ကျန်းချန်တို့နှစ်ဦး တိုးတိုးတိတ်တိတ် စကားပြောဆိုနေစဥ်မှာပင် သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် ကောင်းကင်ယံကနေ ပျံသန်း၍ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ထိုသွေးရောင်ဝတ်စုံဝတ် လူငယ်သည် သွေးနတ်ဆိုးဂိုဏ်း၏ ထိပ်တန်းပါရမီရှင် လေးဦးထဲမှ တစ်ဦး ဖြစ်သည့် ရွှယ်ယွိထျန်းဖြစ်ပြီး ကျန်းချန်တို့ ခရီးစဥ်၏ ပန်းတိုင်လည်း ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှယ်ယွိထျန်းသည် ကျန်းချန်တို့ရှိနေသည့် တောင်တန်းပေါ်သို့ ရောက်ရှိလာခဲ့သည်။
ထိုအခိုက်အတန့်တွင် ရွှယ်ချန်ကျဲသည် တုံ့ဆိုင်းမနေဘဲ သွေးရောင်အလင်းတန်း အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ကာ ရွှယ်ယွိထျန်း၏ရှေ့တွင် ပိတ်ရပ်လိုက်သည်။
သူ့ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာသည့် မဖိတ်ခေါ်ထားသော ဧည့်သည်အား မြင်လျှင် ရွှယ်ယွိထျန်း အံ့အားသင့်သွားခဲ့သည်။
“ငါရွှယ်ယွိထျန်းရဲ့လမ်းကိုတောင် ပိတ်ဆို့ရဲတယ်ဆိုတော့ မင်းက တော်တော်လေး သတ္တိကောင်းသားပဲ”
ရွှယ်ယွိထျန်းက ရွှယ်ချန်ကျဲကို အေးစက်စက်များဖြင့် စူးစိုက်ကြည့်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ကနေ လူသတ်ငွေ့များ ချက်ချင်းဆိုသလို ပျံ့လွင့်လာခဲ့၏။
ဤဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေထဲတွင် သူတို့သွေးနတ်ဆိုးဂိုဏ်းသည် တစ်ဦးတည်းသော အုပ်စိုးသူ ဖြစ်သည်။
သွေးနတ်ဆိုးဂိုဏ်း၏ ထိပ်တန်း ပါရမီရှင်လေးဦး အနေဖြင့် သူ၏ အဆင့်အတန်းသည် သွေးနတ်ဆိုးဂိုဏ်း တစ်ဂိုဏ်းလုံးတွင်ပင် အလွန်တရာ မြင့်မား၏။
ဆိုရလျှင် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေထဲရှိ မရေမတွက်နိုင်သော အင်မော်တယ် ကျင့်ကြံသူများသည် သူ့ကို တရိုတသေ ဆက်ဆံကြရသည်။
ရွှယ်ယွိထျန်း၏ သမိုင်းတွင် တစ်စုံတစ်ဦးက သူ၏ လမ်းကို ဤမျှ ပြောင်ပြောင်တင်းတင်း ပိတ်ဆို့ဝံ့သည်မှာ ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
“သွေးနတ်ဆိုးဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင် လေးဦးထဲမှာ အောက်ဆုံးနေရာမှာ ရှိတဲ့ကောင်က ဘာတွေ ဒီလောက် မာန်တက်နေတာလဲ”
ရွှယ်ချန်ကျဲက ရွှယ်ယွိထျန်းကို မထီမဲ့မြင်ကြည့်ကာ ခနဲ့လိုက်သည်။
“ငါရွှယ်ချန်ကျဲ ဒီတစ်ကြိမ် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာဆီပြန်လာတာက သွေးနတ်ဆိုးဂိုဏ်းက လူတွေကို သတ်ဖြတ်ဖို့ပဲ”
ရွှယ်ချန်ကျဲ၏ စကား အဆုံးသတ်သည်နှင့် ရွှယ်ယွိထျန်း၏ အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
“မင်း.. မင်းက ရွှယ်ချန်ကျဲလား”
ရွှယ်ချန်ကျဲ ဆိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်းရာချီက သူတို့သွေးနတ်ဆိုးဂိုဏ်း၏ ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်ခဲ့သည်။
ထိုအချိန်က သူသည် သန္ဓေဝိညာဥ်အဆင့်သာ ရှိသည့် ကျင့်ကြံသူမျှသာ ဖြစ်ပြီး ရွှယ်ချန်ကျဲကမူ သွေးနတ်ဆိုးဂိုဏ်း၏ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်သည်။
သို့သော်လည်း အကြောင်းကိစ္စ တစ်ခုခုကြောင့် ရွှယ်ချန်ကျဲသည် နောက်ပိုင်းတွင် သွေးနတ်ဆိုးဂိုဏ်း၏ သစ္စာဖောက်တစ်ဦး ဖြစ်လာခဲ့သည်။
မကြာသေးမီက သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ ဆီသို့ ရွှယ်ချန်ကျဲ ပြန်ရောက်လာသည် ဟူသော သတင်းကို ရရှိခဲ့ပြီး ရွှယ်ချန်ကျဲကို ဖမ်းဝရမ်း ထုတ်ထားခဲ့သော်လည်း ယနေ့အထိ သတင်းအစန မရရှိခဲ့ပေ။
ရွှယ်ယွိထျန်းသည် ရွှယ်ချန်ကျဲနှင့် ဤနေရာတွင် ဆုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူက သွေးနတ်ဆိုးဂိုဏ်း၏ ထိပ်တန်းပါရမီရှင် လေးဦးထဲမှ တစ်ဦး ဖြစ်သော်လည်း ရွှယ်ချန်ကျဲနှင့် ရင်ဆိုင်နိုင်မည်ဟု သေချာမှု မရှိချေ။
သို့ရာတွင် ရွှယ်ယွိထျန်း တစ်ယောက် အံ့ဩထိတ်လန့်မှုကနေ မရုန်းထွက်နိုင်သေးမီမှာပင် အောက်ဘက်ရှိ တောင်တန်းထဲကနေ အင်မော်တယ် အလင်းများ ဖြာထွက်နေသည့် စူးရှသော ဓားအလင်း တစ်ခုသည် ကောင်းကင်ယံ ဆီသို့ ရုတ်တရက် တိုးဝင်လာခဲ့သည်။
ထိုဓားအလင်း၏ အရှိန်အဝါသည် နေရာလွတ်ကိုပင် အေးခဲသွားစေခဲ့ပြီး ကောင်းကင်ယံရှိ နတ်ဘုရားတစ်ပါးကိုပင် ဓားချက် တစ်ချက်တည်းဖြင့် ချေမှုန်းနိုင်တော့မည့်အလား ဖြစ်နေခဲ့၏။
ဤကြောက်မက်ဖွယ် ဓားချက်၏ အရှိန်အဝါ အောက်တွင် ကပ်ဘေးအစောပိုင်းအဆင့်ရှိ ရွှယ်ယွိထျန်းသည် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
“မသတ်ပါနဲ့”
ရွှယ်ယွိထျန်းက မျှော်လင့်ချက်ကင်းမဲ့ကာ ထိတ်လန့်တကြားဖြစ်နေခဲ့သည်။
သို့သော်လည်း ရွှယ်ယွိထျန်းသည် ထိုစကားတစ်ခွန်းမျှသာပြောနိုင်ခဲ့ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကြောက်မက်ဖွယ် ဓားအလင်း၏ ဝါးမျိုခြင်းကို ခံလိုက်ရကာ အဆုံးသတ်၌ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ပါ မကျန် ဓားအလင်းအောက်တွင် ပျောက်ကွယ်သွားခဲ့သည်။
“တကယ်ကို ကြောက်စရာကောင်းတဲ့ ဓားချက်ပါလား”
ကျန်းချန်က ရွှယ်ယွိထျန်းကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည်ကို မြင်လျှင် ရွှယ်ချန်ကျဲ၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ကြယ်တာရာကောင်းကင်ယံတွင် ကျန်းချန်နှင့် တိုက်ခိုက်စဥ်က ကျန်းချန်၏ ကြောက်မက်ဖွယ်ရာအင်အားကို သူခံစားဖူးသော်လည်း ယခု ကျန်းချန် ထုတ်ဖော်လိုက်သည့် ဓားချက်ကို မြင်သောအခါမှ ရွှယ်ချန်ကျဲသည် ကျန်းချန်ကို အထင်သေးမိနေဆဲဖြစ်မှန်း သူ့ကိုယ်သူ သိရှိလိုက်သည်။
ထိုဓားချက်သည် ကပ်ဘေး အထွတ်အထိပ်အဆင့်ရှိ သူ၏ ကျင့်ကြံခြင်း အဆင့်ဖြင့်ပင် ခုခံနိုင်ရာ အလွန်တရာ ခက်ခဲလိမ့်မည် ဖြစ်၏။
“ဒီမှာ အကြာကြီးနေဖို့ မသင့်တော်ဘူး.. ငါတို့သွားကြစို့”
ကျန်းချန်က ရွှယ်ယွိထျန်းကို ဓားချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ပြီးနောက်တွင် ရွှယ်ချန်ကျဲကိုခေါ်ကာ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
ကျန်းချန်က ရွှယ်ယွိထျန်းကို ဓားချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သောအချိန်မှာပင် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် တစ်ဂိုဏ်း အပါအဝင် ဖြစ်သော သွေးနတ်ဆိုးဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် ကျယ်လောင်သောခေါင်းလောင်းထိုးသံ တစ်သံသည် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့သည်။
ထိုခေါင်းလောင်းထိုးသံကို ကြားလျှင် သွေးနတ်ဆိုးဂိုဏ်း တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြ၏။
“ဂိုဏ်းရဲ့ မြင့်မြတ်တဲ့ ခေါင်းလောင်းကို တကယ်ပဲ ထိုးလိုက်တာလား"
"နောက်ဆုံးအကြိမ် မြင့်မြတ်တဲ့ ခေါင်းလောင်းကို ထိုးခဲ့တာက သွေးနတ်ဆိုးဂိုဏ်းကို ရွှယ်ချန်ကျဲ သစ္စာဖောက်တဲ့အချိန်က မဟုတ်လား.. ကြည့်ရတာ သွေးနတ်ဆိုးဂိုဏ်းမှာ ကြီးမားတဲ့ကိစ္စတစ်ခုခု ဖြစ်ပေါ်နေပြီ ထင်တယ်”
“..........”
သွေးနတ်ဆိုးဂိုဏ်းမှ တပည့်များစွာသည် ခေါင်းလောင်းထိုးသံနှင့် ပတ်သက်၍ ဆွေးနွေးနေကြစဥ် သွေးနတ်ဆိုးဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲများသည် ခန်းမတစ်ခုထဲတွင် စုဝေးနေခဲ့ကြသည်။
ခေါင်းဆောင်မှာ သွေးနတ်ဆိုးဂိုဏ်း၏ လက်ရှိခေါင်းဆောင်ဖြစ်သည့် သွေးနတ်ဘုရားပင် ဖြစ်သည်။
ခန်းမထဲကို အနည်းငယ် ဝေ့ကြည့်လိုက်ပြီးနောက်တွင် သွေးနတ်ဘုရား၏ အသံသည် ခန်းမအတွင်း၌ တိုက်ရိုက်ပင် ပဲ့တင်ထပ်သွားခဲ့သည်။
“အားလုံးပဲ.. သွေးနတ်ဆိုးဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင် လေးဦးထဲက တစ်ဦးဖြစ်တဲ့ ရွှယ်ယွိထျန်း ကျဆုံးသွားခဲ့ပြီ”
ထိုစကားကိုကြားလျှင် ခန်းမတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
သွေးနတ်ဆိုးဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲများ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“ဂိုဏ်းချုပ် ဒါမဖြစ်နိုင်ဘူးထင်တယ်.. ရွှယ်ယွိထျန်းက သိပ်မကြာခင်ကပဲ ရွှယ်ယန်ပြည်နယ်ဆီ အလုပ်ကိစ္စနဲ့ သွားတာမဟုတ်လား.. ရွှယ်ယန်ပြည်နယ်ထဲမှာ သွေးနတ်ဆိုးဂိုဏ်းရဲ့ထိပ်တန်း ပါရမီရှင်ကို ဘယ်သူ သတ်ဖြတ်ရဲမှာလဲ”
မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
“ဒါပေမဲ့ အသတ်ခံလိုက်ရတာက အမှန်တရားပဲ.. ရွှယ်ယွိထျန်းက တကယ်ပဲ အသတ်ခံလိုက်ရပြီ”
သွေးနတ်ဘုရားက မျက်နှာမသာမယာဖြင့် ပြောလိုက်သည်။
ကပ်ဘေးအဆင့် လူငယ်ပါရမီရှင် တစ်ဦးစီသည် သွေးနတ်ဆိုးဂိုဏ်း၏ မရေမတွက်နိုင်သော အရင်းအမြစ်များဖြင့် ပြုစုပျိုးထောင်ထားသူများ ဖြစ်ပြီး အနာဂတ်တွင် မဟာယာနအဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်မည့်သူများ ဖြစ်ကြသည်။
ယနေ့ခေတ် သွေးနတ်ဆိုးဂိုဏ်းတွင်ပင် ထိုကဲ့သို့ ပါရမီရှင် လေးဦးမျှသာ ရှိ၏။
ယခု တစ်ဦး ကျဆုံးသွားခဲ့ပြီ ဖြစ်ရာ သွေးနတ်ဆိုးဂိုဏ်းအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဟုပင် ဆိုရပေလိမ့်မည်။
“ရွှယ်ယွိထျန်း ရုတ်တရက် ကျဆုံးသွားတာ သိပ်မရိုးရှင်းဘူးထင်တယ်...သွေးဓားအင်မော်တယ်ဂိုဏ်းက ကောင်တွေ ခိုးကြောင်ခိုးဝှက် လုပ်ကြံလိုက်တာများလား”
သွေးနတ်ဆိုးဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲတစ်ဦးက ရုတ်တရက် ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် လူတိုင်း၏ စိတ်ထဲတွင် တုန်လှုပ်သွားခဲ့၏။
ဤဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေထဲတွင် သူတို့ သွေးနတ်ဆိုးဂိုဏ်း၏ အကြီးမားဆုံး ရန်သူမှာ သွေးဓားအင်မော်တယ်ဂိုဏ်း ဖြစ်၍ သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင်ကို လုပ်ကြံသတ်ဖြတ်ဝံ့သည့် သတ္တိမျိုးသည် သွေးဓားအင်မော်တယ်ဂိုဏ်းတွင်သာ ရှိလိမ့်မည် ဖြစ်သည်။
“ရွှယ်ယွိထျန်းက ငါတို့ သွေးနတ်ဆိုးဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင် လေးဦးထဲက တစ်ဦးပဲ.. သူ့မှာ ဝှက်ဖဲတချို့ ရှိနေတဲ့အတွက် ကပ်ဘေး အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးတောင် သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်မှာ မဟုတ်ဘူး.. သွေးဓားအင်မော်တယ်ဂိုဏ်းက အခုအချိန်မှာ အင်အားနည်းနေပြီ.. လက်ချိုးရေတွက်လို့ရတဲ့ လူအနည်းငယ်က လွဲရင် သူတို့ဂိုဏ်းမှာ တခြားဘယ်သူကမှ ရွှယ်ယွိထျန်းအတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ဘူး.. ဒါပေမဲ့ အဲဒီ လက်ချိုးရေတွက်လို့ရတဲ့ လူအနည်းငယ်က ဘာလှုပ်ရှားမှုမှ မရှိတဲ့အတွက် ရွှယ်ယွိထျန်းကို သတ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”
သွေးဓားအင်မော်တယ်ဂိုဏ်းကို စောင့်ကြည့်ရန် တာဝန်ယူထားသည့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးက ပြောလိုက်သည်။
ထိုစကားကို အခြား မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးက ပြန်လည်ချေပလိုက်၏။
“ဒီကိစ္စက သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ လက်ချက် မဟုတ်ဘူးဆိုရင် တခြား ဘယ်သူ့လက်ချက် ဖြစ်နိုင်ဦးမှာလဲ”
“သွေးဓားအင်မော်တယ်ဂိုဏ်း အပြင် ရွှယ်ယွိထျန်းကို သတ်ဖြတ်နိုင်ခြေရှိတဲ့ တခြား လူတစ်ယောက် ရှိနေပါသေးတယ်”
သွေးနတ်ဘုရား၏ မျက်ဝန်းများက လက်ခနဲဖြစ်သွားခဲ့ပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“သွေးနတ်ဆိုးဂိုဏ်းကို သစ္စာဖောက်ပြီး ထွက်ပြေးသွားတဲ့ ရွှယ်ချန်ကျဲက သိပ်မကြာခင်ကပဲ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကို ပြန်ရောက်လာခဲ့ပြီ”
သွေးနတ်ဘုရား၏ စကားကိုကြားလျှင် ခန်းမအတွင်းရှိ အကြီးအကဲများ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“ရွှယ်ချန်ကျဲလား”
“ရွှယ်ယွိထျန်းကို သတ်ခဲ့တဲ့သူက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာဆီ ပြန်ရောက်လာတဲ့ ရွှယ်ချန်ကျဲလို့ ဆိုလိုချင်တာလား”
အခန်း(၂၄၈၆)ပြီး၏။