အင်မော်တယ်ဂိုဏ်း၏ ဂုဏ်သရေရှိ ဧည့်သည်တော်များအတွက် အထူးပြင်ဆင်ထားသော ခြံဝန်းတစ်ခုထဲတွင် ကျန်းချန်သည် အေးအေးလူလူထိုင်ကာ အကြမ်းရေ သောက်နေခဲ့သည်။
သူ၏ နံဘေးတွင် ရွှယ်ချန်ကျဲ ရှိနေခဲ့ပြီး ရွှယ်ချန်ကျဲ၏ အမူအရာက အလွန်တရာပင် လေးနက်နေခဲ့သည်။
“သခင်ကြီး.. သွေးဓားအင်မော်တယ်ဂိုဏ်းက ကျွန်တော်တို့နဲ့ပူးပေါင်းဖို့ ရွေးချယ်ပါ့မလား”
သွေးဓားအင်မော်တယ်ဂိုဏ်းနှင့် သွေးနတ်ဆိုးဂိုဏ်းတို့သည် ကမ္ဘာမကြေရန်ဘက်များ ဖြစ်ကြသော်လည်း သူတို့က မဟာယာနအဆင့် ကျင့်ကြံသူများ မဟုတ်ကြ၍ သွေးဓားအင်မော်တယ်ဂိုဏ်း အတွက် များစွာ အထောက်အကူ မပြုနိုင်ပေ။
ထို့အပြင် ကျန်းချန်သည် ပြင်ပစကြဝဠာမှ လာသူ ဖြစ်နေခဲ့ရာ သွေးဓားအင်မော်တယ်ဂိုဏ်း အနေဖြင့် ဤကဲသို့ စွန့်စားမှုကြီးကို ပြုလုပ်ဝံ့လိမ့်မည် မဟုတ်လောက်ချေ။
“စိတ်အေးအေးထားစမ်းပါ မလောပါနဲ့”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“သွေးဓားအင်မော်တယ်ဂိုဏ်းက ငါတို့နဲ့ပူးပေါင်းဖို့ သေချာပေါက် ရွေးချယ်ပါလိမ့်မယ်”
ယနေ့အချိန်အခါတွင် သွေးဓားအင်မော်တယ်ဂိုဏ်း၏ အခြေအနေသည် ချောက်ကမ်းပါး အစွန်းသို့ပင် ရောက်ရှိနေသည် ဖြစ်ရာ နောက်ဆုတ်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် ပျက်စီးခြင်းဖြင့်သာ ကြုံရပေလိမ့်မည်။
ထို့ကြောင့် သွေးဓားအင်မော်တယ်ဂိုဏ်းသည် သူတို့နှင့်ပူးပေါင်းလာမည့်လူကို အလွယ်တကူ လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။
တကယ်လည်း ကျန်းချန် မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်လာခဲ့၏။
သိပ်မကြာခင်မှာပင် လျှို့ဝှက်ဆန်းကြယ်သော ဧည့်သည် တစ်ဦးသည် ကျန်းချန်တို့၏ ခြံဝန်းပြင်ပသို့ ရောက်ရှိလာခဲ့သည်။
ထိုသူမှာ သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူလည်း ဖြစ်သည်။
“ကျုပ်က သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျန့်ဝူရွှယ်ပါ.. မိတ်ဆွေတို့နှစ်ယောက်ကို တွေ့ရတာ ဝမ်းသာပါတယ်”
လူလတ်ပိုင်းအရွယ် အမျိုးသားက ခြံဝန်းထဲရှိ ကျန်းချန်ကို ကြည့်ကာ လက်သီးဆုပ်၍ ဂါဝရပြု နှုတ်ဆက်လိုက်သည်။
“ဂိုဏ်းချုပ်ကျန့်.. ကျွန်တော့်ကို ကျန်းချန်လို့ပဲ ခေါ်နိုင်ပါတယ်”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ကျန့်ဝူရွှယ်ကို အပိုစကားများပြောမနေတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။
“ဂိုဏ်းချုပ်ကျန့် ကိုယ်တိုင် ကျွန်တော်တို့ဆီ ရောက်လာတယ်ဆိုတော့ သွေးဓားအင်မော်တယ်ဂိုဏ်းက ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ပြီးပြီလို့ ထင်ပါတယ်”
ကျန့်ဝူရွှယ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“သွေးနတ်ဆိုးဂိုဏ်းရဲ့ ရန်သူ ဖြစ်နေသရွေ့ ကျုပ်တို့ သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ မိတ်ဆွေပါပဲ.. ကျုပ်တို့ သွေးဓားအင်မော်တယ်ဂိုဏ်းက သွေးနတ်ဆိုးဂိုဏ်းကို ရင်ဆိုင်ဖို့အတွက် မိတ်ဆွေတို့နှစ်ယောက်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်”
“ကောင်းပါပြီ.. ပျော်ရွှင်စရာ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါစေလို့ ဆုတောင်းပါတယ်”
ထိုစကားကို ပြောရင်း ကျန်းချန်က ထပ်မံ၍ မေးလိုက်သည်။
“သွေးနတ်ဆိုးဂိုဏ်းကို ရင်ဆိုင်ဖို့ ဂိုဏ်းချုပ်ကျန့်တို့ သွေးဓားအင်မော်တယ်ဂိုဏ်းမှာ ဘယ်လိုအစီအစဥ်ရှိသလဲ ဆိုတာ သိပါရစေ”
“လက်ရှိအချိန်မှာ သွေးနတ်ဆိုးဂိုဏ်းက အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာရဲ့ နာမည်ကျော် အင်မော်တယ်ဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်နေပါပြီ.. ကျုပ်တို့ သွေးဓားအင်မော်တယ်ဂိုဏ်းအနေနဲ့ သူတို့ကို ယှဥ်ပြိုင်ဖို့က မဖြစ်နိုင်သလောက်ပါပဲ.. သိပ်မကြာခင်ကပဲ ကျုပ်တို့ သွေးဓားအင်မော်တယ်ဂိုဏ်းက အစီအစဥ်တစ်ခုကို စဥ်းစားမိခဲ့တယ်.. ဒါပေမဲ့ အဲဒီအစီအစဥ်ကို အကောင်အထည်ဖော်ဖို့ သင့်တော်တဲ့သူ မတွေ့သေးဘူး.. မိတ်ဆွေတို့နှစ်ယောက် ကူညီကြရင်တော့ ဒီအစီအစဥ်ကနေတစ်ဆင့် သွေးနတ်ဆိုးဂိုဏ်း အတွက် ပြဿနာတွေ အများကြီး ဖန်တီးပေးနိုင်မှာပါ”
ကျန့်ဝူရွှယ်က လေးနက်စွာ ပြောလိုက်သည်။
ကျန်းချန်၏ မျက်ခုံးများက အနည်းငယ် မြင့်တက်သွားခဲ့သည်။
“ဘယ်လိုအစီအစဥ်လဲ ဂိုဏ်းချုပ်ကျန့်”
ကျန့်ဝူရွှယ်က ပြန်ဖြေလိုက်သည်။
“ဒီအစီအစဥ်ကို ကျုပ်တို့ သွေးဓားအင်မော်တယ်ဂိုဏ်းက ပါရမီရှင် လုပ်ကြံခြင်း အစီအစဥ်လို့ အမည်ပေးထားတယ်”
ယနေ့အခါတွင် သွေးဓားအင်မော်တယ်ဂိုဏ်းနှင့် သွေးနတ်ဆိုးဂိုဏ်းတို့သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေပြီ ဖြစ်ရာ သွေးဓားအင်မော်တယ်ဂိုဏ်း အနေဖြင့် သွေးနတ်ဆိုးဂိုဏ်းကို တိုက်ရိုက် ယှဥ်ပြိုင်နိုင်စွမ်း မရှိတော့ပေ။
သွေးဓားအင်မော်တယ်ဂိုဏ်းသည် သူတို့ဂိုဏ်း၏ ပါရမီရှင်ကျောက်ယွိထျန်း သတ်ဖြတ်ခံရပြီးနောက်တွင် သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင်များကို ပြန်လည် လုပ်ကြံရန် အစီအစဥ် တစ်ခု ရေးဆွဲခဲ့သည်။
သို့သော်လည်း သွေးနတ်ဆိုးဂိုဏ်း၏ ကပ်ဘေးအဆင့် ပါရမီရှင်ကို လုပ်ကြံရန်အတွက် အနည်းဆုံး ကပ်ဘေး အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ဦး လိုအပ်လိမ့်မည်ဖြစ်၏။
သွေးဓားအင်မော်တယ်ဂိုဏ်းမှ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးဦးနှင့် ကပ်ဘေး အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူများသည် သွေးနတ်ဆိုးဂိုဏ်း၏ မျက်စိနှင့်နားများကို ရှောင်ကွင်းရန် ခက်ခဲလှ၏။
အကယ်၍ ကျန်းချန်တို့ နှစ်ဦးသာ ထိုကိစ္စကို ဆောင်ရွက်ပေးမည်ဆိုလျှင် အစီအစဥ်သည် သေချာပေါက် အံ့ဖွယ်ရလဒ်များကို ရရှိလာနိုင်ပေသည်။
“ဂိုဏ်းချုပ်ကျန့် ဆိုလိုတာက ဂိုဏ်းချုပ်ကျန့်တို့ သွေးဓားအင်မော်တယ်ဂိုဏ်းက သတင်းအချက်အလက်တွေပေးမယ်.. ကျွန်တော်တို့ နှစ်ယောက်က သွေးနတ်ဆိုးဂိုဏ်းရဲ့ ပါရမီရှင်တွေကို လုပ်ကြံပေးရမယ် အဲဒီလိုလား”
“ဟုတ်ပါတယ် သွေးဓားအင်မော်တယ်ဂိုဏ်းက အခုအချိန်မှာ ဆုတ်ယုတ်နေပြီ ဆိုပေမဲ့ ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေ အတွင်းက သွေးနတ်ဆိုးဂိုဏ်းဝင် ပါရမီရှင်တွေရဲ့ သွားလာလှုပ်ရှားမှုတွေကိုတော့ တိကျစွာ ထောက်လှမ်းနိုင်တဲ့ အင်အားရှိနေပါသေးတယ်.. ဒါပေမဲ့ သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ ထိပ်သီး ကျင့်ကြံသူတွေက သွေးနတ်ဆိုးဂိုဏ်းရဲ့စောင့်ကြည့်မှုကို ခံနေရတဲ့ အတွက် သွေးနတ်ဆိုးဂိုဏ်းရဲ့ မျက်စိနဲ့နားတွေကို ရှောင်ကွင်းပြီး ကပ်ဘေးအဆင့် ပါရမီရှင်ကို လုပ်ကြံဖို့ဆိုတာ မလွယ်ကူလောက်ဘူး.. တကယ်လို့ မိတ်ဆွေတို့နှစ်ယောက်သာ ဒီကိစ္စကို ဆောင်ရွက်ပေးမယ်ဆိုရင် ပါရမီရှင်လုပ်ကြံခြင်း အစီအစဥ်က ပြီးပြည့်စုံစွာ အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်”
ကျန့်ဝူရွှယ်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်တို့နှစ်ဦးကို လေးနက်စွာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ် စဥ်းစားလိုက်သည်။
သွေးနတ်ဆိုးဂိုဏ်းသည် အလွန်တရာပင် အစွမ်းထက်ပြီး သူနှင့် သွေးဓားအင်မော်တယ်ဂိုဏ်း ပူးပေါင်းလျှင်ပင် သွေးနတ်ဆိုးဂိုဏ်းကို တိုက်ရိုက် ယှဥ်ပြိုင်နိုင်ရန်မှာ အလွန်တရာပင် အလှမ်းဝေးသေး၏။
ထို့ကြောင့် သွေးနတ်ဆိုးဂိုဏ်း၏ ကပ်ဘေး အထွတ်အထိပ်အဆင့် ပါရမီရှင်များကို လုပ်ကြံပြီး သွေးနတ်ဆိုးဂိုဏ်းကို ထိုးနှက်ချက်တချို့ ပေးနိုင်မည့် အစီအစဥ်သည် ကောင်းမွန်သော အစီအစဥ်ဟုပင် ဆိုရပေလိမ့်မည်။
သူ၏ လက်ရှိအင်အားသည် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးထက် မနိမ့်ကျပေ။
သွေးဓားအင်မော်တယ်ဂိုဏ်းသာ တိကျသော သတင်းအချက်အလက်များ ပေးသရွေ့ သွေးနတ်ဆိုးဂိုဏ်းမှ ပါရမီရှင်များကို လုပ်ကြံရန်မှာ သူ့အတွက် မခက်ခဲချေ။
ဤကဲ့သို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ ကျန့်ဝူရွှယ်ကို ကြည့်ကာ ပြောလိုက်သည်။
“ဂိုဏ်းချုပ်ကျန့်တို့ သွေးဓားအင်မော်တယ်ဂိုဏ်းက တိကျတဲ့ သတင်းအချက်အလက်တွေ ပေးသရွေ့ ကျွန်တော်တို့က သွေးနတ်ဆိုးဂိုဏ်းရဲ့ပါရမီရှင်တွေကို သတ်ဖြတ်ပေးပါ့မယ်”
မည်သို့ပင် ဖြစ်စေကာမူ သူက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာတွင် ကြီးကျယ်သော လှုပ်ရှားမှုတချို့ အလျင်အမြန် ပြုလုပ်ရမည် ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို နတ်ဘုရားနယ်မြေသို့ ကျူးကျော်ရန် အချိန်မရှိအောင် ပြုလုပ်ရလိမ့်မည် ဖြစ်၏။
“မိတ်ဆွေတို့နှစ်ယောက်က ကျုပ်ရဲ့ အစီအစဥ်ကို သဘောတူပြီဆိုမှတော့ သွေးဓားအင်မော်တယ်ဂိုဏ်းမှာပဲ လောလောဆယ် အနားယူလိုက်ပါဦး.. သွေးနတ်ဆိုးဂိုဏ်းက ပါရမီရှင်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်ကို ရတာနဲ့ မိတ်ဆွေတို့ဆီကို အမြန်ဆုံး အကြောင်းကြားပေးပါမယ်”
ကျန့်ဝူရွှယ်က ကျန်းချန်တို့ကို လက်သီးဆုပ်၍ ဂါဝရပြုကာ နှုတ်ဆက်လိုက်ပြီး လှည့်ထွက်သွားရန် ပြင်လိုက်သည်။
“ဂိုဏ်းချုပ်ကျန့် ခဏလောက်”
ထိုအချိန်တွင် ကျန်းချန်က ဂိုဏ်းချုပ်ကျန့်ကို ရုတ်တရက် ဟန့်တားလိုက်သည်။
ကျန့်ဝူရွှယ်က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကျန်းချန်ကို လှည့်ကြည့်ကာ မေးလိုက်သည်။
“မိတ်ဆွေလေးကျန်းချန်.. အခြား အရေးကြီးကိစ္စများ ရှိသေးလို့လား”
ကျန်းချန်က ပြုံး၍ မေးလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သွေးနတ်ဆိုးဂိုဏ်းက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရဲ့ အပြင်ဘက်ဆီ ကြယ်တာရာစစ်သင်္ဘောတစ်စင်း စေလွှတ်လိုက်တယ်လို့ ကြားမိတယ်.. အဲဒါ တကယ်ပဲလား သိချင်လို့ပါ”
“ဒီကိစ္စက အမှန်ပဲ.. လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က သွေးနတ်ဆိုးဂိုဏ်းက ကြယ်တာရာ စစ်သင်္ဘောတစ်စင်းကို အမှန်တကယ် စေလွှတ်ခဲ့တယ်.. ခေါင်းဆောင်ကတော့ မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးပဲ”
ကျန့်ဝူရွှယ်က ခဏမျှ အံ့အားသင့်သွားပြီးမှ ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။
“မိတ်ဆွေလေးကျန်းချန်က ဘာလို့ ဒီကိစ္စကို ရုတ်တရက် မေးရတာလဲ”
“ဘာမှမဟုတ်ပါဘူး.. သူတို့ ဘယ်ကို သွားလဲဆိုတာ ဂိုဏ်းချုပ်ကျန့် သိမလားလို့ မေးကြည့်တာပါ”
ယခုအခါတွင် သူက သွေးဓားအင်မော်တယ်ဂိုဏ်းနှင့် ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်သော်လည်း နတ်ဘုရားနယ်မြေမှ လာခြင်း ဖြစ်သည်ကို အလွယ်တကူ ထုတ်ဖော် မပြောလိုသဖြင့် ကျန့်ဝူရွှယ်၏ နှုတ်ကနေ အသုံးဝင်သော သတင်း အချက်အလက် တချို့ ရရှိနိုင်မလားဟု စုံစမ်းကြည့်ခြင်းဖြစ်သည်။
“အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ အင်မော်တယ်လမ်းစဥ် ပြတ်တောက်သွားကတည်းကစပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက အင်မော်တယ်လမ်းစဥ်ကို ရှာဖွေဖို့အတွက် ကြယ်တာရာကောင်းကင်ယံထဲက စကြဝဠာတွေဆီ စစ်သင်္ဘောတွေ မကြာခဏ စေလွှတ်လေ့ရှိတယ်.. သွေးနတ်ဆိုးဂိုဏ်းရဲ့ ကြယ်တာရာစစ်သင်္ဘောက ဘယ်ကို သွားလဲဆိုတာကိုတော့ ကျုပ်လည်း အတိအကျမသိဘူး”
ကျန့်ဝူရွှယ်က ခေါင်းခါရမ်းလိုက်ပြီး ကျန်းချန်ကိုကြည့်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ မိတ်ဆွေလေးကျန်းချန် သိချင်တယ် ဆိုရင်တော့ သွေးဓားအင်မော်တယ်ဂိုဏ်းက စုံစမ်းပေးနိုင်ပါတယ်”
“ကျေးဇူးအများကြီးတင်ပါတယ်”
ကျန်းချန်က ကျေးဇူးတင်စကား ပြောလိုက်သည်။
“မိတ်ဆွေလေးကျန်းချန် တခြား ကိစ္စမရှိတော့ဘူးဆိုရင် ကျုပ်ကို သွားခွင့်ပြုပါဦး”
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန့်ဝူရွှယ်သည် ကျန်းချန်တို့၏ ခြံဝန်းကနေ ချက်ချင်းပင် ထွက်ခွာသွားခဲ့သည်။
ထွက်ခွာသွားသော ကျန့်ဝူရွှယ်၏ နောက်ကျောကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်း တစ်ခု လက်ခနဲ ဖြစ်သွားခဲ့၏။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သွေးနတ်ဆိုးဂိုဏ်းသည် ၎င်းတို့၏ ကြယ်တာရာစစ်သင်္ဘောကို ကြယ်တာရာကောင်းကင်ယံ ထဲသို့ စေလွှတ်ခဲ့သော်လည်း အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာမှ လူများသည် သွေးနတ်ဆိုးဂိုဏ်းက အင်မော်တယ်လမ်းစဥ်ကို စကြဝဠာများတွင် ရှာဖွေရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်ဟုသာ ထင်မြင်နေခဲ့ကြသည်။
တကယ်တမ်းတွင်မူ သွေးနတ်ဆိုးဂိုဏ်းမှ စေလွှတ်လိုက်သော ကြယ်တာရာ စစ်သင်္ဘောသည် နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
တစ်နည်းအားဖြင့် ဆိုရလျှင် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကနေ နတ်ဘုရားနယ်မြေသို့ ကျူးကျော်ခဲ့သော စစ်တပ်သည် သွေးနတ်ဆိုးဂိုဏ်း တစ်ဂိုဏ်တည်းဖြင့်သာ သက်ဆိုင်ရန် အခွင့်အလမ်း အများဆုံး ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ အခြားသော အင်အားစုများနှင့် သက်ဆိုင်မှု မရှိလောက်ပေ။
အခန်း(၂၄၈၄)ပြီး၏။