ယွီယန်ကျီ သေဆုံးသွားပြီးကတည်းက သက်ရှည်ခန်းမသည် တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့သည်။
အခြားဂိုဏ်းများ၏ ဝါးမြိုခြင်းကို ရှောင်ရှားရန်အတွက် သူတို့သည် ဂိုဏ်းဌာနချုပ်ကို အနောက်ဘက် သေမင်းတောအုပ်ကြီး သို့ ညတွင်းချင်း ပြောင်းရွှေ့ခဲ့ကြသည်...။
သို့သော်လည်း စိတ်မချရသော အကြီးအကဲ အတော်များများမှာ သက်ရှည်ခန်းမမှ နုတ်ထွက်သွားကြသည်။ တစ်လမှ ဘယ်လောက်ရလို့ အသက်နဲ့ရင်းပြီး လုပ်နေကြမှာလဲ။
သက်ရှည်ခန်းမသည် နတ်ဆိုးလမ်းစဉ်၏ ဂိုဏ်းကြီးလေးဂိုဏ်းတွင် ပါဝင်နိုင်ခဲ့ခြင်းမှာ ယွီယန်ကျီကဲ့သို့သော ကျွမ်းကျင်သူ ရှိနေသောကြောင့် ဖြစ်သည်။
ယခု ယွီယန်ကျီ သေဆုံးသွားပြီဖြစ်ရာ သက်ရှည်ခန်းမမှာ အနှေးနှင့်အမြန် ပြိုကွဲပျက်စီးသွားမည်သာ ဖြစ်သည်။ အခြားဂိုဏ်းများ၏ ဝါးမြိုခြင်းကို ခံရမည်၊ သို့မဟုတ် လူစုကွဲသွားမည်။
မည်သို့ပင်ဆိုစေ အတွင်းပိုင်းတွင် ရှုပ်ထွေးနေသလို အပြင်ဘက်တွင်လည်း ချောင်းမြောင်းနေသူများ ရှိနေသည်။
ခြုံငုံကြည့်လျှင် သက်ရှည်ခန်းမမှာ ရေရှည်ခိုလှုံရန် မသင့်တော်တော့ပေ။
အနောက်ဘက် သေမင်းတောအုပ်ကြီးတွင် ဒုက္ခခံနေမည့်အစား အလယ်ပိုင်းဒေသ မှာပဲ နေထိုင်ရင်း အခြားသော နတ်ဆိုးဂိုဏ်းများထဲ ဝင်ရောက်ကာ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းလိုက်သည်က ပိုကောင်းပေလိမ့်မည်...။
သက်ရှည်ခန်းမ တပည့်အတော်များများက ဤသို့ပင် တွေးတောခဲ့ကြသည်။
ထို့ကြောင့် နောက်ဆုံးတွင် သက်ရှည်ခန်းမ၌ သစ္စာရှိသော ရှန်ကျင်း အကြီးအကဲ နှစ်ဦးနှင့် ကျင့်စဉ်နိမ့်ပါးသော တပည့်တစ်စုသာ ကျန်ရစ်တော့ပြီး သေမင်းတောအုပ်ကြီးသို့ ထွက်ခွာသွားကြသည်။
သူတို့၏ အင်အားမှာ ဟဲ့ဟွမ်ဂိုဏ်းထက်ပင် နိမ့်ကျနေသေးသည်။
အဘယ်ကြောင့်ဆိုသော် ကျင်းယွမ်ကလန်ကို တိုက်ခိုက်စဉ်က ယွီယန်ကျီသည် ဂျိချန်းဖန်၏ တားဆီးခြင်းကို တစ်ချိန်လုံး ခံနေရသဖြင့် သူ၏ တပည့်များကို မကာကွယ်နိုင်ခဲ့ပေ။
သို့သော် အံ့ဖွယ်သုံးပါးနတ်သမီးမှာမူ မတူညီပေ။
သူမသည် ဂိုဏ်း၏ အမွေအနှစ်များကို တစ်လျှောက်လုံး ကာကွယ်ပေးသွားခဲ့သည်။
ဟဲ့ဟွမ်ဂိုဏ်းတွင် ရှန်ကျင်း ကျွမ်းကျင်သူ နှစ်ဦးသာ ကျန်ရှိတော့သော်လည်း အလားအလာရှိသော တပည့်များမှာမူ ကျန်ရှိနေသေးသည်။ အမှန်စင်စစ် ဤကိစ္စများမှာ သူမနှင့် မသက်ဆိုင်တော့ပေ။
သူမ ..... အံ့ဖွယ်သုံးပါးနတ်သမီးသည် ဟဲ့ဟွမ်ဂိုဏ်းအတွက်၊ သူမ၏ တပည့်အတွက်၊ ထို့ပြင် ဟဲ့ဟွမ်အမွေအနှစ်အတွက်ပါ တာဝန်ကျေခဲ့သူ ဖြစ်သည်။
သူမကို ထူးခြားပြောင်မြောက်လှသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။
နတ်ဘုရားဂူ၏ အနက်ရှိုင်းဆုံးနေရာတွင် ဟဲ့ဟွမ်ဂိုဏ်းမှ ကျန်ရှိနေသော အကြီးအကဲနှစ်ဦး၏ မျက်လုံးများမှာ လက်ခနဲ ဖြစ်သွားကြသည်။
သူတို့သည် ဟဲ့ဟွမ်ဂိုဏ်း၏ အရှိန်အဝါကို မည်သို့ ပြန်လည် တည်ဆောက်ကာ ချဲ့ထွင်ရမည်နည်းဟု အမြဲ ကြံစည်နေကြခြင်း ဖြစ်သည်။
"သက်ရှည်ခန်းမရဲ့ အင်အားက ငါတို့နဲ့ အတူတူပဲ။ သူတို့ကို မဟာမိတ်အဖြစ် ရွေးချယ်တာက အမှန်ကန်ဆုံးပဲ" အကြီးအကဲ ပိပို၏ လေသံမှာ အတော်လေး လေးနက်နေသည်။
အဘယ်ကြောင့်ဆိုသော် နတ်ဆိုးဘုရင်ဂိုဏ်းနှင့် အဆိပ်တစ်သောင်းဂိုဏ်းတို့၏ အင်အားမှာ ကြီးမားလွန်းလှသည်။
အကယ်၍ သူတို့နှင့် ပူးပေါင်းပါက သူတို့ကိုယ်သူတို့ ရောင်းစားခံရမှန်းတောင် သိလိုက်ရမည် မဟုတ်ပေ။ သက်ရှည်ခန်းမကမှ ပိုပြီး စိတ်ချရသေးသည်။
"ကျင့်ပင်အာက အခု ပျောက်နေတာ၊ သူမကို ဘယ်လို မျှားခေါ်ရမလဲ......" အကြီးအကဲ ယွီရုံက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ထိုစကားကို ကြားသော် အကြီးအကဲ ပိပိုက ခေတ္တစဉ်းစားပြီးနောက် "ဂိုဏ်းချုပ်အတွက် သုံးလတာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်မယ်ဆိုတဲ့ သတင်းကို လွှင့်ကြည့်လိုက်။ အကယ်၍ ကျင့်ပင်အာမှာသာ ကျေးဇူးသိတတ်တဲ့စိတ် ရှိမယ်ဆိုရင်"
"သူမ ဆရာမကို ဦးချဖို့နဲ့ အမွှေးတိုင်ထွန်းဖို့ သေချာပေါက် ပြန်လာလိမ့်မယ်"
ဤသည်မှာ ဗြောင်ကျကျ ခင်းထားသော ထောင်ချောက်တစ်ခုပင်။
ကျင့်ပင်အာသာ လူလုံးပြလာခဲ့လျှင် သူမကို သတ်ဖြတ်ပြီး ရတနာတွေကို ပြန်လည် ရယူရန် သူတို့ အစွမ်းကုန် ကြိုးစားကြလိမ့်မည်။
ထို ဟုန်လူ ဓားနတ်ဘုရား (ဂျိချန်းဖန်) နဲ့ ပတ်သက်ရင်ရော......
ဟက်ဟက်.......
သက်ရှည်ခန်းမနဲ့သာ ပူးပေါင်းလိုက်ရင် ရှန်ကျင်း ကျွမ်းကျင်သူ လေးဦး ရှိလာလိမ့်မည်။ ထိုအခါကျလျှင် သူက ဒီလောက်အထိ မောက်မာနိုင်ပါဦးမလား။
တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးတည်းက ရှန်ကျင်း ကျွမ်းကျင်သူ လေးဦးရဲ့ စုပေါင်းအားကို တားဆီးနိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ......
ဂျိချန်းဖန် : မဖြစ်နိုင်တာ...... မဖြစ်နိုင်တာ...... ငါ့ကို တကယ်ပဲ တစ်ကိုယ်တော် ကျင့်ကြံသူလို့ ထင်နေကြတာလား............
"အရေးကြီးဆုံး အလုပ်ကတော့ သက်ရှည်ခန်းမက လူတွေကို အမြန်ဆုံး ဆက်သွယ်ဖို့ပဲ။ အကယ်၍ သူတို့ ကူညီပေးမယ်ဆိုရင် သူတို့ လိုချင်တဲ့ ဟဲ့ဟွမ်အမွေအနှစ်မှန်သမျှကို ရွေးချယ်ခွင့် ပေးမယ်" အကြီးအကဲ ပိပိုက လေးနက်စွာ ပြောလိုက်သည်။
ဟဲ့ဟွမ်အမွေအနှစ်မှာ သူတို့အတွက် ဒုတိယဦးစားပေး ဖြစ်သော်လည်း ၎င်းထဲတွင် အလွန်စွမ်းအားကြီးသော လျှို့ဝှက်ကျင့်စဉ်များနှင့် နည်းစနစ်များစွာ ပါဝင်နေသဖြင့် လူအများကို ရင်ခုန်စေနိုင်သည်...။
"ကောင်းပြီ" အကြီးအကဲ ယွီရုံက ခေါင်းငြိမ့်လိုက်သော်လည်း သူမက ပြဿနာတစ်ခုကို သတိပြုမိသွားကာ "တကယ်လို့ ကျင့်ပင်အာက ပေါ်မလာဘူးဆိုရင်ရော"
"ပေါ်မလာဘူး ဟုတ်လား...... ဟက်ဟက်" အကြီးအကဲ ပိပို၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ လက်သွားကာ ..... "လောကကြီးက ဒီလောက်ကျဉ်းတာ၊ သူမ ဘယ်လောက်ကြာကြာ ပုန်းနေနိုင်မှာလဲ......"
သူတို့သည် ဟဲ့ဟွမ်ဂိုဏ်း၏ အင်အားအားလုံးကို သုံးပြီး ကျင့်ပင်အာကို တစ်နေ့နေ့တွင် ရှာတွေ့အောင် ရှာကြပေလိမ့်မည်။ အမှန်တကယ်တွင်မူ ထိုမျှအထိ ဒုက္ခခံရန် မလိုပေ။
အဘယ်ကြောင့်ဆိုသော် မကြာမီမှာပင် ကျင်းယွမ်ကလန်သည် စစ်မှန်သော ဟဲ့ဟွမ်ကျင့်စဉ်ကို ကျင့်ကြံသည့် 'ရွှမ်ချာဂိုဏ်း' ပေါ်ပေါက်လာခြင်းကို တစ်လောကလုံး သိအောင် ကြေညာတော့မည် ဖြစ်သောကြောင့်ပင်......
ထိုအချိန်ကျလျှင် နတ်ဆိုးလမ်းစဉ်မှ လူများ၏ မျက်နှာမှာ မည်မျှအထိ မည်းမှောင်နေမည်ကို မည်သူ သိနိုင်ပါမည်နည်း......
...
ကျင်းယွမ်ကလန်။
ထုံထျန်းတောင်ထိပ် ၊ ဘိုးဘေးနတ်ကွန်း ။
သမိုင်းဝင် အရှိန်အဝါများ ပြည့်နှက်နေသော ကျောက်စားပွဲပေါ်တွင် စစ်တုရင်ခုံတစ်ခု ရှိနေပြီး အဖြူအမည်း နယ်ရုပ်များမှာ အပြန်အလှန် တိုက်ခိုက်နေကြသည်။ ဤဂိမ်းမှာ အဆုံးသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဝမ်ကျန့်ယီ နှင့် ချန်စုန့် တို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ သူတို့၏ မျက်နှာအမူအရာမှာ အနည်းငယ် လေးနက်နေပြီး ဤစစ်တုရင်ပွဲကို အလေးအနက်ထားနေကြသည်မှာ ထင်ရှားသည်။
တောက်............
နောက်ဆုံးနယ်ရုပ်ကို ချလိုက်ချိန်တွင် တောက်ရွှမ်း၏ ညီလေးဖြစ်သူ ချန်စုန့်သည် နှမြောတသစွာ ခေါင်းခါရင်း ..... "စီနီယာအစ်ကို ဝမ်ကတော့ တော်ဆဲပါပဲ"
ဝမ်ကျန့်ယီက စကားမပြောဘဲ ပြုံးလိုက်သည်။
ဝှစ်......
ထိုအချိန်မှာပင် အဝေးက လမ်းကလေးထံမှ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
ထိုသူမှာ အစိမ်းရင့်ရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ယပ်တောင်ကို ကိုင်ဆောင်ထားကာ မသေနိုင်သော ဆရာကြီးတစ်ဦးကဲ့သို့ မြင့်မြတ်သော အသွင်အပြင် ရှိသည်။
"ဂိုဏ်းချုပ် စီနီယာအစ်ကို" တောက်ရွှမ်း ရောက်လာသဖြင့် ချန်စုန့်က အမြန်မတ်တတ်ရပ်ကာ ရိုသေစွာ ဂါရဝပြုလိုက်သည်။
ဝမ်ကျန့်ယီကမူ ထိုနေရာတွင်ပင် တည်ငြိမ်စွာ ထိုင်နေရင်း တောက်ရွှမ်းကို ကြည့်ကာ စပ်စုလိုက်သည် ..... "ဂိုဏ်းချုပ်လောင်း ဂျိချန်းဖန် ပြန်ရောက်ပြီလို့ ကြားတယ်"
"သူက ဘာလို့ ငါတို့ သုံးယောက်ဆီ လာပြီး စကားမပြောတာလဲ......"
ထိုစကားကို ကြားသော် တောက်ရွှမ်းက မပြုံးဘဲ မနေနိုင်တော့ပေ။
သူသည် ပထမဆုံး ချန်စုန့်ကို မတ်တတ်ရပ်ရန် လက်ပြလိုက်ပြီးနောက် "အဲ့ဒီကလေး ဂျိချန်းဖန်က အခု အလုပ်ရှုပ်နေတာ၊ ငါတို့ သုံးယောက်နဲ့ စကားပြောဖို့ အချိန်မရှိဘူး"
"အလုပ်ရှုပ်နေတယ်...... ဘာတွေ အလုပ်ရှုပ်နေတာလဲ......" ဝမ်ကျန့်ယီက မျက်ခုံးပင့်ကာ မေးလိုက်သည်။ ချန်စုန့်ကလည်း စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသည်။
တောက်ရွှမ်းသည် သူ၏ ယပ်တောင်ကို အသာအယာ ခါယမ်းလိုက်ပြီး ဘေးတွင် အေးအေးဆေးဆေး ထိုင်ကာ ကျီစားသလို လေသံဖြင့် "သူက ကျင်းယွမ်ကလန်ကို မိန်းကလေးတစ်ယောက် ခေါ်လာတယ်လေ"
".................."
ဝမ်ကျန့်ယီမှာ လုံးဝ ကြောင်သွားကာ ..... "ဘာ...... မင်း နောက်ဆုံးအကြိမ်က ပြောတဲ့ ဟဲ့ဟွမ်ဂိုဏ်းက တပည့်မလေး၊ မင်း ရွေးထုတ်ပေးလိုက်တဲ့ တစ်ယောက် မဟုတ်ဘူးမလား"
"ဟုတ်တယ်လေ" တောက်ရွှမ်းက ခေါင်းငြိမ့်ပြသည်။
ဝမ်ကျန့်ယီ အနည်းငယ် အံ့အားသင့်သွားကာ တောက်ရွှမ်းကို သံသယဖြင့် ကြည့်ရင်း ..... "သူက ဟဲ့ဟွမ်ဂိုဏ်းက တပည့်မတစ်ယောက်ကို ခေါ်လာတာလား။ ပထမဆုံးအနေနဲ့ ရှောင်ကျူးတောင်ထိပ်က အဲ့ဒီမိန်းကလေး (လုရွှယ်ချီ) က ကန့်ကွက်တာ၊ မကန့်ကွက်တာ ခဏထား၊ မင်းကရော ဘာမှ မကန့်ကွက်ဘူးလား"
ချန်စုန့်သည်လည်း ဘေးတွင် ထိုင်ရင်း အတွေးနက်နေသည်။ ဘာမှမမေးနဲ့၊ မေးရင်လည်း ဂျိချန်းဖန်မှာ သူ့အကြောင်းပြချက်နဲ့သူ ရှိလိမ့်မယ်......
တောက်ရွှမ်းက ရယ်မောရင်း "ငါက ဘာကို ကန့်ကွက်ရမှာလဲ"
ထို့နောက် သူသည် 'ရွှမ်ချာဂိုဏ်း တည်ထောင်ခြင်း' ကိစ္စကို ပြန်လည် ပြောပြလိုက်သည်။ ၎င်းကို ကြားလိုက်ရချိန်တွင် ဝမ်ကျန့်ယီမှာ လုံးဝ အံ့အားသင့်သွားတော့သည်။
ဟာ... မင်းတို့က ဒီလိုတောင် ကစားလို့ရတာလား......
"ရှောင်ကျူးတောင်ထိပ်က မိန်းကလေးက ကန့်ကွက်မှာလား ဆိုတဲ့ ကိစ္စကတော့" တောက်ရွှမ်းက ယပ်တောင်ကို အသာခါရင်း ကျီစားသလို ဆက်ပြောသည် "ဂျိချန်းဖန် အခု အလုပ်ရှုပ်နေတာက အဲ့ဒီကိစ္စကြောင့် မဟုတ်လား"
စကားအဆုံးတွင် တောက်ရွှမ်းသည် ကြောင်အမ်းအမ်း ဖြစ်နေသော ဝမ်ကျန့်ယီကို ကြည့်ကာ နှမြောသလို ခေါင်းခါယမ်းရင်း ..... "ဂျူနီယာညီလေး ဝမ်... မင်းကလေ"
"ဂျိချန်းဖန်လောက် မတော်ဘူး"
မင်းတို့ နှစ်ယောက်စလုံးက ကြွားဝါတဲ့နေရာမှာ ဆရာကျကြပေမယ့် ဂျိချန်းဖန်ကတော့ ပိုပြီး စွမ်းတာ သိသာတယ်။ ပြီးတော့... မင်းက အချစ်ရေးမှာ ကံမကောင်းပေမယ့် သူကတော့ အောင်မြင်နေတယ်လေ။
ရွေးချယ်မှုလား......
ဂျိချန်းဖန်က ကလေးတွေပဲ ရွေးချယ်တာ၊ ငါကတော့ အကုန်လိုချင်တယ်......
***