ချင်ဖုန်းက ကျန်းနန် စားသောက်ဆိုင်မှ ထွက်ခွာလာပြီးနောက် ကိုယ်ဖျောက်ရန်အတွက် ထောင့်တစ်နေရာကို အရင်ရှာလိုက်ကာ ဤတစ်ခေါက်၌ သူ၏ ရရှိမှုများကို စစ်ဆေးလိုက်၏။
“ငါ လဲလှယ်လို့ရတဲ့သက်တမ်း စုစုပေါင်း ၇၄ နှစ် ရလိုက်တယ်၊ ရက်အနေနဲ့ တွက်ရင် ၂၇,၀၀၀ ရက်ပေါ့”
“လဲလှယ်လို့မရတဲ့သက်တမ်းကျတော့ ပန်းပွင့်ခြင်းကျိန်စာကနေတဆင့် အနှစ် ၄၈၀ ကျော်လောက် ငါ ဝါးမျိုနိုင်ခဲ့တယ်...”
ဤလူများ၏ လဲလှယ်၍မရသောသက်တမ်းမှာ အလွန် နည်းပါးလွန်းလှသည်ဟု ချင်ဖုန်းမှာ ခံစားလိုက်ရသည်။
ဤတစ်ခေါက်၌ သူက လူလေးဆယ်ကျော်၊ ငါးဆယ်နီးပါးကို ရှင်းလင်းပစ်ခဲ့ခြင်းပင်။
သို့သော် ထိုသူများထဲမှ တချို့က အသက်အရွယ်ကြီးရင့်နေသော အဖိုးကြီးများ ဖြစ်နေကြောင်းကိုမူ ထည့်သွင်းစဉ်းစားရမည် ဖြစ်၏။
ထို့ပြင် သူတို့အားလုံးက နတ်ဘုရားစွန့်ပစ်ဂိမ်းထဲသို့ ဝင်ရောက်ခဲ့ကြပြီးနောက် အပြင်မထွက်လာခင်၌ အဆင့် ၃ အထိ တင်ခဲ့ကြရာ ထိုအဆင့်တင်သည့် လုပ်ငန်းစဉ်အတွင်း၌ပင် အကြိမ်များစွာ သေဆုံးခဲ့ကြပြီးဖြစ်သဖြင့် သူတို့၏ လဲလှယ်၍မရသောသက်တမ်း အများစုကို ဆုံးရှုံးခဲ့ကြပြီး ဖြစ်လေသည်။
ထိုသို့ဖြစ်လင့်ကစား ဤတစ်ခေါက်၌ ချင်ဖုန်း၏ ရရှိမှုများက ကြီးမားလှပေသည်။
ယခုလေးတင် သူက အန်းယွီနှင့် အရောင်းအဝယ် လုပ်ဆောင်ခဲ့ရာ ပစ္စည်းကိရိယာများစွာ ရောင်းချခဲ့ရသည်ပပင် သက်တမ်း ရက် ၂၀,၀၀၀ ထက် နည်းခဲ့၏။
သို့သော် ယခုတစ်ခေါက် အပြင်ထွက်လာရုံဖြင့် သူက သက်တမ်း ၂၇,၀၀၀ ရက်ကို ပေါ့ပေါ့ပါးပါး ရရှိသွားခဲ့ခြင်း ဖြစ်သည်။
တန်ကြေးအရ တွက်ကြည့်လျှင် သူ၏ မျှော်လင့်ချက်များကို အပြည့်အဝ ကျော်လွန်သွားခဲ့ခြင်းပင်။
သူ၏ကိုယ်ပိုင် လဲလှယ်၍မရသောသက်တမ်းမှာလည်း ၂၃၂၇ နှစ်အထိ စုဆောင်းမိသွားခဲ့ပြီ ဖြစ်၏။
“တကယ့်ကို ငွေတွင်းကြီးပါလား”
ချင်ဖုန်းက ပြုံးလိုက်သည်။
သူက ကျန်းနန်စားသောက်ဆိုင်ကို နောက်ဆုံးတစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် အဝေးမှ ရဲကားဥဩသံများကို ကြားလိုက်ရချိန်၌ တိတ်တဆိတ် ထွက်ခွာသွားလိုက်၏။
ဤတစ်ကြိမ်တွင် ‘ပန်းပွင့်ခြင်းကျိန်စာ’ က အလွန်အမင်း ထိရောက်ကြောင်း သက်သေပြနိုင်ခဲ့ပေသည်။
ရရှိမှုများက အလွန် ကြွယ်ဝရုံသာမကချေ။
သေမင်းတမန် ပန်းပွင့်ကို အသုံးပြု၍ အခင်းဖြစ်ပွားရာ နေရာရှိ လူအားလုံး၏ အလောင်းများ၊ သွေးစွန်းမှုများနှင့် အခြားသော သဲလွန်စများ အားလုံးကို ဖြူဖျော့ဖျော့ မြူခိုးများအဖြစ် အငွေ့ပျံသွားစေကာ အပြည့်အဝ ရှင်းလင်းပစ်နိုင်ခဲ့ခြင်းပင်။
တုန်းဖန်မိသားစု၏ အဓိကအဖွဲ့ဝင် အားလုံးနှင့်အတူ လုံခြုံရေးအစောင့် ဆယ်ယောက်ကျော်မှာ လေထဲ၌ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားခဲ့လေပြီ။
ရဲများ ရောက်လာရင်ပင် ဘာသဲလွန်စမှ ရှာတွေ့နိုင်မည် မဟုတ်ချေ။
...
တုန်းဖန်မိသားစု ပျောက်ဆုံးသွားမှု၏ နောက်ဆက်တွဲ အကျိုးဆက်များကိုမူ ချင်ဖုန်းက ဂရုမစိုက်ခဲ့ချေ။
ထိုသို့သော ဖြစ်ရပ်များက နောင်တွင် ပို၍ အဖြစ်များလာတော့မည် ဖြစ်၏။
မဟာရှနိုင်ငံ၏ အစိုးရရဲတပ်ဖွဲ့အတွက်မူ ၎င်းကို ပျောက်ဆုံးမှုအဖြစ်သာ သတ်မှတ်ပြီး ဆက်လက် စုံစမ်းတော့မည် မဟုတ်ချေ။ ၎င်းက ‘အရိပ်’ နှင့် ပတ်သက်နေသည်ဟု သူတို့ သံသယရှိလျှင်ပင် သူတို့ထံ၌ မည်သည့်သက်သေမှ ရှိနေမည် မဟုတ်ပေ။
ကနဦး ကသောင်းကနင်းအခြေအနေများက ရက်အနည်းငယ်ကြာ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း ချင်ဖုန်းက မှတ်မိနေခဲ့သည်။
လူများစွာက ဂိမ်းထဲမှ ထွက်လာရန် မဝံ့ရဲကြသလို ဂိမ်းထဲတွင်လည်း အပြင်ထွက်၍ မိစ္ဆာများကို မသတ်ရဲကြဘဲ လုံခြုံရေးဇုန်များထဲတွင်သာ ပုန်းအောင်းနေရဲကြကာ တစ်ခါတစ်ရံ စားသောက်ရန်နှင့် အိမ်သာတက်ရန်အတွက်သာ လိုင်းအောက်ကြပြီးနောက် အွန်လိုင်းသို့ အလျင်အမြန် ပြန်ဝင်ကြမည် ဖြစ်၏။
မဟာရှနိုင်ငံ အစိုးရအနေဖြင့် ကိုယ်တိုင် လေ့ကျင့်ပျိုးထောင်ခြင်းဖြင့်ဖြစ်စေ၊ လူသစ်စုဆောင်းခြင်းဖြင့်ဖြစ်စေ သူတို့၏ လျှို့ဝှက်အလုပ်အကိုင်ဖြစ်သော ‘စုံစမ်းထောက်လှမ်းသူ’ အဖွဲ့ဝင်များကို လက်တွေ့ကမ္ဘာဆီသို့ သူတို့၏ အလုပ်အကိုင်စွမ်းရည်များ ထုတ်ယူနိုင်စေပြီးမှသာ ရာဇဝတ်ကောင်များကို မနည်း ဖမ်းဆီးထိန်းချုပ်နိုင်မည် ဖြစ်သည်။
ထိုသို့ဖြင့် အခြေအနေများကို အနည်းငယ် တည်ငြိမ်သွားစေမည် ဖြစ်၏။
သေချာသည်မှာ အလောင်းများနှင့် သဲလွန်စများကို ဖျက်ဆီးပစ်ရာတွင် အလွန်စေ့စပ်သေချာလှသော ချင်ဖုန်း၏ နည်းလမ်းများကို ရင်ဆိုင်ရချိန်၌ ‘စုံစမ်းထောက်လှမ်းသူ’ ၏ အလုပ်အကိုင် စွမ်းရည်များကပင် မည်သည့် သဲလွန်စကိုမျှ ရရှိနိုင်မည် မဟုတ်ချေ။
နောက်ပိုင်းအဆင့်များတွင် ထိုအချိန်က ဘာတွေဖြစ်ခဲ့သည်ကို ပြန်လည်ကြည့်ရှုနိုင်မည့် အတိတ်ကို ပြန်ကြည့်နိုင်သော စွမ်းရည်တချို့ကို သူတို့ ရရှိနိုင်မှသာ ဖြစ်နိုင်မည် ဖြစ်သည်။
သို့သော် အချိန်နှင့်ဟင်းလင်းပြင်တို့ပါ ပါဝင်ပတ်သက်နေသည့် ထိုသို့သော စွမ်းရည်များမှာ ပထမနှစ်အနည်းငယ်အတွင်း၌ ပေါ်လာရန်က လုံးဝ မဖြစ်နိုင်သလောက်ပင်။
“ငါ့ရဲ့ နောက်ထပ် ပစ်မှတ်က ချန်ရှီရှီပဲ”
“ချန်ရှီလုပ်ငန်းစုရဲ့ ရုံးချုပ်က နတ်ဘုရားစွန့်ပစ်ဂိမ်းကြီး မဆင်းသက်လာခင်ကတည်းကတင် မြောက်အမေရိကတိုက်ကို ပြောင်းရွှေ့သွားခဲ့ပြီ၊ ဒါရိုက်တာဘုတ်အဖွဲ့ကလည်း မြောက်အမေရိကတိုက်မှာပဲ ရှိတယ်”
“လောလောဆယ် ငါကိုင်တွယ်လို့ရတာက ချန်ရှီရှီတစ်ယောက်ပဲ ရှိတယ်...”
“သူ့ကို အရင် ရှင်းပစ်ရမယ်”
“ဒါပေမဲ့ ကျန်းဟိုင်မြို့ကနေ နတ်ဆိုးမြို့တော်ကို သွားဖို့ဆိုရင် ကီလိုမီတာ ၃၀၀ နီးပါး ဝေးတယ်။ လမ်းလျှောက်သွားရင် နှစ်နာရီ၊ သုံးနာရီလောက် ကြာလိမ့်မယ်၊ အဲ့ဒါက အရမ်း အချိန်ဖြုန်းရာကျတယ်”
“ငါ စီးစရာတစ်ခုခုလောက် ရအောင် နည်းလမ်းရှာရမယ်”
ချင်ဖုန်းက စိတ်ထဲမှ တွေးလိုက်၏။
သူက ကျန်းဟိုင်မြို့၏ လမ်းမများပေါ်တွင် ကိုယ်ဖျောက်လျက် လမ်းလျှောက်နေခဲ့သည်။ အေးစက်သော ညလေပြေက တိုက်ခတ်နေပြီး လမ်းတစ်လျှောက်တွင် လူများစွာကိုလည်း သူ မမြင်တွေ့ခဲ့ရချေ။
စားသောက်ဆိုင် တော်တော်များများကလည်း ပိတ်ထားကြပြီ ဖြစ်၏။
လမ်းပေါ်တွင် ပို့ဆောင်ရေးယာဉ်မောင်းတစ်ယောက်ကိုပင် သူ မတွေ့ခဲ့ရချေ။
ချင်ဖုန်းက ဟိုတယ်ကြီးတစ်ခုကို မရှာတော့ဘဲ သာမန်တည်းခိုခန်းတစ်ခုကိုသာ အလွယ်တကူ ရှာဖွေပြီး ဝင်ရောက်တည်းခိုလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ယခုအခါ ဟိုတယ်ကြီးများ၏ စီးပွားရေးစနစ်က နှေးကွေးစွာ လည်ပတ်နေပြီဖြစ်သော်လည်း တည်းခိုခန်းများကမူ အရောင်းအဝယ် ပြုလုပ်ရန် ပို၍ အဆင်ပြေသောကြောင့်ပင်။
သေချာသည်မှာ ချင်ဖုန်းက ဖုန်းယူမလာခဲ့သဖြင့် သက်တမ်းဖြင့်သာ ပေးချေနိုင်မည် ဖြစ်၏။
သူက သက်တမ်း ၁ နာရီကို တိုက်ရိုက် ပေးချေလိုက်သည်။
ထိုအရာက အလွန်နည်းပါးပုံရသော်လည်း တည်းခိုခန်းပိုင်ရှင်ကို အလွန်အမင်း ပျော်ရွှင်သွားစေခဲ့ပေသည်။
“သူဌေး၊ အထဲကို ဝင်ပါခင်ဗျာ...”
လက်ရှိတန်ဖိုးသတ်မှတ်ချက် ၁:၃၀,၀၀၀ အရ သက်တမ်း ၁ နာရီဆိုသည်မှာ ယွမ် ၁၂၅၀ နှင့် ညီမျှနေပြီ ဖြစ်သည်။
ဤအချိန်၌ အစိုးရက ငွေစက္ကူများကို ရိုက်နှိပ်ခြင်းများ စတင်ရပ်တန့်နေပြီဖြစ်ကာ သက်တမ်းပေါ် အခြေခံသော စီးပွားရေးစနစ်သစ်တစ်ခု မပေါ်ပေါက်လာခင်အထိ ငွေသား၏ တန်ဖိုးမှာလည်း ဆက်လက်ကျဆင်းနေဦးမည် ဖြစ်၏။
ချင်ဖုန်းက တည်းခိုခန်းထဲသို့ ဝင်ရောက်သွားလိုက်သည်။
သူက ခေါက်ဆွဲပြုတ်တစ်ပန်းကန်ကို ဝယ်ယူ၍ စားသောက်လိုက်ပြီး ရေချိုးသန့်စင်ကာ ဂိမ်းထဲသို့ ပြန်လည် ဝင်ရောက်လိုက်၏။
ချင်ဖုန်းက အစားအသောက်အတွက် လောမနေခဲ့ချေ။ မကြာခင်ပင် အထူးအစားအသောက်အရင်းအမြစ်များ ပေါ်လာမည်ဖြစ်ကာ ထိုအချိန်မတိုင်ခင်အထိ သူက ရရှိနိုင်သမျှကိုသာ စားသောက်သွားမည် ဖြစ်သည်။
သူက မျက်လုံးများကို ဆယ်စက္ကန့်ခန့် မှိတ်ထားလိုက်ချိန်၌ ဆိုဖာပေါ်တွင် ထိုင်နေသော သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်းချင်း မှေးမှိန်သွားကာ တစ်ပိုင်းတစ ဖောက်ထွင်းမြင်နိုင်သော အခြေအနေသို့ ပြောင်းလဲသွားလေသည်။
【နတ်ဘုရားစွန့်ပစ်ဂိမ်းမှ ပြန်လည်ကြိုဆိုပါသည်။】
ချင်ဖုန်း၏ စိတ်ထဲ၌ အသိပေးချက်တစ်ခု ပေါ်လာခဲ့၏။
သူမျက်လုံးဖွင့်လိုက်ချိန်၌ သူ၏ အောက်ဘုံဝိညာဉ်နယ်မြေ နန်းတော်ထဲတွင် ပေါ်လာခဲ့သည်။
မှိန်ပျပျ အလင်းရောင်သာရှိသော မြေအောက်နန်းတော်ထဲတွင် ရေစက်ကျသံများက ခပ်သဲ့သဲ့ ပဲ့တင်ထပ်နေသည်မှာ ၎င်းက ကြောက်မက်ဖွယ်ကောင်းပြီး စိုစွတ်နေသကဲ့သို့ ခံစားရစေ၏။
သူ၏ အစီအစဉ်မှာ မိစ္ဆာများ အများအပြားရှိနေသေးချိန်တွင် ကျန်းဟိုင်မြို့ဟောင်းအပျက်အစီးများကို ရှင်းလင်းရန်ဖြစ်ပြီး ၎င်းက အဆင့်မြှင့်တင်ရန် အမြန်ဆုံးနည်းလမ်း ဖြစ်ပေသည်။
ထို့ပြင် မြို့ဟောင်းအပျက်အစီးများထဲတွင် ငွေအဆင့်နှင့် ရွှေအဆင့်ဘော့စ်အချို့ ကျန်ရှိနေသေးပြီး ၎င်းတို့ထံမှ ကျကျန်ခဲ့သော ပစ္စည်းများကလည်း မဆိုးလှချေ။ ၎င်းတို့ကို ရောင်းချကာ သက်တမ်းအချို့ ရရှိနိုင်မည် ဖြစ်၏။
သို့သော် သူ အွန်လိုင်းတက်လိုက်ချိန်၌ ရုတ်တရက် ဝင်လာသော သီးသန့်စာတစ်စောင်က သူ၏ အစီအစဉ်ကို အနှောင့်အယှက် ဖြစ်သွားစေခဲ့သည်။
အန်းယွီပင်။ “ဂုရုကြီး ဂုရုကြီးရေ...၊ အခုလေးတင် ရှောင်ဟေးက မြို့ဟောင်းအပျက်အစီးတွေထဲမှာ သင်္ချိုင်းဂူဝင်ပေါက်တစ်ခုကို တွေ့လိုက်တယ်။ ဒါပေမဲ့ ဝင်ပေါက်မှာ ရွှေအဆင့် အငြိုးတကြီးတစ္ဆေတစ်ကောင် ရှိနေတယ်၊ ပြီးတော့ ကျွန်မတို့ သူ့ကို မနိုင်ဘူး... ကျွန်မတို့ နေရာအမှတ်အသားကိုတော့ မှတ်ထားလိုက်တယ်၊ ဂုရုကြီး သွားစမ်းကြည့်ချင်လား”
ချင်ဖုန်းမှာ အံ့အားသင့်သွားသည်။ “ရှောင်ဟေး ဟုတ်လား”
“အဲ့ဒါက မက်မွန်သီးမည်း တာ့လီကျိလေ... ဂုရုကြီးက သူ့ကို ရှောင်ဟေးလို့ ခေါ်လိုက်တော့ ကျွန်မတို့ အားလုံးကလည်း သူ့ကို ရှောင်ဟေးလို့ပဲ ခေါ်လိုက်ကြတာ၊ ဟားဟား”
အန်းယွီက ပြောပြီးနောက် သူမဘာသာ ပြန်ရယ်လိုက်၏။
“...”
လင်းလီယွီပင်။
သူမပဲ ဖြစ်နေပြန်လေပြီ။
ချင်ဖုန်းက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။ “သူက အဲ့ဒါကို ဘယ်လိုရှာတွေ့သွားတာလဲ”
အန်းယွီက သက်ပြင်းချလိုက်၏။ “ဂုရုကြီးက ကျွန်မတို့ကို အစပြုမြို့ငယ်လေးဆီ ပြန်သွားခိုင်းတယ် မဟုတ်လား။ အဲ့ဒီကို ပြန်တဲ့လမ်းမှာ မိစ္ဆာအသေးလေးတွေကို ရှောင်ဖို့အတွက် ကျွန်မတို့ နည်းနည်း လမ်းကွေ့သွားလိုက်တာ၊ အဲ့ဒီလို လမ်းလျှောက်သွားရင်းနဲ့ ရုတ်တရက် တစ်ယောက်ယောက် ပျောက်သွားတာကို ကျွန်မတို့ သတိထားမိလိုက်တယ်...”
“ကျွန်မတို့ အတော်ကြာအောင် လိုက်ရှာပြီးမှ ရှောင်ဟေးက တွင်းတစ်တွင်းထဲကို ခြေချော်ကျသွားတာဆိုတာကို သိလိုက်ရတယ်။ အဲ့ဒါက သင်္ချိုင်းဂူရဲ့ အထူးနယ်မြေတစ်ခု ဖြစ်နေတော့ အဖွဲ့ချန်နယ်ကို အသုံးပြုလို့ မရဘူးလေ”
“ကျွန်မတို့က တွင်းထဲကို လိုက်ဆင်းသွားတော့ အဆင့် ၁၂ ရွှေအဆင့် ဘော့စ်တစ်ကောင်က ကျွန်မတို့ကို လိုက်တိုက်ခိုက်ရော၊ ကျွန်မတို့ အပြေးမြန်လို့ တော်သေးတာပေါ့...”
“အခု ကျွန်မတို့ ရှဲလ်မြို့ငယ်လေးဆီ ပြန်ရောက်နေပြီ။ ဂုရုကြီးက သင်္ချိုင်းဂူဆီ သွားချင်တယ်ဆိုရင် နေရာအမှတ်အသားကို ကျွန်မ ပို့ပေးမယ်လေ”
ချင်ဖုန်းပင် မနေနိုင်ဘဲ သက်ပြင်းချလိုက်မိ၏။
ကံကောင်းခြင်းငါးလေးက တကယ့်ကို ကံကောင်းခြင်းငါးလေး ပီသလှခြင်းပင်။
သူမက မြို့ဟောင်းအပျက်အစီးများကြား၌ လမ်းလျှောက်နေရင်း တွင်းထဲသို့ ခြေချော်ကျသွားပြီးနောက် သင်္ချိုင်းဂူတစ်ခုကို ရှာတွေ့သွားသည်မှာ မည်သို့သော ဖြစ်နိုင်ချေမျိုးပါနည်း။
သင်္ချိုင်းဂူများ၊ ယုံကြည်ခြင်းဗိမာန်များနှင့် ကျိန်စာသင့်အပျက်အစီးများကဲ့သို့သော နေရာများမှာ ကျပန်းပေါ်လာတတ်သော တောရိုင်းအခွင့်အရေးများဖြစ်ကြောင်း သိထားရမည်ပင်။
တစ်ယောက်ယောက်ကသာ ၎င်းကို ရှင်းလင်းပြီး နောက်ဆုံးဘော့စ်ကို အနိုင်ယူနိုင်မည်ဆိုပါက ဆုကြေးများမှာ အလွန် များပြားလှပေသည်။
အထူးဆုကြေးအချို့ပင် ရှိနေနိုင်သေး၏။
ချင်ဖုန်းမှ ယခု လိုချင်နေသော စီးတော်ယာဉ်များ အပါအဝင် ၎င်းတို့လည်း ပေါ်လာနိုင်ပေသည်။
ထို့ကြောင့် ချင်ဖုန်းက ပြန်စာပို့လိုက်၏။ “ကောင်းပြီလေ၊ နေရာအမှတ်အသားကို ပို့ပေးပါ”
အန်းယွီက စိတ်လှုပ်ရှားစွာဖြင့် ပြန်စာပို့လာသည်။ “အင်း အင်း၊ ဂုရုကြီး မလိုချင်တဲ့ ပစ္စည်းတစ်ခုခု ထွက်လာခဲ့ရင် ကျွန်မတို့ကို ရောင်းပေးဖို့ မမေ့နဲ့နော်”
ဤသည်ကား သူမ၏ အဓိက ရည်ရွယ်ချက်ပင်။
လက်ရှိတွင် သူမထံ၌ လဲလှယ်၍ရသောသက်တမ်းများ အများအပြား ရှိနေ၏။
ချင်ဖုန်းက ပစ္စည်းကိရိယာများနှင့် စွမ်းရည်စာအုပ်များ ပိုရလေလေ၊ သူတို့၏ တိုးတက်မှုက ပိုမြန်လေလေ ဖြစ်မည်ပင်။
ထို့ကြောင့် သူမက ထိုသင်္ချိုင်းဂူ၏ နေရာအမှတ်အသားကို ချင်ဖုန်းထံသို့ အခမဲ့ တိုက်ရိုက်ပေးလိုက်ခြင်းဖြစ်ပြီး တစ်ခုခုနှင့် လဲလှယ်ရန်ပင် မတွေးခဲ့ချေ။
ချင်ဖုန်းက နေရာအမှတ်အသားကို လက်ခံရရှိလိုက်ပြီး အန်းယွီ၏ သဘောထားကြီးမှုကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့၏။
“ဒီလိုလူမျိုးတွေနဲ့ သူငယ်ချင်းဖွဲ့ရတာ ငါ သဘောကျတယ်”
ထို့နောက် ချင်ဖုန်းက အောက်ဘုံဝိညာဉ်နယ်မြေမှ ထွက်ခွာသွားလိုက်သည်။
သူက ကိုယ်ဖျောက်လိုက်ပြီးနောက် အခြားတစ်ဖက်မှ ပေးထားသော နေရာအမှတ်အသားဖြစ်သည့် ကီလိုမီတာ ၁.၄ ခန့် ဝေးကွာသော မြို့ဟောင်းအပျက်အစီးများဆီသို့ ဦးတည်သွားလိုက်၏။
လမ်းတစ်လျှောက်ရှိ မိစ္ဆာအချို့ကို သူက ရှင်းလင်းသွားခဲ့ကာ တိုက်ပွဲဝင်ပစ္စည်းများကိုလည်း ပေါ့ပေါ့ပါးပါး ကောက်ယူသွားခဲ့လေသည်။
မကြာခင်၌ပင် အန်းယွီပေးထားသော နေရာအမှတ်အသားသို့ သူ ရောက်ရှိသွားခဲ့သည်တွင် အပျက်အစီးများကြားရှိ ခြံဝင်းတစ်ခုထဲ၌ ရေတွင်းတစ်တွင်းကို တွေ့လိုက်ရ၏။
“…”
“ဝင်ပေါက်က ရေတွင်းလား”
“သူက လမ်းလျှောက်နေရင်းနဲ့ ဒီရေတွင်းထဲကို ပြုတ်ကျသွားတာလား”
ချင်ဖုန်းမှာ တုန်လှုပ်သွားလေသည်။
ထိုအမျိုးသမီး လင်းလီယွီက တကယ့်ကို ပါရမီရှင်တစ်ယောက်ပင်။ သူက မနေနိုင်တော့ဘဲ သက်ပြင်းချလိုက်မိတော့သည်။
***