ဒိုင်း...
ဓားအလင်းတန်းများကြောင့် အသားစများပါ ပြတ်ထွက်သွားသော အလောင်းနှစ်လောင်းက ကျန်းနန်စားသောက်ဆိုင်၏ အကြီးဆုံးသီးသန့်ခန်း၏ ဝင်ပေါက်၌ ကြောက်မက်ဖွယ်ကောင်းစွာ လဲကျနေခဲ့၏။
ဤသီးသန့်ခန်း၏ အသံလုံစနစ်က အလွန်ကောင်းမွန်လှသဖြင့် အထဲရှိလူများမှာ တံခါးအပြင်ဘက်မှ ပုံမှန်မဟုတ်သော အခြေအနေများကို လုံးဝ သတိမထားမိခဲ့ကြချေ။
လျပ်တပျက် အရိပ်ခုတ်ချက်ဖြင့် ထိုနှစ်ယောက်ကို ရှင်းလင်းပြီးနောက် ချင်ဖုန်းက သီးသန့်ခန်းဝင်ပေါက်၌ ကိုယ်ဖျောက်လျက် ရပ်နေခဲ့သည်။
သူ၏ လျင်မြန်မှုစွမ်းရည်က အလွန် မြင့်မားနေခဲ့ပြီ ဖြစ်၏။
သို့သော် သီးသန့်ခန်းထဲမှနေ၍ တုန်းဖန်ရှန်း၏ စိတ်အားထက်သန်နေသော စကားသံများကိုမူ သူ ကြားနေရပေသည်။
“ယုံကြည်ရတဲ့ မိန်းမတစ်ယောက်လား”
ချင်ဖုန်းပင် မနေနိုင်ဘဲ ရယ်ချင်မိသွား၏။
တုန်းဖန်ရှန်း ပြောနေသော ထိုယုံကြည်ရသည့်မိန်းမဆိုသူက အစောကြီးကတည်းကပင် သစ္စာဖောက်သွားခဲ့ပြီဆိုသည်ကို သူက လုံးဝ မသိရှာချေ။
“ဒါပေမဲ့ သူတို့ဆီမှာ သေနတ်တွေ တကယ် ရှိနေတာပဲ”
ချင်ဖုန်းက အလောင်းနှစ်လောင်းကို စစ်ဆေးလိုက်သော်လည်း လောလောဆယ်၌ အလျင်စလို မလှုပ်ရှားသေးချေ။
သူ့ထံတွင် ‘တစ္ဆေအရိပ် မှုန်ဝါးခြင်း’ နှင့် ‘အနက်ရောင်အလင်းဒိုင်း’ တို့ ရှိနေသော်လည်း ၎င်းတို့က ရာနှုန်းပြည့် ရှောင်တိမ်းနိုင်စွမ်း မဟုတ်ချေ။
လက်တွေ့ကမ္ဘာဆီသို့ မည်သည့်ချပ်ဝတ်တန်ဆာကိုမှလည်း သူက ထုတ်ယူမထားရသေးချေ။
အကယ်၍ နှလုံး သို့မဟုတ် ခေါင်းကိုသာ သေနတ်မှန်သွားခဲ့လျှင် သေချာပေါက် သေဆုံးလိမ့်မည် ဖြစ်၏။
“သီးသန့်ခန်းထဲက အခြေအနေရော ဘယ်လိုရှိနေလဲ မသိဘူး”
“ငါ ကိုယ်ဖျောက်ထားရင်တောင်မှ မျက်လုံးကန်းနေတဲ့ကြောင်က ကြွက်သေကို တက်နင်းမိသလိုမျိုး မျက်ကန်းကျည်ဆန်တွေ ထိမှန်သွားနိုင်တယ်...”
“လုံလုံခြုံခြုံ လုပ်တာ အကောင်းဆုံးပဲ”
ဤတစ်ကြိမ် လက်တွေ့ကမ္ဘာဆီ ပြန်လာချိန်၌ ချင်ဖုန်းထံတွင် လုပ်ဆောင်နိုင်သော နည်းလမ်းများစွာ ရှိနေခဲ့လေပြီ။
သူက လက်ကိုမြှောက်ကာ ပစ္စည်းကိရိယာ၏ အာနိသင်ဖြစ်သော 'ကြည်ညိုသူကို ဆင့်ခေါ်ခြင်း' ကို တိုက်ရိုက် အသုံးပြုလိုက်၏။
တွန့်လိမ်ပိန်ချုံးနေသော မီးခိုးရောင် ပုံရိပ်တစ်ခုက တွားသွားကာ ကျန်းနန်စားသောက်ဆိုင်၏ ဝင်ပေါက်၌ ပေါ်လာခဲ့တော့သည်။
ငွေအဆင့်၊ ကြည်ညိုသူ။
၎င်းထံတွင် အနီးကပ်တိုက်ခိုက်ရန်အတွက် ထက်မြက်သော လက်သည်းများ ရှိပြီး အဝေးပစ်တိုက်ခိုက်ရန်အတွက် အစိမ်းရောင်မီးတောက်များ ရှိပေသည်။
ထို့အပြင် ငွေအဆင့် ဘော့စ်တစ်ကောင်အနေဖြင့် ကြည်ညိုသူက အလွန်ကောင်းမွန်သော ပျက်စီးမှုစုပ်ယူနိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး သေနတ်ပစ်ခတ်မှုများကို အချိန်အတန်ကြာအောင် ခံနိုင်ရည်ရှိပေသည်။
“အထဲဝင်သွား”
ချင်ဖုန်းက အမိန့်ပေးလိုက်၏။
သူကိုယ်တိုင်ကမူ ကိုယ်ဖျောက်ထားလျက် ထောင့်တစ်နေရာဆီသို့ ဆုတ်ခွာသွားလိုက်သည်။ ထိုနေရာရှိ ကင်မရာတစ်ခုကိုလည်း သူက ကြိုတင် ဖျက်ဆီးထားခဲ့ပြီး ဖြစ်၏။
ဝုန်း။
တုန်းဖန်မိသားစု၏ အဓိကအဖွဲ့ဝင် အများစုဖြစ်သော လူကြီးပိုင်းများမှ လူလတ်ပိုင်းများနှင့် လူငယ်မျိုးဆက်များအထိ စုစုပေါင်း လူလေးဆယ်ကျော်ခန့် ဤနေရာ၌ စုဝေးနေကြခြင်းပင်။
သူတို့၏ အဆင့်များက အဆင့် ၃ မှ ၈ အတွင်း၌သာ ရှိကြ၏။
လက်တွေ့ကမ္ဘာဆီသို့ စွမ်းရည်များ ထုတ်ယူနိုင်ရန် အဆင့် ၁၀ သို့ ရောက်ရှိနေသူ တစ်ယောက်မှ မရှိသေးချေ။
တွန့်လိမ်ပိန်ချုံးနေသော ကြည်ညိုသူက အဖိုးတန်လှသော သစ်သားတံခါးကြီးကို ဖြတ်သန်းကာ တိုက်ရိုက် ရိုက်ချိုးဝင်ရောက်သွားခဲ့လေရာ ချက်ချင်းပင် စူးရှသော အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာတော့၏။
အော်ဟစ်သံများကြားတွင် ယောက်ျား မိန်းမ၊ အသက်အရွယ်မရွေး အားလုံး လန့်ဖြန့်သွားကြလေသည်။
“မင်းက ဘယ်လိုတောင် ရဲတင်းနေတာလဲ။ ဘယ်သူ… လခွမ်း၊ အဲ့ဒါကြီးက ဘာအကောင်ကြီးလဲ”
“မလာနဲ့၊ ဒီကို မလာခဲ့နဲ့… အား”
“ဒါက နတ်ဘုရားစွန့်ပစ်ဂိမ်းထဲက မိစ္ဆာတော့ မဖြစ်နိုင်ပါဘူးနော်”
“ဘုရားရေ၊ ကယ်ကြပါဦး၊ ကယ်ကြပါဦး”
ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း...
သီးသန့်ခန်းကျယ်ကြီးထဲမှနေ၍ သေနတ်ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သော်လည်း လူများ၏ စူးရှသောအော်သံများသာ ပိုကျယ်နေခဲ့ပေသည်။
လက်တွေ့ကမ္ဘာ၌ ဤလူများတွင် သေနတ်များ ရှိနေလျှင်ပင် သူတို့၏ ကာကွယ်ရေးစွမ်းရည်များက အင်မတန် ညံ့ဖျင်းကာ အလွန်အမင်း အားနည်းလွန်းလှပေသည်။
ငွေအဆင့် ကြည်ညိုသူတစ်ကောင်အတွက်မူ သာမန် လက်သည်းခုတ်ချက်တစ်ချက်ဖြင့်ပင် လူတစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်၏။
အစိမ်းရောင်မီးတောက်တစ်ချက် မှုတ်ထုတ်လိုက်ရုံဖြင့် လူတစ်အုပ်လုံးကို သေသည်အထိ လောင်ကျွမ်းသွားစေနိုင်ပေသည်။
ချင်ဖုန်းသည် စတင် လှုပ်ရှားကတည်းက အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှပင် ချန်ထားခဲ့ရန် ရည်ရွယ်မထားခဲ့ချေ။
သီးသန့်ခန်းထဲမှနေ၍ သေနတ်သံများ ပဲ့တင်ထပ်လာချိန်၌ ကျန်းနန်စားသောက်ဆိုင်၏ ဝင်ပေါက်ကို စောင့်ကြပ်နေကြသော တုန်းဖန်မိသားစု၏ လုံခြုံရေးအစောင့်များလည်း နောက်ဆုံးတွင် သတိထားမိသွားကြ၏။
သို့သော် အခြေအနေက ရှင်းလင်းလှပေသည်။
ထိုအစောင့်များ၏ အရေအတွက်က သိပ်မများလှချေ။
မူလက တုန်းဖန်မိသားစု၏ ဤမျှအရွယ်အစားရှိသော စုဝေးပွဲတစ်ခုအတွက်ဆိုလျှင် လုံခြုံရေးအရ အနည်းဆုံး လူသုံးဆယ်မှ ငါးဆယ်အထိ ရှိရန် လိုအပ်ပေသည်။
သို့သော် ယခုမူ...
တုန်းဖန်မိသားစုအပေါ် အပြည့်အဝ သစ္စာရှိသော လူဆယ်ယောက်ခန့်သာ ရှိနေ၏။
ကျန်သော အစောင့်များကမူ...
ချီးပဲ၊ နတ်ဘုရားစွန့်ပစ်ဂိမ်းကြီး ဆင်းသက်လာမှတော့ မည်သူက ထိုကောင်တွေအတွက် လုံခြုံရေး လာလုပ်ပေးနေဦးမည်နည်း။
ကျန်ရှိနေသော အစောင့်ဆယ်ယောက်ကျော်မှာ တုန်းဖန်မိသားစုက ‘လဲလှယ်၍ရသော သက်တမ်းများ’ ဖြင့် ပေးချေမည်ဟု ကတိပေးထား၍ ကျန်နေရစ်ကြသော အသက်အနည်းငယ်ပိုကြီးသည့် အတွေ့အကြုံရှိသူများ ဖြစ်ကြသည်။
ထို့အပြင် သူတို့ အားလုံးက ဂိမ်းထဲတွင် သာမန်အလုပ်အကိုင် ပါရမီရှင်များသာ ဖြစ်ကြ၏။
တကယ်တမ်း၌ အလုပ်အကိုင်နှင့် ပါရမီမြင့်မားသော သူများက ဂိမ်းထဲဝင်၍ မိစ္ဆာများကို ကိုယ်တိုင် သွားသတ်နေကြလောက်ပြီ ဖြစ်သည်။
ဤမိသားစုလုပ်ငန်းစုကြီးများ၏ ‘အလှူဒါန’ ကို သူတို့ လိုအပ်လိမ့်မည် မဟုတ်ချေ။
ထိုအစောင့်ဆယ်ယောက်ကျော် ပြေးတက်လာကြချိန်၌ သူတို့ ကိုင်ဆောင်ထားသည်မှာ ဓားမများနှင့် သံတုတ်များသာ ဖြစ်ကာ သေနတ်များကဲ့သို့ အဆင့်မမြင့်လှချေ။
သို့သော် သူတို့က သီးသန့်ခန်းတံခါးဝသို့ရောက်၍ အထဲသို့ ကြည့်လိုက်ချိန်တွင်...
သူတို့ အားလုံးမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြတော့၏။
တချို့ဆိုလျှင် နေရာ၌ပင် အန်ချပစ်လိုက်ကြသည်။
“ပြေးကြ...”
“အဲ့ဒါကြီးက ဘာမိစ္ဆာကြီးလဲ”
“သူတို့ အားလုံး သေကုန်ပြီ၊ တစ်ယောက်မှ မကျန်တော့ဘူး...”
“နေပါဦး၊ အထဲမှာ သက်တမ်းတွေ ရှိတယ်၊ သက်တမ်းတွေ အများကြီးပဲ၊ အနည်းဆုံး သောင်းဂဏန်းလောက် ရှိမယ်”
“မြန်မြန် သွားကြစို့။ အထဲမှာ အဲ့ဒီမိစ္ဆာကြီး ရှိနေတာကို မင်းက သက်တမ်း၊ သက်တမ်းနဲ့ ပြောနေသေးတယ်။ မင်း အသက်ကို မနှမြောဘူးလား”
အပေါ်ထပ်သို့ ပြေးတက်လာကာ သီးသန့်ခန်းထဲမှ အခြေအနေကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လူတစ်စုမှာ ချက်ချင်းပြန်လှည့်ကာ ကစဉ့်ကလျား ထွက်ပြေးချင်သွားကြလေသည်။
သို့သော်...
လျပ်တပျက် အရိပ်ခုတ်ချက်။
အမှောင်ထောင့်၌ ပုန်းကွယ်နေသော ချင်ဖုန်းက ချက်ချင်း လှုပ်ရှားလိုက်၏။
ပုံရိပ်တစ်ခုက လျပ်တပျက် ခုတ်ပိုင်းသွားကာ ဧရိယာတစ်ခုလုံး၌ ဓားအလင်းတန်းများ ပေါက်ကွဲထွက်လာတော့၏။
ကွဲအက်နေသော ကင်မရာမှန်ပေါ်သို့ပင် နီရဲနေသောသွေးများ လွင့်စင်သွားခဲ့လေသည်။
...
တိုတောင်းလှသော နှစ်မိနစ်အတွင်း၌ပင်။
သပ်ရပ်လှပသော ကျန်းနန်စားသောက်ဆိုင်မှာ ငရဲဘုံတစ်ခုအလား ပြောင်းလဲသွားခဲ့လေပြီ။
ထို့နောက်တွင် ကြည်ညိုသူက ချင်ဖုန်း၏ အနီးသို့ ပြန်ရောက်လာချိန်၌ ချင်ဖုန်းက လက်ကိုမြှောက်ကာ ၎င်းကို တိုက်ရိုက် ပြန်လည်စေလွှတ်လိုက်၏။
တွန့်လိမ်ပိန်ချုံးနေပြီး ကြောက်မက်ဖွယ်ကောင်းသော မီးခိုးရောင် ၏ပုံရိပ်ကြီးမှာ တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားတော့သည်။
ချက်ချင်းဆိုသလိုပင် ထိုဧရိယာတစ်ခုလုံး၌ အနီရဲရဲ ပန်းပွင့်များ ပေါ်လာခဲ့၏။
ချင်ဖုန်းက တောင်လိုပုံနေသော အလောင်းများနှင့် သွေးအိုင်များကြားတွင် အေးဆေးစွာ လမ်းလျှောက်နေသကဲ့သို့ ကိုယ်ဖျောက်ထားလျက် ဖြတ်လျှောက်သွားလိုက်သည်။
သူသွားလေရာ နေရာတိုင်း၌ ပန်းပွင့်ခြင်းကျိန်စာများ ပွင့်လန်းသွားခဲ့လေသည်။
ထိုသေမင်းတမန်ပန်းပွင့်များက ထိုနေရာတစ်ခုလုံးရှိ လူအားလုံး၏ လဲလှယ်၍ရသောသက်တမ်း အားလုံးကို ဝါးမျိုပစ်ရုံသာမက 'သက်သေဖျောက်ဖျက်ခြင်း' အာနိသင်လည်း ရှိနေပေသည်။
ပန်းပွင့်ခြင်းကျိန်စာ၏ ဝါးမျိုခြင်း လုပ်ငန်းစဉ်အတွင်း ထိုဧရိယာတစ်ခုလုံး၌ ပြန့်ကျဲနေသော သွေးစွန်းမှုများနှင့် အလောင်းများ အားလုံးမှာ အရိုးရောင်အဆင်းရှိသော မီးခိုးငွေ့တန်းများအဖြစ် ပြောင်းလဲသွားကြလေသည်။
“တကယ့်ကို ကြီးမားတဲ့ ရိတ်သိမ်းမှုပဲ”
ချင်ဖုန်း၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွား၏။
တုန်းဖန်ရှန်းထံတွင် လဲလှယ်၍ရသော သက်တမ်း ၂၅,၀၀၀ ရက် ရှိနေခဲ့သည်။
မူလက ထက်ဝက်ခန့်သာ ပြုတ်ကျမည် ဖြစ်၏။
သူ၏ အလောင်းပေါ်၌ နီရဲသောသွေးပန်းပွင့်များ ပွင့်လန်းလာချိန်၌ သူ၏ ကျန်ရှိနေသော လဲလှယ်၍ရသည့် သက်တမ်းများအားလုံးကိုပါ ချင်ဖုန်းက ဝါးမျိုပစ်လိုက်ခြင်း ဖြစ်သည်။
ချင်ဖုန်းက သီးသန့်ခန်းထဲသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်၏။
အရှေ့တိုင်းပညာရှိ (တုန်းဖန်ရှန်း) မှာ ခေါင်းမရှိတော့သည်ကို သူမြင်လိုက်ရသည်။ သူ၏ ခေါင်းမှာ ကြည်ညိုသူ၏ ဆွဲနုတ်ခြင်းကို ခံလိုက်ရခြင်းဖြစ်ကာ ဩစတြေးလကျောက်ပုစွန် တစ်ပန်းကန်ဘေးရှိ ဩစတြေးလျကျောက်ပုစွန်ခေါင်းတစ်ခုနှင့် ယှဉ်လျက် တင်ထားခြင်း ခံထားရလေသည်။
သူ၏ မျက်လုံးများက ပြူးကျယ်နေကာ သူက မကျေမချမ်းဖြင့် သေဆုံးသွားခဲ့ရခြင်းပင်။
ထိုကောင်က ဘာတွေမှားယွင်းသွားမှန်း မသိဘဲ သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။
သူ့ကို ‘အရိပ်’ က သတ်သွားမှန်းလည်း သူက သိမသွားခဲ့ချေ။
ကြည်ညိုသူကို မြင်ဖူးသူ အလွန် နည်းပါးလှ၏။
‘နှင်းဆီပြာ’ နှင့် သူမ၏ အဖွဲ့ဝင်များလောက်သာ ၎င်းကို မြင်ဖူးပြီး ချင်ဖုန်းနှင့် ဆက်စပ်တွေးတောနိုင်မည် ဖြစ်သည်။
ကျန်သောလူများ အတွက်မူ...
ထိုအကောင်ကြီးက ဘာအကောင်ကြီးမှန်း မည်သူက သိပါမည်နည်း။
သေဆုံးခါနီးအချိန်၌ တုန်းဖန်ရှန်း၏ နောက်ဆုံးတွေးလိုက်မိသော အတွေးမှာ နတ်ဘုရားစွန့်ပစ်ဂိမ်းထဲမှ မိစ္ဆာတစ်ကောင်က လက်တွေ့ကမ္ဘာထံ မည်သို့ ကျူးကျော်လာနိုင်ပါသနည်း ဟူ၍ပင်။
နှစ်မိနစ်ခန့် အကြာတွင်။
ကျန်းနန်စားသောက်ဆိုင်ထဲမှ ပန်းပွင့်ခြင်းကျိန်စာများအားလုံး လွင့်စင်ပျောက်ကွယ်သွားခဲ့၏။
စားသောက်ဆိုင်ဝန်ထမ်းများမှာ မူလက နောက်ဖေးမီးဖိုချောင်ထဲတွင် ရှိနေကြပြီး အပြင်ဘက်မှ ဆူညံသံများကို ဝေဝါးဝါး ကြားနေရသော်လည်း အပြင်သို့ ထွက်မလာခဲ့ကြချေ။ မည်သို့ပင်ဖြစ်စေကာမူ ၎င်းက တုန်းဖန်မိသားစု၏ စုဝေးပွဲဖြစ်လေရာ အပြင်လူများဖြစ်သော သူတို့က လျှောက်သွားဝံ့မည် မဟုတ်ချေ။
သို့သော် အချိန်အတန်ကြာပြီးနောက် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သူတို့ ခံစားလာရ၏။
သူတို့ အပြင်ထွက်လာချိန်၌ အားလုံးမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြလေသည်။
သီးသန့်ခန်းထဲရှိ စားပွဲများ၊ ကုလားထိုင်များနှင့် ပန်းအိုးများအားလုံး ကွဲကြေပျက်စီးကာ ရှုပ်ပွနေသည်ကို သူတို့ မြင်တွေ့လိုက်ရ၏။
ထို့အပြင် သီးသန့်ခန်းနှင့် အပြင်ဘက် စင်္ကြံလမ်းတစ်လျှောက်တွင် အရိုးရောင်အဆင်းရှိသော မြူခိုးများကလည်း ဖြည်းညင်းစွာ လှည့်ပတ်လွင့်မျောနေကြပေသည်။
“လူတွေရော ဘယ်ရောက်သွားကြပြီလဲ”
“တုန်းဖန်မိသားစုက လူတွေရော ဘယ်ရောက်ကုန်ပြီလဲ”
‘ပန်းပွင့်ခြင်းကျိန်စာ’ ၏ သက်သေဖျောက်ဖျက်မှုအာနိသင်က အခင်းဖြစ်ပွားရာ နေရာ၌ အလောင်းများနှင့် ပတ်သက်သည့် မည်သည့်သဲလွန်စကိုမျှ ချန်မထားခဲ့ချေ။
တရားခံဖြစ်သော ချင်ဖုန်းကမူ ကျန်းနန်စားသောက်ဆိုင်မှ ထွက်ခွာသွားခဲ့လေပြီ။
“ဒီတစ်ခါတော့ တကယ့်ကို ကြီးမားတဲ့ ရိတ်သိမ်းမှုပဲ”
“လူတိုင်းဆီက လဲလှယ်လို့ရတဲ့သက်တမ်းတွေအားလုံးကို ငါဝါးမျိုခဲ့ပြီးပြီ”
“သူတို့ရဲ့ လဲလှယ်လို့မရတဲ့ သက်တမ်း ၅၀% ကိုတောင်မှ ဝါးမျိုနိုင်ခဲ့သေးတယ်”
ပန်းပွင့်ခြင်းကျိန်စာကို ဒဏ္ဍာရီအဆင့်သို့ ဆင့်ကဲပြောင်းလဲရန် ဆင့်ကဲပြောင်းလဲခြင်း အမှတ် ၃၀ အသုံးပြုခဲ့ရသည်မှာ တကယ်ကို မှန်ကန်သော ဆင့်ကဲပြောင်းလဲမှုတစ်ခုဖြစ်ကြောင်း ချင်ဖုန်း သဘောပေါက်သွားခဲ့လေသည်။
***