အန်းယွီနှင့် တခြားသူများက အစပြုမြို့ငယ်လေးဆီသို့ မည်သို့ ပြန်ရမည်ကို စဉ်းစားနေကြချိန်၌ပင် ချင်ဖုန်းက အောက်ဘုံဝိညာဉ်နယ်မြေဆီသို့ ပြန်လည်ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
သူက ဝင်ပေါက်ရှိ ကျောက်တံခါးကို တင်းကျပ်စွာ ပိတ်လိုက်သည်။
“တခြားကစားသမားတွေ ဒီကို ရောက်လာခဲ့ရင် ဒီကျောက်တံခါးက သာမန် နံရံတစ်ခုလိုပဲ မြင်ရလိမ့်မယ်”
“ဒီနေရာက မြေအောက်နန်းတော်တစ်ခုရဲ့ ဝင်ပေါက်ဆိုတာကို ရှာဖွေတွေ့ရှိဖို့က လုံးဝ မဖြစ်နိုင်သလောက်ပဲ”
“ပါရမီရှင်တစ်ယောက်ယောက်က ကျောက်တံခါးကို တကယ် တိုက်ခိုက်လာခဲ့ရင်တောင် သူ့ရဲ့ ခံနိုင်ရည်က တစ်သန်းတောင် ရှိတာဆိုတော့ အချိန်တိုအတွင်း ဖျက်ဆီးပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... နောက်ကျရင် ကျောက်တံခါးကို ပိုခိုင်မာအောင် လုပ်ဖို့ ပစ္စည်းစာလိပ်တချို့ကို ငါ ရှာရဦးမယ်”
ချင်ဖုန်းက အောက်ဘုံဝိညာဉ်နယ်မြေထဲသို့ ဝင်ရောက်သွားကာ ရင်းနှီးကျွမ်းဝင်နေသော နန်းတော်မြင်ကွင်းကို ကြည့်လိုက်သော်လည်း သူက ခံစားမှုများ သိပ်မဖြစ်ပေါ်ခဲ့ချေ။
ထိုအစား သူက ထိုနေရာ၌ပင် တိုက်ရိုက်ဆိုသလို လိုင်းအောက်လိုက်လေသည်။
【လက်တွေ့ကမ္ဘာဆီသို့ စွမ်းရည်များ ထုတ်ယူရန် လဲလှယ်၍ရသော သက်တမ်းကို အသုံးပြုလိုပါသလား။】
【ဟုတ်ကဲ့ / မဟုတ်ပါ】
ချင်ဖုန်းက ‘ဟုတ်ကဲ့’ ကို ရွေးချယ်လိုက်၏။
ဤအချိန်၌ ချင်ဖုန်းထံ၌ လဲလှယ်၍ရသော သက်တမ်း စုစုပေါင်း ၂၀၃ နှစ် ရှိနေပြီဖြစ်လေရာ ၎င်းက သူ့ကို လက်တွေ့ကမ္ဘာ၌ သိသာထင်ရှားသော အဆင့်မြှင့်တင်မှုတစ်ခု ပြုလုပ်နိုင်စေမည် ဖြစ်သည်။
ရက်အဖြစ် တွက်ကြည့်မည်ဆိုပါက စုစုပေါင်း ၇၄,၃၀၄ ရက် ရှိပေသည်။
“ပထမဆုံးအနေနဲ့ အဆင့်နဲ့ အလုပ်အကိုင်အဆင့်မြှင့်တင်မှု စွမ်းရည်တွေကို အရင်ထုတ်ယူမယ်”
ဤတစ်ကြိမ်တွင်မူ ချင်ဖုန်းအနေဖြင့် အများကြီး ဒုက္ခခံနေစရာ မလိုတော့ချေ။
သူ့ထံ၌ လဲလှယ်၍ရသော သက်တမ်း အများအပြား ရှိနေသဖြင့် သူက အစုလိုက်အပြုံလိုက် တစ်ပြိုင်နက်တည်း ပေါင်းစပ်ရန် တိုက်ရိုက် ရွေးချယ်လိုက်၏။
“အဆင့် ပေါင်းစပ်ခြင်း”
“အလုပ်အကိုင် အဆင့်မြှင့်တင်မှု ပေါင်းစပ်ခြင်း”
သက်တမ်း စုစုပေါင်း ၂၇,၀၀၀ ရက် ကုန်ဆုံးသွားခဲ့ကာ ချင်ဖုန်း၏ လက်တွေ့ကမ္ဘာရှိ အဆင့်နှင့် အလုပ်အကိုင် အဆင့်မြှင့်တင်မှုတို့မှာ ဂိမ်းထဲမှအတိုင်း တိုက်ရိုက် ပေါင်းစပ်သွားခဲ့လေပြီ။
နောက်တစ်ခုက စွမ်းရည်များပင်။
“အရင်က အရိပ်ဝတ်ရုံကို ငါထုတ်ယူခဲ့ပေမဲ့ အဲ့ဒါက အဆင့် ၁ အရိပ်ဝတ်ရုံပဲ ရှိသေးတယ်”
“အဲ့ဒါကို အဆင့် ၁၀ အရိပ်ဝတ်ရုံ ဖြစ်လာအောင် အဆင့်မြှင့်ဖို့ဆိုရင် သက်တမ်း ၁၉၄၆ ရက်ကျော်လောက် လိုအပ်လိမ့်မယ်...”
ချင်ဖုန်းက စာရင်းထဲမှ ထုတ်ယူမည့် စွမ်းရည်များကို စတင်ရွေးချယ်လိုက်၏။
သူက ‘အရိပ်ဝတ်ရုံ’ ကို အဆင့် ၁၀ သို့ အဆင့်မြှင့်ရန် သက်တမ်း ၁၉၄၆ ရက်ကို အသုံးပြုလိုက်၏။
‘နောက်ကျောဓားချက် မြှင့်တင်ခြင်း’ ကို ထုတ်ယူရန် သက်တမ်း ၉၀၀ ရက်ကို အသုံးပြုလိုက်သည်။
‘လောဘလက်’ ကို ထုတ်ယူရန် သက်တမ်း ၁၀၀၀ ရက်ကို အသုံးပြုလိုက်သည်။
‘လျပ်တပျက် အရိပ်ခုတ်ချက်’ ကို ထုတ်ယူရန် သက်တမ်း ၃၂၀၀ ရက်ကို အသုံးပြုလိုက်သည်။
‘တစ္ဆေအရိပ် မှုန်ဝါးခြင်း’ ကို ထုတ်ယူရန် သက်တမ်း ၅၃၆၆ ရက်ကို အသုံးပြုလိုက်သည်။
‘ပန်းပွင့်ခြင်း ကျိန်စာ’ ကို ထုတ်ယူရန် သက်တမ်း ၁၆၀၉၉ ရက်ကို အသုံးပြုလိုက်သည်။
‘အနက်ရောင်အလင်းဒိုင်း’ ကို ထုတ်ယူရန် သက်တမ်း ၁၁၃၁၃ ရက်ကို အသုံးပြုလိုက်သည်။
(မှတ်ချက်။ စွမ်းရည်အဆင့်နှင့် မူလအရည်အသွေးအပေါ် အခြေခံ၍ တွက်ချက်ထားခြင်း ဖြစ်ပြီး ကျပန်းကိန်းဂဏန်းများ မဟုတ်ပါ။)
ဤစွမ်းရည်များကို ထုတ်ယူပြီးနောက် ချင်ဖုန်း၏ လဲလှယ်၍ရသော သက်တမ်းမှာ ၇၄၈၀ ရက်သာ ကျန်ရှိတော့၏။
“လဲလှယ်လို့ရတဲ့ သက်တမ်းက နည်းနည်း လိုနေသေးတာပဲ”
“မဟုတ်ရင် ငါ အားလုံးကို တိုက်ရိုက် ပေါင်းစပ်လိုက်လို့ ရပြီ...”
ချင်ဖုန်းက ခေါင်းခါယမ်းလိုက်သည်။
သူ၏ မထုတ်ယူရသေးသော စွမ်းရည်များမှာ အမှောင်မိုက်ဆုံးအချိန် (ထုတ်ယူရန် ၁၂၆၄၉ ရက် လိုအပ်သည်)၊ သိမ်မွေ့သော လွတ်မြောက်ခြင်း (ထုတ်ယူရန် ၅၉၀၃၂ ရက် လိုအပ်သည်) နှင့် အသုံးမကျသော ‘ဆောက်ထွင်းခြင်း’ စွမ်းရည်တို့သာ ဖြစ်၏။
သိမ်မွေ့သော လွတ်မြောက်ခြင်းက ထုတ်ယူရန် ဤမျှများပြားစွာ လိုအပ်နေသည်မှာ ၎င်းသည် မူလကတည်းက မော်ကွန်းအဆင့် စွမ်းရည်တစ်ခု ဖြစ်နေသောကြောင့်ပင်။
ကျန်ရှိနေသော သက်တမ်းကို ကြည့်ကာ ချင်ဖုန်းက ပစ္စည်းကိရိယာနှစ်ခုကို ထုတ်ယူရန် ရွေးချယ်လိုက်သည်။
တစ်ခုက ရွှေအဆင့် ‘ကိုယ်ဖျောက်ဖိနပ်’ ဖြစ်ပြီး ၎င်းက ကိုယ်ဖျောက်ထားသည့် ကြာချိန်နှင့် ကိုယ်ဖျောက်ထားစဉ် လှုပ်ရှားမှုအမြန်နှုန်းကို တိုးမြှင့်ပေးကာ ထုတ်ယူရန် သက်တမ်း ၃၆၀၀ ရက် ကုန်ကျမည် ဖြစ်၏။
အခြားတစ်ခုက ရွှေအဆင့် ‘ကြည်ညိုသူဆွဲကြိုး’ ဖြစ်ပြီး ၎င်းက ပြန်လည်အသုံးပြုရန်ကြာချိန်ကို မြန်ဆန်စေကာ ငွေအဆင့် ကြည်ညိုသူ တစ်ကောင်ကို ဆင့်ခေါ်နိုင်စေသည်။
အသုံးဝင်လာနိုင်၏။
၎င်းကို ထုတ်ယူရန် သက်တမ်း ၃၃၉၄ ရက် ကုန်ကျမည် ဖြစ်၏။
တူညီသော အဆင့်နှင့် အရည်အသွေးရှိ စွမ်းရည်များနှင့် နှိုင်းယှဉ်ပါက ပစ္စည်းကိရိယာများကို ထုတ်ယူခြင်းမှာ သက်တမ်း ထက်ဝက်ခန့်သာ ကုန်ကျပေသည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့က ပျက်စီးသွားနိုင်သော အရာများ ဖြစ်သောကြောင့်ပင်။
စွမ်းရည်များကမူ ထာဝရတည်ရှိနေမည်ဖြစ်လေရာ ကုန်ကျစရိတ် နှစ်ဆပိုများခြင်းက ပုံမှန်သာ ဖြစ်၏။
“နောက်ဆုံးတော့ လဲလှယ်လို့ရတဲ့ သက်တမ်း ၄၈၆ ရက်ပဲ ကျန်တော့တယ်...”
“ဒါပေမဲ့ လက်တွေ့ကမ္ဘာမှာ ရှိတဲ့ ငါ့ရဲ့ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားက ဂိမ်းထဲကနဲ့ သိပ်ပြီး ကွာခြားမှု မရှိတော့ဘူး”
“ငါ သက်တမ်းတွေ ပိုရအောင် ရှာဖို့ လိုသေးတယ်။ နောက်တစ်ခါ လိုင်းအောက်တဲ့အခါ အပြည့်အဝ ပေါင်းစပ်နိုင်ဖို့ ကြိုးစားရမယ်”
ချင်ဖုန်း၏ ထုတ်ယူခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားချိန်၌...
သူ၏ ပုံရိပ်က အိမ်ထဲရှိ သူ၏ အိပ်ခန်းငယ်လေးထဲတွင် ပေါ်လာခဲ့၏။
တိတိကျကျဆိုရသော် ဤရှုခင်းအလှအိမ်ရာရှိ အိမ်လေးက ချင်ရှောင်ယွဲ့၏ နာမည်အောက်၌ ရှိနေဆဲပင်။
“အောက်ဘုံဝိညာဉ်နယ်မြေကို ထုတ်ယူဖို့အတွက် သက်တမ်း အနှစ် ၁၃၀၀ ကျော် စုဆောင်းရမယ်ဆိုတာ နည်းနည်းတော့ လွန်လွန်းရာ ကျနေတယ်ထင်တယ်...”
“ချန်ရှီရှီက ဒီနေရာအကြောင်း သိနေတော့ လုံခြုံရေးအရ ငါ အရင်ထွက်သွားတာ ပိုကောင်းမယ်”
ချင်ဖုန်းက ရင်းနှီးနေသော အိပ်ခန်းလေးကို ကြည့်လိုက်သော်လည်း သူက အချိန်ဆွဲမနေခဲ့ချေ။
သူက လက်ကိုမြှောက်ကာ ‘လောဘလက်’ ကို တိုက်ရိုက် အသုံးပြုလိုက်၏။
အထင်မလွဲပါနှင့်...
ထိုအခန်းထဲတွင် အလောင်းများ မရှိချေ။ ချင်ဖုန်းက လောဘလက်မှ ပါလာသော နေရာလွတ် ၁၀၀ ပါသည့် သိုလှောင်ရုံကို ဖွင့်လိုက်ခြင်းသာ ဖြစ်၏။
လောလောဆယ်တွင် လက်တွေ့ကမ္ဘာ၌ မိစ္ဆာများ မရှိသေးသဖြင့် လောဘလက်က သိပ်အသုံးမဝင်လှသော်လည်း ဤနေရာလွတ် ၁၀၀ ပါသော သိုလှောင်ရုံကမူ အင်မတန် အဆင်ပြေလှပေသည်။
ဂိမ်းထဲရှိ နေရာလွတ် ၁၀၀ ဆိုသည်မှာ လက်တွေ့ကမ္ဘာ၌ ကုဗမီတာ ၁၀၀ အဖြစ် ပုံပေါ်လာပြီး ၎င်းတို့ကို ဂိမ်းထဲရှိ နေရာလွတ်များနှင့် သီးခြားစီ တွက်ချက်ထားခြင်း ဖြစ်၏။
ချင်ဖုန်းက အခန်းထဲရှိ သူ၏ ပစ္စည်းများ အားလုံးကို ၎င်းထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်သည်။ ကုတင်ကိုပင် ချန်မထားခဲ့ချေ။
“သွားရမယ့်အချိန် ရောက်ပြီ”
ချင်ဖုန်းက ကိုယ်ဖျောက်သည့် အခြေအနေသို့ ဝင်ရောက်လိုက်၏။
သူက ဖုန်းကို ယူမသွားခဲ့သေးချေ။
သူက ပြတင်းပေါက်ဆီသို့ တိုက်ရိုက်သွားကာ တစ်ဆယ့်တစ်ထပ်မြောက်မှနေ၍ ခုန်ချလိုက်လေသည်။
ညအမှောင်ယံအောက်တွင် ကိုယ်ဖျောက်ထားသော ပုံရိပ်တစ်ခုက ညလေပြင်အား ဖြတ်သန်းပျံသန်းသွားကြောင်း မည်သူမျှ မသိလိုက်ကြချေ။
မြေပြင်နှင့် နီးကပ်လာချိန်၌ ချင်ဖုန်းက လျပ်တပျက် အရိပ်ခုတ်ချက်ကို အသုံးပြုလိုက်ကာ မည်သူ့အာရုံကိုမှ မဖမ်းစားမိစေဘဲ လမ်းဘေးရှိ ပန်းခင်းတစ်ခုဆီသို့ လျပ်တပျက် ပြေးဝင်သွားလိုက်၏။
ပစ္စည်းကိရိယာ အားလုံးကို မထုတ်ယူထားရသေးသော်လည်း လက်တွေ့ကမ္ဘာရှိ ချင်ဖုန်း၏ အမြန်ဆုံးပြေးနှုန်းမှာ တစ်စက္ကန့်လျှင် မီတာသုံးဆယ်ကျော်အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
“ကျန်းနန်စားသောက်ဆိုင်က ဒီလူနေအိမ်ရာနဲ့ ဆယ့်ငါးကီလိုမီတာ ဝေးတယ်”
“အဲ့ဒီကို ဆယ်မိနစ်တောင်မပြည့်ခင်တောင် ငါ ရောက်နိုင်တယ်”
သေချာသည်မှာ ချင်ဖုန်းအနေဖြင့် အငှားယာဉ် စီးသွားရန် မဖြစ်နိုင်ချေ။
တကယ်တမ်း၌ သူ၏ လက်ရှိအမြန်နှုန်းက အငှားယာဉ်စီးသည်ထက်ပင် အများကြီး ပိုမြန်နေခဲ့ပြီ ဖြစ်၏။
...
တစ်ချိန်တည်း၌ပင် ကျန်းနန် စားသောက်ဆိုင်ကို တုန်းဖန်မိသားစုက အပိုင်ငှားရမ်းထားခဲ့ပြီးဖြစ်၏။
တုန်းဖန်မိသားစုမှာ ကျန်းဟိုင်မြို့ရှိ ဒေသခံမိသားစုများထဲမှ တစ်ခုဖြစ်ပြီး ဆယ်စုနှစ်များစွာ ကြီးပွားတိုးတက်လာကာ မျိုးဆက်သုံးဆက်တိုင်တိုင် လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင် အရှေ့တိုင်းပညာရှိ (တုန်းဖန်ရှန်း) က မိသားစုအတွင်း မျက်နှာသာအပေးခံရဆုံး လူငယ်မျိုးဆက်တစ်ဦး ဖြစ်နေခဲ့၏။
ကျန်းနန်စားသောက်ဆိုင်၏ အကြီးဆုံး သီးသန့်ခန်းထဲတွင်။
တုန်းဖန်ရှန်းက တုန်းဖန်မိသားစုမှ လူကြီးပိုင်းများနှင့် ဦးလေးများ စသဖြင့် အတူတကွ စုဝေးနေကြ၏။
သူတို့က ထမင်းစားရင်း ‘နတ်ဘုရားစွန့်ပစ်ဂိမ်း’ နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးနေကြသည်။
မူလက တုန်းဖန်ရှန်းမှာ တုန်းဖန်မိသားစုထဲ၌ သိပ်ပြီး ဩဇာတိက္ကမ မရှိလှချေ။
မည်သို့ပင်ဆိုစေကာမူ သူက လူငယ်တစ်ဦးသာ ဖြစ်နေသောကြောင့်ပင်။
သို့သော် ယခုမူ...
နတ်ဘုရားစွန့်ပစ်ဂိမ်းကြီး ဆင်းသက်လာခဲ့ပြီ ဖြစ်၏။
နတ်ဘုရားစွန့်ပစ်ဂိမ်းထဲရှိ တုန်းဖန်ရှန်း၏ အဆင့်၊ ပစ္စည်းကိရိယာများနှင့် တိုက်ခိုက်ရေးစွမ်းအားတို့မှာ အဓိကမိသားစုဝင်များ အားလုံးထဲတွင် အမြင့်ဆုံး ဖြစ်နေခဲ့လေပြီ။
လူကြီးပိုင်းတော်တော်များများက နတ်ဘုရားစွန့်ပစ်ဂိမ်းထဲသို့ ဝင်ရောက်ခဲ့ကြသော်လည်း ဂိမ်းအကြောင်းကို နားမလည်ကြသလို တိုက်ခိုက်ရန်ဆိုသည်မှာ ဝေလာဝေးပင်။
သူတို့အထဲမှ တချို့ဆိုလျှင် မိစ္ဆာများ၏ သတ်ဖြတ်ခြင်းကိုပင် နှစ်ကြိမ်တိုင်တိုင် ခံလိုက်ရပြီး နှလုံးရောဂါပင် ရလုမတတ် ဖြစ်သွားခဲ့ကြ၏။
နောက်ဆုံးတွင် သူတို့ကို အဆင့် ၃ အထိ တင်ပေးမည့်သူကို ရှာဖွေရန် ငွေကြေးအမြောက်အမြား အကုန်အကျခံခဲ့ရပြီးမှသာ ဂိမ်းထဲမှ လိုင်းအောက်ခွင့် ရခဲ့ကြသည်။
သက်ကြီးပိုင်းကစားသမား အများအပြားမှာ အိပ်ပျော်သွားပြီးနောက် နတ်ဘုရားစွန့်ပစ်ဂိမ်းထဲသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် အသက်ရှင်သန်ရန် အခွင့်အရေး လုံးဝရှိတော့မည်မဟုတ်ကြောင်း တွေးကြည့်ရုံဖြင့်ပင် သိနိုင်ပေသည်။
အပြင်မထွက်ဘဲ မြို့ငယ်လေးထဲ၌ ပိတ်မိနေမည်ဆိုလျှင်ပင် နှစ်ရက် သို့မဟုတ် သုံးရက်ကြာပြီးနောက် သူတို့၏ လက်တွေ့ကမ္ဘာရှိ ခန္ဓာကိုယ်များက ဆာလောင်မွတ်သိပ်မှုဒဏ်များကို မခံနိုင်တော့ဘဲ သေဆုံးသွားကြမည် ဖြစ်၏။
၎င်းကား နတ်ဘုရားစွန့်ပစ်ဂိမ်း၏ စစ်မှန်သော ရက်စက်ကြမ်းကြုတ်မှုပင်။
ပထမဆုံးနေ့သာ ဖြစ်သေးသဖြင့် လူများစွာက ၎င်းကို မကြုံတွေ့ရသေးခြင်း ဖြစ်သည်။
သို့သော် တကယ်တမ်း၌...
လူငယ်များနှင့် လူလတ်ပိုင်းများပင်လျှင် များစွာသောသူတို့မှာ မျှော်လင့်ချက်ကင်းမဲ့ခြင်းထဲသို့ ကျဆင်းနေခဲ့ကြပြီ ဖြစ်၏။
ဥပမာအားဖြင့် ကယ်တင်၍ မရနိုင်လောက်အောင် သေဆုံးခဲ့ရပြီး သက်တမ်းရက်အနည်းငယ်သာ ကျန်ရှိတော့သည့် အိုင်းယွန်းမန်းဆိုလျှင် ရှဲလ်မြို့ငယ်လေးထဲ၌ သက်တမ်းတောင်းစားသည့် သူတောင်းစားတစ်ဦး ဖြစ်နေခဲ့လေပြီ။
ထိုအချိန်၌...
တုန်းဖန်ရှန်းမှာ ထမင်းစားပွဲ၌ အနည်းငယ် မောက်မာဝင့်ကြွားနေ၏။
နတ်ဘုရားစွန့်ပစ်ဂိမ်းကြီး ဆင်းသက်လာခြင်းက သူတို့ကဲ့သို့ လူငယ်များအတွက် ခေတ်တစ်ခေတ်ပင်။
ထို့ပြင်...
သူတို့ တုန်းဖန်မိသားစုက ကျန်းဟိုင်မြို့တွင် ကဏ္ဍစုံ၌ ပါဝင်ပတ်သက်နေသော သန်းပေါင်းဆယ်ဂဏန်းနှင့်ချီ တန်ဖိုးရှိသည့် စီးပွားရေးလုပ်ငန်းများ ရှိကြကာ ယခုအခါ၌ သူတို့၏ ငွေကြေးပိုင်ဆိုင်မှု အများစုကို လဲလှယ်၍ရသော သက်တမ်းများအဖြစ် ပြောင်းလဲထားခဲ့ကြပြီး ဖြစ်၏။
တုန်းဖန်ရှန်းက လဲလှယ်၍ရသော သက်တမ်း ၂၅,၀၀၀ ရက်ကို ပိုင်ဆိုင်ထားကာ ခွန်အားများနှင့် ရည်မှန်းချက်များ ပြည့်နှက်နေလေသည်။
“ကျွန်တော့်ရဲ့ အစီအစဉ်က မိသားစုရဲ့ လူငယ်မျိုးဆက်တွေကို ဂိမ်းထဲဝင်စေပြီး ပစ္စည်းကိရိယာတွေနဲ့ စွမ်းရည်စာအုပ်တွေကို ဝယ်ခိုင်းဖို့ပဲ”
“အဆင့် ၁၀ ကို အမြန်ဆုံး ရောက်အောင်လုပ်ပြီး ဦးဆောင်နိုင်တဲ့ အခွင့်အရေးကို ရယူရမယ်၊ ဒါမှ အနာဂတ်ခေတ်မှာ ငါတို့ နေရာတစ်နေရာ ရနိုင်မှာ”
“ပြီးတော့ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်”
“အရိပ်နဲ့ ပတ်သက်ပြီးတော့ သူ့ကို ချဉ်းကပ်ဖို့ ယုံကြည်ရတဲ့ မိန်းမတစ်ယောက်ကို ကျွန်တော် လွှတ်ထားပြီးပြီ၊ သူက အရိပ်ကို သူငယ်ချင်းအဖြစ်တောင် ထည့်ထားပြီးသွားပြီ”
“အရိပ်ရဲ့ တကယ့်အထောက်အထားကို ရှာတွေ့ဖို့ အခွင့်အရေးကို ငါတို့ စောင့်ရမယ်၊ ပြီးမှ ငါတို့ လှုပ်ရှားလို့ ရမယ်”
“လက်တွေ့ကမ္ဘာမှာ အရိပ်ကို ငါတို့ ထိန်းချုပ်နိုင်ပြီး ငါတို့ တုန်းဖန်မိသားစုအတွက် အလုပ်လုပ်ပေးအောင် လုပ်နိုင်မယ်ဆိုရင်...”
“ငါတို့ တုန်းဖန်မိသားစုက တကယ်ကို ကြီးပွားတိုးတက်လာတော့မှာပဲ”
တုန်းဖန်ရှန်းက စိတ်အားထက်သန်စွာဖြင့် ပြောဆိုနေချိန်၌ပင်...
သီးသန့်ခန်းအပြင်ဘက်၌ စောင့်ကြပ်နေသော အနက်ရောင်ဝတ်စုံနှင့် လုံခြုံရေးအစောင့်နှစ်ဦးထံမှနေ၍ ရုတ်တရက် ဓားအလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာကာ သွေးများပန်းထွက်သွားပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားကြကုန်သည်။
***