သေချာသည်မှာ အရှေ့တိုင်းပညာရှိနှင့် သူ၏ မိသားစုဝင်များ၏ ထမင်းစားပွဲက အလွယ်တကူ ပြီးဆုံးသွားမည် မဟုတ်ချေ။
ချင်ဖုန်းကလည်း လောမနေပေ။
လက်တွေ့ကမ္ဘာဆီသို့ မပြန်ခင်၌ သူက တိုက်ပွဲဝင်ပစ္စည်းတစ်သုတ်ကို အရင်ဆုံး ရှင်းလင်းရမည်ဖြစ်ကာ လောဘလက်မှတဆင့် ယခုလေးတင် ရရှိထားသော ဆင့်ကဲပြောင်းလဲခြင်းအမှတ်များကိုလည်း အသုံးပြုရဦးမည် ဖြစ်၏။
ထိုသို့ဆိုလျှင် သူက လက်တွေ့ကမ္ဘာဆီသို့ စွမ်းရည်များကို ပိုမိုထုတ်ယူနိုင်မည် ဖြစ်သည်။
အောက်ဘုံဝိညာဉ်ထံမှနေ၍ ချင်ဖုန်းက ဆင့်ကဲပြောင်းလဲခြင်းအမှတ် စုစုပေါင်း ၁၀၀ ကို ရရှိခဲ့လေသည်။
သူ့ထံ၌ ကျန်ရှိနေသော အမှတ်များနှင့် ပေါင်းလိုက်လျှင် ယခုအခါ ၁၁၅ မှတ် ရှိနေပြီ ဖြစ်၏။
“မော်ကွန်းအဆင့်ကို မရောက်သေးတဲ့ စွမ်းရည်အများစုကို အခု မော်ကွန်းအဆင့်အထိ ဆင့်ကဲပြောင်းလဲလို့ ရပြီ”
ချင်ဖုန်းက သူ၏ စွမ်းရည်စာရင်းကို ဝေ့ကြည့်လိုက်သည်။
ဘာမှ ထပ်ပြောနေစရာ မလိုတော့ချေ။ သူက တစ်ခုပြီးတစ်ခု ဆင့်ကဲပြောင်းလဲတော့မည်ပင်။
သူက ဆင့်ကဲပြောင်းလဲခြင်း အမှတ် ၄၂ မှတ်ကို အသုံးပြု၍ အရိပ်ဝတ်ရုံကို မော်ကွန်းအဆင့်သို့ ရောက်ရန် သုံးကြိမ်တိုင်တိုင် ဆင့်ကဲပြောင်းလဲလိုက်၏။
ကိုယ်ဖျောက်ထားသည့် ကြာချိန် - ၃၆ စက္ကန့် → ၆၀ စက္ကန့်။
ကိုယ်ဖျောက်ခြင်းမှ ထွက်၍ တိုက်ခိုက်မှု - ၃၀၀ → ၅၀၀။
ပြန်လည်အသုံးပြုရန်ကြာချိန် - ၂၂ စက္ကန့် → ၁၅ (၈.၅) စက္ကန့်။
ထို့နောက် သူက နောက်ကျောဓားချက် မြှင့်တင်ခြင်းကို မော်ကွန်းအဆင့်သို့ ရောက်ရန် နှစ်ကြိမ်ဆင့်ကဲပြောင်းလဲရန်အတွက် ဆင့်ကဲပြောင်းလဲခြင်း အမှတ် ၃၄ မှတ်ကို အသုံးပြုလိုက်ရာ နောက်ကျောဓားချက် ပျက်စီးမှုအားမှာ ၅၀% မှ ၇၅% သို့ တိုးတက်သွားခဲ့လေသည်။
သူ့ထံတွင် ဆင့်ကဲပြောင်းလဲခြင်း အမှတ် ၃၉ မှတ် ကျန်ရှိနေသေး၏။
ချင်ဖုန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မြအဆင့် အဆိပ်မြှားတိုကို လောလောဆယ်၌ ဆင့်ကဲပြောင်းလဲမှု မလုပ်ဆောင်သေးရန် ဆုံးဖြတ်လိုက်သည်။
ထိုအစား သူက ပန်းပွင့်ခြင်းကျိန်စာကို နှစ်ကြိမ် ဆင့်ကဲပြောင်းလဲရန် ဆင့်ကဲပြောင်းလဲခြင်း အမှတ် ၃ မှတ်ကို အရင်ဆုံး အသုံးပြုလိုက်၏။
မြအဆင့်မှ စိန်အဆင့်၊ ထိုမှတဆင့် မော်ကွန်းအဆင့်သို့ ဆင့်ကဲပြောင်းလဲသွားသော ပန်းပွင့်ခြင်းကျိန်စာကို ကစားသမားများ သေဆုံးပြီး စက္ကန့် ၆၀ အတွင်း အလောင်းများအပေါ် အသုံးပြုနိုင်မည်ဖြစ်ကာ အာနိသင်အသစ် တစ်ခုကိုလည်း ရရှိလာခဲ့သည်။
“အလောင်းတွေကို ဖျောက်ဖျက်ပြီး သဲလွန်စတွေကိုပါ ဖျက်ဆီးပစ်လို့ ရတာလား”
ချင်ဖုန်းမှာ အံ့အားသင့်သွားခဲ့၏။
ထိုအာနိသင်က ဂိမ်းထဲတွင်မူ အသုံးမဝင်သလောက်ပင်။
သို့သော် ဂိမ်းပြင်ပ၌မူ နည်းနည်းတော့ အသုံးဝင်နိုင်မည် မဟုတ်ပါလော။
သူက သိပ်ပြီး အများကြီး တွေးမနေတော့ချေ။
သူက အမှောင်မိုက်ဆုံးအချိန် စွမ်းရည်ကို သုံးကြိမ်တိုင်တိုင် ချက်ချင်း ဆင့်ကဲပြောင်းလဲလိုက်လေသည်။
【သင်သည် ဆင့်ကဲပြောင်းလဲခြင်း အမှတ် ၁+၂+၃ မှတ်ကို အသုံးပြုလိုက်ပါသည်။ လက်ကျန် ၃၀ မှတ် ကျန်ရှိပါသည်။】
【အမှောင်မိုက်ဆုံးအချိန် (ပလက်တီနမ်အဆင့် → မြအဆင့် → စိန်အဆင့် → မော်ကွန်းအဆင့်) - အနက်ရောင် အလင်းတန်းများကို ထုတ်လွှတ်ပြီး အကွာအဝေးအတွင်းရှိ ရန်သူအားလုံးကို မျက်စိကန်းသွားစေသည်။ ပြန်လည်အသုံးပြုရန်ကြာချိန် - ၆၀ (၃၄.၃) စက္ကန့်။】
【အကွာအဝေး - ၂၀ → ၃၀ → ၄၀ → ၅၀ မီတာ။】
【အခြေခံကြာချိန် - ၁၀ → ၁၂ → ၁၄ → ၁၆ စက္ကန့် (ပစ်မှတ်၏ ဝိညာဉ်စွမ်းရည် မြင့်မားလေလေ၊ ကြာချိန် တိုတောင်းလေလေ ဖြစ်သည်)။】
လက်ကျန် ဆင့်ကဲပြောင်းလဲခြင်း အမှတ် ၃၀ ဖြင့် ပန်းပွင့်ခြင်းကျိန်စာကို မော်ကွန်းအဆင့်မှ ဒဏ္ဍာရီအဆင့်သို့ ဆင့်ကဲပြောင်းလဲရန် ကွက်တိ လုံလောက်ပေသည်။
“အဲ့ဒါကို ဆင့်ကဲပြောင်းလဲလိုက်ရမလား”
ချင်ဖုန်းက တွေးတောလိုက်၏။
ဤစွမ်းရည်မှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ကောင်းချီးပေးခြင်းခံထားရသော မြအဆင့် ရတနာသေတ္တာမှ ရရှိခဲ့ခြင်း ဖြစ်သည်။
သူ၏ အတိတ်ဘဝတွင် ဤစွမ်းရည်၏ နာမည်ကိုပင် မကြားဖူးခဲ့ဘဲ ၎င်း၏ အာနိသင်ကိုသာ ဝေဝါးဝါး ကြားဖူးခဲ့ခြင်းက ၎င်းစွမ်းရည်မှာ မည်မျှ ရှားပါးကြောင်းကို ပြသနေပေသည်။
အနည်းဆုံး ဈေးကွက်ထဲတွင် ၎င်းအတွက် စွမ်းရည်စာအုပ်များ မရှိခဲ့ချေ။
“ဒါက ရှားပါးတဲ့စွမ်းရည်တစ်ခုဆိုတော့ ငါ ဆက်ပြီး ဆင့်ကဲပြောင်းလဲလိုက်သင့်တယ်”
“ဒဏ္ဍာရီအဆင့် စွမ်းရည်တိုင်းမှာ သူတို့ရဲ့ ထူးခြားတဲ့ အချက်တွေ ရှိကြတာပဲ”
“အသုံးဝင်မယ့် အထူးအာနိသင်တချို့ ပါလာနိုင်တယ်”
နောက်ဆုံးတွင် ချင်ဖုန်းက ၎င်းကို ဆင့်ကဲပြောင်းလဲရန် ဆုံးဖြတ်လိုက်လေသည်။
【သင်သည် ဆင့်ကဲပြောင်းလဲခြင်း အမှတ် ၃၀ ကို အသုံးပြုလိုက်ပါသည်။ လက်ကျန် ဝ မှတ် ကျန်ရှိပါသည်။】
【ပန်းပွင့်ခြင်း ကျိန်စာ (မော်ကွန်းအဆင့် → ဒဏ္ဍာရီအဆင့်) - အထွေထွေ စွမ်းရည်။ ကစားသမားများ သေဆုံးပြီး စက္ကန့် ၆၀ → ၃၀၀ အတွင်း အလောင်းများအပေါ် အသုံးပြု၍ လဲလှယ်၍ရသော သက်တမ်းများကို ဆက်တိုက် ဝါးမျိုနိုင်သည်...】
【အသစ် - ပစ်မှတ်ထံ၌ ကျန်ရှိနေသော လဲလှယ်၍မရသည့် သက်တမ်း ၅၀% ကိုလည်း တစ်ပြိုင်နက်တည်း ဝါးမျိုနိုင်သည်။】
【အသစ် - ပြန့်ကျဲနေသော 'လဲလှယ်၍မရသည့် သက်တမ်း' အလင်းလုံးများကို ဝါးမျိုနိုင်သည်။】
“ချီးပဲ”
ချင်ဖုန်းမှာ မနေနိုင်ဘဲ ကျိန်ဆဲလိုက်မိ၏။
ထိုအရာက တကယ့်ကို အဓိပ္ပာယ်မရှိလောက်အောင် ကြမ်းလွန်း၏။
ပစ်မှတ်၏ လဲလှယ်၍ရသော သက်တမ်းအားလုံးကို ဝါးမျိုနိုင်ရုံတင်မကဘဲ သူတို့၏ လဲလှယ်၍မရသော သက်တမ်း ၅၀% ကိုပါ ဝါးမျိုနိုင်သေးသည်လော။
ပြန့်ကျဲနေသော လဲလှယ်၍မရသည့် သက်တမ်းတွေကိုတောင် ဝါးမျိုလို့ ရခြင်းပင်။
“လဲလှယ်လို့မရတဲ့ သက်တမ်းတွေကို လက်တွေ့ကမ္ဘာဆီ စွမ်းရည်တွေ ထုတ်ယူဖို့အတွက် အသုံးပြုလို့ မရနိုင်ပေမဲ့...”
“နောက်ပိုင်းမှာ သက်တမ်းကုန်ဆုံးမှုနှုန်းက အဆရာထောင်ချီ မြင့်တက်လာမယ့် အဆင့်မြင့်နယ်မြေတွေကို ဝင်ရောက်တဲ့အခါကျရင် လဲလှယ်လို့မရတဲ့ သက်တမ်းတွေက အရင်ဆုံး ကုန်ဆုံးသွားမှာပဲ”
“ဒီစွမ်းရည်ရှိနေရင် ငါ့အတွက် လဲလှယ်လို့မရတဲ့သက်တမ်း လိုအပ်ချက် ရှိတော့မှာ မဟုတ်ဘူး”
ဆင့်ကဲပြောင်းလဲခြင်း အမှတ်များ အားလုံး ကုန်ဆုံးသွားခဲ့လေပြီ။
ထို့နောက် ချင်ဖုန်းက ဝမ်မုန့်ကို အသိပေးလိုက်ကာ အနီးနားရှိ နေရာအမှတ်အသားတစ်ခုကို ပေးလိုက်၏။
သေချာသည်မှာ အောက်ဘုံဝိညာဉ်နယ်မြေ၏ ဝင်ပေါက်အနီးတွင် မဟုတ်ဘဲ မီတာငါးရာခန့် ကွာဝေးသော နေရာတစ်ခု ဖြစ်ပေသည်။
လောလောဆယ်တွင် ထိုနေရာ၌ မိစ္ဆာများ မရှိသေးချေ။
ဤတစ်ကြိမ် ရောင်းချမည့် ပစ္စည်းများတွင် ကပ်ရောဂါဖန်တီးသူထံမှ ကျကျန်ခဲ့သော တိုက်ပွဲဝင်ပစ္စည်းများသာမက အောက်ဘုံဝိညာဉ်နယ်မြေရှိ ဘော့စ်အသေးလေးများထံမှ ကျကျန်ခဲ့သော ပစ္စည်းများလည်း ပါဝင်ပေသည်။
“လောဘလက်ကနေ ရလာတဲ့ ဒီနေရာလွတ် ၁၀၀ ပါတဲ့ ကျောပိုးအိတ်က အရမ်း အသုံးဝင်တာပဲ”
“ဒီပစ္စည်းတွေအားလုံးကို ငါ့ဆီမှာ သယ်ထားတာတောင်မှ နေရာတစ်ဝက်လောက် လွတ်နေသေးတယ်”
ချင်ဖုန်းက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
သူက ထိုနေရာအမှတ်အသားဆီသို့ တစ်ယောက်တည်း ထွက်ခွာသွားလိုက်သည်။
မကြာခင်၌ပင်။
ပျက်စီးနေသော လူနေအဆောက်အအုံတစ်ခု၏ အိပ်ခန်းထဲ၌ ဝမ်မုန့်၊ အန်းယွီနှင့် တခြားသူခြောက်ယောက်တို့က မျက်နှာကို ဖုံးကွယ်ထားဆဲဖြစ်သော ချင်ဖုန်းနှင့် တွေ့ဆုံလိုက်ကြ၏။
“ပုံမှန်အတိုင်းပဲ၊ ငါက ဈေးသတ်မှတ်မယ်၊ မင်းတို့ လက်မခံရင် ငြင်းလို့ ရတယ်”
ချင်ဖုန်းက ပစ္စည်းများကို စတင်၍ ထုတ်ပြလိုက်လေသည်။
ပထမဆုံးအနေဖြင့် ငွေအဆင့်၊ ရွှေအဆင့်နှင့် ပလက်တီနမ်အဆင့် ပစ္စည်းများပင်။
ဤပစ္စည်းတစ်သုတ်၏ စုစုပေါင်းတန်ဖိုးမှာ လဲလှယ်၍ရသော သက်တမ်း ၁၈,၀၀၀ ရက် ရှိပေသည်။
ခေါင်းဆောင်အန်းက အရင်ကလိုပင် ပွင့်လင်းပြတ်သားနေဆဲ ဖြစ်၏။
သူမက အားလုံးကို ယူလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ချင်ဖုန်း၏ ဈေးနှုန်းများက အလွန် မျှတနေသောကြောင့်ပင်။
ပစ္စည်းများကို လက်ခံရရှိပြီးနောက် နဂါးစစ်သည်တော် ကောင်မလေး၏ မျက်လုံးများမှာ ပြုံးလိုက်ချိန်တွင် လခြမ်းကွေးလေးများအလား ဖြစ်သွားတော့၏။
“အခုဆိုရင် ငါတို့ ကျန်းဟိုင်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအမြန်နှုန်းက ပိုပြီး မြန်ဆန်လာတော့မယ်”
“တကယ်တော့ နတ်ဆိုးမြို့တော် လေတပ်နဲ့ လေးဆယ့်ခြောက်ခုမြောက် အမြောက်တပ်ဖွဲ့လို အစိုးရတပ်ဖွဲ့ တော်တော်များများက ငါတို့ဆီကနေ ပစ္စည်းကိရိယာတွေကို တောင်းဆိုနေကြတာ”
“ငါတို့က အခု မတူညီတဲ့ မြို့တွေကြားမှာ ဆက်သွယ်လို့ မရသေးလို့ပါ။ ကုန်သွယ်ရေး လမ်းကြောင်းတွေလည်း မရှိသေးဘူးလေ”
“ဂုရုကြီးအရိပ်၊ ကျေးဇူးတင်ပါတယ်နော်”
အန်းယွီက ချင်ဖုန်းကို ကြည့်လိုက်ချိန်တွင် သူမ၏ လှပသော မျက်ဝန်းများထဲ၌ ပျော်ရွှင်မှုများ ပြည့်နှက်နေ၏။
“ရပါတယ်၊ အပြန်အလှန် ကူညီကြတာပဲလေ။ ဒါနဲ့ ငါ့ဆီမှာ အညံ့စား၊ သာမန်နဲ့ ကြေးအဆင့် ပစ္စည်းတချို့ ရှိသေးတယ်၊ မင်းတို့ လိုချင်သေးလား”
ချင်ဖုန်းက ပစ္စည်းအပုံလိုက်ကို ဆက်ထုတ်ပြရင်း မေးလိုက်သည်။
သူက ပစ္စည်းများကို ထပ်ထုတ်နေသည်အား မြင်လိုက်ရချိန်၌ အန်းယွီနှင့် တခြားခြောက်ယောက်တို့ အားလုံးမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။
“ရှင့်... ရှင့်မှာ ဘယ်လိုလုပ်ပြီး ကျောပိုးအိတ်နေရာတွေ ဒီလောက်အများကြီး ရှိနေရတာလဲ”
ချင်ဖုန်းမှ ယခုလေးတင် ထုတ်ပေးခဲ့သော ငွေအဆင့်၊ ရွှေအဆင့်နှင့် ပလက်တီနမ်အဆင့် ပစ္စည်းများကိုပင် အန်းယွီတစ်ယောက်တည်း၏ ကျောပိုးအိတ်ထဲသို့ အားလုံးမဆံ့သဖြင့် ဝမ်မုန့်ကပါ ကူညီသိမ်းဆည်းပေးခဲ့ရခြင်း ဖြစ်၏။
သို့သော်လည်း ချင်ဖုန်းက သာမန်နှင့် ကြေးအဆင့်ပစ္စည်း အခုသုံးဆယ်ကျော်ကို ထပ်ထုတ်လာသည် မဟုတ်ပါလော။
“ဂုရုကြီးက ဒိုရေမွန်များလား”
ကုယုရွှယ်က စပ်စုချင်စိတ်ဖြင့် ချင်ဖုန်း၏ ဗိုက်ကိုပင် ပြေးထိကြည့်လိုက်လေသည်။
“…”
ချင်ဖုန်းမှာ မေးခွန်းထုတ်စရာများ အပြည့်ဖြစ်သွားတော့၏။
နောက်ဆုံးတွင် အန်းယွီနှင့် ဝမ်မုန့်သာမက ကုယုရွှယ်၊ လင်းလီယွီ၊ မျက်စိလျင်သောလေးသမားနှင့် ကဒ်သခင်ဦးလေးကြီးတို့၏ ကျောပိုးအိတ်များအားလုံးပါ ပစ္စည်းများဖြင့် ပြည့်နှက်သွားခဲ့သည်။
နတ်ဘုရားစွန့်ပစ်ဂိမ်းထဲတွင် သေဆုံးသွားလျှင် ကျောပိုးအိတ်ထဲရှိ ပစ္စည်းများ ပြုတ်ကျမသွားခြင်းက တော်သေးသည်ဟု ဆိုရမည်ပင်။
“မိတ်ဆွေတွေအနေနဲ့ သတိပေးရရင် မြို့ဟောင်းအပျက်အစီးရဲ့ အလယ်ဗဟိုက ကျောက်ဆင်းတုကြီးအောက်မှာ မူလမြို့ငယ်လေးဆီ ပြန်သွားလို့ရတဲ့ နေရာပြောင်းရွှေ့စက်ဝန်းဆီ ရောက်မယ့် လှေကားတစ်ခု ရှိတယ်”
“ဒါပေမဲ့ အဲ့ဒီကို ပြန်ဖို့အတွက် ပထမဆုံးအကြိမ်မှာ သက်တမ်း ၅၀၀ ရက် ပေးရလိမ့်မယ်... နောက်ပိုင်း ပြန်ရင်တော့ အခမဲ့ပဲ။ ကိုယ့်ဘာသာ စဉ်းစားကြပေါ့”
သူတို့က ဤဧရိယာထဲတွင် မိစ္ဆာများကို မသတ်ရဲကြသည်အား မြင်သဖြင့် ချင်ဖုန်းက သူတို့ကို သတိပေးလိုက်ခြင်း ဖြစ်၏။
ပြောပြီးနောက် သူက လှည့်ထွက်သွားလိုက်သည်။
ပစ္စည်းများကိုလည်း ရှင်းလင်းပြီးသွားပြီဖြစ်လေရာ လက်တွေ့ကမ္ဘာဆီ ပြန်ရမည့် အချိန်ရောက်ပြီ ဖြစ်၏။
သူ ထွက်သွားချိန်တွင်...
အန်းယွီက ပျောက်ကွယ်သွားသော သူ၏ ကျောပြင်ကို ကြည့်လျက် သူမ၏ လှပသော မျက်ဝန်းများက အရောင်လက်သွားပြီးနောက် အဖွဲ့ချန်နယ်ထဲတွင် စိတ်လှုပ်ရှားစွာဖြင့် တီးတိုးပြောလိုက်သည်။ “ကြည့်လိုက် ကြည့်လိုက်၊ ဂုရုကြီးက အတိတ်ကနေ ပြန်လည်မွေးဖွားလာတဲ့သူ ဖြစ်နိုင်တယ်လို့ ငါ ပြောသားပဲ။ မဟုတ်ရင် ဒီလို လျှို့ဝှက်ထားတဲ့ အချက်အလက်မျိုးကို သူက ဘယ်လိုလုပ် သိနေမှာလဲ”
ဝမ်မုန့်က သူ၏ နဖူးကို သူပြန်ရိုက်လိုက်သည်။ “ခေါင်းဆောင်အန်း၊ အဲ့ဒီလိုကြီး မပြောပါနဲ့၊ ငါ နည်းနည်းတောင် ကြောက်လာပြီ...”
ကဒ်သခင်ဦးလေးကြီးကလည်း ပြုံးလျက် ပြောလာ၏။ “ဟုတ်ပါ့၊ အရမ်းကြီး အာရုံမစားပါနဲ့။ အဲ့ဒီအချိန်တုန်းက ငါတို့လည်း မိစ္ဆာတွေ လိုက်လို့ ထွက်ပြေးခဲ့ရပဲတာလေ၊ မဟုတ်ရင် အဲ့ဒီနားတစ်ဝိုက်ကို ရှာကြည့်တဲ့အခါ သေချာပေါက် တွေ့မှာပဲ။ အရိပ်က ကိုယ်ဖျောက်နိုင်တဲ့အတွက် ငါတို့ထက် နယ်မြေအနေအထားကို ပိုကျွမ်းကျင်နေတာ ပုံမှန်ပါပဲ”
၎င်းကို ကြားသည်တွင် အန်းယွီက အတွေးထဲ နစ်မြောသွားသည်။
ရုတ်တရက် သူမက ထပ်ပြောလိုက်၏။ “နင်တို့ ဘယ်လိုထင်လဲ၊ ငါသာ အရိပ်ကို မြူဆွယ်လိုက်မယ်ဆိုရင် အောင်မြင်နိုင်ခြေ ဘယ်လောက်ရှိလောက်မလဲ”
တစ်ဖွဲ့လုံး ဆွံ့အသွားကြတော့၏။
***