ကျန်းချန်က နံဘေးရှိ ရွှယ်ချန်ကျဲကို ညွှန်ပြကာ ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
“သူက သွေးနတ်ဆိုးဂိုဏ်းက ရွှယ်ချန်ကျဲပဲ.. ရွှယ်ချန်ကျဲ ဆိုတဲ့နာမည်ကိုတော့ အကြီးအကဲ ကြားဖူးမှာပါ”
“ရွှယ်ချန်ကျဲ ဟုတ်လား”
အကြီးအကဲသွေးသစ်ရွက်၏ မျက်ဝန်းထဲတွင် အံ့ဩသော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
သွေးဓားအင်မော်တယ်ဂိုဏ်းမှ လူတစ်ယောက် အနေဖြင့် အကြီးအကဲ သွေးသစ်ရွက်သည် သွေးနတ်ဆိုးဂိုဏ်းအကြောင်းကို အလွန် ကောင်းမွန်စွာသိရှိထားရာ ရွှယ်ချန်ကျဲဟူသော နာမည်ကို မည်ကဲ့သို့ မကြားဖူးဘဲ နေပါမည်နည်း။
ရွှယ်ချန်ကျဲသည် လွန်ခဲ့သော နှစ်ပေါင်းရာချီက သွေးနတ်ဆိုးဂိုဏ်း၏ နာမည်ကျော်ကြားသော ပါရမီရှင်တစ်ဦး ဖြစ်သည်။
နောက်ပိုင်းတွင် အကြောင်းရင်း တစ်ခုခုကြောင့် ရွှယ်ချန်ကျဲသည် သွေးနတ်ဆိုးဂိုဏ်း၏ သစ္စာဖောက်တစ်ဦး ဖြစ်လာခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ ထွက်ပြေးသွားခဲ့ရသည်။
မကြာသေးမီက သွေးနတ်ဆိုးဂိုဏ်းသည် ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေတွင် ရွှယ်ချန်ကျဲကို သတ်ဖြတ်ရန် အမိန့်ထုတ်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
ထိုအချိန်က ရွှယ်ချန်ကျဲသည် အနှိုင်းမဲ့ပါရမီကို ပိုင်ဆိုင်ခဲ့ပြီး သွေးနတ်ဆိုးဂိုဏ်း၏ နောက်ထပ် ခေါင်းဆောင်ဖြစ်ရန် ရေပန်းအစားဆုံးသူ ဖြစ်ခဲ့သည်။
ထိုကဲ့သို့ အနှိုင်းမဲ့ ပါရမီရှင်တစ်ဦးက သွေးနတ်ဆိုးဂိုဏ်းဖြစ်လာခဲ့ပုံထောက်လျှင် ထိုကိစ္စတွင် လှည့်ကွက်တစ်ခုခု ရှိနေလောက်သည်။
ယခုအခါတွင် ရွှယ်ချန်ကျဲသည် ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေသို့ ပြန်ရောက်လာပြီဖြစ်ရာ သွေးနတ်ဆိုးဂိုဏ်းကို ကလဲ့စားချေရန်မှာ သေချာသလောက် ဖြစ်၍ သူတို့ သွေးဓားအင်မော်တယ်ဂိုဏ်းနှင့် ပူးပေါင်းရန် လာရောက်ခြင်းသည် ကျိုးကြောင်းဆီလျော်လှ၏။
အကြီးအကဲ သွေးသစ်ရွက်က အနည်းငယ် စိတ်လှုပ်ရှားလာခဲ့ပြီး ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
“မင်းကရော ဘယ်သူလဲ.. ငါ့ရဲ့ခန့်မှန်းချက်သာ မမှားဘူးဆိုရင် မင်းက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကလူ မဟုတ်ဘူးမလား”
သူ၏ မြင်နိုင်စွမ်းအရ သူ့ရှေ့တွင် ရှိသော လူနှစ်ဦးအနက် အဓိကလူမှာ အနက်ရောင်ဝတ်စုံဝတ် လူငယ်ဖြစ်သည်ကို သိမြင်ရန် မခက်ခဲပေ။
အနီရောင်ဝတ်စုံဝတ်ထားသူက အမှန်တကယ်ပင် သွေးနတ်ဆိုးဂိုဏ်းမှ ရွှယ်ချန်ကျဲ ဖြစ်လျှင် ဤအနက်ရောင်ဝတ်စုံဝတ် လူငယ်အား အလေးဂရုပြု၍ ဆက်ဆံနေခြင်းသည် အလွန်တရာ ထူးခြားသည်ဟု ဆိုရပေမည်။
သိထားရမည့်အချက် ရွှယ်ချန်ကျဲသည် တစ်ချိန်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် နာမည်ကျော်ကြားသော ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးတွင်ပင် သူ့ကို ယှဥ်နိုင်သည့် လူငယ်ပါရမီရှင်မှာ လက်ချိုးရေတွက်၍ပင် ရ၏။
ထို့အပြင် ရွှယ်ချန်ကျဲသည် ဤနှစ်များအတွင်း ကြယ်တာရာကောင်းကင်ယံများတွင်သာ နေထိုင်ခဲ့ရာ ၎င်း၏ အဆင့်အတန်းအရ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ လူတစ်ယောက်ကို အညံ့ခံရန် မဖြစ်နိုင်သလောက်ပင်။
တစ်နည်းအားဖြင့် ဆိုရလျှင် သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အခြားသောစကြဝဠာတစ်ခုမှ လာရောက်ခြင်းဖြစ်ရန် ဖြစ်နိုင်ခြေအလွန်များ၏။
“ဟုတ်ပါတယ်.. ကျွန်တော်က အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကလူ မဟုတ်ပါဘူး”
ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ အဲဒါက အရေးကြီးလို့လား.. အခုအချိန်မှာ အရေးကြီးတာက ကျွန်တော်တို့အားလုံးမှာ သွေးနတ်ဆိုးဂိုဏ်းဆိုတဲ့ တူညီတဲ့ ဘုံရန်သူ ရှိနေတာပဲ”
အကြီးအကဲသွေးသစ်ရွက်က ခဏမျှ တိတ်ဆိတ်သွားပြီးမှ လေးနက်စွာ ပြောလိုက်သည်။
“ဒီကိစ္စက အရမ်းအရေးကြီးတယ်.. မင်းတို့နှစ်ယောက် သွေးဓားအင်မော်တယ်ဂိုဏ်းမှာ ရက်အနည်းငယ်လောက် နေထိုင်ဖို့ တောင်းဆိုပါရစေ.. ငါတို့ သွေးဓားအင်မော်တယ်ဂိုဏ်း အနေနဲ့ ဒီကိစ္စကို သေချာစဥ်းစားဖို့ လိုအပ်လို့ပါ”
“ရပါတယ်”
ကျန်းချန်က ကန့်ကွက်မှုမရှိဘဲ ခေါင်းညိတ်လိုက်သည်။
အကယ်၍ သွေးဓားအင်မော်တယ်ဂိုဏ်းက ချက်ချင်း ပူးပေါင်းရန် သဘောတူခဲ့မည်ဆိုလျှင် သွေးဓားအင်မော်တယ်ဂိုဏ်းအနေဖြင့် သူ့အပေါ်တွင် စိတ်ရင်းမှန်ဖြင့် ပူးပေါင်းခြင်းရှိ မရှိကို သူသံသယ ဝင်မိမည် ဖြစ်သည်။
အကြီးအကဲသွေးသစ်ရွက်က ဘာစကားမျှ ထပ်မပြောတော့ဘဲ သွေးဓားအင်မော်တယ်ဂိုဏ်းမှ တပည့်ကို ပြောလိုက်သည်။
“အခုချက်ချင်း ဂုဏ်သရေရှိ ဧည့်သည်နှစ်ယောက် အနားယူဖို့အတွက် အခန်းတစ်ခန်း စီစဥ်ပေးလိုက်ပါ”
“ဟုတ်ကဲ့ အကြီးအကဲ”
သွေးဓားအင်မော်တယ်ဂိုဏ်းမှ တပည့်က ပြန်လည်ဖြေကြားလိုက်ပြီးနောက်တွင် ကျန်းချန်တို့ နှစ်ဦးကို တရိုတသေ ပြောလိုက်သည်။
“လူကြီးမင်းတို့နှစ်ယောက်.. ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါ”
ကျန်းချန်တို့က တုံ့ဆိုင်းမနေဘဲ သွေးဓားအင်မော်တယ်ဂိုဏ်းမှ တပည့် နောက်သို့ လိုက်ပါသွားခဲ့သည်။
ကျန်းချန်တို့ ခန်းမထဲကနေ ထွက်ခွာသွားပြီးနောက်တွင် အကြီးအကဲသွေးသစ်ရွက်၏ အိုမင်းသော မျက်ဝန်းထဲ၌ ထက်ရှသော အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားခဲ့သည်။
မကြာမီမှာပင် သူက လက်ဟန်များကို ပြုလုပ်ကာ သွေးဓားအင်မော်တယ်ဂိုဏ်းမှ အကြီးအကဲများထံ သတင်းပေးပို့လိုက်သည်။
သိပ်မကြာမီမှာပင် မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးဦးသည် အကြီးအကဲ သွေးသစ်ရွက်ဆီသို့ တစ်ဦးပြီး တစ်ဦး ရောက်ရှိလာကြ၏။
“အထွတ်အထိပ် အကြီးအကဲ”
မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးဦးသည် အကြီးအကဲသွေးသစ်ရွက်ကို တရိုတသေ ဦးညွှတ်ကာ ဂါဝရပြုလိုက်ကြသည်။
မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးဦးသည် ကပ်ဘေးနှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူ တစ်ဦးကို အလွန်ပင် ရိုသေလေးစားနေကြပြီး အထွတ်အထိပ် အကြီးအကဲဟုပင် ခေါ်ဆိုနေကြသည်။
အကယ်၍ ကျန်းချန်သာ ဤနေရာတွင် ရှိနေခဲ့လျှင် အလွန်အမင်း အံ့အားသင့်သွားမည်မှာ သေချာသလောက်ပင်။
အကြီးအကဲသွေးသစ်ရွက်၏ စကားသံက ခန်းမအတွင်း၌ ထွက်ပေါ်လာခဲ့သည်။
“အခုလေးတင် သွေးဓားအင်မော်တယ်ဂိုဏ်းကို ဖိတ်ခေါ်မထားတဲ့ ဧည့်သည်နှစ်ယောက် ရောက်လာခဲ့တယ်.. တစ်ယောက်က သွေးနတ်ဆိုးဂိုဏ်းရဲ့သစ္စာဖောက်ဖြစ်တဲ့ ရွှယ်ချန်ကျဲ ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ပြင်ပစကြဝဠာက လျှို့ဝှက်ဆန်းကြယ်တဲ့ လူငယ်လေးတစ်ယောက်ပဲ.. သူတို့က သွေးနတ်ဆိုးဂိုဏ်းကို ရင်ဆိုင်ဖို့အတွက် သွေးဓားအင်မော်တယ်ဂိုဏ်းနဲ့ ပူးပေါင်းဖို့ လာခဲ့တာပဲ.. မင်းတို့ ဒီကိစ္စကို ဘယ်လိုမြင်ကြလဲ”
ထိုစကားကိုကြားလျှင် မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးဦး၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“ရွှယ်ချန်ကျဲက တကယ်ပဲ ပြန်ရောက်လာတာကိုး.. သွေးနတ်ဆိုးဂိုဏ်းက ရုတ်တရက် ဖမ်းမိန့် ထုတ်ပြန်ခဲ့တာ အံ့ဩစရာ မရှိတော့ဘူး”
ခန့်ညားသော ရုပ်ရည်နှင့် ထူးခြားသော အမူအရာ ရှိသည့် သွေးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“အထွတ်အထိပ်အကြီးအကဲ.. အခုချိန်မှာ ကျွန်တော်တို့ သွေးဓားအင်မော်တယ်ဂိုဏ်းက သွေးနတ်ဆိုးဂိုဏ်းကို ခက်ခက်ခဲခဲရင်ဆိုင်နေရတယ်.. ဒါကြောင့် ရွှယ်ချန်ကျဲနဲ့ အင်အားချင်းပူးပေါင်းတာက ရွေးချယ်မှုကောင်း တစ်ခုပါပဲ”
ထိုလူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် သွေးဓားအင်မော်တယ်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ဖြစ်သည့် ကျန့်ဝူရှယ်ဖြစ်သည်။
“ရွှယ်ချန်ကျဲက သွေးနတ်ဆိုးဂိုဏ်း၏ သစ္စာဖောက်အဖြစ် သတ်မှတ်ခံထားရတဲ့ အတွက် သွေးနတ်ဆိုးဂိုဏ်းနဲ့ မပြေလည်နိုင်တဲ့ ရန်ငြိုးရှိတယ်.. သူနဲ့ ပူးပေါင်းဖို့က ပြဿနာမရှိလောက်ပါဘူး”
ဘယ်ဘက်ရှိ ပိန်ပါးပါးအဘိုးအိုက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ ပြင်ပစကြဝဠာကလာတဲ့ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ လူငယ်ကိုတော့ သတိထားပြီး ဆက်ဆံရမယ်လို့ ထင်မိတယ်”
“အမှန်ပဲ.. သွေးနတ်ဆိုးဂိုဏ်းကို ရင်ဆိုင်ဖို့ အတွက် ပြင်ပစကြဝဠာက လူတွေနဲ့ ပူးပေါင်းတာ မတော်တဆ ပေါက်ကြားသွားခဲ့ရင် နောက်ဆက်တွဲ ရလဒ်တွေက မတွေးရဲစရာပဲ”
အခြား အဘိုးအိုတစ်ဦးကလည်း သဘောတူစွာဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အကြီးအကဲနှစ်ယောက်.. အခုအချိန်မှာ ကျွန်တော်တို့ သွေးဓားအင်မော်တယ်ဂိုဏ်းက ရွေးချယ်စရာ ရှိနေသေးတယ်လို့ ထင်နေတာလား”
ကျန့်ဝူရှယ်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
“တကယ်လို့ ကျွန်တော်တို့ သွေးဓားအင်မော်တယ်ဂိုဏ်းကို ဆက်လက် တည်တံ့ချင်တယ်ဆိုရင် တစ်ခုတည်းသော နည်းလမ်းက ကိုယ့်ကိုယ်ကိုယ် သေလူလို့ သဘောထားပြီး တိုက်ပွဲဝင်ဖို့ပဲ ရှိတော့တယ်”
ကျန့်ဝူရှယ်၏ စကားကိုကြားလျှင် မဟာယာနတစ်ပိုင်း အဆင့် ကျင့်ကြံသူ နှစ်ဦးသည် တိတ်ဆိတ်သွားခဲ့သည်။
ဤနှစ်များတစ်လျှောက်တွင် သူတို့ သွေးဓားအင်မော်တယ်ဂိုဏ်း၌ ကြွယ်ဝသော အခြေခံအုတ်မြစ်များ ရှိနေခဲ့၍သာ သွေးနတ်ဆိုးဂိုဏ်းသည် အလွယ်တကူ မတိုက်ခိုက်ရဲခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သွေးနတ်ဆိုးဂိုဏ်းသည် ဖားကို ရေနွေးပူထဲထည့်ပြုတ်သည့် နည်းလမ်းကို အသုံးပြုကာ သွေးဓားအင်မော်တယ်ဂိုဏ်း၏ အင်အားကို တဖြည်းဖြည်း တိုက်စားလာခဲ့၍ သွေးဓားအင်မော်တယ်ဂိုဏ်း၏ အင်အားသည် နေ့စဥ်နှင့်အမျှ ဆုတ်ယုတ်လာခဲ့၏။
ယခုအခါတွင် သူတို့ သွေးဓားအင်မော်တယ်ဂိုဏ်းသည် သွေးနတ်ဆိုးဂိုဏ်း၏ ပိတ်ဆို့မှုကို ခံထားရသလောက် ဖြစ်နေခဲ့ပြီး ဂိုဏ်းထဲကို ဝင်ရောက်မည့် လူငယ်သွေးသစ်များပင် မရှိတော့ပေ။
အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည် ဆိုလျှင် သွေးနတ်ဆိုးဂိုဏ်းက သူတို့ဂိုဏ်းကို မတိုက်ခိုက်ခဲ့လျှင်ပင် သူတို့ သွေးဓားအင်မော်တယ်ဂိုဏ်းသည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားပေလိမ့်မည် မဟုတ်ပါလော။
“ဂိုဏ်းချုပ်.. ရွှယ်ချန်ကျဲတို့ နှစ်ယောက်က မဟာယာနအဆင့်ကို ထိုးဖောက်ရသေးပုံ မပေါ်ဘူး.. သူတို့နဲ့ ပူးပေါင်းရင်တောင် သိပ်မထူးခြားလောက်ဘူး ထင်တယ်”
ပိန်ပါးပါးအဘိုးအိုက သူ၏ အမြင်ကို ထုတ်ပြောလိုက်သည်။
သွေးဓားအင်မော်တယ်ဂိုဏ်းနှင့် သွေးနတ်ဆိုးဂိုဏ်း၏ ကွာဟချက်မှာ မဟာယာနအဆင့် ကျင့်ကြံသူများ၏ အင်အားပင်ဖြစ်သည်။
ထိုနှစ်ယောက်က ကပ်ဘေး အထွတ်အထိပ်အဆင့်ရှိ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သည့်တိုင် မဟာယာနအဆင့် ကျင့်ကြံသူ မဟုတ်သည့် အတွက် သူတို့ကို များစွာ အထောက်အကူ ဖြစ်စေလိမ့်မည် မဟုတ်ပေ။
“သွေးဓားအင်မော်တယ်ဂိုဏ်းက အခုအချိန်မှာ သွေးနတ်ဆိုးဂိုဏ်းရဲ့ ကန့်သတ်မှုကို ခံထားရတဲ့အတွက် ဘာမှ လှုပ်ရှားလို့မရဘူး.. တကယ်လို့ ရွှယ်ချန်ကျဲတို့ နှစ်ယောက် ငါတို့ဘက်မှာ ရှိနေမယ် ဆိုရင်တော့ ဒီနှစ်ယောက်က သွေးနတ်ဆိုးဂိုဏ်းကို ပြဿနာအချို့ ပေးကောင်းပေးနိုင်လိမ့်မယ်.. အဲဒါက အထွတ်အထိပ် အကြီးအကဲကို မဟာယာနအဆင့်ဆီ ချောမွေ့စွာ ထိုးဖောက်နိုင်ဖို့အတွက် အချိန်တချို့ ရစေလိမ့်မယ်"
"အထွတ်အထိပ်အကြီးအကဲသာ မဟာယာနအဆင့်ကို ထိုးဖောက်ပြီး ဘိုးဘေးတွေ ချန်ထားရစ်ခဲ့တဲ့ ဝှက်ဖဲတချို့ကို အသုံးပြုလိုက်မယ်ဆိုရင် သွေးနတ်ဆိုးဂိုဏ်းကို ရင်ဆိုင်ဖို့ လုံလောက်သွားလိမ့်မယ်.. အဲဒီအချိန်ကို ရောက်ရင် ကျွန်တော်တို့ သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ အကျပ်အတည်းက လျော့ပါးသွားမှာ အသေအချာပဲ”
ထိုစကားကို ပြောနေစဥ် ကျန့်ဝူရှယ်၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
“အထွတ်အထိပ်အကြီးအကဲ.. ဒီကိစ္စရဲ့အဆုံးအဖြတ်က အကြီးအကဲပေါ်မှာပဲ မူတည်ပါတယ်”
ထိုစကားကိုကြားလျှင် မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦးသည် ဘာစကားမျှ ထပ်မပြောတော့ဘဲ အကြီးအကဲသွေးသစ်ရွက်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
အကြီးအကဲ သွေးသစ်ရွက်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင် ကျန့်ဝူရွှယ်ကို ကြည့်ကာ ပြောလိုက်သည်။
“ဝူရွှယ်.. မင်းရွှယ်ချန်ကျဲတို့ နှစ်ယောက်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးလိုက်တော့”
အခန်း(၂၄၈၃)ပြီး၏။