ချင်ဖုန်းက ရေတွင်းထဲသို့ ခုန်ဆင်းလိုက်၏။
ရေတွင်းက သိပ်မနက်ဘဲ ဘေးဘက်တွင် အပေါ်သို့ ပြန်တက်နိုင်ရန်အတွက် အုတ်ခဲများ ထိုးထွက်နေသည်ကို သူသတိထားမိလိုက်သည်။
သို့သော် ရေတွင်းထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူက သင်္ချိုင်းဂူ၏ နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့လေပြီ။
【သင်သည် 'နာကြည်းမှု သင်္ချိုင်းဂူ' သို့ ရောက်ရှိသွားပါပြီ။ သင်၏ အဝေးဆက်သွယ်ရေးစနစ်ကို ပိတ်ပင်ထားမည် ဖြစ်သည်။】
ချင်ဖုန်းက သိပ်ပြီး ဂရုမစိုက်ချေ။
ရေတွင်း၏ အောက်ခြေသို့ ရောက်ချိန်၌ ရှေ့တွင် မီတာသုံးမီတာခန့် ကျယ်ဝန်းသော လမ်းကြောင်းတစ်ခု ပေါ်လာပြီး နှစ်ဖက်စလုံးတွင် တောက်ပနေသော ကျောက်တုံးများဖြင့် မှိန်ပျပျ လင်းထိန်နေသည်ကို သူမြင်လိုက်ရသည်။
ချင်ဖုန်းက အရိပ်ဝတ်ရုံအခြေအနေကို ထိန်းသိမ်းထားလျက် တိတ်ဆိတ်စွာ ရှေ့ဆက်သွားလိုက်သည်။
မီတာတစ်ရာခန့် ရှေ့ဆက်သွားပြီးနောက် ချင်ဖုန်းက ဟောင်းနွမ်းပျက်စီးနေသော တံခါးကြီးတစ်ခုကို စောင့်ကြပ်နေသည့် ဓားမကြီးတစ်လက် ကိုင်ဆောင်ထားသော ပုပ်ဟောင်နံ့များ ထွက်ပေါ်နေသည့် ဝတုတ်တုတ် မိစ္ဆာတစ်ကောင်ကို တွေ့လိုက်ရ၏။
【အငြိုးကြီးတစ္ဆေ (အဆင့် ၁၂)】
【အဆင့် - ရွှေအဆင့်】
ဤဘော့စ်က အရပ်နှစ်မီတာကျော် မြင့်မားကာ အလွန်အမင်း တောင့်တင်းသန်မာပြီး ၎င်း၏ လက်ထဲတွင် သံချေးတက်နေသော ဓားမကြီးနှစ်လက်ကိုလည်း ကိုင်ဆောင်ထား၏။ ထို့ပြင် ၎င်း၏ တစ်ကိုယ်လုံးမှာ ပုပ်ဟောင်နေကာ အသားတုံးကြီးများ စုပုံထားသည့်အလား ဖြစ်နေပေသည်။
ဤတံခါးစောင့်ဘော့စ်က အန်းယွီနှင့် သူမ၏ အဖွဲ့ကို ကစဉ့်ကလျား ထွက်ပြေးသွားစေခဲ့ခြင်းပင်။
သူတို့၏ စရိုက်လက္ခဏာများအရ သူတို့က သေချာပေါက် စမ်းသပ်တိုက်ခိုက်ခဲ့လောက်မည်ဟု ချင်ဖုန်းက ယုံကြည်ထား၏။
မည်သို့ပင်ဆိုစေကာမူ သူတို့ထံတွင် ရွှေအဆင့် ပစ္စည်းကိရိယာများနှင့် ရွှေအဆင့်စွမ်းရည်များ ရှိနေပြီဖြစ်လေရာ တစ်ချက်ကြည့်ရုံဖြင့် ထွက်ပြေးသွားရန်မှာ မဖြစ်နိုင်ချေ။
သို့သော် သူတို့၏ ကြိုးစားမှုက ကျရှုံးသွားခဲ့သည်မှာ သိသာလှသည်။
“အငြိုးကြီးတစ္ဆေ...”
“ဒီဘော့စ်မျိုးနဲ့ ငါ သိပ်ပြီး မကြုံဖူးဘူး”
“ဒါပေမဲ့ သူ့ရဲ့ ပုံပန်းသဏ္ဍာန်အရဆိုရင် တိုက်ခိုက်မှုအားနဲ့ အကွာအဝေးပိုင်းဆိုင်ရာ အထူးမြင့်မားတဲ့ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရေး အမျိုးအစားပဲ ဖြစ်လိမ့်မယ်”
“ဝမ်မုန့်က အဲ့ဒါကို မခံနိုင်ခဲ့ဘူးပေါ့လေ”
ချင်ဖုန်းက အနည်းငယ် ခန့်မှန်းကြည့်လိုက်သည်။
သူရောင်းချခဲ့သော ပစ္စည်းကိရိယာများနှင့် စွမ်းရည်စာအုပ်များတွင် ကာကွယ်မှုအား မြှင့်တင်ပေးသည့် ပစ္စည်းများ သိပ်များများစားစား မပါဝင်ခဲ့ချေ။
အကယ်၍ ဝမ်မုန့်၏ ကာကွယ်မှုက မလုံလောက်ဘဲ ဘော့စ်၏ တိုက်ခိုက်မှုများကြောင့် သွေးကျနှုန်း အရမ်းမြန်နေမည်ဆိုပါက အစွမ်းအထက်ဆုံး သွေးဖြည့်သူပင်လျှင် သူ့ကို ကယ်တင်နိုင်မည် မဟုတ်ချေ။
သေချာသည်မှာ သူက ချက်ချင်းတော့ အသတ်ခံရမည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ သန့်စင်သောဒိုင်းစစ်သည်တော်ဖြစ်သည့် ဝမ်မုန့်၌ ယခုအခါတွင် အနည်းဆုံး သွေးပမာဏ လေးငါးထောင်ခန့် ရှိနေမည် ဖြစ်၏။
သူက ဘော့စ်၏ ခုတ်ချက်တစ်ချက်ကို ခံလိုက်ရပြီးနောက် သွေးတစ်ဝက်ကျော် လျော့ကျသွားချိန်၌ ဆက်မခံနိုင်တော့ဘူးဟု ခံစားခဲ့ရကာ ထွက်ပြေးခဲ့ခြင်း ဖြစ်လောက်ပေသည်။
သို့သော်...
ချင်ဖုန်းအတွက်မူ ၎င်းကို ခံနိုင်ရည်ရှိမရှိ စဉ်းစားနေစရာ မလိုချေ။
အဘယ်ကြောင့်ဆိုသော်...
“သိမ်မွေ့သော လွတ်မြောက်ခြင်း”
“လျပ်တပျက် အရိပ်ခုတ်ချက်”
ချင်ဖုန်းက သိမ်မွေ့သော လွတ်မြောက်ခြင်း၏ တက်ကြွစွမ်းရည်ကို ဖွင့်လှစ်လိုက်ကာ ကပ်ရောဂါဓားကို ကိုင်ဆောင်လျက် လျပ်တပျက် လှုပ်ရှားလိုက်၏။
ဓားမကြီးနှစ်လက်ကို ကိုင်ဆောင်ထားသော ရွှေအဆင့် အငြိုးကြီးတစ္ဆေ၏ ပုပ်ဟောင်နေသော အသားစိုင်ခန္ဓာကိုယ်ထက်၌ ဓားအလင်းတန်းများ ပွင့်လန်းသွားလေသည်။
-၃၉၈၇။
-၁၃၅၅၅ (အားနည်းချက်ကို တိုက်ခိုက်မှု)
စုစုပေါင်း ဓားအလင်းတန်းကိုးချက်က ပုပ်ဟောင်နေသော မိစ္ဆာကြီး၏ ခေါင်းပေါ်၌ ပျက်စီးမှု ကိန်းဂဏန်းကိုးခုကို ထွက်ပေါ်လာစေခဲ့၏။
ချင်ဖုန်းက ၎င်းတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အနည်းငယ် အံ့အားသင့်သွားသည်။
“ဒီဘော့စ်ရဲ့ ကာကွယ်မှုက တကယ်ကို မြင့်မားတာပဲ”
“အခု ငါ့ရဲ့ အရိပ်ဝတ်ရုံစွမ်းရည်က မော်ကွန်းအဆင့်ကို ရောက်နေပြီ၊ ပြီးတော့ ကိုယ်ဖျောက်ခြင်းကနေ ထွက်ပြီး တိုက်ခိုက်မှုက အမှတ် ၅၃၅ အထိ ရောက်နေပြီဆိုတော့ အရင်ကထက် အများကြီး ပိုများနေပြီ”
“ပလက်တီနမ်အဆင့် အောက်ဘုံဝိညာဉ်ကို တိုက်ခိုက်တုန်းကတောင် လျပ်တပျက် အရိပ်ခုတ်ချက် တစ်ချက်ကို ပျက်စီးမှုအား ၅၀၀၀ နီးပါး ထွက်တယ်”
“ဒါပေမဲ့ ဒီဝတုတ်ကြီးကိုကျတော့ လေးထောင်တောင် မပြည့်ဘူးလား”
ကံအားလျော်စွာဖြင့် ၎င်း၏ သက်ရောက်မှုက ကြီးကြီးမားမား မရှိလှချေ။
ယခုအခါ ချင်ဖုန်း၏ အပြည့်အစုံနီးပါးရှိနေသော မော်ကွန်းအဆင့် စွမ်းရည်များကို တစ်ခုနှင့်တစ်ခု ထပ်ပေါင်းလိုက်သည့်အခါ ပေါက်ကွဲထွက်စေသော အာနိသင် ရှိနေပေသည်။
ရွှေအဆင့်ဘော့စ်ကို မော်ကွန်းအဆင့်စွမ်းရည်များနှင့် တိုက်ခိုက်ခြင်း ဖြစ်၏။ ထိုအရာက ဟင်းသီးဟင်းရွက်များကို လှီးဖြတ်နေသလိုပင်။
လျပ်တပျက် အရိပ်ခုတ်ချက်တစ်ချက် အသုံးပြုပြီးနောက် ချင်ဖုန်းက အဝေးသို့ ချက်ချင်း ဆုတ်ခွာလိုက်ကာ သူ၏ အရိပ်ဝတ်ရုံ အခြေအနေကို ထိန်းသိမ်းထားလိုက်၏။
ဤဘော့စ်တွင် သွေးပမာဏ စုစုပေါင်း ၁၂၀,၀၀၀ ခန့်သာ ရှိပေသည်။
သိမ်မွေ့သော လွတ်မြောက်ခြင်းထံမှ 'လည်လှီးခြင်း' ပျက်စီးမှုအားက နှစ်ကြိမ်သာ အလုပ်လုပ်ရသေးခင်၌ပင် ရမ်းသန်းခုတ်ပိုင်းနေသော 'အငြိုးကြီးတစ္ဆေ' ကို ချက်ချင်း အသေသတ်လိုက်နိုင်ပြီ ဖြစ်၏။
ပုပ်ဟောင်နေသော အသားစိုင်များက မြေပြင်ပေါ်၌ အပုံလိုက် ပြန့်ကျဲသွားလေသည်။
ချင်ဖုန်းက အရိပ်ဝတ်ရုံကို ခြုံထားဆဲဖြစ်ကာ ဘော့စ်၏ အလောင်းနှင့် မီတာသုံးဆယ်ကျော် အကွာ၌သာ နေနေခဲ့၏။
ဆယ်စက္ကန့်ကျော် ကြာပြီးနောက်မှသာ ချင်ဖုန်းက ဖြည်းညင်းစွာ ချဉ်းကပ်သွားလေသည်။
ရွေးချယ်စရာ မရှိချေ။
သူ၏ အတိတ်ဘဝတွင် အရှုံးများစွာ ကြုံတွေ့ခဲ့ရသဖြင့် သူလုပ်သမျှ ကိစ္စတိုင်း၌ အလွန် သတိထားနေခဲ့ခြင်း ဖြစ်၏။
တချို့သော ဘော့စ်များက သေဆုံးပြီးနောက် ကိုယ်တိုင်ပေါက်ကွဲတတ်ကြကာ လူများစွာကလည်း ထိုအရာကြောင့် ဒုက္ခရောက်ခဲ့ကြဖူးသည်။ တချို့အဖွဲ့များဆိုလျှင် ဘော့စ်ကို အနိုင်ယူနိုင်လိုက်ပြီဟု ထင်မှတ်နေချိန်၌ ဘော့စ်၏ အလောင်းက ပေါက်ကွဲသွားသဖြင့် တစ်ဖွဲ့လုံး သေကုန်သည်အထိပင်။
မနည်းကြိုးစားပမ်းစား ရယူထားရသည့် တိုက်ပွဲဝင်ပစ္စည်းများကို ဖြတ်သွားဖြတ်လာ တခြားကစားသမားများက ကောက်ယူသွားကြမည် ဖြစ်၏။
“လောဘလက်”
ချင်ဖုန်းက အငြိုးကြီးတစ္ဆေ၏ အလောင်း၌ လောဘလက်ကို အသုံးပြုလိုက်၏။
ဟင်းလင်းပြင်ထဲမှနေ၍ ရွှေရောင်လက်ဝါးကြီးတစ်ခု ထွက်ပေါ်လာကာ အသားစများအဖြစ် ပြန့်ကျဲနေသော အငြိုးကြီးတစ္ဆေ၏ အလောင်းကို ဆုပ်ကိုင်လိုက်သကဲ့သို့ ဖြစ်လာသည်။
ချက်ချင်းဆိုသလိုပင် အပိုတိုက်ပွဲဝင်ပစ္စည်းငါးခု ကျကျန်ခဲ့၏။
ထို့ပြင် ပလက်တီနမ်ရောင် အလင်းတန်းချည်းသက်သက် ခုနစ်ခုတိတိလည်း ပါဝင်နေပေသည်။
၎င်းတို့ထဲ၌ အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် ချင်ဖုန်းအသုံးပြုနိုင်သော စွမ်းရည်စာအုပ်တစ်အုပ်နှင့် ပစ္စည်းကိရိယာတစ်ခု ပါဝင်နေခဲ့သည်။
【ညအမှောင်ခွင်းဓား (ပလက်တီနမ်အဆင့်) - လုပ်ကြံသတ်ဖြတ်သူ စွမ်းရည်။ ဓားပေါ်သို့ အမှောင်စွမ်းအားများကို သွင်းယူကာ ၅ မီတာအတွင်းရှိ ရန်သူအားလုံးကို အမှောင်ဒြပ်စင် ပျက်စီးမှုအားများ ဖြစ်ပေါ်စေပြီး အပိုဆောင်း အမှောင်ဒြပ်စင် တိုက်ခိုက်မှုအား ၅၀၀ ပါဝင်သည်။ ပြန်လည်အသုံးပြုရန်ကြာချိန် - ၁၀ (၅.၇) စက္ကန့်။ လိုအပ်သော အဆင့် - ၁၁။】
၎င်းကား လုပ်ကြံသတ်ဖြတ်သူ အလုပ်အကိုင်အတွက် ဒြပ်စင်အခြေခံ တိုက်ခိုက်ရေး စွမ်းရည်တစ်ခု ဖြစ်ပေသည်။
“ငါ့အရိပ်အလုပ်အကိုင်ရဲ့ အခြေခံစွမ်းရည်လေးမျိုး အပိုဆုကြေးတွေက ၃၊ ၃၊ ၈ နဲ့ ၅ မှတ်စီ အသီးသီးဖြစ်တယ်”
“ငါ့ရဲ့ ဝိညာဉ်စွမ်းရည် အပိုဆုကြေးက ခွန်အားထက်တောင် ပိုများနေသေးတယ်”
“ဒါကြောင့် ငါ့ရဲ့ လက်ရှိ အခြေခံ မှော်တိုက်ခိုက်မှုအားက အခြေခံ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုအားထက် ပိုများနေတယ်”
“ဒါပေမဲ့ ကပ်ရောဂါဓားက ပုံမှန် ရုပ်ပိုင်းဆိုင်ရာ လက်နက်တစ်ခုဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုအားကိုပဲ ပေါင်းထည့်ပေးတာ”
“ငါသာ ကပ်ရောဂါဓားကို အသုံးပြုပြီး လုပ်ကြံသတ်ဖြတ်သူ စွမ်းရည်တွေကို ထုတ်ဖော်မယ်ဆိုရင် ပျက်စီးမှုအားက သိသိသာသာ လျော့နည်းသွားလိမ့်မယ်...”
သို့သော် ၎င်းက ပလက်တီနမ်အဆင့်မှ စတင်သော အဆင့် ၁၁ စွမ်းရည်တစ်ခု ဖြစ်ပြီး ၎င်း၏ အပိုဆောင်း တိုက်ခိုက်မှုအားက အတော်လေး မြင့်မားနေပေသည်။
“အဲ့ဒါကို မော်ကွန်းအဆင့်ရောက်အောင် အရင် ဆင့်ကဲပြောင်းလဲလိုက်မယ်”
ချင်ဖုန်းက အမိန့်ပေးလိုက်၏။
【သင်သည် ဆင့်ကဲပြောင်းလဲခြင်း အမှတ် ၁+၂+၃ မှတ်ကို အသုံးပြုလိုက်ပါသည်။ လက်ကျန် ၃၆ မှတ် ကျန်ရှိပါသည်။】
【ညအမှောင်ခွင်းဓား (ပလက်တီနမ်အဆင့် → မြအဆင့် → စိန်အဆင့် → မော်ကွန်းအဆင့်) - ၅ → ၇ → ၉ → ၁၂ မီတာအတွင်းရှိ ရန်သူအားလုံးကို အမှောင်ဒြပ်စင် ပျက်စီးမှုအားများ ဖြစ်ပေါ်စေပြီး အပိုဆောင်း အမှောင်ဒြပ်စင် တိုက်ခိုက်မှုအား ၅၀၀ → ၇၅၀ → ၁၀၀၀ → ၁၃၀၀ ပါဝင်သည်။ ပြန်လည်အသုံးပြုရန်ကြာချိန် - ၁၀ (၅.၇) စက္ကန့်။ လိုအပ်သော အဆင့် - ၁၁။】
စွမ်းရည်ကို ဆင့်ကဲပြောင်းလဲပြီးနောက် ၎င်း၏ အကွာအဝေးက ၅ မီတာမှ ၁၂ မီတာအထိ ကျယ်ပြန့်သွားခဲ့ရာ ၎င်းက သေချာပေါက် ကြီးမားသော အပြောင်းအလဲတစ်ခုပင်။
ထို့ပြင် အပိုဆောင်း တိုက်ခိုက်မှုအားကလည်း ၅၀၀ မှ ၁၃၀၀ အထိ တိုးတက်သွားခဲ့၏။
“ဘယ်လိုပဲဖြစ်ဖြစ် ဒါက တစ်ဦးတည်း ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု မဟုတ်ဘဲ ဧရိယာတိုက်ခိုက်မှု ဖြစ်နေတဲ့အတွက် ဒီအပိုဆောင်း တိုက်ခိုက်မှုအားက သိပ်တော့ မပြင်းထန်လှဘူး”
“တစ်ကြိမ် အသုံးပြုလိုက်ရုံနဲ့ ရလာတဲ့ စုစုပေါင်း ပျက်စီးမှုအားက လျပ်တပျက် အရိပ်ခုတ်ချက်နဲ့တောင် ယှဉ်လို့ မရနိုင်သေးဘူး...”
“ဒါပေမဲ့ မိစ္ဆာအသေးလေးတွေကို ရှင်းလင်းဖို့အတွက်တော့ ဒါက နတ်ဘုရားအဆင့် စွမ်းရည်တစ်ခုပဲ”
လျပ်တပျက် အရိပ်ခုတ်ချက်တွင် ၅ မီတာ ခုတ်ပိုင်းနိုင်စွမ်း ရှိသော်လည်း ၎င်းက အဆုံး၌ မျဉ်းဖြောင့်စွမ်းရည် တစ်ခုသာ ဖြစ်၏။
တိုက်ပွဲအတော်များများ၌ ၎င်းက ဧရိယာတစ်ခုလုံးရှိ မိစ္ဆာအသေးလေးများ အားလုံးကို မရှင်းလင်းနိုင်ချေ။
သို့သော် ‘ညအမှောင်ခွင်းဓား’ ကမူ ကွာခြားပေသည်။
မိမိ၏ ပတ်ပတ်လည် ၁၂ မီတာအတွင်းရှိ အမှောင်ဒြပ်စင် ပျက်စီးမှုအားဆိုသည်မှာ အချင်း ၂၄ မီတာရှိသော စက်ဝိုင်းပုံ ဧရိယာတစ်ခုနှင့် ညီမျှပေသည်။
အကယ်၍ ချင်ဖုန်းသာ ထိုစွမ်းရည်ကို အရင်ကတည်းက သင်ယူထားခဲ့မည်ဆိုပါလျှင် အောက်ဘုံဝိညာဉ်နယ်မြေကို ရှင်းလင်းသည့် သူ၏ အမြန်နှုန်းမှာ နှစ်ဆခန့် ပိုမြန်သွားမည် ဖြစ်၏။
ထိုစွမ်းရည်ကို သင်ယူပြီးနောက် ချင်ဖုန်းက နောက်ထပ် ပလက်တီနမ်အဆင့် လုပ်ကြံသတ်ဖြတ်သူပစ္စည်းကိရိယာကို ကြည့်လိုက်သည်။
【အငြိုးကြီး သားရေချပ်ဝတ် (ပလက်တီနမ်အဆင့်) - ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှု + ၅၅၊ ဒြပ်စင်အားလုံးဆိုင်ရာ ခံနိုင်ရည် + ၄၅။ ပျက်စီးမှု တားဆီးခြင်း + ၄၂၊ သွေးပမာဏ + ၇၇၇။ ဝတ်ဆင်ရန် လိုအပ်ချက် - အဆင့် ၁၂။】
【အငြိုးတရား - တိုက်ခိုက်ခံရပြီးနောက် အခြေခံ တိုက်ခိုက်မှုအား ၃၀ ကို ရရှိမည်။】
အဆင့် ၁၂ သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ချင်ဖုန်း ဝတ်ဆင်ထားသော အဆင့် ၅ ရွှေအဆင့် ‘တစ္ဆေမီးတောက် သားရေချပ်ဝတ်’ ကို အစားထိုးနိုင်ပြီ ဖြစ်၏။
‘အငြိုးတရား’ အထူးအာနိသင်က သိပ်အသုံးမဝင်လှသော်လည်း မရှိတာထက်စာလျှင် ပိုကောင်းပေသည်။ ထို့ပြင် ဤသားရေချပ်ဝတ်၏ အခြေခံကာကွယ်မှု၊ ခံနိုင်ရည်နှင့် တားဆီးနိုင်စွမ်းတို့က အလွန် မြင့်မားလှ၏။
ဘော့စ်ထံမှ ကျကျန်ခဲ့သည့် အခြားသော တိုက်ပွဲဝင်ပစ္စည်းများမှာ စုစုပေါင်း အခုနှစ်ဆယ်ခန့် ရှိပေသည်။
၎င်းတို့ အားလုံးကို ရောင်းချလိုက်ပါက သက်တမ်း ရက်တစ်သောင်းကျော် ရရှိမည် ဖြစ်၏။
ဤရွှေအဆင့်ဘော့စ် ‘အငြိုးကြီးတစ္ဆေ’ ကို သတ်ဖြတ်လိုက်ချိန်၌ အငြိုးကြီးတစ္ဆေက သက်တမ်း ရက် ၁၀၀၀ ကျော်လေးသာ ပေးခဲ့ပြီး လောဘလက်မှ ရရှိသော အပိုဆုကြေး ငါးခုနှင့် ပေါင်းလိုက်လျှင်ပင် ၆၃၀၀ ရက်သာ ရှိသေးပေသည်။
“ငါ အခု သင်္ချိုင်းဂူထဲ ဝင်လို့ရပြီ၊ ပစ္စည်းကောင်းတချို့ရဖို့တော့ မျှော်လင့်ရတာပဲ... စီးတော်ယာဉ်တစ်ကောင်ရရင် အကောင်းဆုံးပဲ”
ချင်ဖုန်းက ဟောင်းနွမ်းပျက်စီးနေသော ကျောက်တံခါးရှေ့သို့ ရောက်လာကာ ၎င်းကို တွန်းဖွင့်လိုက်လေသည်။
ထိုအချိန်၌ပင်...
ရှဲလ်မြို့ငယ်လေးထဲရှိ ချင်ရှောင်ယွဲ့မှာမူ တွေဝေမှုများနှင့် မျှော်လင့်ချက်ကင်းမဲ့ခြင်းထဲသို့ ကျဆင်းနေခဲ့လေသည်။
***