းဖန်သည် မိန်းကလေး၏ လှပသော မျက်နှာလေးကို အသာအယာ ထိန်းကိုင်ကာ မဆိုင်းမတွပင် နမ်းရှုံ့လိုက်သည်။ အရာအားလုံး၊ အရာအားလုံးမှာ ထိုအနမ်းထဲတွင် ပါဝင်နေတော့သည်...။
...
လျိုပေါ်တောင်၊ ရှောင်ယောက်စမ်းချောင်း။
ဟဲ့ဟွမ်ဂိုဏ်း၏ အခြေစိုက်စခန်းတွင် ကြီးမားသော ဟဲ့ဟွမ်ပင်ကြီးသည် ညင်သာစွာ လှုပ်ခတ်နေပြီး ပန်းရနံ့သင်းသင်းလေးမှာ ပျံ့လွင့်နေသည်။
သို့သော် စမ်းချောင်းတစ်ခုလုံးတွင်မူ အလွန်အမင်း ဝမ်းနည်းကြေကွဲဖွယ်ရာ အငွေ့အသက်များ ဖုံးလွှမ်းနေ၏...။
ကြည့်လိုက်ရာ ဟဲ့ဟွမ်ဂိုဏ်း တစ်ခုလုံးတွင် အဖြူရောင် ဝမ်းနည်းခြင်း အဝတ်အထည်များ လွှမ်းခြုံထားသည်။
ဟဲ့ဟွမ်ဂိုဏ်းဝင် တပည့်များသည်လည်း အဖြူရောင် ဝတ်စုံများကို တစ်ယောက်ပြီးတစ်ယောက် ဝတ်ဆင်ထားကြကာ သူတို့၏ မျက်နှာတွင် ထိတ်လန့်မှု အရိပ်အယောင်များ ရှိနေကြသည်။
အခြားအကြောင်းကြောင့် မဟုတ်ပေ။ ဟဲ့ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ် အံ့ဖွယ်သုံးပါးနတ်သမီး ကွယ်လွန်သွားသောကြောင့်ပင်.....
လောလောဆယ်တွင် ဟဲ့ဟွမ်ဂိုဏ်းတွင် ရှန်ကျင်းနယ်ပယ်ရှိ အကြီးအကဲ နှစ်ဦးသာ မနည်း ထိန်းကျောင်းနေရသည်။
ထိုသူများမှလွဲ၍ ဟဲ့ဟွမ်ဂိုဏ်းတွင် အဆင့်မြင့် တိုက်ခိုက်ရေးသမား မရှိတော့ပေ။
ထို့ပြင်... သူတို့၏ ဂိုဏ်းစောင့် ကိုးကမ္ဘာနတ်လက်နက် ဖြစ်သော ရွှမ်းဟွားခေါင်းလောင်း မှာလည်း ခိုးယူခြင်း ခံလိုက်ရသည်။
ဤကဲ့သို့သော အပြောင်းအလဲများက ဟဲ့ဟွမ်ဂိုဏ်းဝင် တပည့်များကို ထိတ်လန့်စေခဲ့သည်။
ဂိုဏ်းချုပ်မရှိ.......၊ ဂိုဏ်းစောင့် နတ်လက်နက်လည်း ပျောက်ဆုံးနေချိန်တွင် သူတို့၏ ဟဲ့ဟွမ်ဂိုဏ်းမှာ ဆက်လက် တည်တံ့နိုင်ပါဦးမည်လော.....
နတ်ဆိုးဂိုဏ်းဝင်များ ဖြစ်သည့်အတိုင်း သူတို့သည် နတ်ဆိုးဂိုဏ်း၏ စည်းကမ်းကို ကောင်းစွာ သိကြသည်။
၎င်းမှာ စကားလုံးလေးလုံးတည်း ..... "အားကြီးသူက အားနည်းသူကို အနိုင်ကျင့်ခြင်း" ပင်။ နတ်ဆိုးဂိုဏ်းအတွင်း၌ ကြီးကျယ်သော မူဝါဒများ မရှိပေ၊ အင်အားသာလျှင် အဓိက ဖြစ်သည်.....
ယခုအခါ ဟဲ့ဟွမ်ဂိုဏ်းတွင် ထိပ်တန်း တိုက်ခိုက်ရေးသမားများ၏ အကာအကွယ် မရှိတော့သလို နတ်လက်နက်လည်း ပျောက်ဆုံးနေသည်။
အခြားသော နတ်ဆိုးဂိုဏ်းများ၏ ကျူးကျော်မှုကို သူတို့ ဘာဖြင့် ခုခံနိုင်ပါမည်နည်း။
မကြာမီပင် သူတို့၏ ဟဲ့ဟွမ်ဂိုဏ်းမှာ အခြားနတ်ဆိုးဂိုဏ်းများ၏ တဖြည်းဖြည်း ဝါးမြိုခြင်းကို ခံရတော့မည်ဟု သူတို့ တွေးနေမိကြသည်။
နတ်ဘုရားဂူတစ်ခုအတွင်း၌ ဆွဲဆောင်မှုရှိဆဲဖြစ်သော အမျိုးသမီးနှစ်ဦး စုဝေးနေကြသည်။
ဤသူနှစ်ဦးမှာ ဟဲ့ဟွမ်ဂိုဏ်း၏ ကျန်ရှိနေသော အကြီးအကဲများဖြစ်ကြသည့် ပိပိုနှင့် ယွီရုံ တို့ ဖြစ်ကြသည်။
"နတ်ဆိုးဘုရင်ဂိုဏ်းနဲ့ အဆိပ်တစ်သောင်းဂိုဏ်းတို့ ဘာတွေ လှုပ်ရှားနေလဲ....." အကြီးအကဲ ပိပိုက မေးလိုက်သည်။
ထိုစကားကို ကြားသော် အကြီးအကဲ ယွီရုံက ခေါင်းကို အသာအယာ ခါယမ်းရင်း .....
"နတ်ဆိုးဘုရင်ဂိုဏ်းနဲ့ အဆိပ်တစ်သောင်းဂိုဏ်းတို့ အခုထိတော့ ဘာမှ မလှုပ်ရှားသေးဘူး။ သူတို့တွေ ဂိုဏ်းအတွင်းက ဂုဏ်သိက္ခာကို ငဲ့နေကြတာ နေမှာပါ"
"ယွီယန်ကျီ သေတုန်းကလည်း သူတို့ သက်ရှည်ခန်းမကို မတိုက်ခဲ့ဘူး၊ ဒါကြောင့် အခုလည်း ငါတို့ကို တိုက်ဦးမှာ မဟုတ်ပါဘူး..."
အမှန်စင်စစ် နတ်ဆိုးဂိုဏ်းကြီးများမှာ ဂိုဏ်းတွင်း ဂုဏ်သိက္ခာကို ငဲ့ရသေးသည်။
ဂိုဏ်းကြီး လေးဂိုဏ်း ပူးပေါင်းပြီး ကျင်းယွမ်ကလန်ကို တိုက်ခိုက်ခဲ့စဉ်က အံ့ဖွယ်သုံးပါးနတ်သမီးသည် သတ်ဖြတ်သူဓား ၏ ထိုးနှက်ချက်ကို တားဆီးရန် လျှို့ဝှက်ကျင့်စဉ်ကို သုံးပြီး အသက်ပေးခဲ့ရခြင်း ဖြစ်သည်။
သူမ ကွယ်လွန်ပြီးသည်နှင့် ချက်ချင်းဆိုသလို ဟဲ့ဟွမ်ဂိုဏ်းကို ဝါးမြိုရန် ကြိုးစားခြင်းမှာ ဂိုဏ်းသားများ၏ စက်ဆုပ်ရွံရှာမှုကိုသာ ရရှိပေလိမ့်မည်။
ဝမ်ရင်ဝမ် ဖြစ်စေ၊ အဆိပ်နတ်ဘုရား ဖြစ်စေ ထိုမျှအထိ မိုက်မဲမည် မဟုတ်ပေ။ ဟဲ့ဟွမ်ဂိုဏ်းနှင့် သက်ရှည်ခန်းမတို့မှာ အချိန်မရွေး ဝါးမြို၍ ရနိုင်သည်ဖြစ်ရာ... လောလောဆယ်တွင် သူတို့ လောရန် မလိုပေ။
"သူတို့ ငါတို့ကို တိုက်သည်ဖြစ်စေ၊ မတိုက်သည်ဖြစ်စေ... ငါတို့ ဒီအတိုင်း ထိုင်နေလို့တော့ မဖြစ်ဘူး....." အကြီးအကဲ ပိပို၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။
ကိုယ့်ကံကြမ္မာကို သူများလက်ထဲ ထည့်ပေးထားခြင်းမှာ အလွန်အမင်း မိုက်မဲသည့် လုပ်ရပ်ဖြစ်ကြောင်း ရှန်ကျင်း ကျွမ်းကျင်သူများဖြစ်သည့် သူတို့ ကောင်းစွာ သိကြသည်။
"မင်း ဘာလုပ်ချင်လို့လဲ....." အကြီးအကဲ ယွီရုံက အနည်းငယ် စဉ်းစားဟန်ဖြင့် မေးလိုက်သည်။
ထိုစကားကို ကြားသော် အကြီးအကဲ ပိပို၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမ၏ မျက်လုံးများမှာ ယုတ်မာသော အရိပ်အယောင်များဖြင့် လက်သွားကာ ..... "သက်ရှည်ခန်းမနဲ့ ပူးပေါင်းပြီး ငါတို့ ဟဲ့ဟွမ်ဂိုဏ်းရဲ့ အမွေအနှစ်တွေနဲ့ နတ်လက်နက်တွေကို ပြန်တောင်းရမယ်"
အမွေအနှစ်ဆိုသည်မှာ သိပ်အရေးမကြီးလှပေ။
စစ်မှန်သော ဟဲ့ဟွမ်ကျင့်စဉ်ကို သူတို့ ရရှိခဲ့လျှင်တောင် သူတို့ ကျင့်ကြံချင်မှ ကျင့်ကြံကြမည် ဖြစ်သည်။ နတ်လက်နက်များကသာ အရေးကြီးဆုံး ဖြစ်သည်...။
ကိုးကမ္ဘာနတ်လက်နက် ဖြစ်သော ခရမ်းရောင်ဓား.....
ဟဲ့ဟွမ်ဂိုဏ်း၏ အဖိုးတန် ရတနာဖြစ်သော ရွှမ်းဟွားခေါင်းလောင်း .....
ဤနတ်လက်နက် နှစ်ခု၏ စွမ်းအားမှာ ပြောနေရန်ပင် မလိုပေ။
၎င်းတို့သာ သူတို့လက်ထဲ ရောက်လာလျှင် သူတို့၏ အင်အားမှာ အဆပေါင်းများစွာ တက်လာမည် ဖြစ်ရာ... ထို့ကြောင့် သူတို့ ၎င်းတို့ကို ပြန်လည် ရယူရမည် ဖြစ်သည်။
နတ်လက်နက်များ၏ အကူအညီဖြင့် သူတို့၏ ကံကြမ္မာကို သူတို့ကိုယ်တိုင် ဖန်တီးနိုင်မည် ဖြစ်သည်။
သို့သော်လည်း... ကံကြမ္မာဆိုသည်မှာ အမြဲတမ်း ခန့်မှန်းရ ခက်ခဲလှသည်။
အချို့လူများမှာ အသက်ရှင်ရန် အခွင့်အရေး ရှိသော်လည်း ကိုယ့်သေတွင်းကိုယ်တူးသည့် လုပ်ရပ်မျိုးကိုသာ ရွေးချယ်တတ်ကြသည်။ ထိုအခါ မည်သူ့ကို အပြစ်တင်ရပါမည်နည်း.....
***